အခန်း (၁၁၂၇)
Vol. 76 Ch. 1127
ကျွင်းချောင်ရှောင်း နန်းတော်ထဲသို့ ပေါ်လာသည့်အချိန်တွင် ဧကရီလင်းပင်၊ တော့လင်နှင့် တခြားသောသူများ အားလုံးသည် ကြောင်အသွားခဲ့ကြ၏။ သူ မည်ကဲ့သို့ ဝင်ရောက်လာခဲ့သနည်း။ ထို့ပြင် ဤကဲ့သို့ တိတ်တိတ်ဆိတ်ဆိတ်၊ ငြိမ်ငြိမ်သက်သက် ရောက်နေခြင်းမှာ မည်ကဲ့သို့နည်းလမ်းဖြင့် ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သူတို့ မစဉ်းစားနိုင်ခဲ့ကြချေ။
၎င်းတို့သည် နန်းတော်ထဲတွင် တည်ရှိနေကြခြင်းဖြစ်ပြီး များပြားလှသည့် စစ်သည် များနှင့် ဗိုလ်ချုပ်များသည် နေ့ရောညပါ ငှက်တစ်ကောင်ပင် အလွတ်မပေးနိုင်အောင် စောင့်ကြည့်လျက် ရှိနေကြသည်။
ဘုတ် ဘုတ်
ထိုအချိန်မှာတော့ လေဟာနယ်ချိုးဖြတ်ခြင်းအဆင့်တွင် ရှိနေကြသော ဝိညာဉ်မျိုးနွယ် စစ်သူများအားလုံးသည် ပျံသန်းဝင်ရောက်လာကြသည်။ မကြာခင်မှာပဲ ၎င်းတို့သည် ကျွင်းချောင်ရှောင်း၏ အရှေ့တွင် ပြင်းပြင်းထန်ထန် ဒဏ်ရာရကာ လဲပြိုလျက်ရှိနေတော့၏။
ဧကရီလင်းပင်နှင့် တော့လင်တော့သည် စိတ်ဝိညာဉ်စွမ်းအင်များကို ဖြန့်ကျက်ပြီးသည့်နောက် အပြင်ဘက် မြေတည်နေရာတွင်လည်း များပြားလှသည့် လူများ လဲလျောင်းလျက်ရှိနေသည်ကို မြင်လိုက်ကြရသည်။
တစ်ဖက်လူများ သည် အဆင့်မြင့်ကျင့်ကြံသူများအားလုံးကို တိုက်ခိုက်ကာ အထဲသို့ ဝင်ရောက်လာခဲ့ခြင်းပင် ဖြစ်တော့သည်။ သို့ပေမဲ့ မည်သည့်အသံမှ မထွက်ခဲ့ချေ။
ဘုတ် ဘုတ် ဘုတ်
အမဲရောင်ဝတ်စုံနှင့် ဟောခန်းသခင်သုံးယောက်တို့သည် အထဲသို့ လျှောက်လှမ်းဝင်ရောက်လာပြီးသည့်နောက် မှာတော့ ကျွင်းချောင်ရှောင်း၏ အနောက်တွင် မတ်မတ်ရပ်လိုက်သည်။ ၎င်းတို့သည် အလွန်တရာ အားကောင်းပြီး စွမ်းအားမြင့်လှသော သက်တော်စောင့်များ ကဲ့သို့ပင် ဖြစ်နေတော့၏။
“လင်းပင်”
နှင်းဆီဧကရီသည် အထဲသို့ လျှောက်ဝင်လာကာ ပြောလိုက်သည်။ “ရှင့်ရဲ့ခေတ်က လွန်ခဲ့တဲ့နှစ်ပေါင်း ထောင်ကျော်ကတည်းက ကုန်ဆုံးသွားခဲ့ပြီလေ”
ဧကရီလင်းပင်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “ငါ့ရဲ့ခေတ်က နင်ယူသွားခဲ့တာလေ”
