အခန်း (၁၁၂၈)
Vol. 76 Ch. 1128
နှင်းဆီဧကရီသည် ကျွင်းချောင်ရှောင်းအား ဘုရင့်ကိုယ်စားအုပ်ချုပ်သူတစ်ယောက် ဖြစ်စေချင်မိ၏။
ထိုအရာသည် ပုဂ္ဂိုလ်ရေး ခံစားချက်များကြောင့် မဟုတ်ပေ။ နိုင်ငံရေးအကြောင်းပြချက်များကြောင့် ဖြစ်၏။ အလွန်တရာ အားကောင်းလှသော ဟောခန်းသခင်သုံးယောက်တို့သည် ထိုသူ့အား သခင်အဖြစ် အသိ အမှတ်ပြုထားကြ၏။ ထို့ကြောင့် သူမသည်သာ ထိုသူ၏ မိန်းမ ဖြစ်လာမည်ဆိုလျှင် အကျိုးကျေးဇူးများသာ ရရှိ နိုင်ချေရှိ၏။ ထိခိုက်ခံစားမှု မရှိနိုင်ချေ။
နှင်းဆီဧကရီသည် ကြီးမားလှသည့် ရည်မှန်းချက်ရှိသူတစ်ယောက်ဖြစ်၏။ ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီး တစ်ခုလုံးအား ပိုမိုအားကောင်းချင်စိတ် ရှိနေမိသည်။ ထိုကဲ့သို့ အားကောင်းမှုကို လိုချင်သည်ဆိုပါက သူမအနေနှင့် တခြားဂြိုဟ်များဆီသို့ တိုက်ခိုက် အနိုင်ယူခြင်းသည်သာမက မိမိပိုင်ဂြိုဟ်ထဲတွင်လည်း အားကောင်းလွန်းလှသည့် ကျောထောက်နောက်ခံကို ပိုင်ဆိုင်မှ ဖြစ်ပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည်သာ သူမကို ကူညီနိုင်သည်ဆိုပါက လက်ထပ်လိုက်ရ၍ကော ဘာဖြစ်နိုင်မည်နည်း။
နှင်းဆီဧကရီသည် အရာအားလုံးကို ဆုံးရှုံးလိုက်သည့်အချိန်မှာတော့ အလွန်တရာ အားနည်းလှသည့် အမျိုးသမီး တစ်ယောက်၏ အသွင်သဏ္ဍာန်မျိုးကို ပြသခဲ့၏။ သို့ပေမဲ့ နန်းပုလ္လင်ကို ပြန်လည်ဆက်ခံပြီးသည့်နောက်မှာတော့ အလွန်တရာအဆင့်အတန်းမြင့်မား၍ ဂုဏ်သိက္ခာထည်ဝါလွန်းလှသော တော်ဝင်အော်ရာမျိုးကို ပြန်လည်ရရှိခဲ့ပြီ ဖြစ်တော့သည်။
ယောက်ျားနှင့် မိန်းမကြားတွင်ရှိသော ခံစားမှုဆိုသည်မှာ မည်သည့်အရာ ဖြစ်သနည်း။ သူမ၏ အိမ်မက်များနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ထိုအရာမှာ အလွန်တရာသေးငယ်လွန်းလှ၏။
အဘယ်ကြောင့် သူမသည် ကျွင်းချောင်ရှောင်း နှင့်တူညီသည်ဟု တွက်ချက်၍ ရသနည်း။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် စိတ်ခံစားချက်များကို ဦးစား မပေးကြချေ။ တစ်ယောက်သည် ပြိုင်စံရှားဂိုဏ်းအား ကုန်းမြေတိုက်ကြီးတွင် အားအကောင်းဆုံးသော ဂိုဏ်းတစ်ခု ဖြစ်စေရန် မျှော်လင့်ချက်ရှိ၏။ ထို့ကြောင့် သူသည် အလွန်တရာ အလုပ်များလှပြီး စနစ်ကို ရရှိပြီးသည့်နောက်တွင်တောင်မှ ပေါ့ပေါ့ပါးပါးဖြင့် မနေခဲ့ချေ။
“ခင်ဗျားကို လက်ထပ်မှ တူညီတဲ့အဆင့်အတန်းကို ရမှာလား” ကျွင်းချောင်ရှောင်းသည် သူမကို ကြည့်ရှုလိုက်၏။
နှင်းဆီဧကရီသည် သူမ၏ အမဲရောင်ဆံနွယ်များအား အသာအနောက်ဘက်သို့ သပ်တင်ကာဖြင့် ပြုံးလိုက်မိသည်။ “တူညီတဲ့အဆင့်အတန်းကို ရရှိရုံတင်မကဘူး၊ တူညီတဲ့ သိုင်းအရင်းအမြစ်တွေ အကုန်လုံးကိုလည်း ရရှိလိမ့်မယ်။ ပြီးတော့ ….”
