အခန်း (၁၁၂၉)
Vol. 76 Ch. 1129
အစေခံသည် ဝိုင်အား လာရောက်ဆက်ကပ်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ သီးခြားတာဝန်နှစ်ခုကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီဖြစ်သည်။
နှင်းဆီဧကရီကို နန်းပုလ္လင်ပြန်ရအောင် ကူညီပေးပြီးသည့်နောက် သူသည် ဘုရင်၏ကိုယ်စားအုပ်စိုးသူတစ်ယောက်လည်း ဖြစ်လို့ လာခဲ့သည်။ သီးခြားတာဝန်သုံးခုကို ပြည့်စုံစေခဲ့ပြီးနောက်မှာတော့ အထူး- အထူးသောတာဝန် ဆိုသည်မှာ အတွေ့အကြုံအဆောင်ဆယ်ခုကို ပေးအပ်ခြင်း ဖြစ်ကြောင်း နားလည်လိုက်မိ၏။ ထိုသည်မှာ အဆင့်တစ်ခု တိုးတက်အောင် ဖန်တီးပြုလုပ်ပေးခြင်းနှင့်ပင် ဆင်တူနေတော့၏။
ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းအား ပိုမို၍ စိတ်လှုပ်ရှားစေသည်မှာ အဆင့်မြှင့်တင်နိုင်စွမ်းရှိသော စိတ်ဝိညာဉ်ကျောက်တုံးပင်ဖြစ်၏။ ထို့အရာနှင့်ဆိုလျှင် သူသည် စည်းဓားမော့ကြီးအား ထပ်မံကာ အဆင့်မြှင့်တင်နိုင်ပေလိမ်မည်။ ထိုသို့ဆိုလျှင် အားအကောင်းဆုံးသော တိုက်ခိုက်ရေး ဝှက်ဖဲတစ်ခုကို ထပ်မံကာ ရရှိဦးမှာ ဖြစ်သည်။ သူ၏အဆင့် တိုးတက်လာသည်နှင့်အမျှ ရင်ဆိုင်ရသော ရန်သူများကလည်း ပို၍ အားကောင်းလာခဲ့သည်။ သူ၏ အကြီးမားကြီးဆုံးဝှက်ဖဲကြီးကို အချိန်ကိုက် အဆင့်မြှင့်တင် နိုင်သည်ဆိုပါက အနာဂတ်တွင် ပိုမိုဟန်ထုတ်ရန် အခွင့်အရေးက သူ၏လက်ထဲသို့ရောက်ရှိလာပေလိမ့်မည်။
“သက်တောင့်သက်သာ ရှိလိုက်တာ”
ကျွင်းချောင်ရှောင်းသည် ဝိုင်ခွက်ကို မသောက်ပဲ မနေနိုင်တော့ချေ။ ထို့ကြောင့် အော်ဟစ်ကာ မေးလိုက်သည်။ “ရှိသေးလား။ နောက်တစ်ခွက် ထပ်ပေးအုံး”
သူ့အနေနှင့် ဤနေရာတွင် အရှက်သိက္ခာကို ထောက်ထားရသည်သာ မရှိဘူးဆိုပါက အောက်သို့ဆင်း၍ ဖင်လှုပ်ကာပင် ကနေလောက်ပြီဖြစ်သည်။
နှင်းဆီဧကရီ “....”
“ငါ့ယောက်ျားရဲ့ ဦးနှောက်က သာမန်မဟုတ်ပါလား”
ဝန်ကြီးများ “....”
သူတို့ဘုရင်၏ ဦးနှောက်သည် မြင်းကန်ခံထားရသလိုပင် ဖြစ်နေတော့သည်။
ကျွင်းချောင်ရှောင်းတစ်ယောက် မည်မျှ ပျော်ရွှင်နေသည်ကို မည်သူမှ မသိချေ။ ထို့ကြောင့် သောက်သုံးရန်သာ တတ်နိုင်တော့သည်။ ဝိုင်ခွက်များသည် တစ်ခွက်ပြီးတစ်ခွက် သူ၏ရှေ့ဆီသို့ ရောက်ရှိလာခဲ့၏။
“ဧကရီ... ဘုရင်က အရက်သောက်တာ အရမ်းများနေပြီ”
“........”