နှင်းဆီဧကရီသည် တော့လင်အား လှမ်းကြည့်ကာ အေးစက်စက်ပြောလိုက်၏။ “ပထမဧကရီက နန်းပုလ္လင်ကို ဆက်ခံကတည်းက ဒီနန်းပုလ္လင်ကို အစွမ်းအစရှိတဲ့လူ အကုန်လုံး စိန်ခေါ်ရယူနိုင်တယ်လို့ သတ်မှတ်ပေးခဲ့တာ မဟုတ်လား။ ကျွန်မက သူ့ကို မျှမျှတတနဲ့ အနိုင်ယူနိုင်ခဲ့တာ ဘာမှားနေလို့လဲ”
သူမသည် ဧကရီလင်းပင်၏ အစောင့်အရှောက် ဖြစ်ခဲ့ဖူး၏။ နောက်ပိုင်းတွင် အားအင်အဆင့် ပိုမိုတိုးတက်လာသည် နှင့်အမျှ ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက် တစ်ခုလုံးကို အုပ်ချုပ်ခွင့်ရစေရန်အတွက် ပွင့်လင်းမြင်သာသော စိန်ခေါ်မှုကို ပြုလုပ်ကာ တိုက်ခိုက်အနိုင်ယူခဲ့ခြင်းပင် ဖြစ်၏။ ထို့ကြောင့်ပင်လျှင် ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်၏ ဝန်ကြီးနှင့် မြို့သူမြို့သားများ အားလုံးသည် လေးယောက်မြောက်ဧကရီအဖြစ် အသိအမှတ်ပြုခဲ့ခြင်းပင် ဖြစ်တော့၏။ ဤသို့ လုပ်ဆောင်မှုသည် မှန်ကန်သည်ဟု ဆိုရမည်။
“ဟမ့်”
တော့လင်သည် ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်၏။ “ဧကရီကို တိုက်ခိုက်အနိုင်ယူနိုင်တယ်ဆိုပေမဲ့ ဟောခန်းသခင် ကိုးယောက်တို့က ဒီမှာ မရှိဘူးလေ။ သူတို့ရဲ့ အသိအမှတ်ပြုမှုကို မရဘဲနဲ့ ပုလ္လင်ကို ဆက်ခံဖို့ အတွက် အရည်အချင်း မပြည့်မီဘူး”
အကြောင်းအရင်းမှာ ဟောခန်းသခင်ကိုးယောက်တို့ မရှိသောကြောင့် နှင်းဆီဧကရီ၏ အခွင့်အာဏာကို ငြင်းပယ် နိုင်စွမ်းရှိသည်ဟု ဆိုလိုနေခြင်းပင် ဖြစ်၏။
နှင်းဆီဧကရီသည် ထ၍ ရယ်မောလိုက်မိ၏။ သူသည် အားအင်အစစ်နှင့် ဝိညာဉ်ကုန်းမြေတိုက် တစ်ခုလုံးကို သိမ်းပိုက် အနိုင်ယူနိုင်ခဲ့ခြင်းပင်ဖြစ်၏။ လွန်ခဲ့သည့်နှစ်ပေါင်းတစ်ထောင်အတွင်း ဤမျိုးနွယ်စုကြီးတစ်ခုလုံး ပိုမို အားကောင်းစေရန် စဉ်ဆက်မပြတ် ပြုလုပ်ခဲ့၏။ ယခု ရှေးဟောခန်းကြီးတစ်ခု၏ အသိအမှတ်ပြုမှုကို မရရှိသည် နှင့် သူမ၏ ကြိုးစားမှုများ အားလုံးကို သဲထဲရေသွန်ဖြစ်အောင် ပြောဆိုလျက်ရှိနေ၏။