သူမသည် ပခုံးကို အသာလျော့ချလိုက်၏။ ပခုံးပေါ်တွင်ရှိနေသော အဝတ်စသည် အသာလေး အောက်သို့ လျောကျလာခဲ့၏။ “ပြီးတော့ ကျွန်မကိုလည်းရလိမ့်မယ်”
သူမ၏အပြုံးသည် အလွန်တရာ စွဲဆောင်မှု ရှိလွန်းလှသည်။
“ကျုပ်ကို ဘာထင်နေတာလဲ။ ပြီးတော့ ကျုပ်ကို တဏှာရူးတစ်ယောက်လို့များ တွေးနေတာလား” ကျွင်းချောင်ရှောင်းသည် ခပ်တည်တည်မျက်နှာဖြင့် ပြောလိုက်၏။
ဆွစ်
ပြီးသည့်နောက်မှာတော့ သူသည် မတ်တပ်ထရပ်ပြီးနောက် သူမကို ကျောပေးလိုက်၏။ “ခင်ဗျားနဲ့ တူညီတဲ့ အဆင့်အတန်းတစ်ခုကို ရဖို့အတွက် တစ်ရက် အချိန်ပေးမယ်။ မဟုတ်ရင် ဒီကုန်းမြေတိုက်ကြီးက ထပ်ပြီး ပြောင်းလဲသွားလိမ့်မယ်”
ပြောပြီးသည့်နောက် သူသည် အိပ်ခန်းထဲမှ အသာလျှောက်ထွက်သွားခဲ့သည်။
“ကျွင်းချောင်ရှောင်း”
နှင်းဆီဧကရီသည် သူ့အား လှမ်းခေါ်လိုက်၏။ ပြီးသည့်နောက် လက်သီးကိုဆုပ်ကာ ဝံ့ကြွား စွာဖြင့် ပြောလိုက်သည်။ “ကျွန်မ နှင်းဆီဧကရီက အခြေအနေအရ ဒီလိုမျိုးတွေ ပြောနေရတယ်ဆိုပေမဲ့ သန့်ရှင်းတဲ့ အပျိုစင်တစ်ယောက်ပဲ။ ကျွန်မကို ရှင်ဘယ်လိုများ ထင်နေရာလဲ”
“တစ်နေ့ … တစ်ရက်ပဲ” ကျွင်းချောင်ရှောင်းသည် လှည့်မကြည့်ဘဲ ထွက်ခွာသွားခဲ့သည်။ သို့ပေမဲ့ နှင်းဆီဧကရီကို ကျောပေးကာ လမ်းလျှောက်နေရင်း နှာခေါင်းထဲမှ စီးကျလာသော သွေးများကို အသာသုတ်လျက် ရှိသည်။
နှင်းဆီဧကရီမှာမူ အလွန်တရာ ဒေါသထွက်လျက်ရှိသည်။ “ချီးတဲ့မှ... ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်တွေသာ ပြန်ပြီး ရနေမယ်ဆိုရင် ရှင့်ကို အပိုင်းပိုင်း ခုတ်ဖြတ်ပစ်တယ်။ အဟင့် ဟင့် ဟင့်...”
ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို နှစ်ပေါင်းတစ်ထောင်ကျော်ကြာအောင် ထိန်းချုပ်လာခဲ့သည့် ဧကရီမသည် ကျွင်းချောင်ရှောင်းကြောင့် ငိုကြွေးနေရပြီ ဖြစ်၏။
...............
နောက်တစ်ရက် ….
ဧကရီမြို့
အလွန်တရာ အေးဆေးတည်ငြိမ်လျက်ရှိနေသော မြို့ကြီးတစ်မြို့လုံးသည် မီးအိမ်များ၊ ရောင်စုံစာတမ်းများဖြင့် လှပခမ်းနားစွာ အလှဆင်ထားခဲ့တော့သည်။ မီးရှူးမီးပန်းများလည်း ဖောက်လျက်ရှိနေတော့သည်။ အဘယ်ကြောင့်ဆိုသော် ဧကရီမသည် လက်ထပ်တော့မည် ဖြစ်၏။
ခမ်းနားကြီးကျယ်လွန်းသော နန်းတော်ကြီး အတွင်းမှာတော့ ကျွင်းချောင်ရှောင်းသည် ထိုင်ခုံတစ်ခုပေါ်တွင် အသာထိုင်လျက်ရှိ၏။ သူ၏ အရှေ့မှာတော့ သတို့သားဝတ်စုံသည် သေသေချာချာ ခေါက်၍ ထား၏။ သူသည် နာနာကျင်ကျင် ပြောလိုက်၏။ “နောက်ဆုံးမှာတော့ လိုက်လျောလိုက်ရတာပဲ”
သူသည် နှင်းဆီဧကရီအား ရာထူးအသစ်တစ်ခု ပေးအပ်ရန် တောင်းဆိုခဲ့၏။ ဥပမာအားဖြင့် မင်းဆရာ သို့မဟုတ် နိုင်ငံ၏ ကာကွယ်စောင့်ရှောက်သူ စသဖြင့်... ။
သို့ပေမဲ့ စနစ်သည် ထိုသို့သောအရာမျိုးကို အသိအမှတ်ပြုမည်လား သေချာမသိချေ။ ထို့ကြောင့် ရွေးချယ်ခွင့်မရှိဘဲ သူ၏ အထူး-အထူးသောတာဝန်နှစ်ခုကို ပြည့်စုံပြီး ဆုလာဘ်များ ရရှိနိုင်ရန်အတွက် နှင်းဆီဧကရီနှင့် လက်ထပ်၍ ဘုရင့်ကိုယ်စားအုပ်စိုးသူတစ်ယောက် ဖြစ်လာစေရန် သဘော တူညီလိုက်ရတော့ သည်။
စနစ်က ပြောလိုက်သည်။ “လက်ခံသူ.... အခုအချိန် ထွက်သွားရင်လည်း နောက်မကျသေးပါဘူး”
“သီးခြားတာဝန်နှစ်ခုကို ပြည့်စုံစေဖို့အတွက် ငါဘာလို့ ဒီလိုမျိုးတွေ လုပ်နေရတာလဲ”
သူ့ကိုယ်သူ မှန်ထဲမှ ပြန်ကြည့် ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အကူအညီမဲ့စွာဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။ “ကျွင်းချောင်ရှောင်း... မင်းကတော့ သွားပြီပဲ”
“........”
