← Chapters

စစ်ဖြစ်နေသောဂြိုဟ်

Vol. 94 Ch. 1312

စစ်ဖြစ်နေသောဂြိုဟ်

Vol. 94 Ch. 1312

"‌ပေါင်းစည်းခြင်းဂြိုဟ်ရဲ့ ပတ်ဝန်းကျင် အာကာသ လှုပ်ရှားမှုတွေက တင်းကြပ်နေတယ်”

ဝေ့ဝူယင်က ကောင်းကင်ဘုံ နတ်မျက်လုံးများနှင့် လေ့လာရင်း မှတ်ချက်ချလိုက်၏။ ထို့ပိဟန်နှင့် ရှောင်ပင်းတို့မှာ မသိစိတ်မှ တံတွေးများကို မြိုချလိုက်မိကာ ဂြိုဟ်ကို စောင့်ကြည့်ရင်း သူတို့၏ မျက်လုံးများက ပြင်းထန်သည့် သတိ ဝီရိယများနှင့် ပြည့်နှက် နေခဲ့၏။

ထိုကဲ့သို့ အပူချိန် ထုတ်လွှတ်မှုမှာ ပေါင်းစည်းခြင်းဂြိုဟ်၏ မူပိုင် ပတ်ဝန်းကျင် တစ်ခု မဟုတ်ပဲ မီးစွမ်းအင် ကဲ့သို့ ဒြပ်စင် စွမ်းအင်များ ပြင်းပြင်ထန်ထန် တိုက်ခိုက်နေခြင်း၏ ရလဒ် တစ်ခု ဖြစ်သည်။

အဝေးက ကြည့်လျှင် ပေါင်းစည်းခြင်းဂြိုဟ်ကို ဝန်းရံထားသည့် အမှောင် ဟင်းလင်းပြင်မှာ ငြိမ်းချမ်း နေသယောင် ထင်ရသော်လည်း ပုံမှန် မဟုတ်သည့် အပြောင်းအလဲ တစ်ချို့ ရှိနေပြီး ၎င်းတို့မှာ အသစ် တည်ဆောက်ထားသည့် လျှို့ဝှက် နယ်မြေများနှင့်ပင် ဆင်တူပေသည်။

“လောက အခွံတွေလား...”

ထို့ပိဟန်က သုန်မှုန်စွာဖြင့် ပြောလိုက်၏။

“လျှို့ဝှက် အာဏာရှင် အဆင့်တွေ တိုက်ခိုက်နေကြတယ်...”

ဝေ့ဝူယင်က ဆိုလိုက်သည်။ သူ့ မျက်လုံးများမှာ အမှောင် ဟင်းလင်းပြင် အတွင်း တဖျပ်ဖျပ် တောက်ပ နေခဲ့၏။ ထိုနေရာ၌ မတူကွဲပြားသည့် လောက အခွံပေါင်း ဒါဇင်နှင့်ချီ ရှိနေပေသည်။ တစ်ခုချင်းစီမှာလည်း ကျင့်ကြံသူများ၏ စစ်မြေပြင်များ ဖြစ်နေခဲ့သည်။ ပြင်ပသို့ ထွက်လာနေသည့် လှိုင်းများ အရ ဆိုလျှင် တိုက်ခိုက်နေကြသူများမှာ လျှို့ဝှက် အာဏာရှင် အဆင့်များ ဖြစ်ကြောင်း သေချာပေသည်။

ထို့ပိဟန်မှာ ဝေ့ဝူယင်၏ စကားကို မြူမှုန်တစ်စမျှ သံသယ မဖြစ်ပါချေ။ သူက ဟင်းလင်းပြင် သင်္ဘောကို ထိန်းချုပ်ကာ ပေါင်းစည်းခြင်းဂြိုဟ် နယ်နိမိတ်နှင့် အကြမ်းဖျဉ်း မိုင်တစ်သောင်းခန့် အကွာတွင် ကျောက်ချ ရပ်နားလိုက်၏။

“သူဌေးလေး... ကျုပ်တို့ အခု ပြန်ဆုတ်သင့်တယ် ထင်တယ်”

