အခန်း (၁၁၃၃)
Vol. 76 Ch. 1133
ဘုန်း ဘုန်း ….။
ကျယ်လောင်လွန်းလှသော တိုက်ခိုက်သံသည် တောင်ပေါ်မြို့တစ်ခု၏ တိုက်ခိုက်ရေးတည်နေရာဆီမှ ထွက်ပေါ်နေသည်။ အားကောင်းလွန်းလှသော ဝိညာဉ်စွမ်းအင်များသည် တည်နေရာတစ်ခုလုံးကို ပျံ့နှံ့သွားပြီးသည့်နောက် ကြည့်ရှုနေကြသည့်သူများအားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေသည်။
“ကျုပ် အရှုံးပေးတယ်။ အရှုံးပေးပါတယ်။”
ဘန်း
ထိုသိုင်းကျင့်ကြံသူသည် မြေပေါ်သို့ ပြုတ်ကျပြီးသည့်နောက်မှာတော့ သွေးများအန်ထွက်သည်အထိ ကန်ထုတ်ခံလိုက် ရတော့သည်။ ပုံမှန်အားဖြင့် မောက်မာလျက်ရှိနေသော ရီရှင်းချန်သည် သူ၏ခြေထောက်အား ရုတ်ပြီးသည့် နောက်မှာတော့ လက်နှစ်ဖက်ကို အသာပိုက်ကာ ပြောလိုက်၏။
“ဘယ်သူ ထပ်ပြီး တိုက်ခိုက်ချင်သေးလဲ။”
“ချီးတဲ့မှ။”
အောက်တွင်ရှိနေသော သိုင်းကျင့်ကြံသူများသည် ဒေါသထွက်လျက်ရှိနေကြ၏။ သို့ပေမဲ့ ၎င်းတို့အားလုံး၏ အားအင် အဆင့်သည် တစ်ဖက်လူနှင့် နှိုင်းယှဉ်၍ မရနိုင်ချေ။ ထို့ကြောင့် ဘာမှပြုလုပ်၍ မရဘဲ စိတ်ထဲမှာ ကြိတ်ကာ ဒေါသ ထွက်နေရုံသာ တတ်နိုင်ကြသည်။
ရီရှင်းချန်မှာတော့ ခနလောက်စောင့်စားလိုက်၏။ ပြီးသည့်နောက်မှာတော့ မည်သူမျှ စင်ပေါ်ကို တက်လာသည်ကို မမြင်သည့်နောက် ထူးမခြားနားသလို ပြောလိုက်၏။ “တကယ့်ငကြောက်တွေပဲ။”
………
မြို့ထဲတွင်ရှိနေသော သိုင်းကျင့်ကြံသူများသည် ဂုဏ်သိက္ခာအနည်းငယ်တော့ရှိနေကြ၏။ ၎င်းတို့အားလုံးသည် ဤကဲ့သို့ ပြောဆိုခံရခြင်းကို မည်သို့မှမခံစားနိုင်တော့သောကြောင့် ဒေါသများထွက်ကာ သွေးများပင် အန်ထွက်လာခဲ့ကြသည်။
ဘုတ် ….။
ရီရှင်းချန်သည် စင်မြင့်ပေါ်မှ ခုန်ချပြီးသည့်နောက် ပြောလိုက်၏။ “သွားကြရအောင်။”
ရှောင်ကျီသည် အနီးအနား အဆောက်အဦအမြင့်တစ်ခုပေါ်မှ ခုန်ဆင်းလာခဲ့သည်။ သူသည် မြက်ပင်တစ်ခုကို ကိုက်ထားရင်းက ပြောလိုက်တော့၏။ “ဂျူနီယာညီလေးရီ … မင်းအခု ကောင်းကင်အဆင့်ရဲ့ အဆင့် ၁၀ ထဲကို ဝင်လာခဲ့ပြီ။”
“ဒါပေမဲ့ လိုအပ်နေသေးတယ်။” ရီရှင်းချန်က ပြောလိုက်သည်။
သူ့အနေနှင့် ယခင်ဘဝက ကောင်းကင်အဆင့်၏ နံပါတ် ၁ နေရာသို့ မရရှိခဲ့ချေ။ ထို့ကြောင့် ထိုနောင်တတရားအား လက်ရှိအချိန်တွင် ပြည့်ဝအောင် ပြန်လည်ကြိုးစားရမည်ဖြစ်သည်။