စနစ်သည် ဆွံ့အလျက်ရှိနေ၏။ နှင်းဆီဧကရီ၏ ဂုဏ်အဆင့်အတန်းကို မဆိုနှင့် သူမ၏ လှပလွန်းသော အသွင်အပြင် တစ်ခုတည်းနှင့်ပင် သူမကို လက်ထပ်ရသည်မှာ အလွန်တရာ ကြီးမားသည့် အကျိုးတစ်ခုဖြစ်သည်ဟု တွက်ချက်နိုင်သည်။ သို့ပေမဲ့ လက်ခံသူသည် ပိုးဆိုးပက်စက် နစ်နာရသော လူတစ်ယောက်အဖြစ်ကဲ့သို့ ခံစားရလျက် ရှိနေ၏။ သောက်ကျိုးနည်းလေစွ။
ကျွီ
တံခါးသည် ပွင့်လှစ်သွားခဲ့သည်။
“သခင်လေးကျွင်း”
အစေခံမိန်းကလေးငယ်များသည် အထဲသို့ လျှောက်ဝင်လာကာ ဦးညွှတ်လိုက်ကြ၏။ “မင်္ဂလာဆောင်မယ့်အချိန်က နီးကပ်လာပြီလေ။ ဒီတော့ ကျွန်မတို့ ကူညီ ပြီးတော့ ဝတ်စုံဝတ်ပေးပါ့မယ်”
“မလိုဘူး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်ဘာသာဝတ်မယ်”
မကြာခင်မှာပဲ ကြည့်မှန်ကြီး တစ်ခု ၏ အပေါ်၌ အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက်၏ အသွင်အပြင်မျိုး ပေါ်လာခဲ့တော့သည်။ ပြီးသည့်နောက် ကိုယ်ကိုယ်ကိုယ် အသာပွတ်သပ်ရင်း တီးတိုးရေရွတ်လိုက်မိသည်။ “ငါ့ရုပ်က ဘာလို့ ပြောင်စပ်စပ်ဖြစ်နေတာလဲ”
ကျွီ …။
ကျွင်းချောင်ရှောင်းသည် တံခါးကို အသာတွန်းဖွင့်ပြီးသည့်နောက်မှာတော့ အပြင်ဘက်သို့ အသာထွက်သွားလိုက် တော့သည်။ “ငါ့ဆီမှာ ရွေးချယ်ခွင့် မရှိခဲ့ဘူး”
....................
နှင်းဆီဧကရီ၏ လက်ထပ်ပွဲသည် အလွန်တရာ ရုတ်တရက်ဆန်လှသည် ဖြစ်သောကြောင့် တချို့သော မြို့၏ တရားဝင်ဝန်ကြီးများနှင့် ဂုဏ်သရေရှိ လူကြီးလူကောင်းများသည်သာ မင်္ဂလာပွဲကို တက်ရောက်ကြတော့သည်။ ကြီးမားလှသည့် မြို့ကြီး၏ မြို့တော်ဝန်များသည် ဤနေရာတွင် မရှိကြချေ။
ဟုတ်ပေသည်။ နှင်းဆီဧကရီ၏ လက်ထပ်သည့်သတင်းသည် လွန်ခဲ့သည့်ညကတည်းက ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။ ကုန်းမြေတိုက်ကြီးတစ်ခုလုံးသည် ဤကိစ္စကို သိရှိကြ၏။ ကျွင်းချောင်ရှောင်းတစ်ယောက် ဘုရင့်ကိုယ်စား အုပ်စိုးသူတစ်ယောက် ဖြစ်လာခြင်းကိုလည်း သိသွားကြပြီဖြစ်သည်။
နန်းပုလ္လင်အခန်းထဲမှာတော့ ဧကရီ၏ ပုလ္လင်ဘေးတစ်ဖက်တွင် အလွန်တရာ အဆင့်အတန်းမြင့်မားလှသော ထိုင်ခုံကြီးတစ်ခု ဖန်တီးပြုလုပ်ထားသည်။ ထိုအရာသည် ဘုရင့်ကိုယ်စားအုပ်စိုးသူ၏ ထိုင်ခုံပင် ဖြစ်တော့၏။ ဤကဲ့သို့သော အင်ပါယာများ၏ မင်္ဂလာလက်ထပ်ပွဲတွင် တခြားသောသက်သေများ မလိုအပ်ချေ။ ဂုဏ်သရေ မြင့်မားလှသော ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် ရှိနေလျှင် လုံလောက်ပြီဖြစ်၏။
