အခန်း (၁၁၃၀)
Vol. 76 Ch. 1130
ခန်းမသခင်သုံးယောက်တို့သည် နှစ်ပေါင်းတစ်သောင်းကျော်ကြာ အိပ်မောကျခဲ့၏။ ၎င်းတို့၏ ဒဏ်ရာများသည် အခြေခံအားဖြင့် ပြန်လည်ကောင်းမွန်သွားခဲ့ပြီဖြစ်သည်။ ၎င်းတို့ဝိညာဉ်များ၏ ဒဏ်ရာများကို ပြန်လည် ကုသနိုင်ရန်အတွက် သွေးမျိုးဆက် ရေကန်ထဲသို့ ရောက်ရှိပြီးသည့်နောက်မှာတော့ အရာအားလုံး ပြန်လည် အဆင်ပြေသွားခဲ့တော့သည်။
နှင်းဆီဧကရီမှာတော့ ခြားနားလွန်းလှ၏။ သူမ၏ ဒဏ်ရာများသည် အလွန်တရာ ပြင်းထန်လွန်းလှသည်။ ဆေးစွမ်းအင် သို့မဟုတ် အချိန်ကို အသုံးပြုကာဖြင့် ပြန်လည် ကုစားမှ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် နှစ်အနည်းငယ် သို့မဟုတ် ဆယ်စုနှစ်ပေါင်းများစွာပင် ကြာမြင့်နိုင်၏။
ကျွင်းချောင်ရှောင်းသည် သူမကို အနိုင်ယူခဲ့၏။ ထို့ကြောင့် ကြီးမားသည့် ပေးဆပ်မှုမျိုးကို ပြန်လည် ပေးဆပ်ရမှာ သေချာသည်။ အဘယ့်ကြောင့် ရက်အနည်းငယ်အတွင်း ပြန်လည်ကာ ကောင်းမွန်သွားရသနည်း။ တစ်စုံတစ်ခု ထုူးခြားနေခြင်းသာ ဖြစ်ပေလိမ့်မည်။
နှင်းဆီဧကရီသည် သူမ တွက်ချက်ထားသည့်အတိုင်း ကျွင်းချောင်ရှောင်း အား အမှီအခိုပြုကာဖြင့် ဒဏ်ရာများအား ပြန်လည်ကောင်းမွန်ချင်သည့် မျှော်လင့်ချက်ကို မစွန့်လွှတ်ချင်ပေ။
“တောင်းပန်ပါတယ်”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ကျုပ် ခင်ဗျားရဲ့ ဒဏ်ရာတွေကို ကုသမပေးနိုင်ဘူး”
သူ့အနေနှင့် ဤအမျိုးသမီးနှင့် တိုက်ခိုက်ရင်း ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့ခြင်း မဟုတ်ပေ။ ဝှက်ဖဲများ ကို ထုတ်ဖော် အသုံးပြုခဲ့သောကြောင့် ဘေးထွက်ဆိုးကျိုးကို ခံစားခဲ့ရခြင်းသာဖြစ်၏။ ထို့ကြောင့် အချိန်နှင့် တည်နေရာလျှို့ဝှက်နယ်မြေအား အသုံးပြုကာ ဒဏ်ရာများကို ပြန်လည်ကုစားခဲ့ခြင်းပင် ဖြစ်တော့သည်။
နှင်းဆီဧကရီမှာတော့ ခြားနားလွန်းလှသည်။ သူမသည် အလွန်တရာ ပြင်းထန်သောဒဏ်ရာကို ရရှိခဲ့ခြင်း ဖြစ်သည်။ သူမ သည် ထိုအရာများကို ကုသနိုင်ရန်အတွက် ဆေးစွမ်းအင် သို့မဟုတ် ဆေးလုံးများကို အမှီအခိုပြုမှ ဖြစ်ပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် ထိုအရာနှစ်ခုလုံးတွင် ကျွမ်းကျင်လှသူတစ်ယောက် မဟုတ်ပေ။ ထိုမျှမက အဆင့်မြင့် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးလည်း သူ့တွင် မရှိချေ။ ထို့ကြောင့် ကူညီခြင်းငှာ မတတ်စွမ်းနိုင်ပေ။
စွန်ပုကုံးသာ ရှိမည်ဆိုပါက မျှော်လင့်ချက် ရှိနေသေး၏။ ထို့အပြင် ဤကောင်လေးသည် မျက်နှာတစ်ရာ သူတော်စင်ဆီမှ ရရှိသော ဆေးပညာစာအုပ်များကို ဖတ်ရှုကာ နှစ်ပေါင်းများစွာ လေ့လာနေခဲ့သည့် သူတစ်ယောက် မဟုတ်ပါလား။
“ရှင်က ဓားအကြောင်းလည်းသိတယ်။ အစီအရင်အကြောင်းလည်းသိတယ်။ ဒါပေမဲ့ ဆေးအကြောင်းကို မသိဘူးပေါ့” နှင်းဆီဧကရီသည် သူ့အား ကြည့်ရှုလိုက်၏။
“.......”