သူ သတင်းမရထားခြင်းကို ထောက်ချင့်ရပါက ထိုတိုက်ပွဲမှာ မကြာ‌သေးခင်ကမှ စတင်ခဲ့ခြင်း ဖြစ်နိုင်သည်။ အကယ်၍ လျှို့ဝှက် အာဏာရှင် အဆင့်များ တိုက်ခိုက်နေကြောင်းကိုသာ သိပါက သူ ဝေ့ဝူယင်နှင့် ရှောင်ပင်းတို့ကို ရွှေရောင် အသက်နန်းတော် ဌာနခွဲသို့ ခေါ်သွားကာ လက်ဘက်ရည်နှင့် ဧည့်ခံခဲ့လိမ့်မည် ဖြစ်သည်။

“ဂြိုလ်ရဲ့ အခြေအနေက...”

ရှောင်ပင်းက အာမေဍိတ်သံ ပြုလိုက်၏။ ပေါင်းစည်းခြင်းဂြိုလ်မှာ တုန်ရီနေကာ မီးတောင်များမှာ ပေါက်ကွဲ နေခဲ့သည်။ မီးတောက်မီးလျှံများက ဂြိုဟ်မျက်နှာပြင် နေရာ အနှံ့အပြားတွင် လွှမ်းမိုးနေကာ ထိုမှတစ်ဆင့် ပြင်းထန်သည့် အပူလှိုင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

“သူတို့က ကြယ်တာရာ သခင်တွေနဲ့ လျှို့ဝှက် ကြယ်တာရာ အဆင့်တွေကို ဘာလို့ ဂြိုဟ်မျက်နှာပြင်ပေါ်မှာ တိုက်ခိုက်ခွင့် ပြုထားရတာလဲ”

ထို့ပိဟန်က အောက်ကို ငုံ့ကြည့်ရင်း ပြောလိုက်၏။ ကံကောင်းထောက်မစွာပင် ပေါင်းစည်းခြင်းဂြိုဟ်မှာ အကာအကွယ် ဝင်္ကပါ အထပ်ထပ်နှင့် နှစ်ထောင်ပေါင်းများစွာ သန့်စင်ထားသော လျှို့ဝှက် အဆင့်ဂြိုဟ်တစ်လုံး ဖြစ်ပေသည်။ သို့ဖြစ်လေရာ ၎င်းမှာ သေမျိုး ကျင့်ကြံသူများနှင့် အတုအယောင် လျှို့ဝှက် အာဏာရှင် အဆင့်များ၏ တိုက်ခိုက်မှုများကို ကြံ့ကြံ့ခံ နေနိုင်ဆဲ ဖြစ်သည်။

"လောကပုလဲ အခွံတွေက စျေးမှ မပေါတာပဲ...”

ဝေ့ဝူယင်က တည်ငြိမ်စွာပင် ထောက်ပြလိုက်သည်။ သူ၏ မျက်လုံးများကတော့ လောကအခွံများ အတွင်း ဖြစ်ပေါ်နေသည့် တိုက်ပွဲများကို ဆန်းစစ်နေခဲ့သည်။၎င်းတို့မှာ ထန်ကလန်၏ ပိုင်နက် အတွင်း တိုက်ခိုက် နေခဲ့ခြင်း ဖြစ်လေရာ ပြည်တွင်းစစ် တစ်ခု၏ရလဒ် ဖြစ်တာ ထင်ရှားလှသည်။

“ဟုန်ရု...”

ရှောင်ပင်းမှာ ပိုမို၍ စိုးရိမ်လာခဲ့၏။ သူမ၏ အော်ရာက တောက်လောင်လာကာ ကိုယ်တိုင် ဝင်ပါဖို့ အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူမ လောက နယ်မြေအား ဖြန့်ကျက်လုဆဲဆဲ အခြေအနေတွင်ပင် ဝေ့ဝူယင်က သူမ၏ ပခုံးကို ထိလိုက်၏။

"စိတ်အေးအေးထား...”