မြေပေါ်တွင် ပက်လက်လန်ကာ မူးရူးလျက်ရှိနေသာ ကျွင်းချောင်ရှောင်းကို ကြည့်ရှုပြီး နှင်းဆီဧကရီသည် အလွန်တရာ ဒေါသထွက်လျက် ရှိနေ၏။ သူမ၏ ဂုဏ်သိက္ခာကိုသာ ထိန်းသိမ်းနေရသည်မဟုတ်ပါက ထိုသူ၏ ဖင်ကို နှစ်ချက်၊ သုံးချက်လောက် ပိတ်ကန်မိတော့မှာ သေချာ၏။
ယနေ့သည် သူတို့၏ လက်ထပ်မင်္ဂလာပွဲနေ့ ဖြစ်တော့သည်။ သို့ပေမဲ့ များပြားလှသည့် ဝန်ကြီးများ၏ ရှေ့မှောက်တွင် ဘုရင်ဆိုသည့်လူသည် ကိုယ့်ကိုယ်ကိုယ်ပင် မဟန်နိုင်လောက်အောင် မူးရူးလျက် ရှိနေသည်။ ရှက်ရွံ့စရာ ကောင်းလွန်းလှ၏။
ဤလက်ထပ်ပွဲသည် ဟန်ပြတစ်ခုသာ ဖြစ်သည်ဆိုသော်လည်း အနဲဆုံးတော့ ပိုမို၍ စစ်မှန်သည် ဆိုသော အရိပ်အယောင်မျိုးတော့ ပြသရန် လိုအပ်နေသေးသည်။ ယခုတော့ မင်္ဂလာ အခမ်းအနား တစ်ခုလုံးတွင် အရက်ကိုသာ သောက်လျက် ရှိနေတော့သည်။ ဤလူသည် အရက်သမား တစ်ယောက်ပင်လား သေချာ မသိနိုင်တော့ချေ။
နှင်းဆီဧကရီသည် အေးစက်စက် မျက်နှာဖြင့် ပြောလိုက်သည်။ “သူ့ကို နန်းတော်ဆီ ပြန်ခေါ်သွားလိုက်တော့”
“ကောင်းပါပြီ”
များပြားလှသည့် အစောင့်များ ရောက်ရှိ လာပြီးသည့်နောက် ကျွင်းချောင်ရှောင်းကို ချီပိုးကာ ခေါ်ဆောင်သွားခဲ့တော့၏။
...............
ဧကရီမ၏ မင်္ဂလာပွဲ ပြီးသွားပြီးနောက် ဝန်ကြီးများ အားလုံးသည် ပြန်သွားခဲ့ကြပြီဖြစ်၏။ သို့ပေမဲ့ ဘုရင့်ကိုယ်စားအုပ်ချုပ်သူ ကျွင်းချောင်ရှောင်း အကြောင်းကို ပြောဆိုရသည့်အချိန်မှာတော့ သဘောမတွေ့နိုင်သလို ဖြစ်မိနေကြ၏။
“အားလုံးပဲ”
ဝန်ကြီးတစ်ယောက်က လေးနက်တည်ကြည်စွာ ပြောလိုက်၏။ “သူက ဧကရီမကို နန်းပုလ္လင်ပြန်ရအောင် ကူညီပေးခဲ့တာလေ။ ပြီးတော့ ဧကရီမရဲ့ နှလုံးသားကို သိမ်းပိုက် ရယူခဲ့တဲ့ လူတစ်ယောက်ပဲ။ ဒီတော့ ရိုးရှင်းတဲ့လူ တစ်ယောက် မဟုတ်ဘူး။ အနာဂတ်မှာ အမှားအယွင်း မရှိအောင် သေသေချာချာ ဂရုစိုက်ပြီး အလုပ်အကျွေးပြုမှ ဖြစ်လိမ့်မယ်”
အားလုံးသည် သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။
....................