သို့ပေမဲ့ ၎င်းတို့ နှစ်ယောက်သည် မြို့ဆီမှ ထွက်ခွာလာပြီး မကြာခင်မှာပဲ မိုးဆွေဟောခန်းဆီမှ သတင်းအချက်အလက်ကို ရရှိခဲ့၏။
“ဂိုဏ်းချုပ်ပြန်ရောက်နေပြီ။” ရှောင်ကျီက ပျော်ရွှင်သွားမိသည်။
ရီရှင်းချန်သည် ခနလောက် စဉ်းစားကာ ပြောလိုက်၏ “ပြန်ကြစို့။ ဂိုဏ်းကို ပြန်ကြရအောင်။”
အားညိုသည် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ အတိတ်တုန်းကသာဆိုလျှင် သူသည် သူ၏ တိုက်ပွဲအတွက် ဆက်လက် ကာ ရှေ့သို့ လှမ်းလျှောက်မည်ဖြစ်သည်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ဂိုဏ်းချုပ်ပြန်ရောက်လာသည် ဆိုသည်နှင့် သူသည် စိတ်ပြောင်းလဲကာဖြင့် တစ်ခါတည်းနောက်သို့ လှည့်ပြန်ခဲ့တော့သည်။
ဝိညာဉ်ကုန်းမြေတိုက်ကြီးဆီမှ ပြန်လည်ရောက်ရှိလာခဲ့သော ကျွင်းချောင်ရှောင်းသည် နှင်းဆီဧကရီနှင့် ပတ်သက်၍ အလွန်တရာစိတ်ဓာတ်ကျလျက်ရှိ၏။ ထို့ကြောင့် လူသည်လည်း ပြောင်းလဲသွားခဲ့သည်။ ဤပြောင်းလဲမှုသည် အချိန် အနည်းငယ်လိုအပ်နေပေအုံးမည်။
…
“ဂိုဏ်းချုပ်။”
အဓိကဟောခန်းအတွင်းမှာတော့ အကြီးအကဲဝေသည် ကျွင်းချောင်ရှောင်း၏ ရှေ့တွင် မတ်တပ်ရပ်လိုက်၏။ ပြီးသည့် နောက်မှာတော့ ဘာတစ်ခုမှမပြောသည်ကို မြင်တော့ မေးလိုက်မိသည်။ “ဘာတွေစဉ်းစားနေတာလဲ။”
“ဟင်”
ကျွင်းချောင်ရှောင်းသည် သတိပြန်ဝင်လာခဲ့၏။ ပြီးနောက် ပြောလိုက်၏။ “ဘာ … ဘာမှမဟုတ်ပါဘူး။”
ဤနေရာတွင် တင်းရှင်းဝမ်နှင့် ကျန်းတယ်ကျွင်းသာ ဆိုပါက ဆက်၍ ဂရုစိုက်နေလိမ့်မည်မဟုတ်ချေ။ သို့ပေမဲ့ ၎င်း၏ ရှေ့တွင် ရပ်ရှိနေသည်မှာ အချစ်နှင့်ပတ်သက်၍ အလွန်တရာကျွမ်းကျင်လှသော ဝေရှင်းဖန်ပင်ဖြစ်တော့၏။ သူ၏ နတ်ဘုရားကဲ့သို့ စူးရှလှသော မျက်လုံးအောက်တွင် ဂိုဏ်းချုပ်၏ မျက်လုံးထဲတွင်ရှိနေသော ပြဿနာပေါင်း သောင်းချီ ကို တစ်ခါတည်း တွေ့မြင်လိုက်ရသည်။
ဤအရာသည် လောကတွင် အသိမ်မွေ့ဆုံးဖြစ်သည့် ချစ်ခြင်းတရားမျိုးပင် ဖြစ်ပေလိမ့်မည်။ သူသည် ထိုအရာကို ချက်ချင်းပင် သတိပြုမိလိုက်၏။
“ဂိုဏ်းချုပ်”
အကြီးအကဲဝေသည် လေးနက်စွာဖြင့် ပြောလိုက်သည်။ “တစ်စုံတစ်ယောက်အကြောင်းကို တွေးနေတယ်ဆိုတာကို အမူအရာတွေက သိနိုင်တယ်။ အဲဒါကလည်း မိန်းမ တစ်ယောက်ကြောင့်ဖြစ်လိမ့်မယ်။”
“ပေါက်ကရတွေမပြောနဲ့တော့။”