သူက ညင်ညင်သာသာပင် ပြောလိုက်သည်။ သို့သော်လည်း ရှောင်ပင်း၏ အသက်ရှူသံများက လေးပင်နေကာ ဆိုးရွားသော ခံစားချက်များနှင့် ပြည့်နှက်နေဆဲ ဖြစ်သည်။ ဟုန်ရုသာ တစ်ခုခု ဖြစ်သွားခဲ့လျှင် ဆိုသည့် အတွေးက သူမ စိတ်တစ်ခုလုံးကို ကယောင်ချောက်ချား ဖြစ်စေသည်။ အကယ်၍ ဝေ့ဝူယင်သာ မတားပါက ပေါင်းစည်းခြင်းဂြိုဟ်ထံ သူမ ပျံသန်း သွားလောက်ပြီ ဖြစ်သည်။

ဝေ့ဝူယင် နှလုံးသားထဲမှ သက်ပြင်းချလိုက်၏။ ဟုန်ရုနှင့် ပတ်သက်ပါက ရှောင်ပင်း၏ ခံစားချက်များမှာ မည်မျှ နက်ရှိုင်းကြောင်း ဝေ့ဝူယင် ခံစားနိုင်ပေသည်။

ဝေ့ဝူယင် ပိုမို အားစိုက်ထုတ်ဖို့ ဆုံးဖြတ်လိုက်၏။ သူ၏ ကောင်းကင်ဘုံ နတ်မျက်လုံးများက လောကအခွံများနှင့် ပေါင်းစည်းခြင်းဂြိုဟ် တစ်ခုလုံးကို ဖြန့်ကျက်လိုက်ရင်း ဟုန်ရု၏ အော်ရာကို ရှာဖွေ လိုက်သည်။ သို့သော်လည်း အချိန် အတော်ကြာသည် အထိ မိန်းကလေး၏ အရိပ်အယောင်ကလေး တစ်ခုကိုမှ သူ မတွေ့ရပါချေ။ ထိုအရာက ဝေ့ဝူယင်၏ ချို့ယွင်းချက်လည်း ဖြစ်နိုင်ပေသည်။ ဟုန်ရု၏ အော်ရာကို သူ မမှတ်မိချေ။

“ဝေ့ဝူယင်...”

ရှောင်ပင်းက ဝေ့ဝူယင်ကို အားကိုးတကြီး ကြည့်လိုက်၏။

"သူဌေးလေး...”

ထို့ပိဟန်ကတော့ ဂြိုဟ်ထက်၌ ဖြစ်ပေါ်နေသည့် ပရမ်းပတာ အခြေအနေများကို ကြည့်ရင်း ချက်ချင်းပင် နောက်ပြန်ဆုတ်သင့်သည်ဟု ခံစားနေရသည်။ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်က လောကအခွံ တစ်ခုကို ဖျက်ဆီးပစ်ကာ မတော်တဆမှု တစ်ခု ဖြစ်စေမည်လား မည်သူမှ မပြောနိုင်ပါချေ။ ထို့အပြင် မည်သူများ တိုက်ခိုက်နေသည်ကို မသိလေရာ ဝင်ရောက်မစွက်ဖက်ခင် သတိထားပြီး လေ့လာ စောင့်ကြည့်တာ အကောင်းဆုံး ဖြစ်သည်။

"..."

ဝေ့ဝူယင်၏ မျက်လုံးများမှာ လျှပ်စီးလက်သည့် အလား ဟိုမှသည် လှုပ်ရှား နေခဲ့၏။ စက္ကန့် အနည်းငယ် အကြာတွင်ပင် ထန်ကလန်၏ သေမျိုးတစ်ပိုင်း အရှင် အဆင့်များ တိုက်ခိုက်နေသည်ကို သူ တွေ့လိုက်ရသည်။ တိုက်ပွဲ၏ အခြေအနေကတော့ ရှင်းရှင်းလင်းလင်း မရှိလှချေ။ သူတို့မှာ တစ်ယောက်နှင့် တစ်ယောက် ပြန်လည် တိုက်ခိုက်နေကြတာ သို့မဟုတ်... သူ တစ်ခါမှ မမြင်ဖူးသည့် အခြား ကျင့်ကြံသူများနှင့် တိုက်ခိုက်နေကြတာ ဖြစ်နိုင်ပေသည်။ ဝေ့ဝူယင် ထပ်မံ၍ စုံစမ်းလိုက်၏။

