← Chapters

လုပ်ကြံမှု

Vol. 94 Ch. 1314

လုပ်ကြံမှု

Vol. 94 Ch. 1314

“အဂ္ဂိရတ် အာဏာရှင်ဝေ့နဲ့ ခုလို တွေ့ဆုံခွင့် ရတာ ဝမ်းသာမိပါတယ်”

ခြေရာမဲ့ နတ္ထိ ဟင်းလင်းပြင် ဧကရီက နှုတ်ဆက်လိုက်၏။ သူမက စိတ်အတွင်း ဖြစ်ပေါ်နေသည့် ခံစားချက်များကို လေသံတွင် ကောင်းမွန်စွာ ဖုံးကွယ်ထားနိုင်ပေသည်။

“ဒါနဲ့ ခင်ဗျား ကျုပ်ရဲ့ ဖိတ်ခေါ်မှုကို ငြင်းခဲ့သေးတယ် မလား”

ဝေ့ဝူယင်က ပြုံးရင်း ဆိုလိုက်၏။

"အဲဒီတုန်းက ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာကြောင့် နားလည်ပေးဖို့ တောင်းပန်ပါတယ်”

ခြေရာမဲ့ နတ္ထိ ဟင်းလင်းပြင် ဧကရီက မတုန့်မဆိုင်းပင် ပြန်လည် ဖြေကြားလိုက်သည်။ သို့သော်လည်း သူမ စိတ်ထဲမှ အနည်းငယ် အံ့သြနေမိ၏။ ဝေ့ဝူယင်မှာ ထိုအကြောင်းကို ထုတ်ဖော် ပြောဆိုလာလိမ့်မည်ဟု သူမ မျှော်လင့် မထားခဲ့ချေ။

မီးတောင် လက်သီး အစစ်အမှန် ဧကရာဇ်ကလည်း သူ့ကိုယ်သူ မိတ်ဆက်လိုက်ရင်း ဝေ့ဝူယင်ကို အပြုံးနှင့် မိတ်ဆက်လိုက်၏။

“ဒီနေ့ အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင်ကို ပြန်တွေ့ခွင့် ရတာ တကယ်ပဲ ဝမ်းမြောက်မိပါတယ်... မဟာ စက်ဝန်း ရှန့်ထို ညီလာခံမှာတုန်းက ခင်ဗျားရဲ့ တောက်ပမှုတွေကို မျက်မြင် ကြုံတွေ့ခွင့်ရတာ ကျုပ် အတွက် ဂုဏ်ယူစရာပါပဲ... အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင် ထွက်မခွားခင် စကားပြောခွင့် မရလိုက်တာကတော့ ကံဆိုးမှု တစ်ခုပါပဲ”

ဝေ့ဝူယင် သူ့ကို ကြည့်လိုက်ရင်း မီးတောက် ပေါက်ကွဲခြင်းဂိုဏ်း၏ မဟာ အကြီးအကဲ တစ်ဦးဖြစ်ကြောင်း မှတ်မိလိုက်သည်။ မီးတောက် ပေါက်ကွဲခြင်းဂိုဏ်းမှာ မီးတောက်ခြောက်ခု ကြယ်တာရာ နယ်မြေတွင် အင်ဖာနို နေမီးတောက် ဘုရားကျောင်းပြီးလျှင် အင်အား အကြီးဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

“ဟုတ်ပါတယ်... ကံဆိုးတာပဲ”

ဝေ့ဝူယင်က ထောက်ခံလိုက်၏။ မြေကြီးရှန့်ထို နှစ်ယောက်၏ ရှေ့တွင် ရပ်နေသည့်တိုင် သူ့ အမူအရာက ချွင်းချက် မရှိ တည်ငြိမ်နေသည်။

“အဂ္ဂိရတ် အာဏာရှင်ဝေ့က ဒီနေရာကို ဘယ်လို အကြောင်းကြောင့် ရောက်လာခဲ့တာလဲ ဆိုတာ မေးလို့ ရမလား”

ခြေရာမဲ့ နတ္ထိ ဟင်းလင်းပြင် ဧကရီမှာ အနည်းငယ် စိုးရိမ်နေလေရာ မေးဖို့ တွန့်ဆုတ် မနေတော့ချေ။

"မှန်ပါတယ်... ထန်ကလန်က အဂ္ဂိရတ် အာဏာရှင်ဝေ့ကို ဘာကူညီပေးရမလဲ...”