ကျွင်းချောင်ရှောင်းသည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “ကျုပ်က အနှိုင်းမဲ့ သိကျွမ်းတဲ့လူတစ်ယောက်မှ မဟုတ်တာ”
နှင်းဆီဧကရီက ပြောလိုက်သည်။ “တကယ်လို့ ကျွန်မရဲ့ဒဏ်ရာတွေ ပြန်ပြီးကောင်းမလာဘူးဆိုရင် ကျွန်မက အဲဒီ နတ်ဘုရားစွမ်းရည် ထုတ်ဖော်အသုံးပြုလို့ မရဘူးလေ။ ဒီတော့ ရှင့်အနေနဲ့ ပြန်လည်ကောင်းမွန်လာတဲ့အထိ စောင့်နေဖို့ပဲ တတ်နိုင်တော့မယ်”
“ဒါဆိုလည်း စောင့်ရတော့မှာပေါ့” ကျွင်းချောင်ရှောင်းသည် ပခုံးကိုတွန့်ကာ မတတ်နိုင်သလိုပင် ပြောဆိုလိုက် တော့သည်။ သူနှင့် နှင်းဆီဧကရီတို့သည် ဟန်ပြအတွက်သာ လက်ထပ်ထားကြခြင်းဖြစ်သည်။ တစ်ယောက်နှင့် တစ်ယောက် ဘာတစ်ခုမှ မသက်ဆိုင်ကြချေ။ ထို့ကြောင့် လင်မယားဆိုသည့် သတ်မှတ်ချက်ကြောင့် အထူးလိုက်လျောနေစရာ မလိုအပ်ဟု သူ သတ်မှတ်ထားသည်။
စနစ်က ပြောလိုက်သည်။ “လက်ခံသူအနေနဲ့ ဖြစ်နိုင်သမျှ အမြန်ဆုံး ဂိုဏ်းစုဆောင်းမှတ်တစ်သိန်းကို ကုန်အောင် သုံးဖို့သင့်တယ်”
“ဟုတ်တယ်။ ဟုတ်တယ်”
ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်ကာ ပြောလိုက်၏။ “ကျုပ်သွားပြီး လေ့ကျင့်တော့မယ်”
နှင်းဆီဧကရီသည် ကျောက်ခန်းမဆောင်ထဲမှ အသာလှမ်းလျှောက်ထွက်သွားသော သူအားကြည့်ရင်း မျက်လုံး ထဲတွင် အခဲမကျေသလို အရိပ်အယောင်များနှင့် ပြည့်နှက်သွားတော့သည်။
သူမ၏ အလှအပသည် အားနည်းလွန်းနေသည်လား။ ဟန်ပြလက်ထပ်ထားသည်ဆိုလျှင်တောင်မှ သူမအား မျက်စိထဲသို့ ထည့်ထားသင့်တယ် မဟုတ်ပါလား။
“လက်ထပ်ထားပြီးတဲ့နောက်မှာ သူ့ကို ငါ့ဘေးနား တစ်သက်လုံး ထားနိုင်လိမ့်မယ် ထင်ခဲ့တာ”
နှင်းဆီဧကရီသည် နာနာ ကျင်ကျင် ပြောလိုက်မိ၏။ “အခု ကြည့်ရတာ အတွေးလွန်ခဲ့တာပဲ”
ကျွင်းချောင်ရှောင်းတစ်ယောက် သူမဘေးနားတွင် နေထိုင်ရင်း သူမအား ကူညီမည်ဟု မျှော်လင့်ခဲ့မိ၏။ ကံဆိုးစွာဖြင့် ကျွင်းချောင်ရှောင်းသည် ငြိမ်ငြိမ်သက်သက်ဖြင့် သူ၏ဂိုဏ်းကိုသာ ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ချင် နေမိသည်။ တခြားသောသူများကို ကူညီကယ်ဆယ်ရန် ရည်မှန်းချက်လည်း မရှိချေ။