အကြီးမားဆုံး လောကအခွံ အတွင်းရှိ တိုက်ပွဲမှာ ကြောက်ဖို့ အကောင်းဆုံး ဖြစ်ပေသည်။ ထိုအတွင်း၌ မြေကြီး ရှန့်ထို တစ်ယောက်မှာ သေမျိုးတစ်ပိုင်း အရှင် အဆင့် လေးယောက်၏ ပံ့ပိုးမှုနှင့် အတူ အခြား မြေကြီး ရှန့်ထို တစ်ယောက်ကို တိုက်ခိုက် နေခဲ့သည်။

သေမျိုးတစ်ပိုင်း အရှင် အဆင့် လေးယောက်ထဲမှ သုံးယောက်မှာ ထန်ကလန်၏ ကျင့်ကြံသူများ ဖြစ်ကာ နောက်ထပ် တစ်ယောက်မှာ ထန်မျိုးနွယ်၏ မဟာမိတ် တစ်ယောက် ဖြစ်နိုင်သည်။ ထိုကျင့်ကြံသူနှင့် မြေကြီး ရှန့်ထိုတို့၏ လျှို့ဝှက် အော်ရာများထဲတွင် ထန်ကလန်၏ အငွေ့အသက် တစ်ချို့ ကိန်းအောင်း နေကြောင်း ဝေ့ဝူယင် သတိထားမိလိုက်သည်။ သူတို့က ထန်မျိုးနွယ် တစ်ယောက်၏ ယောက်ျားများ ဖြစ်နေနိုင်ပေသည်။

သူတို့ ဝိုင်းအုံ တိုက်ခိုက်နေသည့် မြေကြီးရှန့်ထိုကိုတော့ ဝေ့ဝူယင် လွယ်လွယ်ကူကူပင် မှတ်မိပေသည်။

“ခြေရာမဲ့ နတ္ထိ ဟင်းလင်းပြင် ဧကရီ...”

မျက်နှာကို ဇာပုဝါဖြင့် ဖုံးအုပ်ထားသည့် အမျိုးသမီးအား ကြည့်ကာ ဝေ့ဝူယင် အနည်းငယ် အံ့သြသွားခဲ့၏။ သေးသေးသွယ်သွယ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့်တိုင် သူမ၏ လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းက ကြောက်မက်ဖွယ် ကောင်းလှကာ ငရဲကိုပင် ဖျက်ဆီးပစ်နိုင်သည့် ရက်စက် ကြမ်းကြုတ်မှုမျိုးဖြင့် ရန်သူများကို တိုက်ခိုက် နေခဲ့သည်။

ထန်ကလန်၏ သေမျိုးတစ်ပိုင်းအရှင် အဆင့် သုံးယောက်ထဲတွင် ဗာမီလီယန်လည်း တစ်ယောက် အပါအဝင် ဖြစ်၏။ သူမသည်လည်း အလားတူပင် လွှမ်းမိုးနိုင်စွမ်းကို ပိုင်ဆိုင်ထားကာ သာမန် သေမျိုးတစ်ပိုင်း အရှင် တစ်ယောက်ထက် ကျော်လွန်နေသည့် အင်အားကို သုံးကာ တိုက်ခိုက်နေခဲ့သည်။

အံ့သြစရာ ကောင်းလောက်အောင်ပင် သူမ၏ မီးတောက်မီးလျှံများမှာ မြေကြီးရှန့်ထို၏ တိုက်ခိုက်မှုထက်ပင် ပိုမို၍ အန္တရာယ်ရှိနေခဲ့သည်။ ခြေရာမဲ့ နတ္ထိ ဟင်းလင်းပြင် ဧကရီမှာ ၎င်းတို့ကို ပိတ်ဆို့ရဲခြင်းပင် မရှိပဲ ခန္ဓာကိုယ်နှင့် တိုက်ရိုက် မထိတွေ့မိအောင် ရှောင်တိမ်း နေခဲ့သည်။ ဗာမီလီယန်၏ မီးတောက်များမှာ ပုံမှန် စံနှုန်းထက် အများကြီး သာလွန်နေတာ ထင်ရှားပေသည်။

