← Chapters

အခန်း (၁၁၃၁)

Vol. 76 Ch. 1131

အခန်း (၁၁၃၁)

Vol. 76 Ch. 1131

ကျွင်းချောင်ရှောင်းသည် စည်းဓားမော့ကြီးကို အသွင်မပြောင်းခင်တွင် စည်းဖွင့်ခြင်းအဆောင်နှစ်ခုကို အသုံးပြုရန် ဆုံးဖြတ်လိုက်၏။ ထို့ကြောင့် အဆင့်မြှင့်တင်သည့်အခြေအနေအား ခဏတာ ရပ်တန့်လိုက်တော့၏။

“မပြေးနဲ့။”

“အရူးမလို့ ကြောက်ရမှာပေါ့။”

ထိုအချိန်မှာပဲ အသံများသည် သူ၏နားထဲ၌ ပေါ်ပေါက်လာခဲ့သည်။

အလန့်တကြားဖြင့် လှမ်း၍ ကြည့်ရှုလိုက်သည့်နောက်မှာတော့ နိုးထလာခဲ့သော အချိန်နှင့်တည်နေရာပိုးကောင် နှစ်ကောင်တို့သည် တစ်ယောက်က တစ်ယောက်ကို လိုက်ရင်းတိုက်ခိုက်လျက်ရှိနေ၏။

ဘာတွေဖြစ်ပွားနေသနည်း။

ဆွစ် ဆွစ် ….။

ကျွင်းချောင်ရှောင်းသည် တည်နေရာနှင့်အချိန်ပိုးကောင်နှစ်ကောင်အား အသာလှမ်း၍ ကြည့်ရှုလိုက်တော့သည်။ အချိန်အတော်ကြာ နောက်မှလိုက်ခြင်းခံရသည်မို့ အရှေ့မှတစ်ယောက်သည် အလွန်တရာ ဒေါသထွက်စွာဖြင့် ပြေးနေရတော့သည်။

အနောက်မှလိုက်နေသည့်လူသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏ “အရှက်မဲ့လှတဲ့ကောင်။”

အသံထွက်ပေါ်သည်ကို ကြည့်ရှုလိုက်မည်ဆိုလျှင် ဤသတ္တဝါသည် အမ ဖြစ်မှာသေချာလှ၏။

“လာစမ်း …. လာလိုက်စမ်းပါ။”

အရှေ့မှ ပြေးလွှားလျက်ရှိနေသော အချိန်နှင့်တည်နေရာပိုးကောင်မှာမူ ၎င်း၏အမြှီးကို မြှောက်ကာဖြင့် ဂုဏ်ယူ ဝင့်ကြွားစွာ ရှိနေသေးသည်။

၎င်းတို့သည် အိပ်ပျော်နေကြသည်မဟုတ်လား။ အဘယ်ကြောင့် နိုးထလာရသနည်း။

ဤနေရာတွင် ဇာတ်လမ်းအရှည်ကြီး ရှိနေသည်။ သို့ပေမဲ့ အဖြစ်အပျက်မှာတော့ ရိုးရှင်းလှသည်။ တစ်ခြားသော အချိန်နှင့်တည်နေရာပိုးကောင်သည် သိုလှောင်လက်စွပ်ထဲသို့ ဝင်ရောက်ပြီးသည့်နောက်မှာတော့ အိပ်မောကျလျက် ရှိနေသော ကျွင်းချောင်ရှောင်း၏ ပဋိညာဉ်သားရဲသည် မျိုးနွယ်တူ၏ အနံ့အသက်ကို ရရှိလိုက်၏။ ထို့ကြောင့် နိုးထလာခဲ့တော့သည်။

အထူးသဖြင့် ဤအရာမှာ ကောင်မလေးတစ်ယောက်ဖြစ်ကြောင်းကို သိရှိလိုက်သည့်အချိန်မှာတော့ မည်သို့မျှမနေနိုင်ပဲ သွားရောက်ကာ နမ်းရှိုက်၍ နိုးထစေခဲ့တော့သည်။ ထိုကဲ့သို့သောလုပ်ရပ်ကြောင့်ပင် အမသတ္တဝါလေးသည် အရှေ့တွင်ရှိနေသော ကျွင်းချောင်ရှောင်း၏ ပဋိညာဉ်သားရဲအား လိုက်လံကာ တိုက်ခိုက်နေခြင်းဖြစ်၏။

“လာစမ်း … လာစမ်း။”

ဘန်း …။

အချိန်နှင့်တည်နေရာပိုးကောင်အထီးလေးသည် ဟန်ထုတ်ကြွားဝါကာ အရှေ့မှပြေးလျက်ရှိနေတုန်းမှာပဲ ကျွင်းချောင်ရှောင်းသည် ၎င်း၏ ဦးခေါင်းကို လက်ညှိုးနှင့် အသာတောက်ကာ ပြောလိုက်၏။ “ငါ့ကိုရှင်းပြအုံး။”

……..

