← Chapters

အာဏာသိမ်းခြင်း အကြား စည်းလုံ ညီညွှတ်မှုကို ရှာဖွေခြင်း

Vol. 94 Ch. 1313

အာဏာသိမ်းခြင်း အကြား စည်းလုံ ညီညွှတ်မှုကို ရှာဖွေခြင်း

Vol. 94 Ch. 1313

"..."

ဝေ့ဝူယင်၏ ကြေညာချက်က သွေးစွန်းသော တိုက်ပွဲများနှင့် ပရမ်းပတာ ဖြစ်နေသည့် ဗာမီလီယန် နယ်မြေ တစ်ခုလုံးကို ငြိမ်ကျသွားစေခဲ့သည်။ ရန်သူများမှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့၏ လက်နက်များက ချွန်မြစွာဖြင့် သေစေနိုင်သည့် နေရာများကို ချိန်ရွယ်ထားကြသည့်တိုင် သူတို့၏ အကြည့်များက မသေချာ မရေရာမှု၊ စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နှက် နေသည်။

အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင်...

မဟာစက်ဝန်း ကြယ်ကွင်းပြင်ထံ အပြောင်းအလဲများကို ယူဆောင်လာပေးခဲ့သော ထိုနာမည်ကို သူတို့ထဲ၌ မကြားဖူးသူ မရှိသလောက်ပင်။

ခြေရာမဲ့ နတ္ထိ ဟင်းလင်းပြင် ဧကရီက သူမ၏ ပြိုင်ဘက်များကို ကြည့်လိုက်၏။ ဇာပုဝါ နောက်ရှိ သူမ၏ မျက်လုံးများက စိုးရိမ် ပူပန်မှုများနှင့် ပြည့်နှက်နေသည်။ ဝေ့ဝူယင် ရောက်ရှိလာပြီ ဖြစ်လေရာ သူ၏ နောက်လိုက် နှစ်ယောက် ဖြစ်သည့် ဝူယုနှင့် နဂါးခေါင်းဆောင်း မြေကြီး ရှန့်ထိုတို့လည်း ရောက်ရှိလာနိုင်ပေသည်။ ထိုနှစ်ယောက်မှာ သူမ မပြောနှင့် အင်ပါယာ ကလန်သားများပင် ယှဉ်ဖို့ မလွယ်ဖို့ ထိပ်သီး ကျင့်ကြံသူများဖြစ်ကြသည်။

ဗာမီလီယန်၏ အမူအရာမှာလည်း အလားတူပင် စိတ်ရှုပ်ထွေးခြင်း၊ စိုးရိမ် ပူပန်ခြင်းများနှင့် ပြည့်နှက် နေသည်။ သူတို့၏ တိုက်ပွဲမှာ အထွတ်အထိပ် အဆင့်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ဆက်လက် တိုက်ခိုက်နေပါက အပြောင်းအလဲ တစ်ခုက မကြာခင် ဖြစ်ပေါ်လာနိုင်ပေသည်။ သို့သော်လည်း... ဝေ့ဝူယင်သာ တိုက်ပွဲ အတွင်း ပါဝင်ဖို့ ဆုံးဖြတ်လိုက်ပါက ရလဒ်က နှစ်ဖက်စလုံးကို အထိနာ သွားစေနိုင်သည်။

ခြေရာမဲ့ နတ္ထိ ဟင်းလင်းပြင် ဧကရီက သူမ၏ ပုလဲရောင် လက်သီးလေးများကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်၏။ ၎င်းမှာ သူမ နှစ်ပေါင်းများစွာ အချိန်ယူ အစီအစဉ်ချထားခဲ့သော တိုက်ပွဲ ဖြစ်သည်။ သူမ နိုင်လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ယခု ဘာဆက်လုပ်ရမည်နည်း။