ခြေရာမဲ့ နတ္ထိ ဟင်းလင်းပြင် ဧကရီမှာ နတ်ဆိုး မိစ္ဆာ ဘုရင်လိုပင် နာမည်ဆိုးနှင့် ကျော်ကြားသူ တစ်ဦး ဖြစ်သည်။ သူမက မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်း အကြီးမားဆုံးသော ဟင်းလင်းပြင် မုဆိုး အဖွဲ့ကြီး တစ်ခု၏ ခေါင်းဆောင် ဖြစ်သလို ဟင်းလင်းပြင် ဓားပြ အဖွဲ့အစည်း တစ်ခု ဂိုဏ်းချုပ်လည်း ဖြစ်သည်။ အကျိုးအမြတ် ရရှိဖို့ အတွက် ဆိုလျှင် မည်သည့် မျက်နှာကိုမှ မထောက်ထားပဲ ရက်စက် ကြမ်းကြုတ်စွာ ပြုမူတတ်ရာ ထိပ်တန်း အင်အားစုများပင်လျှင် သူမကို ထိတ်လန့်ရသည်။

ဝေ့ဝူယင်မှာ အစစ်အမှန် မွေးဖွားခြင်းကို တိုက်ခိုက်ရန် အစီအစဉ်တွင် သူမကို စည်းရုံး သိမ်းသွင်းဖို့ ကြိုးပမ်းခဲ့ဖူးသေးသည်။ သို့သော်လည်း... ဘာအကြောင်းကြောင့်မှန်း မသိ။ သူမက ဖိတ်ခေါ်မှုကို ငြင်းဆိုခဲ့ပေသည်။

သို့သော်လည်း ယခုတွင်တော့ အကြောင်းရင်းကို ဝေ့ဝူယင် သဘောပေါက်ခဲ့ပြီ ဖြစ်သည်။

ဇာပုဝါ၏ ဖုံးကွယ်မှုကြောင့် အခြားလူများ အနေဖြင့် ခြေရာမဲ့ နတ္ထိ ဟင်းလင်းပြင် ဧကရီ၏ အသွင်အပြင်ကို တွေ့မြင်ဖို့ မသေချာသည့်တိုင် ဝေ့ဝူယင်ကတော့ ပါရဂွန် ထုဆစ်ခြင်း ခန္ဓာကိုယ်၏ ကောင်းကင်ဘုံ နတ်မျက်လုံးများနှင့် အတူ ရှင်းလင်းစွာပင် မြင်တွေ့နေရပေသည်။

“သူက...”

ဝေ့ဝူယင် အံ့သြသွားကာ ဟုန်ရုကိုပင် တစ်စက္ကန့်လောက် မေ့လျော့သွားခဲ့၏။ အဘယ်ကြောင့်နည်း။ ခြေရာမဲ့ နတ္ထိ ဟင်းလင်းပြင် ဧကရီ၏ ရုပ်ရည်မှာ ဗာမီလီယန်နှင့် ချွပ်စွပ် တူနေသောကြောင့်ပင်။

သူတို့က အမွှာ ညီအမများ ဖြစ်ကြပေလိမ့်မည်။

ကျင့်ကြံသည့် နည်းလမ်းများ ကွဲပြားမှုကြောင့် အော်ရာနှင့် ဆံပင် အရောင် (ဗာမီလီယန်က အနီရောင်၊ ခြေရာမဲ့ နတ္ထိ ဟင်းလင်းပြင် ဧကရီက အနက်ရောင်) တို့ ခြားနားသည့်တိုင် သူတို့၏ ရုပ်ရည်များက ချွင်းချက် မရှိအောင် တူညီပေသည်။

“...”