၎င်းတို့ နှစ်ယောက်သည် တူညီသည့်အတွေးအခေါ်နှင့် လုပ်ကိုင်ပုံများရှိသော်လည်း အကြံအစည်နှင့် စဉ်းစားနိုင်မှုများမှာတော့ ခြားနားလွန်း လှ၏။
တစ်ယောက်သည် စနစ်၏ ကန့်သတ်ချက်သာ မရှိသည်ဆိုပါက တစ်လောကလုံးသို့ လှည့်လည်လျှောက်သွားကာ ဖြင့် အပူအပင်ကင်းသည့်ဘဝကို နေထိုင်ချင်မိ၏။ သို့ပေမဲ့ ဂိုဏ်းကြောင့် ဂိုဏ်းအပေါ်သာ အာရုံစိုက်ပြီး ပျော်ပျော်ပါးပါး လျှောက်မသွားနိုင်ချေ။
အခြားတစ်ယောက်မှာတော့ ၎င်း၏မျိုးနွယ်များ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် တခြားသောဂြိုဟ်များဆီသို့ သွားရောက်ကာ လှည့်လည်တိုက်ခိုက်ခြင်းကို ပြုမူနေရသည်။ မိမိပိုင် ဂြိုဟ်၌ မနေနိုင်ခဲ့ပေ။
ဘုရင့်ကိုယ်စားအုပ်စိုးသူ ဖြစ်လာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ကိုယ်ပိုင်နန်းတော်တစ်ခုကို ပိုင်ဆိုင်ခဲ့၏။
ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးသည် မဆိုးရွားလှချေ။ တောင်တန်းများ၊ မြစ်ချောင်းများနှင့် ရေကန်များလည်း တည်ရှိလို့နေ၏။ အားလပ်သည့်အချိန်တိုင်းတွင် သူသည် ဤနေရာတွင် ငါးမျှားနိုင်စွမ်းရှိသည်။
လက်ရှိအခြေအနေမှာတော့ သူသည် ငါးမျှားခြင်းနှင့် ရေကူးခြင်းကို စိတ်မဝင်စားလှချေ။ အိပ်ခန်းအတွင်းတွင် ထိုင်လျက်ရှိပြီး အဆင့်မြင့်စတိုးအား ဖွင့်လိုက်တော့၏။ ဂိုဏ်းစုဆောင်းမှတ် တစ်သိန်းဆိုသည်မှာ များပြားလွန်း လှ၏။
“ငါ့ရဲ့မင်္ဂလာဆောင်အတုက အလကားမဟုတ်ဘူးပဲ”
ကျွင်းချောင်ရှောင်းသည် စတိုးအား သေသေချာချာ ဖွင့်ကြည့် ပြီးသည့်နောက် လက်နက်မျိုးစုံ၊ အဆောင်နှင့် ဆေးလုံး ဖော်မြူလာများအားလုံးကို ဝယ်ယူရန် ဂိုဏ်းစုဆောင်းမှတ်များ အားလုံးကို အသုံးပြုတော့၏။
အဆင့်မြင့်စတိုးထဲတွင် ရောင်းချသော ပစ္စည်းများအားလုံးသည် အလွန် အသုံးဝင်လွန်းလှ၏။ သို့ပေမဲ့ ဈေးနှုန်းများတော့ ကြီးလွန်းလှချေသည်။ ဈေးအပေါဆုံး အရာဆိုလျှင်ပင် ဂိုဏ်းစုဆောင်းမှတ် တစ်သောင်းကုန်ကျပြီး တချို့ဆိုလျှင် ဂိုဏ်းစုဆောင်းမှတ် နှစ်သောင်းတောင် ကုန်ကျသေးသည်။