ဆိုးရွားလှချေ၏။ အမှန်ပင် ဆိုးရွားလွန်းလှသည်။
“ပုလ္လင်ကို ဆက်ခံနိုင်ဖို့အတွက် တရားဝင်လုပ်ဆောင်မှုတွေ လိုအပ်နေတာပဲလေ”
တစ်ချိန်လုံး ငြိမ်သက်လျက် ရှိနေသော ကျွင်းချောင်ရှောင်းသည် လက်ဖျောက်တီးကာ ပြောလိုက်၏။ “ဒီနေ့မှာ တရားဝင်ဆက်ခံမှုကို ကျုပ် ပေးမယ်”
သူ၏နောက်တွင်ရှိနေသော ဟောခန်းသခင်သုံးယောက်တို့သည် မျက်နှာပေါ်တွင်တပ်ထားသော မျက်နှာဖုံးများကို ချွတ်လိုက်ပြီးသည့်နောက်မှာတော့ မူလသွင်ပြင်များ ပေါ်ပေါက်လာခဲ့သည်။
ဧကရီလင်းပင်သည် ထိုသူများကို မြင်လိုက်သည့်အချိန်မှာတော့ ပျော်ပျော်ရွှင်ရွှင်ဖြင့် ပြောလိုက်၏ “ဟောခန်း သခင်သုံးယောက်တို့ ဘယ်အချိန်တုန်းက ပြန်ရောက်လာတာလဲ”
သို့ပေမဲ့ သူမ၏ အပြုံးသည် အေးခဲသွားသည်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသုံးယောက်သည် နှင်းဆီဧကရီ၏ဘက်တွင် ရပ်နေသောကြောင့် ဖြစ်၏။ ဆိုလိုသည်မှာ သူမနှင့် ဆန့်ကျင်တော့မည် မဟုတ်ပါလား။
တော့လင်၏ မျက်နှာသည်လည်း ပျက်ယွင်း သွားတော့သည်။
“လင်းပင်”
တတိယနန်းတော်သခင်က ပြောလိုက်သည်။ “ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ကျုပ်တို့ သိပြီးပြီ။ ပထမ ဧကရီချန်ခဲ့တဲ့ စည်းမျဉ်းတွေအရဆိုရင် မင်းရှုံးသွားပြီဆိုမှတော့ အရှုံးကို လက်ခံရမှာပေါ့။ သူမကို ပုလ္လင်ကို ပေးလိုက်ပါတော့။ ရန်ငြိုးတွေ ဖွဲ့တည်နေတာ မကောင်းဘူးလေ”
“ဒီနှစ်ပိုင်းအတွင်းမှာ နှင်းဆီဧကရီရဲ့ စည်းမျဉ်း စည်းကမ်းတွေအရ ကုန်းမြေတိုက်ကြီးရဲ့ အလုံးစုံအားအင်က တစ်နေ့ထက်တစ်နေ့ ပိုပြီး တိုးတက်လာတယ်။ တကယ်တော့ ကျုပ်တို့ကိုးယောက်ရဲ့ အသိအမှတ်ပြုမှု မရဘူး ဆိုရင်တောင်မှ အားလုံးရဲ့ သဘောတူ လက်ခံမှုက လုံလောက်နေပါပြီ” စတုတ္ထဟောခန်းသခင်က တည်ငြိမ်စွာ ပြောလိုက်သည်။
“ရှင်တို့”
ဧကရီလင်းပင်သည် ခက်ထန်တင်းမာစွာဖြင့် ပြောလိုက်မိသည်။ “သူမကို ထောက်ခံပေးချင်နေတာလား”
ဟောခန်းသခင်သုံးယောက်တို့သည် သူမကို ဧကရီရာထူးအား တွန်းပို့ပေးခဲ့သူဖြစ်သည်။ သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ ထိုရာထူးဆီမှ ဆွဲချရန် စီစဉ်လျက်ရှိနေသည်။ မည်မျှနာကျင်စရာ ကောင်းလှသည့် ဖြစ်စဉ်နည်း။