ထိုတွေ့ရှိမှုကြောင့် ဝေ့ဝူယင် ဆွံ့အသွားခဲ့၏။ သူ ထိုအချင်းအရာကို မျှော်လင့် မထားခဲ့ချေ။ ဝတ်စုံနက် ဝေ့ဝူယင်၏ ဘဝတွင် ခြေရာမဲ့ နတ္ထိ ဟင်းလင်းပြင် ဧကရီကလည်း ထန်ကလန်ကို တစ်ကြိမ်မှ မတိုက်ခိုက်ခဲ့ချေ။ ထန်ကလန်မှာလည်း ပိုင်လင်ကို တစ်ခါမှ ဖမ်းဆီးဖို့ မကြိုးစားခဲ့ဖူးချေ။ သူတို့က ရွှေရောင် အသက်နန်းတော် သခင် ရှန်းကျိကျိနှင့် ခိုင်မာသည့် ဆက်ဆံရေး တစ်ခုကို တည်ဆောက်ထားနိုင်ခဲ့ကာ ထျန်းကလန်မှာလည်း သူတို့ကို ဆက်လက် ကာကွယ်ပေးခဲ့ပေသည်။

ဝေ့ဝူယင် နှစ်ယောက် လျှောက်ခဲ့သည့် လမ်းကြောင်းများမှာ မတူညီခဲ့သလို ထန်ကလန်၏ ကံကြမ္မာမှာလည်း ခြားနားခဲ့ပေသည်။ ထိုနောက်ကွယ်တွင် စိတ်ဝင်စားစရာ ကောင်းသည့် အသေးစိတ် အကြောင်းရင်းများ ရှိနေမှာ သေချာပေသည်။

ရုတ်တရက်... တစ်စုံတစ်ယောက်က အင်္ကျီစအား လာရောက်ဆွဲနေသည် ဝေ့ဝူယင် သတိထားလိုက်မိ၏။ သူ လှည့်ကြည့်လိုက်ရာ စိုးရိမ် ပူပန်နေသည့် မျက်နှာနှင့် ရှောင်ပင်းကို တွေ့လိုက်ရသည်။

ဝေ့ဝူယင် ဆုံးဖြတ်ချက် ချလိုက်၏။

“ဒီမှာ နေခဲ့...”

သူ မျက်နှာဖုံးကို တပ်ဆင်ခြင်း မပြုချေ။ ဟင်းလင်းပြင် သင်္ဘော၏ လေထု ဝင်္ကပါထဲမှ သည်အတိုင်း ပျံတက်ကာ ပေါင်းစည်းခြင်းဂြိုဟ်ဆီ ဦးတည်လိုက်၏။ ထို့နောက်တွင်တော့ အသံထဲတွင် ဝိညာဉ် အင်အားကို ပေါင်းထည့်ကာ ဟင်းလင်းပြင် အသံလွှင့်ခြင်း နည်းလမ်းနှင့် အတူ ကြေညာလိုက်လေသည်။

“ကျုပ် အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင် ဝေ့ဝူယင် ရောက်လာတယ်... ဘယ်သူမှ မကြိုဆိုကြတော့ဘူးလား...”

ဝေ့ဝူယင် အသံက မိုးကြိုး ထစ်ခြုန်းသံ တစ်ခုလိုပင် မိုင်သိန်းပေါင်းများစွာကို ဖြန့်ကျက်သွားခဲ့၏။ လောကအခွံများမှာ တုန်ရီသွားကာ တိုက်ပွဲများမှာ ယာယီ တုန့်ဆိုင်း သွားကြလေသည်။

ပင်ပန်း နွမ်းနယ်နေသည့် ဗာမီလီယန်မှာ သူမ၏ နှုတ်ခမ်းထက်ရှိ သွေးများကို သုတ်လိုက်ကာ အရှိန် တညီးညီး တောက်လောင်နေသည့် မျက်ဝန်းများနှင့် ဂြိုဟ်အပြင်ဘက်ကို လှမ်းကြည့်လိုက်၏။ ထို့နောက် ချက်ချင်း ဆိုသလိုပင် သူမ၏ ရင်ခုန်သံက အရှိန်အဟုန် ပြင်းစွာ မြင့်တက်လာခဲ့တော့သည်။

***

All Chapters