← Chapters

အခန်း (၁၁၂၃)

Vol. 76 Ch. 1123

အခန်း (၁၁၂၃)

Vol. 76 Ch. 1123

အမှားအယွင်းတစ်ခုကြောင့် ကျွင်းချောင်ရှောင်း၏ ဦးခေါင်းပေါ်ရှိ အမဲရောင်ဆံနွယ်များသည် စုပ်ယူခြင်းကို ခံလိုက် ရတော့သည်။ ဤအရာမှာ ပြဿနာကြီး တစ်ခုတော့ မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် မှော်ပညာဖြင့် အဆင့် မြှင့်တင်ထားသော မှော်ဆံပင်ပေါက်ဆေး တည်ရှိနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူ၏ဆံပင်များသည် ခါးလည်ဆီသို့ ရောက်ရှိနိုင်စွမ်းရှိ၏။

သို့ပေမဲ့ နှင်းဆီဧကရီသည် ကတုံးအပေါ်တွင် အလွန်တရာ စိတ်ဝင်စားလျက် ရှိနေတော့၏။ သူ၏ ဆံပင်များ ထပ်မံ၍ မပေါက်လာခင်မှာပဲ နှင်းဆီဧကရီသည် သူ၏ကတုံးအား တစိုက်မတ်မတ် ကြည့်လျက်ရှိသည်။ အချိန်တိုင်းဆိုသလိုပဲ ဤကတုံးအား ပွတ်သပ်ချင်စိတ် ပေါက်လျက်ရှိသည်။ ဖြစ်နိုင်မည်ဆိုလျှင် သူမသည် ကျွင်းချောင်ရှောင်းအား သင်္ကန်းပေးဝတ်၍ သေသေချာချာ ထိုင်၍ ကြည့်ရှုချင်စိတ်များပင် ပေါက်လျက်ရှိသည်။

“ရူးနေတာပဲ။ ဒီမိန်းမက ရူးနေပြီ”

လုံခြုံသည့် ခပ်လှမ်းလှမ်း တည်နေရာတစ်ခုဆီသို့ သွားပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် နှင်းဆီဧကရီနှင့် ခပ်ဝေးဝေးနေမှ ဖြစ်လိမ့်မည်ဟူသော အတွေးမျိုးကို တွေးထားပြီးသား ဖြစ်တော့သည်။

ကံကောင်းစွာဖြင့် ဤအခြေအနေသည် တစ်ည မကြာခဲ့ချေ။ နောက်တစ်ရက်မှာတော့ သူ၏ ဆံပင် များသည် ပိုမိုကာ ရှည်လျားလျက်ရှိနေ၏။ ဆံပင်သည် ခါးအထက်နားသို့ပင် ရောက်ရှိနေ၏။ ကျွင်းချောင်ရှောင်း သည် စိတ်ဓာတ်တကျဖြင့် ကတ်ကြေးကိုယူကာ ဆံပင်များကို ဖြတ်လျက်ရှိ၏။ နောက်ဆုံးမှာတော့ သူသည် အဘိုးကြီးတင်း၏ နာကျင်မှုကို နားလည်သွားပြီ ဖြစ်တော့၏။

နှင်းဆီဧကရီမှာတော့ အလွန်စိတ်ပျက်လျက်ရှိနေ၏။ “တကယ်တော့ ကတုံးက ရှင်နဲ့ပိုလိုက်တာ”

“တော်စမ်း ဒီကတုံးအကြောင်းကို”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်က ဘုန်းကြီး မဟုတ်ဘူး”

“ဒါဆိုရင် ဘာလို့ ကိုယ့်ကိုယ်ကိုယ် ကျုပ် … ကျုပ် … ကျုပ် လို့ ပြောနေတာလဲ” နှင်းဆီဧကရီက ဇဝေဇဝါ ဖြစ်မိ နေသည်။