ကျွင်းချောင်ရှောင်းသည် မျက်လုံးများ ချာချာလည်သွားမိ၏။ “မဟုတ်ပါဘူး။ ဘာလို့ မိန်းမတစ်ယောက်အကြောင်းကို စဉ်းစားရမှာလဲ။”
အကြီးအကဲဝေသည် ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်ပြီးသည့်နောက်မှာတော့ အလွန်တရာ လေးနက်လှသည့် လေသံဖြင့် ပြောလိုက်သည်။ “ဒီလောကကြီးထဲမှာ ယောကျ်ားနဲ့မိန်းမကြားမှာရှိတဲ့ ချစ်ခြင်းတရားတွေ၊ မေတ္တာတရားတွေကသာလျှင် ရှုပ်ထွေးတဲ့ အရာကို ဖြစ်ပေါ်စေနိုင်တယ်။ ဂိုဏ်းချုပ် …. ကျုပ်ကိုသာ ပြော ….ကျုပ် အဲပြဿနာကို ဖြေရှင်းပေးမယ်။”
စနစ်က ပြောလိုက်၏။ “ကံကောင်းလို့ ဒီနေရာမှာ အချစ်ရေးအချစ်ရာနဲ့ပတ်သက်ရင် ကျွမ်းကျင်သူ တစ်ယောက်ရှိနေတာပဲ။ သူက လက်ခံသူကို ကူညီပေးနိုင်လောက်တယ်။”
သို့ပေမဲ့ သူသည် ကျွင်းချောင်ရှောင်း၏ ခေါင်းမာမှုကို လျှော့တွက်ခဲ့၏။
ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် စကားလမ်းကြောင်းကို ပြောင်းလိုက်တော့သည်။ “အကြီးအကဲဝေ။ ကျုပ်ဆီကနေ ဘာလိုချင်လို့လဲ။”
“…….”
အကြီးအကဲဝေသည် အားပျက်စွာ ပြောလိုက်မိ၏။ “ကျုပ်ကို ခေါ်တာ ဂိုဏ်းချုပ်လေ။”
ကျွင်းချောင်ရှောင်းသည် ထိုမှသာလျှင် သတိရသွားမိ၏။ သူသည် နဖူးကို ရိုက်ကာဖြင့် ပြောလိုက်သည်။ “အိုက်ယား။ ကျုပ်မှတ်ဉာဏ်တွေကတော့ကြည့်အုံး။ အကြီးအကဲဝေ လက်ရှိမှာ ကျုပ်မရှိတုန်း ဆေးပင်တွေ စိုက်ပျိုးတဲ့ အခြေအနေဘယ်လိုရှိလဲ။ အကြီးအကဲဝေ ကျုပ် တစ်ခြားဂြိုဟ်ဆီကနေ မျိုးစေ့တစ်ခုရလာတယ်။ အရည်အသွေးက မဆိုးဘူး။ ဒီတော့ ဆေးဟောခန်းက လူတွေကို စိုက်ပျိုးခိုင်းကြည့်ပါလား။”
အကြီးအကဲဝေ “….…”
“ဂိုဏ်းချုပ်”
အကြီးအကဲဝေသည် ဖြတ်ကာပြောလိုက်၏။ “ဂိုဏ်းချုပ်ဆီမှာ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေရှိနေတယ်ဆိုရင် ဖြစ်နိုင်သမျှ အရင်ဆုံး ငြိမ်သက်အောင် အရင်လုပ်တာ ကောင်းမယ်။ မဟုတ်ရင် ပြဿနာတွေ တက်ကုန်လိမ့်မယ်။”
“ကျုပ်ဆီမှာ ဘာခံစားချက်မှမရှိပါဘူး။”
ကျွင်းချောင်ရှောင်းက လေးလေးနက်နက် ပြောလိုက်သည်။ “ဂိုဏ်းကို ပိုပြီးအားကောင်းအောင် ပြုလုပ်ဖို့ဆိုတာ ကျုပ်ရဲ့ဘဝတစ်သက်လုံးမှာ အရေးအကြီးဆုံးကိစ္စပဲ။”
“ကောင်းပြီ။”
အကြီးအကဲဝေသည် အလုပ်ကိစ္စအကြောင်းကို စတင်ကာ ပြောလိုက်၏။ ပြီးသည့်နောက်မှာတော့ နှုတ်ဆက်ကာ ထွက်ခွာသွားခဲ့သည်။
“အကြီးအကဲဝေ”