အခြားတစ်ဖက်၌ ဗာမီလီလန်မှာလည်း ရည်မှန်းချက် ကြီးသည့် ညီမ ကဲ့သို့ပင် မည်ကဲ့သို့ ဆုံးဖြတ်ရမည်မှန်း မသိ ဖြစ်နေခဲ့သည်။ ဝေ့ဝူယင်ကို လျစ်လျူထားပြန်လျှင်လည်း အတိတ်ရှိ အစိုင်အခဲက ပိုမို၍ ကြီးထွား နိုင်လိမ့်မည် ဖြစ်သည်။ သူမ အံကို တင်းတင်းကြိတ် လိုက်မိ၏။ ဘယ်လိုပဲ ဖြစ်ဖြစ်... စွန့်စားရတော့မည် ဖြစ်သည်။

“နောက်ဆုတ်လိုက်ကြတော့...”

သူမက ဘေးနားရှိ မြေကြီး ရှန့်ထိုကို ပြောလိုက်၏။ သူ၏ နာမည်က မီးတောင်လက်သီး အစစ်အမှန် ဧကရာဇ် ဟူ၍ ဖြစ်ကာ မီးတောက်ခြောက်ခု ကြယ်တာရာ နယ်မြေတွင် ကိုယ်ပိုင် အင်အားစု တစ်ခုကို ကြီးကြပ်နေသည့် မဟာ အကြီးအကဲ ဖြစ်သည်။ မဟုတ်သေး... မဟာအကြီးအကဲဟောင်းဟု ဆိုလျှင် ပိုမှန်ပေလိမ့်မည်။ ဤပဋိပက္ခများ အတွင်း သူတို့ကို ကူညီရန် အတွက် သူ မူလ ရာထူးမှ နှုတ်ထွက်ခဲ့ကာ ထန်ကလန် အတွင်း အပြည့်အဝ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ သူက ဗာမီလီယန်၏ မွေးစားအဖိုးလည်း တော်စပ်ပေသည်။

ဗာမီလီယန်တို့နှင့် အတူ တိုက်ခိုက်နေသည့် သေမျိုးတစ်ပိုင်း အရှင်ကတော့ သူမ၏ ခင်ပွန်း၊ ထန်ရှင်းယွင်၏ ဖခင် ဖြစ်သည်။

အားလုံးမှာ ဗာမီလီယန်၏ စကားကို နားထောင်ကာ နောက်သို့ ဆုတ်လိုက်ကြ၏။ မီးတောက် လက်သီး အစစ်အမှန် ဧကရာဇ်မှာ လောကအခွံကို လက်သီးဖြင့် ထိုးခွဲရန် ပြင်လိုက်သည်။ အမွှာ ညီအမ နှစ်ယောက်နှင့် ခြားနားစွာပင် လူအိုကြီးမှာ ဝေ့ဝူယင်၏ အရေးပါပုံကို နားလည်သူ ဖြစ်သည်။ လူငယ်၏ ရှေ့၌ မလေးစားသည့် အမူအရာကို သူ မပြရဲပါချေ။ ဝေ့ဝူယင်မှာ ငယ်ရွယ်သေးသည် ဆိုသော်လည်း အောင်မြင်မှု များစွာကို ရယူထားနိုင်ခဲ့ကာ အင်ဖာနို နေမီးတောက် ဘုရားကျောင်းကိုပင် မဖြုံလောက်သည့် အင်အားကို ပိုင်ဆိုင်ထားသည်။

ခြေရာမဲ့ နတ္ထိ ဟင်းလင်းပြင် ဧကရီက မျက်မှောင်ကြုတ် လိုက်၏။ ထိုအခွင့်အရေးကို ယူကာ နောက်ဆုံးသော ထိုးနှက်ချက်ကို အလစ်အငိုက် ထုတ်ဖော်လိုသည့်တိုင် သူမ တွန့်ဆုတ် နေခဲ့မိသည်။

ဗာမီလီယန်က ပုန်ကန်သူ ညီမဖြစ်သူကို သုန်မှုန်စွာဖြင့် လှမ်းကြည့်လိုက်၏။

“နင် ငါတို့ကို အဂ္ဂိရတ် အာဏာရှင်ဝေ့နဲ့ မတွေ့ရအောင် ဒီထဲမှာပဲ ပိတ်လှောင်ထားတော့မှာလား”