ညရောက်ချိန်မှာတော့ အခန်းထဲတွင် ဖယောင်းတိုင်မီးလေးသာ ထွန်းလျက် ရှိနေ၏။ ပက်ပက်စက်စက် မူးရူးလျက်ရှိနေသော ကျွင်းချောင်ရှောင်း မှာတော့ အရက်မူးလွန်ကာ နူးညံ့လွန်းလှသော အိပ်ယာကြီးပေါ်တွင် ဝက်သေကြီးတစ်ကောင်ကဲ့သို့ အိပ်ပျော်လျက် ရှိနေတော့၏။
ညအိပ်ဝတ်စုံကို ပြောင်းလဲ ဝတ်ဆင်ပြီးသားဖြစ်သော နှင်းဆီဧကရီသည် စားပွဲပေါ်တွင် ထိုင်ရင်း စဉ်းစားနေမိတော့၏။ တစ်ခါတစ်ရံတွင် ဟောက်လျက်သားရှိနေသောလူကို လှည့်ကြည့်ကာ ခေါင်းကို ခါယမ်းလိုက်မိ၏။ “မသောက်နိုင်ရင်လည်း အဲလောက် မသောက်နဲ့ပေါ့”
နောက်တစ်ရက်မှာတော့ ကျွင်းချောင်ရှောင်းသည် မျက်လုံးကို ဖွင့်ကြည့်လိုက်၏။ သူသည် လက်တစ်ဖက်ဖြင့် ခေါင်းကိုကိုင်ထားလိုက်မိသည်။ ဦးခေါင်းသည် ဆွဲခွဲခံထားရသလိုပင် ကိုက်ခဲလျက် ရှိနေတော့သည်။ “ချီးတဲ့မှ... ငါတော်တော်သောက်ခဲ့တာပဲ”
ကံကောင်းစွာဖြင့် သူ့တွင် ရီရှင်းချန်ကဲ့သို့ အကျင့်ဆိုး မရှိခြင်းပင်။ မဟုတ်ပါက လက်ရှိအခြေအနေတွင် မွေးမြူရေးခြံထဲသို့ပင် ရောက်နေပေလိမ့်မည်။ အနည်းငယ် ပြန်လည်သက်သာလာပြီဖြစ်သော ကျွင်းချောင်ရှောင်းသည် သူ၏ခန္ဓာကိုယ်အပေါ်ပိုင်း ဗလာကျင်းနေသည်သာမက နှင်းဆီဧကရီ၏ အိပ်ယာကြီး ထက်တွင် အိပ်ပျော်နေသည် ဖြစ်ကြောင်းကိုပင် သိရှိလိုက်ရ၏။ သူသည် ခေါင်းကို ကိုင်ကာဖြင့် ပြောလိုက်မိသည်။ “ငါ မှားယွင်းတာ တစ်ခုခုကို လုပ်ခဲ့မိပြီလား။ စနစ်ကော”
“ဒင်... စနစ်သည် ပြန်လည်အသက်ဝင်ခဲ့သည်။ ဆယ်ရာခိုင်နှုန်း၊ နှစ်ဆယ်ရာခိုင်နှုန်း .... တစ်ရာ ရာခိုင်နှုန်း”
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်၏။ “ချီးတဲ့မှ၊ မင်းဘာလို့ ပျောက်သွားတာလဲ”
ယခုမှ အသက်ပြန်ဝင်လာခဲ့သော စနစ်သည် အဓိပ္ပာယ်ပါပါဖြင့် ပြောလိုက်မိ၏။ “မင်္ဂလာဦးညက စက္ကန့်တိုင်းကို စိန်စီထားသလိုပဲလေ။ ဒီတော့ ငါ့အနေနဲ့ လက်ခံသူကို နှောက်ယှက်လို့ မဖြစ်ဘူးမို့လား”
တကယ်ပင် လူသားဆန်လွန်းလှ၏။ သို့ပေမဲ့ ဤအရာသည် ကျွင်းချောင်ရှောင်းကို ပို၍ စိတ်ဓာတ်ကျစေသည်။ သူသည် စိတ်ထဲမှာ ကြိတ်ကာ အော်ဟစ်လျက် ရှိနေသည်။ “ငါ မလုပ်သင့်တဲ့အရာကို တကယ်ပဲ လုပ်ခဲ့မိပြီလား”