“အမ်”
လက်နက်နှင့် အသုံးအဆောင်ပစ္စည်းနှစ်ခုကို ဝယ်ယူပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အဆင့်မြင့် အသိအမြင် အဆောင် စေနစ်ကပြောလိုက်သည်။ “အဟုတ်ပဲ။ လက်ခံသူအနေနဲ့ အဆင့်မြင့်စတိုးကို Refresh လုပ်ရတဲ့ အကျိုးကျေးဇူးကို အခု ခံစားနေရပြီ”
“ဒင်... လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် တစ်သောင်းအား အသုံးပြုပြီးသည့်နောက် အဆင့်မြင့် အသိအမြင်အဆောင် ဖော်မြူလာတစ်ခုအား ဝယ်ယူခဲ့သည်။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ”
“ဒင်.... ဂိုဏ်းစုဆောင်းမှတ် - ၁၄၀၀၀၀ / ၇၀၀၀၀”
သူ့အနေနှင့် ထျန်းကျွင်းဝိညာဉ်သန့်စင်ခြင်း နည်းစနစ်ကို မကျွမ်းကျင်သေးချေ။ အဘယ်ကြောင့်ဆိုသော် အသိအမြင်အဆောင်၏ အရည်အသွေးသည် နိမ့်ပါးနေသောကြောင့်ပင် ဖြစ်၏။ လက်ရှိအခြေအနေမှာတော့ အဆင့်မြင့် အသိအမြင်အဆောင်ကို ရရှိတော့မည် ဖြစ်သည်။ ထို့ပြင် သူ၏ အဆင့် တိုးတက်လာသည်နှင့်အမျှ သိုင်းပညာရပ်များကို ပိုမိုကာ ထိတွေ့လာခဲ့ရ၏။ သူ့အနေနှင့် တခြားသောသူများရှေ့တွင် ဆရာကြီးပုံစံမျိုး ပြုလုပ် ချင်သည်ဆိုပါက ဤကဲ့သို့သော အရာမျိုးကို ကျိန်းသေပေါက် လိုအပ်နေပေ၏။
အသိအမြင်အဆောင်ကို ဝယ်ယူပြီးသည့်နောက်မှာတော့ ထိုအဆောင်သည် အဆောင်ခန်းမဆောင်နှင့် အလိုအလျောက် လိုက်ဖက်ညီသွားခဲ့၏။ ပါဝင်သည့်ပစ္စည်းများသည် အဆင့်မြင့်သလင်းအမြူတေ အမျိုးအစား ငါးဆယ်ကျော် ပါဝင်တော့သည်။ ဖြည့်စွက်ပစ္စည်းမှာမူ အဆင့်မြင့် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးပင် ဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် နားမလည်နိုင်သေးချေ။ တစ်စုံတစ်ယောက်၏ သိုင်းပညာနှင့်ပတ်သက်သော နားလည်နိုင်မှုကို တိုးတက်စေရန်အတွက် ဖန်တီးပြုလုပ်ရသည့်အဆောင်၌ အဘယ်ကြောင့် ပြန်လည် ကောင်းမွန်ခြင်းဆေးလုံးက ပါဝင်နေရသနည်း။
စနစ်က ပြောလိုက်သည်။ “ဒါက နည်းပညာရဲ့ စွမ်းအင်ပေါ့ကွ”
“.......”