ရွှီး
ကျွင်းချောင်ရှောင်းသည် နန်းပုလ္လင်အခန်းထဲသို့ ဝင်ရောက်လာပြီးသည့်နောက် သေသေချာချာ ထိုင်ချလိုက်၏။ သူ့အနေနှင့် သတို့သားနှင့် မတူချေ။ အငြိမ်မနေ ဆတ်ဆော့တတ်သော မျောက်တစ်ကောင်နှင့်ပင် တူလျက် ရှိသည်။
“ဧကရီ ရောက်လာပါပြီ” ထိုအချိန်မှာတော့ အစောင့်တစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
ကျွင်းချောင်ရှောင်းသည် ခေါင်းကို မော့ကြည့်လိုက်သည့်နောက်မှာတော့ အဓိကဟောခန်းထဲသို့ အစေခံများ၏ အကူအညီဖြင့် ဝင်ရောက်လာခဲ့သော နှင်းဆီဧကရီအား မြင်လိုက်ရသည်။
သူမသည် တောက်ပလွန်းလှသော အနီရောင် မင်္ဂလာ ဝတ်စုံကို ဝတ်ဆင်ထားသည်။ နှင်းဆီပန်းပွင့်များသည် ကောင်းကင်ယံထက်မှ ကျဆင်းလျက် ရှိ၏။ နန်းတော်ကြီး တစ်ခုလုံးသည် အလွန်တရာ လှပလှသည့် မြင်ကွင်းကြီးတစ်ခုအဖြစ် ပုံဖော်လျက် ရှိနေတော့၏။
မိန်းကလေးများ၏ အလှပဆုံးသောနေ့သည် ၎င်းတို့ မင်္ဂလာဆောင်သည့်နေ့ပင် ဖြစ်သည်။ ဤစကားမှာ အမှန်ပင် ဖြစ်တော့သည်။ အစောကတည်းက လှပပြီးသား ဖြစ်သော နှင်းဆီဧကရီသည် လက်ရှိအချိန်မှာတော့ ပြိုင်စံရှားလောက်သည့် အလှတရားမျိုးဖြင့် တည်ရှိလျက် ရှိနေတော့သည်။
.............
ကျွင်းချောင်ရှောင်းက တွေးလိုက်သည်။ တော်တော်လှတာပဲ။
စနစ်က ပြောလိုက်၏။ “ဒါက ဆုံးရှုံးမှုတစ်ခုပဲ၊ နစ်နာမှု တစ်ခုပဲဆို”
“နှုတ်ဆက်ပါတယ် အရှင်မ” နှင်းဆီဧကရီ နန်းတော်ထဲသို့ ဝင်ရောက်လာသည့် အချိန်မှာတော့ ဝန်ကြီးများ အသီးသီးသည် ဒူးထောက်ကာဖြင့် ပြိုင်တူနှုတ်ဆက်လိုက်ကြသည်။
ရွှီး …။
ခုံ၏အရှေ့ဆီသို့ ရောက်ရှိလာပြီးသည့်နောက် သူမသည် လက်ကိုမြှောက်ကာဖြင့် ပြောလိုက်သည်။ “အားလုံးပဲ ထကြပါ”
“ကျေးဇူးတင်ပါတယ် အရှင်မ” ဝန်ကြီးအသီးသီးသည် မတ်တပ်ထရပ်လိုက်ကြ၏။ သို့ပေမဲ့ ခေါင်းကိုတော့ ငုံ့ထားကြဆဲပင်။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့ အရင်က ပြုလုပ်ခဲ့သည့် အမှားများအတွက် ၎င်းတို့သည် မျက်နှာကိုပင် မမော့ရဲကြချေ။
“သခင်လေးကျွင်းက လူတွေကြားထဲက နဂါးဖြစ်ပြီးတော့ အရှင်မကတော့ လူတွေကြားထဲက ဖီးနစ်ဖြစ်တယ်။ ဒီတော့ ဒီနေ့မင်္ဂလာပွဲက ကုန်းမြေတိုက်ကြီး တစ်ခုလုံးရဲ့ အလှပဆုံး ဇာတ်လမ်းတစ်ခုလိုမျိုး ဖြစ်တည်နေခဲ့မှာ သေချာတယ်”
အားလုံး၏ အရှေ့တွင် မတ်တပ်ရပ်လျက်ရှိနေသော တတိယဟောခန်းသခင်သည် အားရပါးရဖြင့် ကျယ်လောင်စွာ ပြောလိုက်တော့သည်။
“.......”