ကျွင်းချောင်ရှောင်းက ဆံပင်များကို ဖြတ်ရင်းမှ ရှင်းပြလိုက်သည်။ “ဘာလို့လဲဆိုတော့ ကျုပ်က ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်မို့လို့လေ။ ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ အားအကောင်းဆုံး ပြိုင်စံရှားဂိုဏ်းပဲ”

“ပြိုင်စံရှားဂိုဏ်း ဟုတ်လား”

နှင်းဆီဧကရီက အံ့အားသင့်မိသွားသည်။ “အရမ်း အားကောင်းလား”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျား ပြိုင်စံရှားဂိုဏ်းထဲကို ဝင်ဖို့ စိတ်ဝင်စားလို့လား။ ခင်ဗျားရဲ့ လက်ရှိ အားအင်အဆင့်အရဆိုရင် ဟောခန်းသခင်လောက်တော့ ဖြစ်နိုင်တယ်”

ဤအမျိုးသမီးသည် သူမ၏ ဝိညာဉ်အရင်းအမြစ်ကို မလွှဲပေးချင်ပေ။ ထို့ကြောင့် သူမအား ဂိုဏ်းထဲသို့ ဝင်ရောက်ရန် သိမ်းသွင်းနိုင်မည်ဆိုလျှင်လည်း မကောင်းသည့်အရာတော့ မဟုတ်ချေ။

“ကျွန်မက ဝိညာဉ်မျိုးနွယ်ရဲ့ ဧကရီမလေ။ ဘယ်လိုဖြစ်ပြီး ဂိုဏ်းတစ်ခုရဲ့ ဟောခန်းသခင် ဖြစ်လာမှာလဲ” နှင်းဆီ ဧကရီက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။

“ဧကရီ ဟုတ်လား”

ကျွင်းချောင်ရှောင်းက ထူးမခြားနားသလို ပြောလိုက်၏။ “ခင်ဗျားက ကြက်နဲ့ ဘာမှ မကွာတဲ့ ဖီးနစ်တစ်ကောင်ပဲလေ”

“ရှင်” နှင်းဆီဧကရီသည့် သူ့အား ဒေါသတကြီးဖြင့် ကြည့်လိုက်သည်။

ကျွင်းချောင်ရှောင်းသည် လိုရင်းကို ပြန်ကာပြောလိုက်သည်။ “ခင်ဗျားအနေနဲ့ ဧကရီဆိုတဲ့ ရာထူးကို ပြန်ရမယ် ဆိုလို့ရှိရင် ကျုပ်ကို ဘယ်လောက်ပေးမှာလဲ”

သူ့အနေနှင့် အစေခံအဖြစ်လည်း ခိုင်းစေ၍မရ၊ ဝိညာဉ်အရင်းအမြစ် လည်း တောင်းဆိုလို့မရသည့်အပြင် ပြိုင်စံရှားဂိုဏ်းထဲသို့ ဝင်ရောက်ရန် သိမ်းသွင်း၍လည်း မရခဲ့ချေ။ ထို့ကြောင့် အကျိုးအမြတ် ရရှိအောင် ပြုလုပ်ရပေလိမ့်မည်။

“ရှင် ဘယ်လောက် လိုချင်တာလဲ” နှင်းဆီဧကရီက မေးလိုက်သည်။

“ဒါက”

ကျွင်းချောင်ရှောင်းသည် ခဏလောက် စဉ်းစားကာ ပြောလိုက်သည်။ “ခင်ဗျား ကျုပ်ကို အရင်က ပေးခဲ့တဲ့ စိတ်ဝိညာဉ်ကျောက်တုံးမျိုး သန်းတစ်ရာပေး”

“သန်းတစ်ရာ ဟုတ်လား”

နှင်းဆီဧကရီက ပြောလိုက်သည်။ “ဝိညာဉ်မျိုးနွယ်တွေရဲ့ ကုန်းမြေတိုက်မှာ စိတ်ဝိညာဉ် ကျောက်တုံးမိုင်းတွင်းတွေ ရှိနေတယ်လို့ ထင်တာလား”

သူတောင်းတာ များပြားလွန်းသွားပြီဖြစ်ကြောင်း သိရှိလိုက်ရသည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ဈေးလျော့ကာ ပြောလိုက်တော့သည်။ “သန်းငါးဆယ်ဆိုလည်း အဆင်ပြေတယ်”

“……..”