ကျွင်းချောင်ရှောင်းသည် ၎င်းအား လျစ်လျှူရှုထားလိုက်တော့၏။ ပါဝင်ပစ္စည်းများကို ကြည့်ရှုပြီးသည့်နောက် ရရှိ နိုင်သည့်အရာမျိုး ဖြစ်သည်မို့ ကျွင်းချောင်ရှောင်းသည် တစ်ခုကို စမ်းသပ်ကာ သန့်စင်ပြုလုပ်တော့၏။ အသိအမြင် အဆောင် သန့်စင်ရခြင်းသည် အချိန်အနည်းငယ် လိုအပ်နေသည့်အတွက်ကြောင့် သူသည် အဆင့်မြင့် လက်နက် နှင့် အသုံးအဆောင် ပစ္စည်းများကို အချိန်ကို အသုံးပြုကာ ဝယ်ယူလျက်ရှိနေတော့၏။
လက်ရှိ အားအင်အဆင့်အရဆိုလျှင် နတ်ဘုရားအဆင့် သို့မဟုတ် နတ်ဘုရားအဆင့်နှင့်အထက် ပစ္စည်းများ မဟုတ်ပါက သူ့အနေနှင့် ဂရုမစိုက်ချေ။ ထို့အဆင့်များ၏အောက် အရာတစ်ခုကို ဝယ်ယူမည်ဆိုပါက သူ၏ တပည့်များ အတွက်သာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူသည် နာမည်နှင့် အသုံးဝင်ပုံများကို ဂရုမစိုက်ချေ။ အဆင့်ကို ကြည့်ရှုလိုက်ပြီးသည့်နောက် တန်း၍ ဝယ်ယူတော့သည်။
“ကောင်းပြီ”
သူ၏ဂိုဏ်းစုဆောင်းမှတ်များသည် ခုနှစ်သောင်းတိတိ ဖြစ်သွားသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း၏ အစွဲအလန်းကြီးပြီး ကြောင်တောင်တောင်နိုင်သည့် စိတ်ဓာတ်သည် ပြန်လည်ကာ ကောင်းမွန်သွားခဲ့တော့၏။၊ သို့ပေမဲ့ စတိုးဆီမှ ထွက်ရန် ပြင်လိုက်သည့်အချိန်မှာပဲ အထူး ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံး၏ ဖော်မြူလာအား ရှာဖွေတွေ့ရှိလိုက်၏။
“ဒါက ပစ္စည်းကောင်းတစ်ခုပဲ”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွား၏။ အထူး ပြန်လည် ကောင်းမွန်ခြင်းဆေးလုံး ဆိုသည်မှာ သိုင်းအုပ်စိုးသူနှင့် သိုင်းနယ်မြေကျင့်ကြံသူများကိုပင် သက်ရောက်နိုင်စွမ်း ရှိနေ၏။ ထို့ကြောင့် သူ့အနေနှင့် အပြင်ဘက်သို့ထွက်၍ ဘာမဆို ပြုနိုင်သည့်အစွမ်း ရှိတော့မှာ သေချာ၏။ ဤအရာသည် အသက်နှစ်သက်ကို ပိုင်ဆိုင်နိုင်သည့် ဆေးလုံးပင် ဖြစ်သည် မဟုတ်ပါလား။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီအချိန်မှာ ငါလက်ရှိသိမ်းထားရမယ်”
သူသည် အထူးပြန်လည် ကောင်းမွန်ခြင်းဆေးလုံး ဖော်မြူလာအား ဝယ်ယူရန်အတွက် ဂိုဏ်းစုဆောင်းမှတ် တစ်သောင်းကို ထပ်မံကာ အသုံးပြုခဲ့တော့သည်။ ထိုဆေးလုံး၏ ဖော်မြူလာသည် ဆေးလုံးခန်းမဆောင်နှင့် အလိုအလျောက် လိုက်ဖက်ညီ သွားတော့၏။ ပါဝင်သည့်ပစ္စည်းများကို ကြည့်ရှုပြီးသည့်နောက်မှာတော့ သူသည် ခေါင်းကို ခါယမ်းလိုက်မိသည်။ “ဒါက ပစ္စည်းတွေ အရမ်းများလွန်းတာပဲ”