စတုတ္ထဟောခန်းသခင်နှင့် ပဉ္စမဟောခန်းသခင်တို့သည် စိတ်ထဲမှ ကြိတ်ကာ ကျိန်ဆဲလျက်ရှိနေတော့၏။ “ဒီကောင့်ကို အရင်ဆုံး ရိုက်ရမှာ”
နှင်းဆီဧကရီက ပြောလိုက်သည်။ “ဒီနေ့ကစပြီး ကျွင်းချောင်ရှောင်းက ကျွန်မရဲ့ယောကျ်ားပဲ။ ဒီတော့ ဘုရင့်ကိုယ်စားအုပ်စိုးသူဆိုတဲ့ ရာထူးကို လွှဲအပ်ပေးခဲ့တယ်။ အနာဂတ်မှာ အရေးကြီးတဲ့ကိစ္စတွေရှိလာပြီဆိုရင် ရှင်တို့ သူနဲ့ ဆွေးနွေးလို့ရပါတယ်”
ဘုတ်
ဝန်ကြီးအသီးသီးတို့သည် ထပ်မံကာ ဒူးထောက်၍ အော်ဟစ်လိုက်ကြ၏။ “နှုတ်ဆက်ပါတယ်အရှင်”
“.......” ဤကဲ့သို့ လူပေါင်းများစွာတို့၏ ဒူးထောက်မှုကို ခံရသည့် ခံစားချက်သည် ကျွင်းချောင်ရှောင်းအတွက် တစ်မျိုးကြီး ဖြစ်လို့နေသည်။
“ဝိုင်တွေ ယူခဲ့” နှင်းဆီဧကရီက ပြောလိုက်၏။
ရွှီး
ဝိုင်ခွက်နှစ်ခွက်သည် သူတို့၏ အရှေ့ဆီသို့ ရောက်ရှိလာ၏။ နှင်းဆီဧကရီသည် ဝိုင်ခွက်ကို အသာကောက်ကိုင်ကာ ပြောလိုက်၏။ “ဒီဝိုင်က ရှင်နဲ့ကျွန်မတို့ လင်မယားဖြစ်တဲ့ အထိမ်းအမှတ်ဝိုင်ပဲ”
“.......”