ဤကဲ့သို့သော ကိစ္စမျိုးသည် မင်္ဂလာဦးညတွင် ရှောင်လွဲ၍ ရသည့်အရာမျိုး မဟုတ်ပေ။ သူ့အနေနှင့် သူ့ကိုယ်သူ အပြစ်တင်၍ မဖြစ်ချေ။ သို့ပေမဲ့ ဆိုးရွားသည်မှာ သူအရက်မူးပြီးသည့်နောက် ဘာလုပ်ခဲ့သည်ကို သေသေချာချာ မသိရှိခြင်းပင် ဖြစ်တော့၏။
“အမ်”
စနစ်သည် အံ့အားသင့်သွား၏။ “ဘာလို့ မင်းရဲ့မိန်းမက ထိုင်ခုံပေါ်မှာ အိပ်ပျော်နေရတာလဲ”
ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် ခေါင်းကို လှည့်ကြည့်လိုက်သည့်အချိန်မှာတော့ ထိုင်ခုံပေါ်တွင် အိပ်မောကျလျက်ရှိသည့် နှင်းဆီဧကရီကို မြင်လိုက်၏။ သူမ၏ ဆံနွယ်များသည် ဘေးတစ်ဖက်ဆီသို့ အသာကျဆင်းလျက် ရှိနေပြီး မှတ်တမ်းစာရွက်များတွင် စာများ ရေးသားထားသည်ပုံ ပေါ်နေသည်။
ဟူး ဟူး …။
ကျွင်းချောင်ရှောင်းသည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိသည်။ အခြေအနေကို ကြည့်ရှုရသည်မှာ လွန်ခဲ့သည့်ညက ဘာမှဖြစ်ခဲ့ပုံ မပေါ်ပေ။
သူသည် အိပ်ယာထက်မှ ထပြီးသည့်နောက် အင်္ကျီနှင့် အဝတ်အစားများကို ဝတ်ဆင်ပြီးသည့်နောက် သူ၏ ခန္ဓာကိုယ်တွင် အရက်နံ့များ သင်းကြိုင်လျက် ရှိနေသည်ကို သတိပြုမိသွား၏။ ထို့ကြောင့် သူခိုးတစ်ယောက်ကဲ့သို့ အိပ်ခန်းထဲမှ အသာလှမ်းထွက်လိုက်တော့သည်။
ကျွီ
တံခါးကို ဖြည်းညှင်းစွာ ဖွင့်ပြီးသည့်နောက် တိတ်တိတ်ဆိတ်ဆိတ်ဖြင့် အပြင်ဘက်သို့ ထွက်လိုက်သည်။ သို့ပေမဲ့ ထိုအမျိုးသမီးကို ပြန်၍ လှည့်ကြည့်လိုက်သည့် အချိန်မှာတော့ မည်သို့မှ မနေနိုင်တော့ချေ။ အသာပြန်သွားပြီးနောက် စောင်တစ်ထည်ကိုယူကာ သူမကို လွှမ်းခြုံပေးလိုက်၏။
ကျွင်းချောင်ရှောင်း ထွက်ခွာသွားပြီးသည့်နောက်မှာ နှင်းဆီဧကရီသည် မျက်လုံးများ ပွင့်လာခဲ့၏။ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် စောင်တစ်ထည် ရောက်ရှိနေသည်ကို သိရှိပြီးသည့်နောက် မနေနိုင်ဘဲ ပြုံးလိုက်မိသည်။ “ငါ့ယောကျ်ားက နူးညံ့တဲ့အချိန်တွေတော့ ရှိသေးတာပဲ”
................
“အရှင်မင်းကြီး”
“ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ”
ကျွင်းချောင်ရှောင်းသည် အိပ်ခန်းထဲမှ ထွက်လာပြီးသည့်နောက် အစောင့်နှင့် အမျိုးသမီး အစေခံများ အားလုံးသည် ဒူးထောက်၍ ဂါရဝ ပြုလျက်ရှိသည်။ သူသည် အနည်းငယ် ရှက်ရွှံသလို ခံစားရသည်။
“အရှင်မင်းကြီး၊ ဒီနေရာက အရေးကြီးတဲ့ နေရာပါ။ အရှင်မင်းကြီး သွားလို့ ….”