စနစ်က ပြောလိုက်သည်။ “မြင့်မားတဲ့ ကျင့်ကြံခြင်းအဆင့် ပိုင်ဆိုင်တဲ့လူကိုတောင် ကုသနိုင်တယ် ဆိုတော့ ပါဝင်ပစ္စည်းတွေ များတယ်ဆိုတာ သာမန်ပဲ မဟုတ်ဘူးလား”
ကျွင်းချောင်ရှောင်းသည် ဘာတစ်ခုမှ မပြောချေ။ သိုလှောင်လက်စွပ်ထဲမှ အစီအရင်ပင်ကိုယ်စွမ်းရည် ဆေးပုလင်းကို ထုတ်ယူကာ ပြောလိုက်သည်။ “ငါ့အနေနဲ့ သိုင်းပညာ တာအိုတွေပဲ လေ့လာနေခဲ့တာဆိုတော့ အစီအရင်တာအိုကို လက်ရှိမှာ မလေ့လာနိုင်ခဲ့ဘူးလေ။ ဒီဟာကို အသုံးပြုပြီးတော့ တိုးတက်အောင် လုပ်မှဖြစ်မယ်”
စနစ်သည် ဆွံ့အသွားမိ၏။ “မသိရင် သိုင်းပညာတာအိုကို နေ့နေ့ညည အပတ်တကုတ် ကြိုးစားခဲ့သလိုမျိုး ပြောနေပါ့လား”
သူ့အနေနှင့် သိုင်းပညာတာအိုသာမက ဓားတာအိုကိုလည်း တစ်ခါမှ မလေ့ကျင့်ခဲ့ဘူးချေ။ သူ့အနေနှင့် စနစ်ဆီမှ ရရှိသော ပစ္စည်းများ၊ အဆောင်များကို အသုံးပြု၍ အဆင့်တက်ခဲ့ခြင်းသာ ဖြစ်တော့၏။
“ဒီတော့ ငါက မောက်မာ လွန်းနေလား”
သူသည် အလွန်တရာ မောက်မာလွန်းလျက် ရှိနေတော့၏။ စနစ်သည် စည်းမျဉ်းစည်းကမ်းများ တင်းကျပ်ထားခြင်း သာမရှိပါက အပြင်ဘက်သို့ထွက်၍ ကန်ကျောက်မိမှာ သေချာသည်။
ဂလု …။
အစီအရင် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးရည်ကို သောက်သုံးလိုက်ချိန်မှာတော့ ငှက်အစိမ်းကြီး တစ်ကောင် ကို မျိုချရသလို အရသာမျိုးရရှိခဲ့၏
ဟူး ဟူး …။
စွမ်းအင်လှိုင်းများ လှိမ့်တက်လာပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ အစီအရင် တာအိုသည် ထပ်မံကာ တိုးတက် သွားခဲ့ပြန်တော့သည်။ သူသည် လက်နှစ်ဖက်ကို အသာမြှောက်ပြီးသည့်နောက်မှာတော့ အတွေ့အကြုံအဆောင် အခုနှစ်ဆယ်ကို လက်ကြားတွင်ညှပ်ကာ ကိုင်ဆောင်လိုက်၏။
“ဒီလောက်များတဲ့ အတွေ့အကြုံအဆောင်တွေနဲ့ဆိုရင် အဆင့်နှစ်ဆင့်ကို တက်နိုင်လောက်တယ်”
ဖြောက် ဖြောက် ဖြောက် ဖြောက်
သူသည် ထိုအရာများအားလုံးကို ချိုးချေလိုက်ပြီးသည့်နောက်မှာတော့ အလွန်တရာ ဆန်းကြယ်လှသော စိတ်ဝိညာဉ်စွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်၌ စုစည်းလာခဲ့တော့သည်။
“ဒင်... လက်ခံသူသည် အဆင့်လေး ဓားနှင့်သိုင်းသူတော်စင်အဆင့်ကို ချိုးဖြတ်ခဲ့သည်”
