← Chapters

လှုပ်ရှားမှု တစ်ခုတည်းနှင့် ရပ်တန့်ခြင်း

Vol. 94 Ch. 1315

လှုပ်ရှားမှု တစ်ခုတည်းနှင့် ရပ်တန့်ခြင်း

Vol. 94 Ch. 1315

“မမ...”

ခြေရာမဲ့ နတ္ထိ ဟင်းလင်းပြင် ဧကရီမှာ အမှောင် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ဗာမီလီယန်၏ အရှေ့တွင် ပြန်လည် ပေါ်လာခဲ့သည်။ ဇာပုဝါနောက်မှ သူမ၏ မျက်လုံးများ နှိုင်းယှဉ်လို့ မရနိင်သည့် မုန်းတီးမှုများနှင့် ပြည့်နှက် နေခဲ့၏။ သူမက လက်သီးကို ဆုပ်ကာ ပုံသေ ဟင်းလင်းပြင် အတွင်း လှန်တစ်စင်း ပစ်လွှတ်လိုက်သလို အရှိန်အဟုန်နှင့် ထိုးနှက် လိုက်သည်။ အမဖြစ်သူကို မော်လီကျူးများ ဖြစ်သွားသည် အထိ သူမ ဖျက်ဆီးရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

"သေလိုက်တော့...”

သူမ၏ အသံက အဆုံးမဲ့ အေးစက်မှုများနှင့် ပြည့်နှက်နေ၏။ တစ်ခါတုန်းက အမဖြစ်သူမှာ သူမကို အမဲလိုက်ရင်း ထိုစကားလုံးများ အတိုင်း အတိအကျပင် ပြောခဲ့ဖူးသည်။ မိန်းမယုတ်၏ နှုတ်ခမ်းမှ ထွက်ပေါ်လာသည့် ထိုစကားလုံးများကို သူမ ဘယ်တော့မှ မေ့လိမ့်မည် မဟုတ်ချေ။ မေ့နိုင်လိမ့်မည်လည်း မဟုတ်ချေ။

ယနေ့က အမုန်းတရားနှင့် ရန်ငြိုးအားလုံး အဆုံးသတ်သည့်နေ့ ဖြစ်ပေလိမ့်မည်။

“ဟူး...”

ရုတ်တရက် သက်ပြင်းချသံ တစ်ချက် ထွက်ပေါ်လာ၏။ ၎င်းက တောင်ကြီး တစ်လုံးကဲ့သို့ လေးပင်ပြီး နေရာတိုင်းတွင် စိမ့်ဝင်နေကာ အာဏာရှင် ဆန်လှသည်။ ၎င်းက မြေကြီးရှန့်ထိုများ ပင်လျှင် မငြင်းဆန်နိုင်သည့် အမိန့်တစ်ခု အလား ထင်ရ၏။

ဝှစ်...

လှိုင်းတစ်ခုမှာ အမှောင် ဟင်းလင်းပြင် အတွင်း ရိုက်ခတ်သွားသည်။ ခြေရာမဲ့ နတ္ထိ ဟင်းလင်းပြင် ဧကရီ၏ လက်သီးက ဗာမီလီယန်၏ ရင်ဘတ်ကို ထိတွေ့ဖို့ နှစ်လက်မမျှ အကွာသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ထိုလက်သီးသာ ထိသွားပါက သူမ၏ ခန္ဓာကိုယ်က တစ်စစီ ပြိုကွဲသွားရတော့မည် ဖြစ်သည်။

သူတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့် နေကြ၏။

“ဘာလဲ...”

လောကကြီး တစ်ခုလုံး ရပ်တန့်သွားခဲ့သည်လား။

အဖြူရောင် အဂ္ဂိရတ် ဝတ်စုံဝတ် ပုံရိပ်မှာ သူတို့ နှစ်ယောက်ဘေးသို့ ဖြည်းညင်းစွာ ရောက်ရှိလာခဲ့၏။ အမွှာ နှစ်ယောက်မှာ လှည့်ကြည့်ဖို့ ကြိုးပမ်းလိုက်သည့်တိုင် နည်းနည်းလေးမှ လှုပ်ရှားလို့ မရကြောင်းသတိထားမိသွားခဲ့သည်။ အသိစိတ် ပင်လယ်က ပုံမှန်အတိုင်း ဆက်ရှိနေသေးသည့်တိုင် သူတို့၏ စွမ်းအင်နှင့် ခန္ဓာကိုယ်များကတော့ လုံးဝ အေးခဲ သွားခဲ့ပြီ ဖြစ်သည်။

ထိုအခိုက်၌ သူတို့ နှစ်ယောက်စလုံး၏ အတွေးများက အံ့အားသင့်စွာပင် တူညီနေခဲ့၏။

“ဝေ့ဝူယင်...”