“ဟမ့်”
တော့လင်သည် တည်တည်ငြိမ်ငြိမ်နှင့် ဖြစ်နေတုန်းပင်ဖြစ်၏။ “အရှင်မ... ဒီဟောခန်းသခင်ကိုးယောက် တို့က ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ ပိတ်မိနေကြတာလေ။ ဘယ်လိုလုပ် ရုတ်တရက်ကြီး ဒီလို ပေါ်လာတာလဲ။ ကျုပ်ရဲ့ နိမ့်ပါးလှတဲ့ အထင်အမြင်အရဆိုရင် ဒီသုံးယောက်က အယောင်ဆောင်ပဲ”
ရွှီး
ပဉ္စမဟောခန်းသခင်သည် လက်ကိုမြှောက်လိုက်၏။ ကြောက်မက်ဖွယ်ရာကောင်းလှသည့် စွမ်းအင်များသည် လက်ဝါးကြီးတစ်ခုကဲ့သို့ ဖြစ်တည်ပြီးသည့်နောက်မှာတော့ ထိုသူအား အပြင်ဘက်သို့ ဆွဲယူလိုက်တော့သည်။ “ကျုပ် အမှတ်မမှားဘူးဆိုရင် မင်းကို တော့လင်လို့ ခေါ်တယ်နဲ့တူတယ်။ ဒီဟောခန်းသခင်က ကုန်းမြေတိုက်ကြီး ထဲမှာ လှည့်လည်လျောက်ပတ်သွားလာနေတုန်းက မင်းက အင်ပါယာနန်းတော်ရဲ့ အစောင့်သေးသေးလေး တစ်ယောက်ပဲ မဟုတ်လား”
တော့လင်၏ မျက်လုံးထဲတွင် ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှက်သွားသည်။ သူသည် စိတ်ဝိညာဉ် ပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်ဖြစ်၏။ သို့ပေမဲ့ တစ်ဖက်လူ၏အရှေ့မှာတော့ ပုရွက်ဆိတ်လေး တစ်ကောင်ကဲ့သို့ပင် အားအင်မဲ့နေချေသည်။
မူလနယ်မြေအဆင့်၊ ဤအရာသည် ကျိန်းသေပေါက် မူလနယ်မြေ အဆင့်ပင်ဖြစ်သည်။ အခြားတစ်ဖက်က ပြောရမည်ဆိုလျှင် ဤလူသုံးယောက်တို့သည် ရှေးနန်းတော်ကြီး၏ ဟောခန်းသခင် အစစ်အမှန်များ ဖြစ်နေပေသည်။
ကောင်းကင်မူလဝိညာဉ်စေတီထဲတွင် အနှိပ်စက်ခံခဲ့ရသည့် ဖြစ်စဉ်များကို ပြန်လည်စဉ်းစားပြီးသည့်နောက် မှာတော့ ပဉ္စမဟောခန်းသခင်သည် အလွန်တရာ ဒေါသထွက်လာ၏။ ထို့ကြောင့် တော့လင်၏ ဦးခေါင်းကို ကိုင်ကာဖြင့် မြေနှင့်တဒိုင်းဒိုင်း ရိုက်လျက်ရှိ၏။ သူသည် အော်ဟစ်လျက်ရှိသည်။ “ငါ နန်းတော်ကို တာဝန်ယူခဲ့တဲ့အချိန်တုန်းက မင်းက သေးခံဝတ်ထားတဲ့အရွယ်ပဲ ရှိနေသေးတယ်လေ။ ဘယ်လို ဖြစ်ပြီး ငါ့ရှေ့မှာ လာပြီး မောက်မာရဲနေရတာလဲ”