နှင်းဆီဧကရီသည် ကျောက်နံရံကြီးကို အသာမှီကာဖြင့် ပြောလိုက်သည်။ “ကျွန်မဆီမှာ တစ်သန်းပဲ ရှိတယ်။ ရှင်သာ ကျွန်မကို နန်းပုလ္လင်ရအောင် ပြန်ပြီးကူညီနိုင်မယ်ဆိုရင် ရှင့်ကို ဒါတွေ အကုန်လုံးပေးလိုက်မယ်”

“တစ်သန်း ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် ဤအရေအတွက်ကို သဘောမကျချေ။ ထို့အပြင် နန်းပုလ္လင်ကို ပြန်လည်ရရှိအောင် ကူညီရခြင်းသည် အလွန်တရာခက်ခဲသည့်ကိစ္စဖြစ်ပေသည်။ ထို့အပြင် သူ့၌ အထူးတာဝန် ဆိုသည်လည်း မရှိချေ။

နှင်းဆီဧကရီကလည်း သဘောမတွေ့သလို ပြောလိုက်၏။ “ကျွန်မက တခြားဂြိုဟ်တွေဆီသွားပြီး နှစ်ပေါင်းများစွာ တိုက်ခိုက်နေရတာလေ။ သိုင်းပညာ အရင်းအမြစ်တွေ အများကြီးကို ရရှိခဲ့တယ်ဆိုပေမဲ့ ကျွန်မတို့မျိုးနွယ် ပိုပြီး တိုးတက်လာစေဖို့ အတွက် ဒါတွေအကုန်လုံးကို အသုံးပြုခဲ့ရတယ်။ ဒီတော့ ကျွန်မက မချမ်းသာဘူး”

ပြောရင်းနှင့် သူမသည် ရင်တွေပါနာလျက် ရှိနေ၏။ လွန်ခဲ့သည့်နှစ်ပေါင်း တစ်သောင်းကျော်အတွင်း သူမသည် သူမ၏ မျိုးနွယ်များ အားကောင်းစေရန်အတွက် အကောင်းဆုံး ကြိုးစားခဲ့ရ၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ သူမလူများ၏ သစ္စာဖောက်မှုကိုသာ ခံခဲ့ရသည်။

“တစ်သန်းကတော့ နည်းလွန်းတယ်”

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ဒါက နည်းနည်းလေးပဲလေ။ ဒီတော့ ခင်ဗျားကို နန်းပုလ္လင်ပြန်ရအောင်လို့ ကူညီတဲ့နေရာမှာ စွန့်စားဖို့ မထိုက်တန်ဘူးလို့ ထင်တယ်”

နှင်းဆီဧကရီသည် သူ့အားကြည့်ကာ လေးလေးနက်နက် ပြောလိုက်၏။ “ကျွန်မ ရှင့်ကို ဘာကတိမှ မပေးနိုင်ဘူး။ ဒါပေမဲ့ နန်းပုလ္လင်ကို ပြန်ရအောင် ကူညီပေးနိုင်မယ်ဆိုရင် ရှင်လိုအပ်တာတွေ အားလုံးကို ရစေရမယ်လို့ သဘော တူတယ်”

သူမ၏ နောက်လိုက် နောက်ပါများအားလုံးသည် လင်းပင်အား ထောက်ခံခဲ့ကြ၏။ သို့ပေမဲ့ သူမသည် စိတ်ဓာတ်မကျချေ။ အခွင့်အရေးသာ ရမည်ဆိုပါက ထိုနေရာဆီသို့ ပြန်သွားပြီး ဆုံးရှုံးခဲ့ရသမျှ အရာအားလုံးကို ပြန်လည်ရယူမည်ဟု ဆုံးဖြတ်ထားခဲ့သည်။