ကျွင်းချောင်ရှောင်းသည် အကျဉ်းထောင်၏ ရှေ့တွင် မတ်တပ်ရပ်လိုက်ပြီး အေးစက်စက် မျက်နှာဖြင့် ပြောလိုက်သည်။ “ထွက်သွားစမ်း”
“ကောင်းပါပြီ” အကျဉ်းထောင် အစောင့်များသည် အလောတကြီးဖြင့် နောက်ဆုတ်သွားကြ၏။
ကျွင်းချောင်ရှောင်းသည် အထဲသို့ လျှောက်ဝင်သွားပြီးသည့်နောက် ဧကရီလင်းပင်အား ချုပ်နှောင်ထားသော အကျဉ်းထောင် အရှေ့သို့ ရောက်ရှိသွား၏။ နှင်းဆီဧကရီသည် တော်တော်များများကို ပြုလုပ်ဆောင်ရွက်ခဲ့၏။ သို့ပေမဲ့ အချိန်ကာလတစ်ခုအတွင်း ဤတတိယဧကရီမကို မည်သို့ပြုလုပ်ရမည်ဆိုသည့် အကြောင်းကို သေသေချာချာ မစဉ်းစားနိုင်သေးချေ။ ထို့ကြောင့် သူမကို ချုပ်နှောင်ထားရန်သာ ဆုံးဖြတ်လိုက်သည်။
“ဒီမှာ ဘာလာလုပ်တာလဲ”
ဧကရီလင်းပင်သည် ကျွင်းချောင်ရှောင်းအား လှမ်း၍ ကြည့်လိုက်၏။ ဤလူသည်သာ ဟောခန်းသခင် သုံးယောက်တို့အား ခေါ်ဆောင်မလာခဲ့ပါက သူမအနေနှင့် ဤကဲ့သို့သော အခြေအနေမျိုးဆီသို့ ရောက်ရှိလိမ့်မည် မဟုတ်ချေ။ အရိုးသားဆုံး ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသာ မရှိသည်ဆိုပါက သူမ အနေနှင့် နန်းပုလ္လင်ကို ဆက်ခံနိုင်နေပြီဖြစ်၏။
“ကျုပ် ခင်ဗျားရဲ့ အသက်ကို ချမ်းသာပေးမယ်။ ဒါပေမဲ့ အလဲအလှယ်အနေနဲ့ အချိန်နဲ့တည်နေရာပိုးကောင်ကို ပေးတော့” ကျွင်းချောင်ရှောင်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
သူ့အနေနှင့် ဤနန်းတော်ထဲသို့ ချိုးဖြတ်ဝင်ရောက်ပြီးသည့် နောက်မှာတော့ ဧကရီလင်းပင်တစ်ယောက် အချိန်နှင့် တည်နေရာပိုးကောင်ကို ကိုင်ဆောင်ထားသည်ကို မြင်လိုက်ရ၏။ ထိုအရာသည် ကောင်းမွန်သည့်အရာ ဖြစ်ပေလိမ့်မည်။ သူ့တွင် တစ်ကောင်ရှိသည်ဆိုသော်လည်း နောက်တစ်ကောင်သာ ရှိသည်ဆိုပါက တခြားသောဂြိုဟ်များသို့ သွားရောက်ရန် အခွင့်အရေး ထပ်၍ ပိုလာပေလိမ့်မည်။
“အသက်ကို ချမ်းသာပေးမယ် ဟုတ်လား”
ဧကရီလင်းပင်သည် နှာခေါင်းရှုံကာ ပြောလိုက်၏။ “ကိုယ့်ကိုယ်ကိုယ် ဘယ်သူလို့ ထင်နေတာလဲ”
ကျွင်းချောင်ရှောင်းသည် ကျောက်စိမ်းပြားကို ထုတ်ယူကာ ပြောလိုက်သည်။ “ဘုရင့်ကိုယ်စားအုပ်စိုးသူလေ”
ဧကရီလင်းပင်သည် တစ်စုံတစ်ခုကို ချက်ချင်း နားလည်သွားမိ၏။ ထို့ကြောင့် ပြုံးလိုက်သည်။ “နှင်းဆီဧကရီက သူမရဲ့ အလှအပနဲ့ မင်းရဲ့ အကူအညီကို လဲလှယ်ခဲ့တာကိုး”
ဆွစ်
သူမသည် အကျဉ်းထောင်၏ သံတိုင်အားကိုင်ကာ ရူးရူးမူးမူး ပြောလိုက်တော့သည်။ “ကျွန်မကို နန်းပုလ္လင်ပြန်ရအောင် ကူညီပေးနိုင်မယ်ဆိုရင် ကျွန်မကလည်း ရှင့်ကို အလုပ်အကျွေးပြုနိုင်တယ်”
“.......”