“ငါသိပြီ။”

အရာအားလုံးကို နားထောင်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သိုလှောင်လက်စွပ်ထဲတွင် သိစိတ် ခန္ဓာကိုယ်ဖြင့် ခြေချိတ်ကာ ထိုင်လျက်ရှိနေသည်။ သူ၏ အချိန် နှင့် တည်နေရာပိုးကောင်နှင့် ဧကရီလင်းပင်၏ အချိန်နှင့် တည်နေရာပိုးကောင်တို့အား လှမ်း၍ကြည့်ရှုကာ ပြောလိုက်တော့သည်။

“ကြည့်ရတာ အချိန်နဲ့တည်နေရာမျိုးပိုးကောင်တွေကလည်း အထီးတွေ ၊ အမတွေရှိသေးတာကိုး။”

“ရှိတာပေါ့။ မဟုတ်ရင် ဘယ်လိုလုပ် မျိုးပွားမှာလဲ။”

ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။

“မင်းတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ပုံစံတူတယ်လေ။ ဒီတော့ မင်းတို့ကို ငါနာမည်ပေးမယ်။ ကျူကျီနဲ့ စွေ့ဟွာလို့ ခေါ်မယ်။”

စနစ် “….…”

ကုန်းရှန့်လိုမျိုးကဲ့သို့ ကောင်မျိုးသာလျှင် ဤကဲ့သို့ ကြောင်တောင်တောင်နာမည်မျိုးကို ပေးအပ်နိုင်၏။

“သခင် … ကျုပ် ကျူကျီဆိုတာကြီးကို မကြိုက်ဘူး။”

အချိန်နှင့် တည်နေရာပိုးကောင်နှစ်ကောင်တို့သည် နာမည်နှင့်ပတ်သက်၍ အလွန် သတိထားကြသည့် သူများဖြစ်သည်။ အထူးသဖြင့် စွေ့ဟွာပင်ဖြစ်တော့သည်။ နာမည်ကို ကြားရှိလိုက်သည်နှင့် မပျော်မရွှင်ပင် ဖြစ်သွားမိသည်။

“ဘာလို့ ဒီနာမည်မျိုးကို ပေးရတာလဲ။”

ဆွစ်

ကျွင်းချောင်ရှောင်းသည် ထိုအကောင်လေးကို လက်ညှိုးလက်မဖြင့် ညှစ်ကာ မှုန်ကုတ်ကုတ် ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ ငါက မင်းရဲ့ သခင်မို့လို့ပဲ။”

“ရှင် …”

စွေ့ဟွာ၏ မျက်လုံးထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများနှင့် ပြည်နှက်သွား၏။ အချိန် နှင့် တည်နေရာပိုးကောင်ဆိုသည်မှာ အချိန်နှင့်တည်နေရာလှိုဏ်ခေါင်းများကို ဖွင့်လှစ်ရန်အတွက်သာ အစွမ်းထက်၏။ ၎င်းတို့၏ တိုက်ခိုက်ရေး စွမ်းရည်သည် မမြင့်မားလှချေ။

ထို့ကြောင့် ကျွင်းချောင်ရှောင်းကဲ့သို့ အဆင့်ငါး ဓားနှင့် သိုင်းသူတော်စင်တစ်ယောက်၏ ရှေ့မှာတော့ ၎င်းသည် ပုရွက်ဆိတ်လေးတစ်ကောင်နှင့် ထူးမခြားနားလှပေ။

“သခင်”

ကျူကျီသည် ထိတ်လန့်စွာဖြင့် ပြောလိုက်သည်။ “ကျေးဇူးပြုပြီး သူ့ကို နာကျင်အောင် မလုပ်ပါနဲ့။”