“ကျုပ်က ဧကရီနဲ့ တူညီတဲ့ အခွင့်အာဏာကို ရချင်တာလေ။ ခင်ဗျား ကျုပ်ကို အဲတာပေးမလား” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

နှင်းဆီဧကရီသည် သူ့အား ကြောင်အအ အကြည့်ဖြင့် ကြည့်လိုက်၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျား သဘောမတူဘူးဆိုရင်လည်း ကျုပ်က ခင်ဗျားကို ကူညီဖို့ အကြောင်းအရင်း မရှိတော့ဘူး”

သူ့အနေနှင့် မည်သည့်အကျိုးအမြတ်မှ မရှိဘဲ ဘာတစ်ခုမှ မလုပ်နိုင်ပေ။ ထို့အပြင် တစ်ဖက်လူသည် သနားဖွယ်ရာကောင်းလှပြီး အကူအညီမဲ့လှသည်ဆိုလျှင်တောင်မှ သူသည် စိတ်ဓာတ် ပျော့ညံ့လိမ့်မည် မဟုတ်ချေ။

နှင်းဆီဧကရီက ပြောလိုက်သည်။ “ရှင် တကယ်ပဲ ဧကရီနဲံ့ အဆင့်ချင်း တူညီတဲ့ အုပ်ချုပ်သူ ဖြစ်ချင်တာလား”

“ကျုပ်က ချမ်းသာမှုကို မရဘူးဆိုမှတော့ အာဏာကို ရမှ ဖြစ်မှာပေါ့” ကျွင်းချောင်ရှောင်းသည် လက်များကို ဖြန့်ကားကာ ပြောလိုက်၏။

နှင်းဆီဧကရီသည် သူ့အားကြည့်ကာ ပြောလိုက်သည်။ “ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ဆီမှာ စည်းမျဉ်းစည်းကမ်း တစ်ခုရှိတယ်ဆိုတာ ရှင်သိလား။ ဧကရီရဲ့ ယောက်ျားကသာလျှင် နိုင်ငံရဲ့အုပ်ချုပ်သူ ဖြစ်လာနိုင်တာ။ ဒါမှပဲ လူတွေအားလုံးက အသိအမှတ်ပြုကြတာလေ”

ကျွင်းချောင်ရှောင်းသည် အံ့အားသင့်စွာ ပြောလိုက်မိသည်။ “ဒီလိုကိစ္စမျိုး ရှိလား”

“ရှိတာပေါ့”

စနစ်က ပြောလိုက်သည်။ “ဝိညာဉ်မျိုးနွယ်တွေရဲ့ စည်းမျဉ်းစည်းကမ်းတွေဆိုတာ ပထမဧကရီ လက်ထက်ထဲက ဆင်းသက်လာခဲ့တာလေ”

ကျွမ်းကျင်လှသော စနစ်တစ်ခုဖြစ်သည်မို့ သူသည် ဤထူးဆန်း လှသည့် လောကကြီးထဲသို့ ရောက်ရှိသည့်အချိန်တွင် လိုအပ်သည့် သတင်းအချက်အလက်များကို စုဆောင်းထားခဲ့ပြီးသား ဖြစ်နေတော့၏။

နှင်းဆီဧကရီက ပြောလိုက်သည်။ “ရှင့်အနေနဲ့ ဒီနေရာကြီးရဲ့ အုပ်ချုပ်သူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် ကျွန်မ ယောက်ျား ဖြစ်မှပဲ ရမယ်”

“ထားလိုက်တော့”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားယောက်ျား ဖြစ်မယ့်အစား သေလိုက်တာကမှ ကောင်းအုံးမယ်”

သူ့အနေနဲ့ ဤနေရာသို့ ရောက်ရှိလာခဲ့သည်မှာ ဝိညာဉ်မျိုးနွယ်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို စုစည်းရန်ဖြစ်သည်။ မိန်းမယူရန် မဟုတ်ချေ။