ကျွင်းချောင်ရှောင်း၏ မျက်နှာတစ်ခုလုံးသည် နီရဲသွားခဲ့သည်။
“ကျုပ်က နှာဘူးပုံစံများ ပေါက်နေလား။ အခုအချိန်ထိ အသက်ရှင်နေတာတောင် ကံကောင်းနေပြီ။ နန်းပုလ္လင်အတွက်တော့ ခင်ဗျားရဲ့ ဘဝ တစ်လျှောက်လုံး မစဉ်းစားတာကောင်းမယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ဧကရီလင်းပင်က မမျှော်လင့်စွာဖြင့် ပြောလိုက်သည်။ “ကျွန်မရဲ့ အသွင်အပြင်က အဲမိန်းမထက် ဆိုးရွားနေလို့လား။ ကျွန်မကလည်း သူပေးနိုင်တဲ့အရာ အကုန်လုံးကို ပေးနိုင်ပါတယ်”
ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းခါပြီးသည့်နောက်မှာတော့ သူမအား အသာတွန်းဖယ် လိုက်သည်။ ပြီးနောက် သူမ၏ လက်ချောင်းတွင် ဝတ်ဆင်ထားသော သိုလှောင်လက်စွပ်အား ချွတ်ယူလိုက်တော့သည်။
ဧကရီလင်းပင်သည် အကျဉ်းသားတစ်ယောက် ဖြစ်သွားခဲ့ပြီဖြစ်၏။ ထို့ကြောင့် သိုလှောင်လက်စွပ်အား ဂရုစိုက်နိုင်တော့မည် မဟုတ်ချေ။ သူမသည် အကျဉ်းထောင် သံတိုင်အား ကိုင်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “ရှင့်ကို ကျွန်မ ဘာမဆိုပေးနိုင်တယ်။ ပြန်လာခဲ့ပါ။ ပြန်လာခဲ့ပါ”
ကျွင်းချောင်ရှောင်းသည် အကျဉ်းထောင်၏ တံခါးဆီမှ လျှောက်ထွက်သွားပြီးသည့်နောက် ခေါင်းကို ခါယမ်းလိုက်မိသည်။ “ဒီမိန်းမကတော့ ရူးသွားပြီပဲ”
.................
အင်ပါယာနန်းတော်၏ အတွင်းခြံဝန်းတည်နေရာ တစ်ခုမှာတော့ ကျွင်းချောင်ရှောင်းသည် ခန်းမဆောင်လေး တစ်ခုထဲတွင် ထိုင်လျက်ရှိ၏။ သူသည် သိုလှောင်လက်စွပ်ရှိ အစီအရင်အား လွယ်လွယ်ကူကူပင် ချိုးဖြတ်လိုက်၏။ ပြီးသည့်နောက်မှာတော့ အိပ်ပျော်လျက် ရှိနေသော အချိန်နှင့် တည်နေရာပိုးကောင်အား ထုတ်ယူကာ ပြောလိုက်တော့သည်။
“ဒါက သက်ရှိအရာတွေကိုလည်း ထည့်သွင်းသိမ်းဆည်းထားလို့ ရတာပဲ။ ဒီလက်စွပ်က အဆင့်အတန်း မြင့်တဲ့အရာ တစ်ခုပဲ ဖြစ်ရမယ်”
ဆွစ်
သူသည် သူ၏ သိုလှောင်လက်စွပ်ထဲတွင် ရှိနေသော အချိန်နှင့် တည်နေရာပိုးကောင်ဆီသို့ ရောက်ရှိသွား၏။ “ဒီကောင်က နှစ်ပေါင်းတစ်သောင်းကျော် အိပ်ပျော်နေပြီး မနိုးသေးဘူးလို့ပြောတယ်။ ငါ့ရဲ့ပိုးကောင်ကလည်း နှစ်ပေါင်းတစ်သောင်းကျော်လောက် မနိုးတော့ဘူးနဲ့တူတယ်”
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျသလို ဖြစ်သွားမိ၏။ ထိုသို့ဆိုလျှင် သူ ကြယ်ကြွေကုန်းမြေတိုက်ကြီးကို မည်သို့ ပြန်ရမည်နည်း။