ကျွင်းချောင်ရှောင်း၏ မျက်နှာသွင်ပြင်သည် အမျိုးမျိုး ပြောင်းလဲလျက်ရှိသည်။ သူသည် အသံပို့လွှတ်လိုက်သည်။ “ဒါက ကျုပ်တို့ ဟန်ပြလုပ်မယ်ဆိုပြီး သဘောတူထားတာ မဟုတ်ဘူးလား။ တကယ်ကြီး သောက်ဖို့ လိုလို့လား”
နှင်းဆီဧကရီသည် တီးတိုးပြောလိုက်၏။ “ဒါက လက်ထပ်ပွဲတွေမှာ မဖြစ်မနေလုပ်ရတဲ့ ထုံးတမ်း အစဉ်အလာပဲလေ”
“တောင်းပန်ပါတယ်”
ကျွင်းချောင်ရှောင်းက ငြင်းပယ်လိုက်သည်။ “ကျုပ် အရက်ဒဏ်ကို မခံနိုင်ဘူး”
“ဒင်....တာဝန်နံပါတ်တစ် ပြည့်စုံသည်။ လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ငါးသောင်းအား ရရှိသည်”
“ဒင်... ဂိုဏ်းစုဆောင်းမှတ်များသည် ပိုလျှံနေသောကြောင့်...........”
“ဒင်... လက်ခံသူသည် တာဝန်ကို ပြည့်စုံသွားသည့်အပြင် ဖုံးကွယ်ထားသည့် ဆုလာဘ်ကိုလည်း ရရှိခဲ့၏။ ထို့ကြောင့် အဆင့်မြင့် အစီအရင် ပင်ကိုယ်စွမ်းရည်ဆေးပုလင်း တစ်ပုလင်းနှင့် အတွေ့အကြုံအဆောင် ဆယ်ခုကို ရရှိသည်”
“ဒင်... တာဝန်နံပါတ်နှစ်သည် ပြည့်စုံပါသည်။ လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ငါးသောင်းအား ရရှိ၏”
“ဒင်... ဂိုဏ်းစုဆောင်းမှတ်များသည် ပိုလျှံနေသောကြောင့်....”
“ဒင်... လက်ခံသူသည် တာဝန်ကို ပြည့်စုံအောင် ပြုလုပ်နိုင်ခဲ့ပြီး ဖုံးကွယ်ထားသည့်ဆုလာဘ်ကို ရရှိခဲ့၏။ စည်းဓားမော့အသွင်ပြောင်းလဲခြင်း စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို ရရှိခဲ့ပြီး အတွေ့အကြုံအဆောင် ဆယ်ခု ကိုလည်း ရရှိ၏”
သတိပေးသံများသည် သူ၏နားထဲတွင် ပေါ်ပေါက်လာသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် စိတ်လှုပ်ရှား စွာဖြင့် ထိုင်ခုံမှ ထ၍ ခုန်လုမတတ်ပင် ဖြစ်သွား၏။ အဓိကအားဖြင့် စည်းဓားမော့ကြီးအား အသွင်ပြောင်းလဲ နိုင်သည့် စိတ်ဝိညာဉ်ကျောက်တုံးဆိုသည်ကို ကြားလိုက်ရသည့်အချိန်တွင် သူသည် မည်သို့မှ မနေနိုင်တော့ချေ။
ဤအရာ …. ဤအရာသည် အလွန်တရာ ကောင်းမွန်သည့်အရာဖြစ်သည်။
“ဟား ဟား ဟား ဟား”
ကျွင်းချောင်ရှောင်းသည် ကျယ်လောင်စွာ ရယ်မောလိုက်၏။ ပြီးသည့်နောက်မှာတော့ သူ၏ ခံစားချက်များကို မဖိနှိပ်နိုင်တော့သလို ဝိုင်ခွက်ကို ကောက်ယူပြီး အားပါးရပါး သောက်ပစ်လိုက်သည်။ “လာခဲ့၊ သောက်ကြရအောင်”
ဂလု
အေးစက်လှသည့်ဝိုင်ကို သောက်သုံးပြီးသည့်နောက်မှာတော့ သူ၏ နှလုံးသားထဲတွင် ရှိသော သွေးများသည် ပိုမို ပူနွေးလာခဲ့တော့၏။
နှင်းဆီဧကရီသည် ကြောင်အသွား၏။ “ခုနတုန်းက မသောက်ဘူးဆို”
ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်၏။ “အခုအချိန်မှာတော့ သောက်ပြီပဲ”