ဗာမီလီလန်ကလည်း အပြုံးနှင့် အတူ ပြောလိုက်သည်။

“အဂ္ဂိရတ် အာဏာရှင်ဝေ့ ပြုစုပျိုးထောင်ထားတဲ့ မီးဖီးနစ်ကို တိုက်ခိုက်ခဲ့မိတယ် ဆိုတာက ကျွန်မတို့ရဲ့ အသိဉာဏ်မဲ့ မိုက်မဲမှုကြောင့်ပါပဲ... အဲဒီ အတွက် နက်နက်ရှိုင်းရှိုင်း တောင်းပန်ချင်ပါတယ်... ဒါဟာ ကျွန်မတို့ရဲ့ အမှားဖြစ်တဲ့ အတွက် ထန်ကလန်က တာဝန်ခံပါတယ်... လက်တစ်ဖက် ခြေတစ်ဖက်ကို စတေးရမယ် ဆိုရင်တောင် သင့်တော်တဲ့ လျော်ကြေးကို ပေးဖို့ ကျွန်မတို့ ဆန္ဒရှိပါတယ်”

"..."

အားလုံး၏ မျက်လုံးများက ‌ဗာမီလီယန် အပေါ်သို့ ကျရောက်သွားခဲ့သည်။ ဗာမီလီယန်မှာ လွန်စွာ မာနကြီးသူ အဖြစ် ကျော်ကြားသူ ဖြစ်သည်။ သူမက ဘယ်တုန်းက ထိုမျှ လွယ်လွယ်ကူကူနှင့် ခေါင်းငုံ့တတ်သွား သနည်း။ ခင်ပွန်းဖြစ်သူပင်လျှင် သူမကို အံ့သြစွာ ကြည့်လိုက်မိ၏။

"..."

ခြေရာမဲ့ နတ္ထိ ဟင်းလင်းပြင် ဧကရီမှာ ဝေ့ဝူယင် ဝင်ရောက် မစွက်ဖက်ဖို့ကိုသာ စိတ်ထဲမှ ကြိတ်ကာ ဆုတောင်း နေမိသည်။ သူသာ ဗာမီလီယန်တို့ဘက်မှ ရပ်တည်ဖို့ ဆုံးဖြတ်လိုက်ပါက သူမ၏ နှစ်ပေါင်းများစွာ အစီအစဉ်မှာ ဤနေရာတွင်ပင် အဆုံးသတ်သွားရလိမ့်မည် ဖြစ်သည်။ ဝေ့ဝူယင်လို လူမျိုးကို သူမ ရင်မဆိုင်ရဲ သလို ရင်ဆိုင်နိုင်စွမ်းလည်း ရှိလိမ့်မည် မဟုတ်ချေ။

“ကောင်းပြီလေ... လာရင်းကိစ္စကိုပဲ တိုက်ရိုက်ပြောတာပေါ့... ဟုန်ရု ဘယ်မှာလဲ”

တိုက်ပွဲများ ကြား၌ သူမကို သူ ရှာမတွေ့ချေ။ ဝူယု၏ အကာအကွယ်ကို ဖြတ်သန်း၍ အသတ်မခံရသေးလျှင် သူမမှာ အခြားတစ်နေရာရာတွင် ရှိပေလိမ့်မည်။

"ဟုန်ရု...”

နားထောင်နေကြသူ အားလုံး အံ့အားသင့် သွားကြ၏။ သွေးကျောက်မျက် နတ်မိမယ်ကို ရည်ညွှန်းသည်လော။ ထန်မျိုးနွယ် အတွင်း ဝင်ရောက်ခဲ့ပြီး မကြာခင်မှာပင် သူမမှာ တန်ခိုးရှင် နတ်မိမယ် ထိပ်ဆုံး ၁၀၀ စာရင်းကို ဝင်ရောက်နိုင်ခဲ့သူ ဖြစ်သည်။ နယ်မြေခြားမှ လာသည့်တိုင် မိန်းကလေးမှာ ထန်မျိုးနွယ်၏ သင်္ကေတ ဖြစ်သည့် အမွှာမီးတောက် ပေါင်းစည်းခြင်း နည်းလမ်းနှင့်လည်း အလွန် လိုက်ဖက်သူ ဖြစ်သည်။

“ဟုန်ရု...”