မှန်ပေသည်။ အဖြူရောင် အဂ္ဂိရတ် ဝတ်စုံနှင့် လူငယ်မှာ ဝေ့ဝူယင်မှ တစ်ပါး မည်သူ ဖြစ်လိမ့်မည်နည်း။ သူက မီးခိုးရောင် အဆောင် တစ်ခုကို ကိုင်ဆောင်ထား၏။ ၎င်းမှာ အချိန် လမ်းစဉ် အပေါ် သာမည အာဏာ အငွေ့အသက် များကို ထုတ်လွှတ်နေကာ ဟင်းလင်းပြင် မီးတောက်များနှင့် တောက်လောင်နေသည်။

ဝေ့ဝူယင် ခြေရာမဲ့ နတ္ထိ ဟင်းလင်းပြင် ဧကရီကို ကြည့်လိုက်၏။ သူ၏ ငွေရောင် မျက်ဝန်းများက အေးစက်သည့် လျစ်လျူမှုများနှင့် ပြည့်နှက်နေသည်။

“ကျုပ် ခင်ဗျားကို သတ်သင့်လား”

"..."

အမွှာ ညီအမ နှစ်ယောက်စလုံး၏ နှလုံးသားများမှာ ဧရာမ လက်ကြီးတစ်ဖက်နှင့် ဆုပ်ကိုင်ခံထားရသလို ပြင်းထန်သည့် တင်းကြပ်မှုများကို ခံစားနေရ၏။ မည်သည့် အရာများဖြစ်ပျက် နေသနည်း။

သေမျိုးတစ်ပိုင်း အရှင် အဆင့်နှင့် မြေကြီး ရှန့်ထို အဆင့်များကိုပင် အတင်းအကြပ် ရပ်တန့် နိုင်ရလောက်အောင် ကြောက်မက်ဖွယ် ကောင်းသည့် အချိန် စွမ်းအင်မျိုးကို သူတို့ မကြားဖူးခဲ့ချေ။ ခြေရာမဲ့ နတ္ထိ ဟင်းလင်းပြင် ဧကရီမှာ ပထမဆုံး အကြိမ် အဖြစ် ‌ကြောက်ရွံ့ တုန်လှုပ်မှုကို ခံစားလိုက်ရ၏။ ထိုကြောက်ရွံ့စိတ်က အလွန် နက်ရှိုင်းပေသည်။

ဝေ့ဝူယင်က ညင်သာစွာပင် နတ္ထိ ဟင်းလင်းပြင် ဧကရီ၏ လက်ကို ထိလိုက်သည်။ ထို့နောက် သူက ညင်သာစွာပင် တွန်းလွှတ်လိုက်၏။ သူမ၏ ခန္ဓာကိုယ်က ခုခံအားများ ကုန်ဆုံးနေကာ ပုံသေ ဟင်းလင်းပြင်ကို ထိုးဖောက် လွင့်စဉ် သွားသည်။ ထိုအရာက အာကာသ ရွှေ့ပြောင်းခြင်းပင်။

‘သူက မြေကြီး ရှန့်ထို တစ်ယောက်ကို အာကာသ ရွှေ့ပြောင်း ပစ်လိုက်တာလား...’

ဗာမီလီယန်၏ အတွေးများမှာ ကြောက်ရွံ့ တုန်လှုပ်ခြင်းများနှင့် ပြည့်နှက်သွား၏။ ထိုလူငယ်မှာ ဟွမ်ရီကောင်းလို သေမျိုးတစ်ပိုင်း အရှင် တစ်ယောက်၏ ကိုယ်ပွားကို သတ်နိုင်ခဲ့တာ အံ့အားသင့်စရာ မရှိတော့ချေ။

ဝေ့ဝူယင်က ဗာမီလီယန်၏ အင်္ကျီစကို လှမ်းဆွဲလိုက်ကာ လက်သီး၏ မူလ လမ်းကြောင်းမှ ဖယ်ရှားပေးလိုက်၏။

ဖောက်...

အသံတစ်ခု ထွက်ပေါ်လာသည်။ လောကကြီးမှာ မူလအခြေအနေကို ပြန်လည် ရရှိလာခဲ့၏။

ဘုန်း...