ကျွင်းချောင်ရှောင်းသည် အေးစက်စက်မျက်နှာနှင့် ပြောလိုက်သည်။

“မင်းစိတ်ကိုအေးအေးထား။ ပြီးတော့ ငါ့ရဲ့ ပဋိညာဉ်သားရဲအဖြစ် ဖြစ်ပေး။”

ပြန်လည်မေးခွန်းထုတ်၍ မရနိုင်သည့် လေသံမျိုးဖြင့် အမိန့်ပေးပြီးသည့်နောက်မှာတော့ စွေ့ဟွာ၏ နှလုံးသားများ သည် တုန်ယင်သွားခဲ့တော့၏။ နောက်ဆုံးမှာတော့ သူမသည် မည်သို့မှ ငြင်းဆန်၍မရနိုင်ပဲ မမျှမတဖြင့် ပဋိညာဉ် ရေးထိုးခြင်းကို ပြုလုပ်လိုက်ရတော့၏။

“လိမ္မာတဲ့ ကလေးမပဲ။”

ဤအချိန်နှင့် တည်နေရာပိုးကောင်၏ သခင်တစ်ယောက် ဖြစ်လာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြစ်တည်လာခဲ့တော့သည်။

“မင်းတို့နိုးလာပြီဆိုတော့ အချိန်နဲ့တည်နေရာ လှိုဏ်ခေါင်းကို ဖွင့်လှစ်လို့ရပြီပေါ့။ ဟုတ်တယ်မလား။”

“သေချာတာပေါ့။” စွေ့ဟွာက ပြောလိုက်သည်။

ကျူကျီက ပြောလိုက်၏။ “အခုချိန်မှာ ကျုပ်က အရမ်းအားနည်းနေတယ်လေ။ အချိန်နဲ့တည်နေရာ လှိုဏ်ခေါင်းကို ဖွင့်လို့မရသေးဘူး။ တကယ်လို့ စိတ်ဝိညာဉ်ကျောက်တုံးတွေကိုသာ ထပ်ရမယ်ဆိုရင် ရက်အနည်းငယ်အတွင်း ပြန်ပြီးကောင်းမွန်သွား နိုင်တယ်။”

ကျွင်းချောင်ရှောင်းသည် ကျူကျီအား လက်ညှိုးနှင့် အသာတောက်ထုတ်လိုက်ပြီးသည့်နောက်မှာတော့ သူ၏လက်ဝါး ပေါ်သို့ စွေ့ဟွာအား တင်လိုက်သည်။ ပြီးနောက် နူးညံ့စွာ ပြုံးကာ ပြောလိုက်တော့၏။ “ရက်အနည်းငယ်အတွင်းမှာ သခင့်အတွက် မင်း ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီကို သွားနိုင်မယ့် လှိုဏ်ခေါင်းတစ်ခု ကို ဖွင့်ပေးရမယ်။”

“ကောင်းပါပြီ။”

အချိန်နှင့် တည်နေရာပိုးကောင်သည် အထီး၊ အမ ဆို၍ ခွဲခြားထား၏။ ၎င်းတို့အားလုံးသည် အထီး၊ အမတို့၏ အနံ့ကို အပြန်အလှန် ရှုရှိုက်ရင်းနှင့် နိုးထလာစေခဲ့၏။

ကျွင်းချောင်ရှောင်းသည် ထိုအရာကို အံ့အားသင့်နေသည်သာမက ပျော်ရွှင်၍လည်း ရှိနေသေး၏။ ထို့အပြင် သူ့အနေ နှင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ပြန်၍ ရနိုင်တော့မည်မဟုတ်လား။

သို့ပေမဲ့ စွေ့ဟွာအား ချက်ချင်းကျွင်းတူးကာဖြင့် ထွက်ခွာသွားရန် ရည်ရွယ်ချက်မရှိချေ။ အရေးကြီးသည့် အရာတစ်ခုခု ကို ပြုလုပ်ရန် လိုအပ်နေသေး၏။

“ဒီအမျိုးသမီးက နှစ်ပေါင်းများစွာ တစ်ခြားဂြိုလ်တွေကို သွားပြီးတိုက်ခိုက်နေတာဆိုတော့ ပစ္စည်းကောင်းတွေ အများကြီးရှိနိုင်တယ်လေ။ ဒီကိုရောက်လာပြီဆိုမှတော့ လက်ဗလာနဲ့ပြန်လို့ ဘယ်ဖြစ်ပါ့မလဲ။”