ဘုန်း ဘုန်း ဘုန်း
အကြိမ်ပေါင်းများစွာ ရိုက်နှက်ပြီးသည့်နောက် ထိုလူသည် ရွံ့ပုံတစ်ခုလို ပျော့ခွေ၍ လဲလျောင်းလျက် ရှိနေတော့၏။
ဘုတ်
ဧကရီလင်းပင်သည် ပုလ္လင်ပေါ်မှ ခုန်ဆင်းလိုက်ပြီးသည့်နောက်မှာတော့ ကြောင်အအ ဖြစ်လို့နေသည်။
တော့လင် သည် သူမအား ပုလ္လင်ပြန်လည်ရယူရန် ကူညီခဲ့သူတစ်ယောက်ဖြစ်သည်။ လက်ရှိ အခြေအနေမှာတော့ ပဉ္စမ ဟောခန်းသခင်၏ ရိုက်နှက်မှုကြောင့် ပျော့ခွေကာ သတိလစ်လျက် ရှိနေတော့သည်။ သူမအနေနှင့် နန်းပုလ္လင်ကို ပြန်လည်စွန့်ခွာမှ ဖြစ်ပေလိမ့်မည်။
“ခင်ဗျား”
ကျွင်းချောင်ရှောင်းသည် လက်ကိုမြှောက်ကာဖြင့် လက်ညှိုးထိုးလိုက်သည်။ “အဲနေရာမှာ ထိုင်မနေနဲ့တော့။ သွားတော့”
နှင်းဆီဧကရီအား ပုလ္လင်ပြန်ရအောင် ကူညီရသည့်အခြေအနေတွင် ဟောခန်းသခင်သုံးယောက်တို့၏ အကူအညီ သည် သူ့အတွက် ရိုးရှင်းပြီး လွယ်ကူလွန်းလှချေသည်။ ဧကရီလင်းပင်တစ်ယောက် မည်မျှ အားကောင်းသည်ဆိုဆို ကိစ္စမရှိချေ။ သူမ မည်မျှအားကောင်းကောင်း ဟောခန်းသခင်သုံးယောက်တို့ထက် ပို၍အားကောင်း နိုင်လိမ့်မည် မဟုတ်ချေ။
တော့လင်တစ်ယောက် လဲကျသွားပြီးသည့်နောက်မှာတော့ သူမသည် ရက်အနည်းငယ်သာ ထိုင်ရသေးသော နန်းပုလ္လင်အား ပြန်လည်စွန့်ခွာရပေလိမ့်မည်။
ဆွစ်
နှင်းဆီဧကရီသည် တော်ဝင်ဝတ်စုံကို လွှမ်းခြုံလိုက်ပြီးသည့်နောက်မှာတော့ နန်းပုလ္လင်ပေါ်သို့ တက်ကာ ထိုင်လိုက်တော့၏။
“နှုတ်ဆက်ပါတယ် ဧကရီ”
ဟောခန်းထဲမှာတော့ မြို့စီမံအုပ်ချုပ်ရေး ဝန်ကြီးများအားလုံးသည် ရောက်ရှိနေခဲ့ကြပြီး ဒူးထောက်လျက် ရှိနေတော့၏။ ၎င်းတို့သည် ခြံစည်းရိုးခွကာ ထိုင်နေကြသောသူများ ဖြစ်သည့်အတွက်ကြောင့် နှင်းဆီဧကရီပဲဖြစ်ဖြစ်၊ လင်းပင်ပဲဖြစ်ဖြစ် မည်သူမဆိုတက်တက် ၎င်းတို့သည် အညံ့ခံရမှာ သေချာတော့၏။ သူမ အနေနှင့် လက်ရှိအခြေအနေကြီးကို ပြန်လည်ထိန်းချုပ်ရန် ဤကဲ့သို့သောလူများ လိုအပ်နေသည်သာ မဟုတ်ပါက အားလုံးကိုသတ်ဖြတ် (သို့မဟုတ်) ထောင်ချခြင်းကို ပြုလုပ်မိမှာ သေချာတော့သည်။
............