အသံက လောကအခွံ အတွင်းတွင်ကိုပင် ထိုးဖောက် ဝင်ရောက်လာခဲ့လေရာ ဝေ့ဝူယင်မှာ သူတို့၏ တိုက်ပွဲများကို လုံးစေ့ပတ်စေ့ မြင်တွေ့ခဲ့ပြီး ဖြစ်နိုင်သည်။ ဝူယု ရောက်လာသည် ဖြစ်စေ၊ နဂါးခေါင်းဆောင်း မြေကြီး ရှန့်ထို ရောက်လာသည် ဖြစ်စေ လူငယ်သာ ဤနေရာတွင် အမှန်တကယ် ဖြစ်ပျက်နေသော အရာများကို နားလည်သွားပါက ထိုအရာက သူမ အတွက် အကျိုးရှိနိုင်ပေသည်။ ထို့ကြောင့်ပင် ဗာမီလီယန်မှာ အပြင်ကို ထွက်ခွာဖို့ ဆန္ဒ ရှိနေခြင်း ဖြစ်သည်။

“ခွေးမ...”

ခြေရာမဲ့ နတ္ထိ ဟင်းလင်းပြင် ဧကရီမှာ မျက်မမြင် တစ်ယောက် မဟုတ်သလို အရူးလည်း မဟုတ်ပါချေ။ ဗာမီလီယန်၏ အကြံကို သူမ နားလည်ပေသည်။ သူတို့ကို ထွက်ခွာခွင့် မပေးပြန်လျှင်လည်း ဝေ့ဝူယင်ကို မျက်နှာသာ မပေးသည်နှင့် အတူတူပင် ဖြစ်ပေလိမ့်မည်။ ဝေ့ဝူယင်၏ ကြေညာခဲ့သည့် ရည်ရွယ်ချက်ကို သူတို့ သိပေသည်။ သူတို့ ဖြစ်နေသည့် ပဋိပက္ခများကို ရပ်တန့်ပစ်ဖို့ အတွက်ပင်။

အဆဲခံလိုက်ရသည့်တိုင် ဗာမီလီယန်က တောက်ပစွာ ပြုံးလိုက်၏။ သူမက ရှင်းလင်းစွာပင် ညီမဖြစ်သူကို လှောင်ပြောင်နေပေသည်။

“...”

ခြေရာမဲ့ နတ္ထိ ဟင်းလင်းပြင် ဧကရီက တိတ်တဆိတ်ပင် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။ လောကအခွံမှာ စတင်၍ တုန်ရီလာကာ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် လဲပြိုကျသွားခဲ့၏။ မကြာခင်မှာပင် သူတို့မှာ ဗာမီလီယန် နယ်မြေ၏ အမှောင် ဟင်းလင်းပြင် အတွင်းသို့ ရောက်ရှိလာခဲ့သည်။

မီးတောင်လက်သီး အစစ်အမှန် ဧကရာဇ်မှာ စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။ သေမျိုးတစ်ပိုင်း အရှင် အဆင့် လေးယောက်၏ အကူအညီဖြင့်ပင် သူ ထိုအမျိုးသမီးကို ရှုံးနိမ့်လုနီးပါး ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ ဒဏ်ရာ တစ်ချို့ပင် သူ ရထားခဲ့၏။ နောက်ထပ် မိနစ် အနည်းငယ်လောက်သာ ဆက်လက် တိုက်ခိုက်ရမည် ဆိုပါက ပြင်းထန်သည့် ဒဏ်ရာများပင် ရရှိလာနိုင်ပေသည်။ သို့သော်... ခြေရာမဲ့ နတ္ထိ ဟင်းလင်းပြင် ဧကရီမှာလည်း သူ့ကို သတ်နိုင်မည် မဟုတ်ကြောင်း ယုံကြည်ချက် ရှိပေသည်။ မည်သို့ပင် ဆိုစေ... သူမသည်လည်း ဒဏ်ရာများ ရရှိထားပြီး မဟုတ်ပါလား။