ဗာမီလီယန်မှာ အနည်းငယ် အံ့သြသွားခဲ့၏။ ပင်းကလန်နှင့် ခြားနားစွာပင် ထန်ကလန်မှာ ဟုန်ရု၏ နောက်ခံ သမိုင်းကြောင်းကို များစွာ စုံစမ်း မထားပါချေ။ သူတို့က မြင့်မားသည့် ပါရမီကြောင့် သူမကို တပည့် အဖြစ် လက်ခံခဲ့ခြင်း ဖြစ်သည်။ တစ်စုံတစ်ရာကို သဘောပေါက်သည်နှင့် သူမ၏ မျက်လုံးများက တောက်ပသွားခဲ့၏။

“ထန်ကလန်ရဲ့ ပါရမီရှင်လေးတွေကို ဒီပဋိပက္ခကနေ ရှောင်ရှားဖို့ အတွက် အဝေးကို ပို့ထားပါတယ်... အခု ဟုန်ရုက ကျွန်မတို့ရဲ့ လျှို့ဝှက်နယ်မြေ တစ်ခုထဲမှ လုံလုံခြုံခြုံ ရှိနေပါလိမ့်မယ်... အဂ္ဂိရတ် အာဏာရှင်ဝေ့က သူ့ကို တွေ့ချင်လို့လား”

ဗာမီလီယန်က လေးစားစွာပင် မေးလိုက်၏။ ထိုအရာက သူမတို့ ထန်ကလန် အတွက် ပဋိပက္ခ အတွင်း ရှင်သန်ရန် ရွှေရောင် အခွင့်အရေး တစ်ခု ဖြစ်ပေသည်။

“လျှို့ဝှက်နယ်မြေ...”

နောက်ဆုံး၌ ကောင်းကင်ဘုံ နတ်မျက်လုံးများရော ဝိညာဉ် အာရုံပါ ဟုန်ရုကို ရှာဖွေရာ၌ အလုပ် မဖြစ်ခဲ့ရသည့် အကြောင်းရင်းကို ဝေ့ဝူယင် နားလည်သွားခဲ့ပြီ ဖြစ်သည်။

"ကျုပ်ကို ခေါ်သွားပေးပါ...”

“အဂ္ဂိရတ် အာဏာရှင်ဝေ့...”

ခြေရာမဲ့ နတ္ထိ ဟင်းလင်းပြင် ဧကရီက အလောတကြီး ပြောလိုက်၏။

“ကျွန်မတို့ အခုက...”

ဝေ့ဝူယင်က သူမကို လှည့်ကြည့်ရင်း မျက်မှောင်ကြုတ် လိုက်သည်။

“ခင်ဗျား အာဏာသိမ်းတာကို ကျုပ် ဂရုမစိုက်ဘူး... ဟုန်ရုဆီကို ကျုပ်လာတာ”

သူ့အသံက ရုတ်ချည်းပင် အေးစက်စွားကာ မျက်လုံးများမှာ သတ်ဖြတ်လိုသည့် အလင်းတန်းများနှင့် ပြည့်နှက် လာခဲ့၏။

“ကျွန်မ...”

ခြေရာမဲ့ နတ္ထိ ဟင်းလင်းပြင် ဧကရီမှာ စိုးရိမ် ပူပန်စွာဖြင့် လက်သီးကို ဆုပ်လိုက်၏။ ဝေ့ဝူယင် ဝင်ပါနေသည့် အဓိက အကြောင်းရင်းမှာ ဟုန်ရု ဆိုသည့် မိန်းကလေးကြောင့် ဖြစ်ကြောင်း သူမ သဘောပေါက် နေခဲ့ပြီ ဖြစ်သည်။ ထိုမိန်းကလေး၏ တည်ရှိမှုက ထန်ကလန်၏ ရှင်သန်ရန် အခွင့်အရေးကို မြင့်တက်စေမည်လား သူမ မသိပါချေ။

ထိုကဲ့သို့ ဆိုလျှင် သူမ၏ အစီအစဉ်အားလုံး သဲထဲရေသွန် ဖြစ်သွားရလိမ့်မည် ဖြစ်သည်။

ဗာမီလီယန်က လျှင်မြန်စွာပင် ဆုံးဖြတ်ချက် ချလိုက်၏။

“အဂ္ဂိရတ် အာဏာရှင်ဝေ့... အခု ဟုန်ရုက ထန်မျိုးနွယ်ဝင်တွေက လွဲလို့ ပြင်ပလူတွေကို ဝင်ခွင့်မပြုတဲ့ သီးသန့် လျှို့ဝှက် နယ်မြေထဲမှာ ရှိနေတာပါ... ဒါပေမဲ့ ဂျူနီယာ ဟုန်ရုနဲ့ ဆက်ဆံရေးကြောင့် အဂ္ဂိရတ် အာဏာရှင်ဝေ့ကို...”

“သတိထား...”