ခြေရာမဲ့ နတ္ထိ ဟင်းလင်းပြင် ဧကရီ၏ ပြင်းထန်သည့် လက်သီး စွမ်းအင်များမှာ ဗာမီလီယန် ရပ်နေခဲ့သည့် နေရာကို ဦးတည် ကျဆင်းသွားကာ ပုံသေ အာကာသကိုပင် ဆုတ်ဖြဲ၍ အပေါက်တစ်ခု ဖြစ်လာစေခဲ့၏။ အ‌ရောင်အသွေး စုံလင်သည့် အလင်းတန်းများက ပေါက်ကွဲသွားကာ အပျက်အစီး အာကာသ၏ လက္ခဏာ တစ်ရပ်ပင် ဖြစ်ပေါ်လာခဲ့သည်။

သို့သော်လည်း... သဘာဝ ဥပဒေသ အရ အာကာသမှာ အလိုအလျောက်ပင် ပြန်လည် ပြုပြင်ကာ ပုံမှန် ပြန်ဖြစ်သွားခဲ့၏။

မည်သို့သော်လည်း... ထိုနေရာတွင် ရှိသည့် မည်သူ တစ်ဦးတစ်ယောက်မှ မလှုပ်ရှားရဲကြပါချေ။ မီးတောင် လက်သီး အစစ်အမှန် ဧကရာဇ်၏ မျက်လုံးများက ပြူးကျယ်နေကာ ခန္ဓာကိုယ်မှာ တုန်ရီနေခဲ့သည်။ ဝေ့ဝူယင် သုံးခဲ့သည့် အရာက မည်ကဲ့သို့သော စွမ်းအားမျိုးနည်း။ လောကကြီး အေးခဲသွားသည့် အခိုက်၌ သူတို့ အသက်ပင် မရှူနိုင်ခဲ့ချေ။

"..."

ဗာမီလီယန်မှာ ကြောက်ရွံ့ တုန်လှုပ်မှုကြောင့် တုန်ရီ နေခဲ့၏။ သူမ၏ လက်များက ဝေ့ဝူယင်၏ ဝတ်စုံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။ အကယ်၍ ဝေ့ဝူယင်သာ ဝင်မကယ်ပါက လက်ရှိ အချိန်တွင် သူမ သေဆုံးနေလောက်ပြီ ဖြစ်ကြောင်း သဘောပေါက် ပေသည်။

ဝေ့ဝူယင်က သူမကို ကြည့်လိုက်၏။

“ကျုပ်ကို ဟုန်ရုဆီ ခေါ်သွားပေးပါ”

“ကောင်း... ကောင်းပါပြီ”

ဗာမီလီယန်က အထစ်ထစ် အငေါ့ငေါ့ဖြင့် ခေါင်းညိတ်လိုက်၏။ ခြေရာမဲ့ နတ္ထိ ဟင်းလင်းပြင် ဧကရီမှာ မိုင်ပေါင်း များစွာ အကွာတွင် ရပ်နေခဲ့သည်။ သူမ၏ အသက်ရှူသံများမှာ လေးပင်နေ၏။ သူမ ပြေးလည်း မပြေးရဲပါချေ။ ပြေးလျှင်လည်း လွတ်နိုင်ပါမည်လား သူမ မသိချေ။

“ခင်ဗျား... ကျုပ်တို့နဲ့ အတူ လိုက်ခဲ့”

ဝေ့ဝူယင်က သူမကို လှမ်းကြည့်ရင်း အမိန့်ပေးလိုက်၏။ ခြေရာမဲ့ နတ္ထိ ဟင်းလင်းပြင် ဧကရီမှာ အော်ရာကို ပြန်လည် လျှော့ချလိုက်ကာ သိမ်မွေ့သည့် ရောင်ဝါဖြင့် ဝေ့ဝူယင်ထံ ပြန်လည် ချဉ်းကပ်လာခဲ့သည်။ သူမထံ၌ တိုက်ခိုက်မည့် အရိပ်အယောင် မရှိတော့ချေ။ ထို့အစား ကြောက်ရွံ့မှုနှင့် စိုးရွံ့မှုများသာလျှင် ကျန်ရှိတော့၏။

"‌ရှေ့ကသွား...”

ဝေ့ဝူယင်က လမ်းညွှန်လိုက်၏။ ဗာမီလီယန်က ခေါင်းညိတ်လိုက်ကာ ညီမဖြစ်သူကို ထူးဆန်းသည့် အကြည့်ဖြင့် တစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့နောက် သူမက ပေါင်းစည်းခြင်းဂြိုဟ်ဆီ ဦးတည်လိုက်လေတော့၏။

မကြာခင်မှာပင် ဝေ့ဝူယင်မှာ အမွှာ နှစ်ယောက်ကို ရှေ့တစ်ယောက် နောက်တစ်ယောက် ထားရင်း ပေါင်းစည်းခြင်းဂြိုဟ်ထံ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ရှောင်ပင်းနှင့် ထို့ပိဟန်တို့ ပါဝင်သည့် ဟင်းလင်းပြင် သင်္ဘောမှာ သူတို့ နောက်မှ လိုက်ပါလာခဲ့လေ၏။

***

All Chapters