ကြီးမား ကြံ့ခိုင်သည့် ကြွက်သားများကို ပိုင်ဆိုင်ထားသည့် ထိုအသက်လတ်ပိုင်း အရွယ် မြေကြီး ရှန့်ထိုမှာ သေမျိုးတစ်ပိုင်း အရှင် အဆင့်များကို ခေါ်ဆောင်ကာ ဝေ့ဝူယင်ထံသို့ ပျံသန်းလာခဲ့သည်။ ခြေရာမဲ့ နတ္ထိ ဟင်းလင်းပြင် ဧကရီမှာလည်း အလားတူပင် လုပ်ဆောင်ခဲ့၏။ သူမက အင်္ကျီ လက်အိုးများ ကြားတွင် ဒုတိယမြောက် လောကအခွံ တစ်ခုကို အသင့်ပြင်ထားကာ ဗာမီလီယန်တို့ ထွက်ပြေးဖို့ ကြိုးပမ်းသည်နှင့် ထောင်ချောက် အတွင်း ပြန်လည် ထည့်သွင်းရန် အသင့်ပြင်ထားသည်။ ထိုကဲ့သို့ ဆိုလျှင် ဝေ့ဝူယင်သည်လည်း သူမ အပေါ် အပြစ်တင်လိမ့်မည် မဟုတ်ပါချေ။

အကယ်၍ ထိပ်သီး ပညာရှင်များမှာ သူတို့၏ ပိုင်နက် အတွင်း သေမျိုးတစ်ယောက် အပေါ် ထိုမျှ သတိထားနေသည်ကို လူအများ ကြားသိရပါက သူတို့ အံ့အားသင့်ကြလိမ့်မည် မဟုတ်ပဲ နားလည် နိုင်ကြလိမ့်မည် ဖြစ်သည်။ မည်သို့ပင် ဆိုစေ... ထိုသေမျိုးမှာ အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင် ဝေ့ဝူယင် ဖြစ်နေခဲ့သည် မဟုတ်ပါလား။

ဝေ့ဝူယင်မှာ အမှောင် ဟင်းလင်းပြင် အတွင်း တည်ငြိမ်စွာပင် လွင့်မြော နေခဲ့၏။ သူက သဘာဝ အတိုင်းပင် ခန့်ညားသည့် အမူအရာကို ထုတ်လွှတ်နေခဲ့သည်။ မြေကြီး ရှန့်ထိုများ ပထမဆုံး သတိထားမိသည့် အရာက ဝူယုနှင့် နဂါးခေါင်းဆောင်းဝတ် မြေကြီး ရှန့်ထိုရော ပိုင်လင်ပါ မြင်ကွင်းမှ ပျောက်ရှ နေကြခြင်း ဖြစ်သည်။ သူတို့က တစ်နေရာရာတွင် ပုန်းကွယ်နေသလော။

မည်ကဲ့သို့ မြင်တွေ့နေရသည် ဖြစ်စေ... ဝေ့ဝူယင်မှာ အကာအကွယ် မပါပဲ ရောက်ရှိလာလိမ့်မည် မဟုတ်ကြောင်း သူတို့ ယုံကြည်ပေသည်။ တစ်ယောက်တည်း လာသည်ထားဦး။ သူ့ထံတွင် မြေကြီး ရှန့်ထိုများ ထုဆစ်ပေးလိုက်သည့် အဆောင်များ၊ အကာအကွယ် ရတနာများ ပါလာမှာ သေချာပေသည်။

ထိုအရာများ အပြင်... ဝေ့ဝူယင်ထံတွင် မမြင်နိုင်သည့် ကာကွယ်မှုများလည်း ရှိပေသေးသည်။ ၎င်းကတော့ ထန်ကလန်၏ တိုက်ပွဲကို ဗာမီလီယန် နယ်မြေ အပြင်မှ စောင့်ကြည့် နေကြသည့် အားအားယားယား မြေကြီး ရှန့်ထိုများပင်။ သူတို့ထဲမှ မည်သူကမှ ဝေ့ဝူယင်ကို ဝင်ရောက် ကူညီဖို့ တွန့်ဆုတ် နေကြလိမ့်မည် မဟုတ်ချေ။