ရုတ်တရက် မီးတောင် လက်သီး အစစ်အမှန် ဧကရာဇ်က အော်ဟစ်လိုက်၏။ ဝေ့ဝူယင်၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားခဲ့သည်။ ထိုအခိုက်တွင်ပင် ခြေရာမဲ့ နတ္ထိ ဟင်းလင်းပြင် ဧကရီ၏ အသံက သူ့ ဝိညာဉ် အတွင်း တိုးဝင်လာခဲ့သည်။

“တောင်းပန်ပါတယ်... အဂ္ဂိရတ် အာဏာရှင်ဝေ့... ကျွန်မရဲ့ ရိုင်းစိုင်းမှုကို ခွင့်လွှတ်ပေးပါ”

ဝေ့ဝူယင်၏ ကောင်းကင်ဘုံ နတ်မျက်လုံးများမှာ တောင်းပန်လာသည့် မြေကြီး ရှန့်ထို ဘက်သို့ လှည့်ကြည့် လိုက်လေရာ အလွန်တရာ ပြင်းထန်လှသည့် အင်အားများက ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် ပေါက်ကွဲ ထွက်လာနေသည်ကို တွေ့လိုက်ရ၏။ ၎င်းတို့မှာ မီးတောင်ပေါင်း တစ်ထောင် တစ်ပြိုင်နက်တည်း ပေါက်ကွဲ ထွက်ပေါ်လာသလို လွှမ်းမိုးနိုင်စွမ်း ကြီးမားကာ ကြောက်မက်ဖွယ် ကောင်းလှသည်။

ဘုန်း...

ထိုစွမ်းအား၏ အဟုန်မှာ ထို့ပိဟန်နှင့် ရှောင်ပင်းတို့ ရှိနေသည့် အ‌သေးစား ဟင်းလင်းပြင် သင်္ဘောကို အက်ကြောင်းများနှင့် ပြည့်နှက်သွားစေခဲ့ကာ နောက်သို့ လွင့်စဉ်ထွက်သွားစေခဲ့၏။ ထန်ကလန်၏ သေမျိုးတစ်ပိုင်း အရှင် အဆင့်များမှာလည်း ကြိုးပြတ်သည့် စွန်များ အလား မိုင်ထောင်ပေါင်းများစွာတိုင် လွင့်စဉ် သွားခဲ့ကြသည်။ သူတို့မှာ တုန့်ပြန်ရန် အချိန်ပင် မရခဲ့ကြချေ။

တစ်ချိန်တည်း၌ မီးတောင် လက်သီး အစစ်အမှန် ဧကရာဇ်မှာ အဆိုပါ ကြောက်မက်ဖွယ် ကောင်းသည့် စွမ်းအားနှင့် ရင်ဆိုင်ရန် အတွက် မီးတောက်လက်သီးကို ထုတ်ဖော်လိုက်၏။

သူက လွင့်စဉ် မသွားသည့်တိုင် ပြင်းထန်သည့် အာကာသ မုန်တိုင်း အလယ်တွင် ခေတ္တ ရပ်တန့်သွားသည်။ ခြေရာမဲ့ နတ္ထိ ဟင်းလင်းပြင် ဧကရီထံမှ ဒုတိယ အကြိမ်မြောက် မာန်သွင်းမှုကို ကြားလိုက်ရသည့်တိုင် သူ မလှုပ်ရှားနိုင်ပါချေ။ သူ၏ မျက်လုံးများက စိုးရိမ်စိတ်များနှင့် ပြည့်နှက်သွားကာ လွင့်စဉ် သွားနေသည့် ဗာမီလီယန်ကို လှမ်းကြည့်လိုက်၏။

ဝှစ်...

ခြေရာမဲ့ နတ္ထိ ဟင်းလင်းပြင် ဧကရီ၏ မျက်နှာမှာ သွေးကြောများနှင့် ထောင်ထနေကာ အမှောင် ဟင်းလင်းပြင်ကို အရှိန်အဟုန် ပြင်းပြင်းနှင့် ဖြတ်သန်းရင်း ဗာမီလီယန်၏ နောက်ကို သတ်ဖြတ်လိုသည့် မျက်ဝန်းများနှင့် လိုက်သွားခဲ့၏။

ထိုအခိုက်၌... သူမမှာ ခွန်အားကို ယာယီ မြှင့်တင်ရန် အတွက် ကိုယ့်ကိုယ်ကို စတေးသည့် ကျင့်စဉ် တစ်ခုကိုသုံးထားခဲ့သည်။ လျှို့ဝှက် အဆင့် အသက်အင်အားများကို လောင်မြိုက်ပစ် နေခဲ့ခြင်းကြောင့်ပင် သူမ၏ ခွန်အားက သာမန် မြေကြီး ရှန့်ထို တစ်ယောက်ထက် သာလွန်နေခဲ့သည်။

“အား...”