“ဒင်... လက်ခံသူသည် အဆင့်ငါး ဓားနှင့်သိုင်းသူတော်စင်အဆင့်ကို ချိုးဖြတ်ခဲ့သည်”
“ထင်ထားတဲ့အတိုင်းပဲကိုး”
ကျွင်းချောင်ရှောင်းသည် တိကျသေချာစွာ ပြောလိုက်၏။ “အတွေ့အကြုံအဆောင် ဆယ်ခုဆိုတာ ငါ့ကို အဆင့်တစ်ခု တိုးတက်အောင် ပြုလုပ်ပေးတာပဲ”
သူ့အနေနှင့် အတွေ့အကြုံအဆောင်များကို ချိုးဖြတ်လိုက်ပြီးသည့်နောက် မည်သည့်ခံစားချက်မှ မရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာများကို အသားကျနေပြီ ဖြစ်သောကြောင့် ဖြစ်သည်။ သူသည် ဂိုဏ်းစုဆောင်းမှတ် များကို အသုံးပြုသည်။ လက်ရှိ အခြေအနေမှာတော့ အစီအရင် တာအိုသည် ပိုမိုကာ တိုးတက်သွားသည်။ သူ၏ အဆင့်သည်လည်း အဆင့်သုံး ဓားနှင့်သိုင်းသူတော်စင် အဆင့်မှာသည် အဆင့်ငါး ဓားနှင့်သိုင်းသူတော်စင် အဆင့်ဆီသို့ ရောက်ရှိသွားခဲ့၏။
အရာအားလုံး ပြုလုပ်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အဆင့်မြှင့်တင် အသွင်ပြောင်းနိုင်သော စိတ်ဝိညာဉ်ကျောက်တုံးကို ထုတ်ကာ ကြည့်ရှုလိုက်သည်။ “ဒါက အဓိကပဲ။ ငါ့ရဲ့ ရတနာလေးပဲလေ”
ဝိညာဉ် အားအင်များသည် ထိုအရာလေးဆီမှ ထွက်ပေါ်လျက် ရှိနေတော့သည်။
စနစ်က သတိပေးလိုက်၏။ “လက်ခံသူ... စည်းဓားမော့ကို အဆင့်မြှင့်တင်လိုက်မယ်ဆိုရင် လက်ရှိ မင်းရဲ့ သိုလှောင်လက်စွပ်ထဲမှာ ရှိနေတဲ့ စည်းဖွင့်ခြင်းအဆောင်နှစ်ခုက အသုံးပြုလို့ မရတော့ဘူးနော်”
“ဟုတ်သားပဲ”
ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် သူ၏ အသက်ဓာတ်များနှင့် စိတ်ဝိညာဉ်ကျောက်တုံး ပေါင်းစပ်မှုကို ပြန်လည်ရုတ်သိမ်းလိုက်တော့သည်။
စည်းဓားမော့ကြီးကို အဆင့်မြှင့်တင်လိုက်ခြင်းသည် ကောင်းမွန်သည့်အရာတစ်ခု ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဒုတိယမြောက် အဆင့်မြှင့်တင်ပြီးနောက် နှင်းဆီဧကရီကဲ့သို့သော စွမ်းအားမြင့် ကျင့်ကြံသူနှင့်ပင် ရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့တော့၏။
ထို့ကြောင့် သူ၏ လက်နက်သည်သာ ပိုမိုကာ အားကောင်းသွားမည်ဆိုပါက အလွန်တရာ အကျိုးရှိစေမည့် ကိစ္စပင် ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ သူ့၌ စည်းဖွင့်ခြင်းအဆောင်နှစ်ခု ရှိနေသေးသည်။ ထိုအရာကို အလဟသ အဖြစ် မခံနိုင်ချေ။