ဝေ့ဝူယင်မှာ သူ့အား ကူညီသူများ အပေါ် ရက်ရက်ရောရော ပေးကမ်းတတ်သူ ဟူသော ဂုဏ်သတင်းဖြင့် ကျော်ကြားသူ ဖြစ်သည်။

အချို့က ဝေ့ဝူယင်၏ ကြွယ်ဝ ချမ်းသာမှုများမှာ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် အတွက် အလွန်အမင်း များပြားလွန်းသည်ဟုပင် ဆိုကြသည်။ အစစ်အမှန် မွေးဖွားခြင်းအား တိုက်ခိုက်ခဲ့သည့် တာဝန်တွင်ဆိုလျှင် နတ်ဆိုး မိစ္ဆာ ဘုရင်နှင့် သေမျိုးတစ်ပိုင်း အရှင် အဆင့်များမှာ လျှို့ဝှက် မြေကြီး အဆင့် အဂ္ဂိရတ် ထုတ်ကုန်များကိုပင် လက်ခံရရှိခဲ့သည် ဟူသော ကောလဟလများ ရှိသည်။ ထိုကဲ့သို့သော ဂုဏ်သတင်းများကြောင့်ပင် ဝေ့ဝူယင်၏ အဂ္ဂိရတ် သူရဲကောင်း ဖြစ်ချင်သည့် မြေကြီး ရှန့်ထိုများ မရေမတွက်နိုင်အောင် ပေါများလာခဲ့ပေသည်။

ကံဆိုးစွာပင် မည်သူက လမ်းစဉ် ရှစ်ခု မြေကြီး ရှန့်ထို ဖြစ်သည့် ဝူယုကို ယှဉ်နိုင်ပါမည်နည်း။

“အဂ္ဂိရတ် အာဏာရှင်ဝေ့...”

ဗာမီလီယန်က လေးစားစွာပင် နှုတ်ဆက်လိုက်၏။

"နင် နယ်မြေ အစီအရင်ကို အသက်သွင်းရဲရင် လျှို့ဝှက် ဝိညာဉ်ကို ‌လောင်ကျွမ်းပစ်ရမယ် ဆိုတောင် ငါ နင့်ကို သတ်မယ်”

ခြေရာမဲ့ နတ္ထိ ဟင်းလင်းပြင် ဧကရီက အမဖြစ်သူကို ဝိညာဉ်အာရုံဖြင့် ဆက်သွယ်ကာ ပြောလိုက်၏။ ဗာမီလီယန်၏ အမူအရာက သိသိသာသာပင် ပြောင်းလဲသွားကာ မနှစ်မြို့ဖွယ် အရိပ်အငွေ့ ဖြတ်ပြေး သွားခဲ့သည်။ သူမ အမှန်တကယ်ပင် နယ်မြေ အစီအရင်ကို အသက်သွင်းဖို့ စဉ်းစားနေခြင်း ဖြစ်သည်။ ၎င်းကိုသာ ထိန်းချုပ်နိုင်ပါက ညီမဖြစ်သူ၏ အာဏာသိမ်းမှုမှာ ဤနေရာတွင်ပင် အဆုံးသတ် သွားရလိမ့်မည် ဖြစ်သည်။

အမဖြစ်သူကို သတိပေးပြီးနောက် ခြေရာမဲ့ နတ္ထိ ဟင်းလင်းပြင် ဧကရီက ဝေ့ဝူယင်ကို ဖော်ရွေ လေးစားသည့် လေသံဖြင့် နှုတ်ဆက်လိုက်လေ၏။

“အဂ္ဂိရတ် အာဏာရှင်ဝေ့နဲ့ ခုလို တွေ့ဆုံခွင့် ရတာ ဝမ်းသာမိပါတယ်”

***

All Chapters