စနစ်က ဟာသပြောလိုက်သည်။ “ဘဝမှာ အရေးအကြီးဆုံး ကိစ္စကို လုပ်ပြီးနေပြီ။ ဒီတော့ ဒီမှာပဲ ခဏစောင့်နေပေါ့။ မင်းအနေနဲ့ ဒီမှာပဲ အေးအေးဆေးဆေးနေ။ ပြန်သွားတဲ့အချိန်ကျရင် သားတွေ၊ မြေးတွေပါ ခေါ်သွားလို့ ရနိုင်သေးတယ်လေ”
“တော်စမ်း” ကျွင်းချောင်ရှောင်းက ဆူငေါက်လိုက်၏။
ထိုအချိန်မှာပဲ ကျက်သရေရှိစွာ လှပလွန်းလှသော နှင်းဆီဧကရီသည် အစေခံများ၏ အကူအညီဖြင့် အသာလှမ်းလျှောက်လာ၏။ သူမသည် ပြုံးကာ ပြောလိုက်၏။ “ယောက်ျား ဘာတွေစဉ်းစားနေတာလဲ”
“ထွက်သွားဖို့ စဉ်းစားနေတာလေ”
“ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီ ပြန်ဖို့လား”
“ဟုတ်တယ်”
“ပြန်ဖို့ဆိုရင် ကျွန်မ ကူညီပေးနိုင်တယ်”
“ဟမ်” ကျွင်းချောင်ရှောင်း သည် သံသယအကြည့်ဖြင့် လှမ်း၍ ကြည့်လိုက်၏။
နှင်းဆီဧကရီက ပြောလိုက်သည်။ “တစ်နှစ်ပတ်လုံး ကျွန်မက များပြားလှတဲ့ဂြိုဟ်တွေဆီ လှည့်ပတ်တိုက်ခိုက်နေတာလေ။ အချိန်နဲ့တည်နေရာပိုးကောင်ကို အမှီအခို မပြုခဲ့ဘူး”
“ဒါဆိုရင် ဘာကို အမှီအခို ပြုခဲ့တာလဲ” ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် မေးလိုက်၏။
နှင်းဆီဧကရီသည် ပေါ့ပေါ့ပါးပါးဖြင့် ဝင်ကာ ထိုင်လိုက်၏။ နှင်းဆီရနံ့များသည် သူ၏နှာခေါင်းထဲသို့ တိုးဝင်လာခဲ့၏။ သူမသည် အသာမေးထောက်ကာ ပြုံးလိုက်မိသည်။ “ကျွန်မကို တောင်းပန်လေ။ ပြောပြမယ်”
“.......”
ကျွင်းချောင်ရှောင်းသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာဖြင့် ထူးမခြားနားသလို ပြောလိုက်၏။ “ကျုပ် ခင်ဗျား ကို ရိုက်လိုက်ရမလား”
ခစ် ခစ် ခစ်
နှင်းဆီဧကရီသည် ပါးစပ်ကို အုပ်ကာကာ ရယ်လိုက်၏။ ပြီးသည့်နောက်မှာတော့ လိုရင်းအကြောင်းအရာကို ပြန်၍ ပြောလိုက်၏။ “ကျွန်မဆီမှာ တခြားသော စကြဝဠာတွေကို လှည့်လည်သွားလာနိုင်တဲ့ နတ်ဘုရား အတတ်တစ်ခုရှိတယ်။ အဲတာကို လေ့ကျင့်တယ်လေ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်ကို သုံးနှစ်သား ကလေးထင်လို့ လှည့်စားနေတာလား”
လောကကြီးထဲတွင် စကြဝဠာကို လှည့်ပတ်ကာ ခရီးသွားနိုင်သည့် အဆင့်မြင့် ကျင့်ကြံသူများ ရှိရင် ရှိနေနိုင်၏။ သို့ပေမဲ့ ဤအမျိုးသမီးသည် စကြဝဠာအနှံ့ကို သွားလာနိုင်သည်ဟူသော စကားကိုတော့ သူမယုံကြည်ပေ။