ဧကရီမြို့၏ အပေါ်ဘက်တွင် တိမ်မဲများ ဖုံးလွှမ်းလာခဲ့တော့သည်။ ပြတင်းပေါက်၏ အရှေ့တွင် ရပ်လျက်ရှိသော အဘိုးအိုတစ်ယောက်သည် သက်ပြင်းချလိုက်မိ၏။ “ရာသီဥတုက ပြန်ပြီး ပြောင်းသွားပြန်ပြီ”
ဆွစ် ဆွစ်
လမ်းတလျှောက်မှာတော့ များပြားလှသော စစ်သည်များ ရောက်ရှိလာခဲ့ကြပြီး ၎င်းတို့အားလုံးသည် နှင်းဆီဧကရီ တစ်ယောက် ပုလ္လင်ကို ပြန်လည်ရယူလိုက်ပြီဖြစ်ကြောင်း သတိပေးစာများ ကပ်လျက်ရှိသည်။
ရက်အနည်းငယ် အတွင်းမှာပဲ ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီး၏ ပုလ္လင်ဆက်ခံသူသည် ထပ်တလဲလဲ ပြောင်းလဲလျက်ရှိနေသည်။ ထိုအရာသည် အားလုံးသောသူများကို စိတ်ရှုပ်ထွေးစေခဲ့တော့သည်။
“နှင်းဆီဧကရီက ရီရှင်းချန်ရဲ့ ဖန်းဆီးခေါ်ဆောင်ခြင်းကို ခံရတာဆို”
“အခု ကျွင်းချောင်ရှောင်းဆိုတဲ့လူရဲ့ ကယ်တင်ခြင်းကို ခံခဲ့ရတာတဲ့။ ဒါ့ကြောင့် နှင်းဆီဧကရီ က ပြန်ပြီးတော့ နန်းဆက်ခံနိုင်ခဲ့တာပေါ့”
“ဒါဆိုရင် ရီရှင်းချန်ကကော”
“ပြောနေစရာကို မလိုဘူး။ အသတ်ခံရပြီ နေမှာပေါ့”
သတိပေးစာအား ကပ်ပြီးသည့်နောက် ဝိညာဉ်ကုန်းမြေတိုက်ကြီးတွင် ရှိနေသော သိုင်းကျင့်ကြံသူများ အားလုံး သည် နှင်းဆီဧကရီတစ်ယောက် နန်းပုလ္လင်ကို ပြန်လည်ဆက်ခံရသည့်အကြောင်းမှာ ရီရှင်းချန်နှင့် ကျွင်းချောင်ရှောင်း ဆိုသော နာမည်များသည် လက်ရှိလူပြောအများဆုံးကိစ္စပင် ဖြစ်လို့လာခဲ့သည်။
စကားအရ ပြောရမည်ဆိုလျှင် ဧကရီမကို ဖမ်းဆီးခဲ့သူတစ်ယောက် ဖြစ်ပြီး ကျွင်းချောင်ရှောင်းမှာတော့ ဧကရီမအား ကယ်တင်ကာဖြင့် နန်းပုလ္လင်ကို ရရှိအောင် ကူညီပေးခဲ့သူတစ်ယောက်ဖြစ်သည်။ ဤအရာသည် သမိုင်းမှတ်တမ်းထဲတွင် သေသေချာချာ ရေးထိုးရမည့်ကိစ္စ ဖြစ်လာခဲ့သည့်နောက် အနာဂတ် နောင်လာနောင်သား များအား ပုံပမာပြုကာ ပြောဆိုဆုံးမရမည့်အခြေအနေသို့ ရောက်ရှိလာခဲ့ကြသည်။
ဝိညာဉ်ကုန်းမြေတိုက်ထဲတွင်ရှိသော ကလေးများသည် မကောင်းသည့်ကိစ္စရပ်မျိုးကို ပြုလုပ်သည့်အခါမျိုးတွင် “မင်းက ရီရှင်းချန်ပဲ။ မင်းတို့ တစ်မျိုးလုံးက ရီရှင်းချန်ပဲ”ဟု အော်ဟစ်ဆဲဆိုတတ်သည်။ ထိုအခါမျိုးတွင် တစ်ဖက်လူ သည် ဆတ်ဆတ်ခါအောင် နာကျင်ကြ၏။
“ဟင်း...”