ကျွင်းချောင်ရှောင်းသည် ဝိညာဉ်ကုန်းမြေတိုက်ကြီးဆီသို့ ရောက်ရှိလာရသည့် သူ၏ တစ်ခြားသောရည်ရွယ်ချက်ကို မမေ့လျော့ခဲ့ချေ။ ထိုအရာမှာ လုယက်ခိုးယူခြင်းပင် ဖြစ်၏။

သူ့တွင် အချိန်နှင့် တည်နေရာပိုးကောင်များ တည်ရှိနေသည်သာမက အချိန်မရွေး သွားချင်သလို ထွက်ခွာသွား နိုင်သည် ဖြစ်သောကြောင့် လုပ်ချင်တိုင်းကို လုပ်နိုင်စွမ်းရှိသည်။ ထို့အပြင် စည်းတားထားသည့် အစီအရင်များကိုလည်း ချိုးဖြတ် နိုင်စွမ်းရှိသည့် အကောင်များကို ပိုင်ဆိုင်သူတစ်ယောက်ဖြစ်သည်မို့ မည်သည့်နေရာတွင်ရှိနေသော ရတနာပစ္စည်း များကိုမဆို ရယူနိုင်စွမ်းရှိနေတော့သည်။

ဆွစ်

ကျွင်းချောင်ရှောင်းသည် ရတနာရှာဖွေသည့်ပစ္စည်းကို ထုတ်ယူလိုက်၏။

ဒွင် ဒွင် ဒွင်

အသက်သွင်းပြီးသည့်နောက်မှာတော့ အလင်းတန်းများသည် တစ်ခုပြီးတစ်ခု ဖြစ်တည်လာခဲ့တော့သည်။

“ဒီနေရာမှာ ရတနာသိုက် ရှိနေတာပဲ။”

…

ညသို့ ရောက်လာခဲ့တော့သည်။

နှင်းဆီဧကရီသည် စားပွဲပေါ်တွင်ရှိသော မှတ်တမ်းများကို ဖတ်ရှုလျက်ရှိနေ၏။

ဖယောင်းတိုင်မီး၏ အောက်မှာတော့ အလွန်တရာ အလုပ်များနေသည်ဆိုသော်လည်း သူမ၏ မျက်နှာတစ်ခုလုံးသည် လှပလျက်ရှိနေသေးသည်။

“အရှင်မ”

အမျိုးသမီးအစေခံတစ်ယောက်သည် ရောက်ရှိလာကာ ပြောလိုက်၏။ “ဘုရင်က သူရဲ့နန်းတော်ထဲမှာမရှိဘူး။”

နှင်းဆီဧကရီသည် သူမ၏ မှတ်တမ်းများကို အသာပိတ်ကာ တီးတိုးရေရွတ်လိုက်သည်။ “ငါ သူ့ကို သွားရှာမှာစိုးလို့ ပုန်းနေတာနေမယ်။”

လင်းပင်ဧကရီ ပြုလုပ်ခဲ့သည့် အရှုပ်အထွေးများကြောင့် သူမအနေနှင့် လက်ရှိတွင် အဓိကမြို့အသီးသီးမှ ရရှိထားသော အချက်အလက်များနှင့် အလွန်တရာ အလုပ်များလျက်ရှိနေ၏။

ထို့ကြောင့် ညသို့ရောက်ရှိသည့်အချိန်တွင်ပင်လျှင် သက်တောင့်သက်သာနှင့် လဲလျောင်းခြင်းကို မပြုနိုင်သေးချေ။ သူမသည် အိပ်၍လည်း မပျော်သေးချေ။ ထို့ကြောင့် ကျွင်းချောင်ရှောင်းနှင့် တွေ့ဆုံခဲ့သည့် အကြောင်းအရာများကို ပြန်လည် စဉ်းစားရင်း ပြုံးနေမိ၏။

“ကျုပ် ခင်ဗျား ဆုံးရှုံးသွားခဲ့တဲ့ အရာအားလုံးကို ပြန်ယူပေးမယ်။”