ဗာမီလီယန် ခန္ဓာကိုယ် အတွင်း ကြမ်းတမ်း ခက်ထန်စွာ တိုးဝင်လာသည့် အင်အးကို ခံစားမိလေရာ အော်ဟစ် လိုက်လေသည်။ ကံဆိုးစွာပင် သူမမှာသေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက်သာ ဖြစ်ကာ လျှို့ဝှက်တစ်ပိုင်း အဆင့်ကိုပင် ထုတ်ဖော်ခြင်း မပြုရသေးချေ။ နောက်ဆက်တွဲ ရောက်ရှိလာသည့် တိုက်ခိုက်မှုကို ခုခံဖို့ လက်နက်အား ထုတ်ယူချင်သည့်တိုင် သူမ၏ ခန္ဓာကိုယ်မှာ နည်းနည်းလေးမှ လှုပ်နိုင်စွမ်း မရှိချေ။

“မဟုတ်ဘူး...”

သူမ မျက်လုံးထဲ၌ ခြေရာမဲ့ နတ္ထိ ဟင်းလင်းပြင် ဧကရီမှာ အရှိန်အဟုန် ပြင်းပြင်းနှင့် နီးကပ် လာနေသည်ကို တွေ့နေရသည်။

“သူ ငါ့ကို သတ်တော့မယ်...”

အကယ်၍ သူမသာ သေသွားပါက ထိုအာဏာသိမ်းမှုမှာ တစ်ဝက် ပြီးမြောက်သွားပြီဟု ဆိုနိုင်ပေလိမ့်မည်။ ဗာမီလီယန် စိတ်ထဲမှ နေ၍ ညီမဖြစ်သူအား ကူညီဖို့ ကြိုးစားခဲ့ကြများ၊ သစ္စာဖောက်များ၊ နယ်မြေ ဝင်္ကပါအား အသက်မသွင်းနိုင်အောင် နှောက်ယှက်ခဲ့ကြသူများကို ကျိန်စာတိုက် လိုက်မိသည်။ မွေးစားအဘိုးသာ ရှိမနေခဲ့ပါက ယခုလောက် ဆိုလျှင် သူမ အသတ်ခံ နေရလောက်ပြီ ဖြစ်သည်။

ဗာမီလီယန် ချက်ချင်း လာရောက် မကူညီသည့် ထျန်းကလန်ကို ကျိန်ဆဲလိုက်၏။ ဘာကြောင့်လဲ ဆိုတာ သိသည့်တိုင် သူမ ကျိန်ဆဲမိနေတုန်း ဖြစ်သည်။

သူမ ဝေ့ဝူယင်ကိုသာ ကျိန်ဆဲ လိုက်မိသည်။ တကယ်ဆိုလျှင် အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင် ဆိုသည့် အဆင့်အတန်းမှာ သူမကို ကာကွယ်ပေးခဲ့သင့်သည်။

သူမ မသေချင်သေးချေ။ သူမထံတွင် ရှင်သန်စရာ သက်တမ်းများစွာ ကျန်ရှိနေသေးဆဲ ဖြစ်သည်။ ညီမဖြစ်သူကို တောင်းပန်ဖို့ စဉ်းစားလိုက်သေးသော်လည်း အတိတ်ရှိ ဖြစ်ရပ်များမှာ သူမ စိတ်အတွင်း ပြန်လည် ပေါ်လာခဲ့၏။

နှစ်‌ယောက် အတူတူ မွေးဖွားလာခဲ့သည့် အချိန်ကစလို့ ညီမဖြစ်သူကို စွန့်လွှတ်လိုက်ရမှု၊ နှင်ထုတ်ခဲ့မှု၊ အမဲလိုက်မှု၊ သေဆုံးသွားပြီဟု ကြေညာခဲ့သည့် အထိ...။

သူမက ဆက်လက် အသက်ရှင်သန်နေဆဲ ဖြစ်ကာ ယခု အဆင့်အထိ ကျင့်ကြံနိုင်ခဲ့လိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။ အကယ်၍ ကြိုတင်သာ သိရှိခဲ့ပါက သူမကို သတ်ဖို့ နည်းလမ်းပေါင်းစုံကို ဗာမီလီယန် သုံးခဲ့လိမ့်မည် ဖြစ်သည်။

***

All Chapters