စနစ်သည် သက်ပြင်းချလိုက်မိ၏။ “ကိုယ့်တပည့်ကို ဒီလိုမျိုး အခြေအနေကို ရောက်အောင်လုပ်တဲ့ ဂိုဏ်းချုပ်ဆိုတာ တစ်ခါမှ မမြင်ဖူးဘူး”
နန်းတော်၏ထိပ်တွင် ထိုင်လျက်ရှိနေသော ကျွင်းချောင်ရှောင်းမှာတော့ ဇဝေဇဝါ ဖြစ်မိနေသည်။ “ဒီမိန်းမက ပုလ္လင်ကို ပြန်ပြီးရပြီးသွားပြီလေ။ ဘာလို့ ငါ့ရဲ့သီးခြားတာဝန်က မပြည့်စုံသေးတာလဲ”
စနစ်က ပြောလိုက်သည်။ “ဒုတိယတာဝန်က ပထမတာဝန်နဲ့ ဆက်စပ်နေတယ်လေ။ ပထမတာဝန်ကလည်း ဒုတိယတာဝန်နဲ့ ဆက်စပ်နေတာပဲ။ ဒီတော့ လက်ခံသူအနေနဲ့ တချိန်တည်းမှာ ပြည့်စုံအောင် ပြုလုပ်မှ ဖြစ်မယ်နဲ့ တူတယ်”
“.......”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားခဲ့သည်။
သူသည် အသာခုန်ချလိုက်ပြီးသည့်နောက် ကြီးမားလှသည့် အိပ်ယာကြီးရှိသည့် အိပ်ခန်းထဲသို့ ဝင်ရောက်လိုက်၏။ သူမ၏ အလုပ်များကို သေသေချာချာ ပြုလုပ်လျက်ရှိသော နှင်းဆီဧကရီကို ကြည့်ရှုကာ ထူးမခြားနားသလို ပြောလိုက်၏။ “ခင်ဗျားဆုံးရှုံးသွားတဲ့ အရာ အားလုံးကို ပြန်ရအောင် ကူညီပြီးပြီလေ။ ဒီတော့ ခင်ဗျားနဲ့ တူညီတဲ့ အဆင့်အတန်း ကျုပ်ကို ပေးတော့”
နှင်းဆီဧကရီသည် ခေါင်းကိုမော့ကာဖြင့် အလွန်လှပသည့်အပြုံးတစ်ခု ပြုံးကာ ပြောလိုက်၏။ “ကျွန်မနဲ့ တူညီတဲ့ အဆင့်အတန်းဆိုတာက ဘုရင့်ကိုယ်စားအုပ်ချုပ်သူပဲလေ။ ရှင်ကျွန်မကို လက်ထပ်ချင်လို့လား။ ဒါမှမဟုတ် ကျွန်မ ရှင့်ကို လက်ထပ်ရမှာလား”
“ကျေးဇူးပြုပြီး”
ကျွင်းချောင်ရှောင်းက အော်လိုက်သည်။ “ယောက်ျားက မိန်းမကို လက်ထပ်တာနဲ့ မိန်းမက ယောက်ျားကို လက်ထပ်တာနဲ့ တူတူပဲ မဟုတ်ဘူးလား”
“အင်း... တူတူပါပဲ”
နှင်းဆီဧကရီသည် သူမ၏လက်ထဲတွင် ရှိနေသော စာအုပ်ကို အသာချကာဖြင့် စားပွဲပေါ်တွင် ပျင်းရိစွာမှီလိုက်၏။ သူမသည် အသာမေးထောက်ကာ မျက်လုံးများ ပုတ်ခတ်ပုတ်ခတ် ပြုလုပ်၍ ပြုံးလိုက်မိသည်။ “ရှင်က ဘုရင့်ကိုယ်စားအုပ်စိုးသူ ဖြစ်ချင်တယ်ဆိုရင် ကျွန်မကို လက်ထပ်ဖို့ စဉ်းစားမှ ဖြစ်လိမ့်မယ်လေ”