ကုန်းရှန့်သည် မည်သူဖြစ်ကြောင်းကို နှင်းဆီဧကရီက သေချာ မသိချေ။ သို့ပေမဲ့ ကုန်းရှန့်ဆီမှ စကားကို ကြားရချိန်မှာတော့ အလွန်တရာ အံ့အားသင့်မိသွားသည်။ သူမ၏ ဗာဒံစေ့ကဲ့သို့ မျက်လုံးများအား အသာ ကျဉ်းမြောင်းကာဖြင့် ပြောလိုက်တော့သည်။ “ကျွန်မက ရှင်နဲ့ မထိုက်တန်ဘူး ထင်လို့လား”

“သိပ်မှန်တာပေါ့” ကျွင်းချောင်ရှောင်းက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်တော့သည်။

“...........”

နှင်းဆီဧကရီသည် ဒေါသတကြီးဖြင့် ပေါက်ကွဲလုမတတ်ပင် ဖြစ်သွားသည်။ သူမသည် ကြီးကျယ်ခမ်းနားလှသော လေးယောက်မြောက်ဧကရီ ဖြစ်တော့၏။ ယောကျာ်းရွေးချယ်မည်ဟု တရားဝင် ကြေညာလိုက်ပါက ဧကရီ မြို့မှ မိုင်တော်တော်ဝေးဝေးထိ ရောက်နိုင်သည့် လူတန်းကြီးဖြင့်ပင် ပြည့်နှက်သွားလောက်သည်။

“ဒီလိုလုပ်ရအောင်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည် “ဝန်ကြီးချုပ်လောက် ဆိုရင်ရော …”

နှင်းဆီဧကရီသည် သူ့အား အသာစူးစိုက်ကြည့်ကာ မေးလိုက်၏ “နန်းပုလ္လင်ပြန်ရအောင် ကူညီမယ် ဆိုတာ အာမခံ လား”

ကျွင်းချောင်ရှောင်းသည် ပခုံးကိုတွန့်ကာဖြင့် ပြောလိုက်သည် “ဝိညာဉ်မျိုးနွယ်တွေမှာ ခင်ဗျားလို ကျင့်ကြံခြင်းအဆင့် မရှိတာ သေချာရင် ခင်ဗျား ဆုံးရှုံးသွားတဲ့ အရာအားလုံးကို ကျုပ် ပြန်ယူပေးနိုင်တယ်”

“ကျွန်မက ဝိညာဉ်မျိုးနွယ်တွေရဲ့ ဧကရီမ ဖြစ်တယ် ဆိုပေမဲ့ ကျင့်ကြံခြင်းအဆင့်ကတော့ အမြင့်ဆုံး မဟုတ်သေးဘူး” နှင်းဆီဧကရီ က တွေးတွေးဆဆဖြင့် ပြောလိုက်၏။

ကျွင်းချောင်ရှောင်းသည် ထိတ်လန်စွာဖြင့် ပြောလိုက်မိသည် “ခင်ဗျားထက် အားကောင်းတဲ့သူ ရှိနေသေးတာလား”

နှင်းဆီ ဧကရီ က တည်ငြိမ်စွာပဲ ပြောလိုက်သည် “တစ်ယောက်တည်းတောင် မဟုတ်ဘူး။ အများကြီးပဲ”

“………” ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တဆတ်ဆတ်ဖြင့် တုန်ယင်လျက်ရှိသည်။

ဤအမျိုးသမီးကို အနိုင်ယူရန်ပင် သူသည် ဝှက်ဖဲပေါင်းများစွာကို ထုတ်ဖော် အသုံးပြုခဲ့ရသည်။ သူမ ထက် ပို၍ အားကောင်းသူ ရှိသေးသည် ဆိုလျှင် မည်ကဲ့သို့ သွား၍ တိုက်ခိုက်ရမည်နည်း။