အထူးသဖြင့် သူမ၏ရှေ့တွင် မားမားမတ်မတ်ရပ်တည်၍ မြားဦးထုပ်ကိုဆောင်းကာ ဟန်ပါပါဖြင့် ပြောဆိုခဲ့သည့် ပုံပန်းသွင်ပြင်သည် သူမ၏မျက်လုံးထဲမှ မထွက်နိုင်ခဲ့တော့ချေ။ သူမ၏ နှလုံးသားထဲတွင် အလွန်တရာ နူးညံ့လှသည့် စိတ်ခံစားချက်များနှင့် ပြည့်နှက်လျက်ရှိနေတော့သည်။

…

နန်းတော်၏ တားမြစ်တည်နေရာတစ်ခုထဲမှာတော့ အမဲရောင်အရိပ်တစ်ခုသည် ငြိမ်ငြိမ်သက်သက်ဖြင့် ဆင်းသက် လာ၏။

“ဒီမှာပဲ။”

ရတနာရှာဖွေသည့် သံလိုက်အိမ်မြှောင်၏ ပြသသည့် အလင်းစက်များအတိုင်း လိုက်လာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် တောက်ပလျက်ရှိနေတော့သည်။

ဤနေရာတွင် ရတနာ ပစ္စည်းများ တည်ရှိလို့နေသည်။ နိုင်ငံတစ်ခုလုံး၏ ရတနာသိုက်ဆိုသည်မှာ လူအင်အားများများဖြင့် အစောင့်အကြပ်များ ချထားသည့်နေရာ ဖြစ်တော့၏။

ဧကရီလင်းပင်သည် သူမ၏ နောက်လိုက်များကို ခေါ်ဆောင်ကာ ဤနေရာကို ချိုးဖြတ်ရန် ကြိုးစားခဲ့ဖူးသည်။ သို့ပေမဲ့ အချိန်တိုအတွင်း ဤအရာကို ချိုးဖျက်ရန် မတတ်နိုင်ခဲ့ချေ။

ကျွင်းချောင်ရှောင်းမှာတော့ စွေ့ဟွာအား ဆင့်ခေါ်ပြီးသည့်နောက်မှာတော့ တည်နေရာအတားအဆီးကို ဝါးမြိုကာဖြင့် ဤနေရာသို့ ရောက်ရှိလာခဲ့၏။

စွေ့ဟွာသည် သူမျှော်လင့်ထားသည့်အတိုင်းပင် အကောင်းမွန်ဆုံးသော လုပ်ဆောင်နိုင်မှုကို ပြသနိုင်ခဲ့သည်။

နောက်တစ်နေ့မှာတော့ နှင်းဆီဧကရီသည် ဖြေးညှင်းစွာ နိုးထလာခဲ့တော့သည်။ သူမသည် ခြေဗလာဖြင့် အိပ်ယာ ထက်မှ ဆင်းသက်လိုက်၏။ ပြီးသည့်နောက်မှာတော့ စားပွဲပေါ်တွင် တင်ထားသော သွားတိုက်ဆေးနှင့် သွားတိုက်တံ တစ်ခုကို လှမ်းကြည့်ကာ ပြုံးလိုက်မိ၏။

“အရှင်မ … အရှင်မ”

ထိုအချိန်မှာပဲ အမျိုးသမီးစစ်သည်တစ်ယောက်သည် အိပ်ခန်းထဲသို့ အလောတကြီးပြေးဝင်လာကာ သတင်းပို့သည်။ “ရတနာတွေ အခိုးခံလိုက်ရပြီ။”

“ဘာ။”

နှင်းဆီဧကရီ၏ မျက်နှာအမူအရာသည် အေးစက်သွားသည်။ အလျင်အမြန်နှင့် လှမ်း၍သွားကြည့်လိုက်သည့် နောက်မှာတော့ သူမဖန်တီးထားသော အတားအဆီးအစီအရင်များသည် ပျက်စီးသွားခဲ့တော့သည်။ သူမသည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။

“ဘယ်သူလုပ်ခဲ့တာလဲ။”

အမျိုးသမီးစစ်သည် သည် ခေါင်းကိုငုံ့ကာဖြင့် တုန်ယင်စွာ ပြောလိုက်မိသည်။ “ရတနာသိုက်ကြီး ပွင့်နေတာကိုပဲတွေ့တယ်။ ဘယ်သူမှန်း မသိဘူး။”

ဆိုလိုသည်မှာ သူခိုးမည်သူဖြစ်သည်ကို သူမ မသိခြင်းပင်ဖြစ်၏။

“အမှိုက်တွေပဲ။”