သူမ ဤကဲ့သို့ မျက်စိများ ပေကလပ် ပေကလပ် ပြုလုပ်နေခြင်းသည် အလွန်ပင် ချစ်စရာကောင်းလှ၏။
ကျွင်းချောင်ရှောင်းသည် သူမ၏ဘေး ထိုင်ခုံပေါ်တွင် ထိုင်ကာဖြင့် ပြောလိုက်မိသည်။ “ဧကရီနဲ့ တူညီတဲ့ အဆင့်အတန်း တစ်ခုကို ပေးလေ။ ဥပမာအားဖြင့် မင်းဆရာဖြစ်ဖြစ်၊ နိုင်ငံ့ကာကွယ်သူ၊ အစောင့်အရှောက် စသဖြင့်ပေါ့”
“မရဘူး”
နှင်းဆီဧကရီက ပြောလိုက်သည်။ “တူညီတဲ့အဆင့်အတန်းဆိုတာ ဘုရင့်ကိုယ်စား အုပ်စိုးသူပဲ ရှိတယ်လေ။ အဲတာ ကျွန်မရဲ့ ယောက်ျားမှ ဖြစ်မှာ”
“ခင်ဗျား”
“ကျွန်မ ဆုံးဖြတ်ပြီးပြီ”
နှင်းဆီဧကရီက ပြောလိုက်သည်။ “မနက်ဖြန် တစ်လောကလုံးကို ကြေညာမယ်လေ။ ကျွန်မတို့ မင်္ဂလာဆောင်ကို မနက်ဖြန်အဖြစ် သတ်မှတ်လိုက်ပြီ”
ကျွင်းချောင်ရှောင်းသည် အေးစက်စက်ဖြင့် ပြောလိုက်သည်။ “တောင်းပန်ပါတယ်။ ကျုပ် ခင်ဗျားကို မယူချင်ဘူး”
စနစ်က ပြောလိုက်သည်။ “လက်ခံသူ... သီးခြားတာဝန်ပြည့်စုံအောင် သူမနဲ့ ပူးပေါင်းမှ ဖြစ်မယ်နဲ့တူတယ်။ ဆုလာဘ်တွေ ရပြီးသွားရင် မင်းထွက်သွားလို့ရတာပဲ”
“ချီးတဲ့မှ...”
ကျွင်းချောင်ရှောင်းက အော်ဟစ်လိုက်သည်။ “ဒါက ပြဇာတ်ဆန်လွန်းတယ်”
စနစ်က ပြောလိုက်သည်။ “ကြီးမားတဲ့ အောင်မြင်မှုကို ရယူချင်တဲ့လူက ဒီလိုကိစ္စမျိုးတွေကို မလွှဲမသွေ ပြုလုပ် ရမှာပဲ။ ပြီးတော့ မင်းအနေနဲ့ ဒီမိန်းမကို လက်ထပ်လိုက်မယ်ဆိုရင် ဝိညာဉ်ကုန်းမြေတိုက်ကြီးမှာရှိတဲ့ သိုင်းအရင်း အမြစ်တွေ အကုန်လုံးကို လက်ထဲရောက်သလို ဖြစ်မှာမဟုတ်ဘူးလား”
“ဒါက”
ကျွင်းချောင်ရှောင်းသည် အတွေးနက်လျက်ရှိသည်။ သူသည် စိတ်ထဲမှာ ကြိတ်ကာ တွေးတောမိနေတော့၏။ “ငါ... ဘာလုပ်ရမလဲ။ အလျင်လိုနေပြီ။ ဘာတွေလုပ်ရမလဲ”