နှင်းဆီ ဧကရီ က ပြောလိုက်သည် “ဧကရီမြို့နဲ့ မိုင်တစ်ရာအဝေးမှာ ဟောခန်းသခင်ကိုးယောက်တို့ နေထိုင်ကြတယ်။ သူတို့က ဝိညာဉ်မျိုးနွယ်တွေထဲမှာ အားအကောင်းဆုံးသော သူတွေပဲ”

ကိုးယောက်လား။

ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ ဆုံးဖြတ်ချက်ကို ချလိုက်သည်။ “အချိန်နဲ့ တည်နေရာပိုးကောင် နိုးလာတာကို စောင့်ပြီး ဒီမိန်းမကို ကြယ်ကြွေကုန်းမြေတိုက်ဆီပြန်ခေါ်သွားတာပဲ ကောင်းမယ်”

သူ့အနေနှင့် အလွန်အန္တရာယ်များသော အရာများကို ပြုလုပ်လိမ့်မည် မဟုတ်ချေ။

“ဒါပေမဲ့ ..”

နှင်းဆီ ဧငကရီသည် ဒေါသတကြီး ပြောလိုက်သည် “လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းတုန်းက ဧကရီလင်းပင်က သူမရဲ့ အာဏာကို အသုံးပြုပြီး ဟောခန်းသခင်ကိုးယောက်ကို ကြယ်ကြွေကုန်မြေတိုက်ကြီးဆီ စေလွှတ်ခဲံ့တယ်။ အဲကတည်းက သူတို့တွေ ပြန်မလာတော့တာပဲ။”

ထိုအချင်းအရာကိုကြားတော့ ကျွင်းချောင်ရှောင်း ကြောင်သွားမိသည်။

သူမ ပြောဆိုနေသည်မှာ ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီသို့ ကျူးကျော်လာခဲ့သော ကိုးယောက်ကို ဆိုလိုသည်လား။ ထိုလူများဆိုလျှင် သူ၏ ကောင်းကင်မူလ ဝိညာဉ်ဖိနှိပ်ခြင်း စေတီထဲတွင်ပင် သုံးယောက် ရှိနေသေး၏။

“ဒီတော့ ခင်ဗျားဆိုလိုတာက သူတို့တွေ အခု ဒီမှာမရှိဘူးပေါ့” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

“ဟုတ်တယ်” နှင်းဆီ ဧကရီ က ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းသည် ယုံကြည်ချက်ရှိရှိ ပြောလိုက်သည် “ခင်ဗျားကို နန်းပုလ္လင်ပြန်ယူပေးနိုင်တယ်”

“ရှင်သာ အကုန်လုံးကို ပြန်ယူပေးနိုင်ရင် ကျွန်မရဲ့ ဒုတိယနေရာ၊ အားလုံးရဲ့ အထက်နေရာမှာ ထားပေးမယ်”

“မဟုတ်ဘူး။ ခင်ဗျားနဲ့ အဆင့်တူ ပဲ ဖြစ်ချင်တာ”

ခဏလောက် စဉ်းစားပြီးနောက် နှင်းဆီ ဧကရီ က ပြောလိုက်သည် “ရှင်သာ ဆန္ဒရှိရင်ပေ့ါ”

“ရှိတယ်”

“ကောင်းပြီ။ ဧကရီ နဲ့ အဆင့်တူတဲ့ ရာထူးကို ပေးမယ်”

“စကားတည်နော်”

“တည်တာပေါ့”

သူတို့ နှစ်ယောက် သဘောတူညီမှုပြုလုပ်ပြီးသည့် အချိန်မှာတော့ စနစ်ဆီမှ သတိပေးသံသည် ကျွင်းချောင်ရှောင်း၏ နားထဲ၌ ပေါ်လာတော့သည်။

“ဒင် … သီးခြားတာဝန် ပြည့်စုံသည်။ လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၅၀၀၀၀ ကို ရရှိသည်။”

All Chapters