နှင်းဆီဧကရီသည် ဒေါသတကြီးဖြင့် ဆူငေါက်လိုက်တော့၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းတစ်ယောက် ရှေးနန်းတော် ထဲကြီးထဲတွင် ရှိနေသော အတားအဆီးအစီအရင်များကို ချိုးဖြတ်နိုင်သည့်မြင်ကွင်းကို ပြန်လည်သတိရပြီးသည့် နောက် တွေးလိုက်မိသည်။ သူများဖြစ်နေမလားမသိဘူး။

“အရှင်မ”

အစေခံအနည်းငယ်တို့သည် လှမ်းလာပြီးသည့်နောက်မှာတော့ မြေပေါ်တွင် ဒူးထောက်လိုက်၏။ “ဘုရင်က အစောကြီးကတည်းက မရှိတော့ပါဘူး။ စားပွဲပေါ်မှာ စာတစ်စောင်ချန်ထားခဲ့တယ်။”

“စာတစ်စောင်ဟုတ်လား။”

နှင်းဆီဧကရီသည် ထိုအရာကို ယူ၍ ဖွင့်ကြည့်လိုက်၏။ ပြီးနောက် မခံစားနိုင်တော့စွာဖြင့် သွေးများ အန်ထွက်လာခဲ့တော့သည်။

“ရုပ်ဆိုးမ။ ဒီစာကို မြင်တဲ့အချိန်မှာ ကျုပ် ဝိညာဉ်ကုန်းမြေတိုက်ကနေ ထွက်သွားခဲ့ပြီဖြစ်တယ်။ ရတနာသိုက်ထဲမှာ ရှိတဲ့ ရတနာတွေကတော့ ခင်ဗျားကို နန်းပလ္လင်ပြန်ရအောင် ကူညီခဲ့တဲ့အတွက် ဆုလာဘ်အဖြစ် ယူသွားခဲ့တယ်လေ။ ခင်ဗျားနဲ့ ကျုပ်ကြားမှာ ရှိခဲ့တဲ့ လက်ထပ်မှုက ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ ဓလေ့ထုံးစံနဲ့ မတူညီဘူး။ ဒါကြောင့် လက်ထပ်မှုက တရားမဝင်ဘူးလို့ ပြောရမယ်လေ။ ဒီစာကို ရရှိတဲ့ အချိန်မှာ ကွာရှင်းစာချုပ်လို့ သတ်မှတ်ပေးလို့ရတယ်။ နှုတ်ဆက်ပါတယ်။ ကံကြမ္မာရေစက်သာရှိတယ်ဆိုရင် အနာဂတ်မှာ ထပ်ပြီးတွေ့ကြတာပေါ့။”

“ဟုတ်ပြီ။ ကျုပ်ကို လူဆိုးတစ်ယောက်လို့ မသတ်မှတ်နဲ့အုံး။ ရတနာသိုက်ထဲမှာ ခင်ဗျားအတွက် ဆေးတစ်လုံး ချန်ထားခဲ့တယ်။ ခင်ဗျားရဲ့ ဒဏ်ရာတွေကို ဒီအရာက ကုသပေးနိုင်လိမ့်မယ်။”

ပြီးနောက် အောက်တွင် ပြိုင်စံရှားဂိုဏ်း၏ဂိုဏ်းချုပ် ကျွင်းချောင်ရှောင်းဟူသော လက်မှတ်ကို ရေးထိုးထားခဲ့သည်။

…..

“အရှင်မ”

အစေခံသည် ထိတ်လန့်တကြားဖြင့် သူမဆီ ပြေးလာကာ ဖေးမလိုက်ကြသည်။ သို့ပေမဲ့ နှင်းဆီဧကရီသည် သူမ၏ အစေခံများအား တွန်းထုတ်လိုက်တော့သည်။ သူမသည် ကွာရှင်းစာဟု သတ်မှတ်နိုင်သော စာအား ခပ်တင်းတင်း ဆုပ်ကိုင်ပြီးသည့်နောက်မှာတော့ အံ့ကို ကြိတ်ကာ ပြောလိုက်မိ၏။ “ကျွင်းချောင်ရှောင်း … ဘဝတစ်သက်တာလုံး ရှင့်ကို လက်လွှတ်ပေးမှာမဟုတ်ဘူး။”

All Chapters