“ရှင် မယုံဘူးဆိုလည်း ထားလိုက်ပါတော့။ ဒီမှာပဲ ထာဝရနေလေ။ ကျွန်မတို့တွေ ဟန်ပြ မဟုတ်ဘဲ အစစ်အမှန် လက်ထပ်ကြတာပေါ့။ ပြီးတော့ ကလေးတွေ နာမည်ပေးဖို့တောင် စဉ်းစားထားတယ်လေ။ ယောက်ျားလေး နာမည်က ဟွာဝူရွှဲ့၊ မိန်းကလေးနာမည်ကတော့ ဟွာချင်း”
(ဟွာ သည် နှင်းဆီဧကရီ၏ မျိုးရိုးနာမည်ဖြစ်ပြီး ဟွာ = ပန်း ၊ ပန်းနှင်းဆီ ဆိုသော နာမည်ဖြစ်သည်)
“တော်”
ကျွင်းချောင်ရှောင်းသည် စားပွဲကို ပိတ်ရိုက်ကာ ပြောလိုက်၏။ “ကလေးတွေရဲ့ နာမည်ဆိုတာ အဖေနာမည်ကို ယူရတာ မဟုတ်ဘူးလား။ ဘာကိစ္စ အမေနာမည်ကို ယူနေရတာလဲ။ ပြီးတော့ ကျုပ်တို့က ဟန်ပြ လုပ်နေကြတာလေ။ ဒီတော့ အစစ်အမှန်ကို ယူလို့မဖြစ်ဘူး”
နှင်းဆီဧကရီသည် သူ့အား မချိတင်ကဲဖြင့် ကြည့်ကာ ပြောလိုက်တော့၏။ “ရှင့်ဆီမှာ မိန်းမတွေ ဘာတွေများ ရှိနေလား။ ဒါကြောင့်မို့လို့ ကျွန်မကို လက်မခံနိုင်တာလား”
“အမှန်ပဲ။ ကျုပ်ဆီမှာ မိန်းမရှိတယ်လေ။ ပြီးတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာဆိုရင် မိန်းမတွေရော ကိုယ်လုပ်တော်တွေပါ အများကြီး ရှိတယ်။ အနည်းဆုံး မိန်းမပေါင်း သုံးထောင့်ခြောက်ရာလောက်တောင် ရှိလိမ့်မယ်”
စနစ်က ပြောလိုက်သည်။ “ဒီလိုမျိုး ဝါကြွားတာမျိုးက အဓိပ္ပာယ် မရှိဘူးနဲ့တူတယ်။ မဖြစ်နိုင်တာကြီး …”
“အဲတာဆို ပိုတောင်ကောင်းသေးတယ်လေ”
နှင်းဆီဧကရီက မျက်လုံးများကို ပေကလပ် ပေကလပ်လုပ်ကာ ပြောလိုက်တော့၏။ “ရှင်သာ ကျွန်မကို ကူညီပြီး ဆေးကုပေးမယ်ဆိုရင် ကြယ်ကြွေကုန်းမြေတိုက်ကြီးကို လိုက်ပြီးတော့ ရှင့်ရဲ့ ၃၆၀၀ သော မိန်းမတွေဖြစ်တဲ့ ကျွန်မရဲ့ အစ်မတွေကို လိုက်တွေ့ရမယ်”
ဘုတ်
ကျွင်းချောင်ရှောင်းသည် ကျောက်စားပွဲကြီးနှင့် သူ၏ မျက်နှာကို ပိတ်ရိုက်ကာ ပြောလိုက်မိသည်။ “ဒီမိန်းကလေးကတော့ ရူးနေပြီပဲ”
နှင်းဆီဧကရီသည် ဤကဲ့သို့ ပြောဆိုနေခြင်းမှာ သူမ၏ ဒဏ်ရာများကို ကုသပေးရန် ပြောဆိုနေခြင်းဖြစ်ကြောင်း ကုန်းရှန့်က နားလည်မိ၏။ ဤအမျိုးသမီးသည် လူအများကို ကောင်းကောင်းမွန်မွန်နှင့် လှည့်စားနိုင်စွမ်း ရှိနေတော့သည်။ ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီး၏ လေးယောက်မြောက်ဧကရီ ဖြစ်လာခဲ့ခြင်းမှာ အံ့အားသင့်စရာတော့ မဟုတ်တော့ချေ။