တံခါးဝသို့ လျှောက်သွားပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ခက်ခက်ခဲခဲဖြင့် ပြောလိုက်၏။ “ကျုပ် …. ကျုပ် မေးချင်တဲ့အရာတစ်ခုရှိသေးတယ်။”
ဝှစ် …။
အကြီးအကဲဝေသည် ချက်ချင်းပဲ သူ၏ ထိုင်ခုံဆီသို့ ပြန်ရောက်လာခဲ့သည်။ ပြီးနောက် လက်ကို ယမ်းခါကာ အားတက်တရော ပြောလိုက်သည်။ “ဂိုဏ်းချုပ် … ဂိုဏ်းချုပ်ဇာတ်လမ်းကို ပြောတော့။”
“………”
အကြီးအကဲဝေ သည် ပြဿနာဖြေရှင်းရန် လာသည်လား သို့မဟုတ် အတင်းအဖျင်းနားထောင်ရန် လာသည်လား ဝေခွဲ၍ပင် မရတော့ချေ။
“ထားလိုက်တော့ … ထားလိုက်တော့။”
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာဖြင့် သူ၏စိတ်ထဲတွင် ရှိနေသော အကြောင်းအရာများကို ပြောပြလိုက်၏။ သို့ပေမဲ့ မပြောခင်မှာဘဲ သူသည် အထပ်ထပ် သတိပေးခဲ့တော့သည်။ “သေသေချာချာ လျှို့ဝှက်ချက်အဖြစ် ထိန်းထားရမယ်နော်။ တစ်ခြားသူတွေကို မပြောရဘူး။”
“ကောင်းပြီ။”
……
“ဘာကြီး”
အကြီးအကဲဝေသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်တော့၏။ သူသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ “ဂိုဏ်းချုပ်နှင့် နှင်းဆီဧကရီက ဝိညာဉ်ကုန်းမြေတိုက်ကြီးထဲမှာ လက်ထပ်ခဲ့ကြတယ်ဟုတ်လား။”
ဝူး ဝူး ဝူး
ကျွင်းချောင်ရှောင်းသည် ၎င်း၏ ပါးစပ်အား ပိတ်ပြီးသည့်နောက် အော်ဟစ်လိုက်တော့သည်။ “အကြီးအကဲဝေ …. တစ်ဂိုဏ်းလုံးကြားစေချင်တာလား။”
အကြီးအကဲဝေသည် တစ်ဂိုဏ်းလုံး မကြားစေချင်ပေ။ သို့ပေမဲ့ ဂိုဏ်းချုပ်တစ်ယောက် တစ်ခြားဂြိုဟ်ဆီသို့ သွားပြီး နောက် မင်္ဂလာဆောင်ခဲ့သည်ဆိုသည့်အကြောင်းအရာသည် ထူးဆန်းအံ့အားသင့်ဖွယ်ရာဖြစ်လို့နေတော့သည်။ ဤအရာသည် အိပ်မက်တစ်ခုလိုပင်ဖြစ်သည်။
“ဒါ အိပ်မက်မက်နေတာပဲဖြစ်ရမယ်။”
ဖြောင်း
သူသည် မျက်နှာကို ရိုက်နှက်ကြည့်သည့်အချိန်မှာတော့ နာကျင်မှုကို ခံစားလိုက်ရသည်။ ဤအရာမှာ အိပ်မက်မဟုတ်ချေ။ သေချာပေ၏။
အကြီးအကဲဝေသည် မယုံကြည်နိုင်စွာဖြင့် ကျွင်းချောင်ရှောင်းကို ကြည့်ကာ ပြောလိုက်မိသည်။ “ဂိုဏ်းချုပ် …. ဂိုဏ်းချုပ်လိုမျိုးလူမျိုးက ဘယ်လိုလုပ် မင်္ဂလာဆောင်ရတာလဲ။ ဒါက လောကကြီးမှာ အကြီးမားဆုံးသော ကံကြမ္မာအလှည့်အပြောင်းကြီးတစ်ခုပဲ။”
ဆက်လက်ကာ နားထောင်ပြီးသည့်နောက်မှာတော့ ဂိုဏ်းချုပ်နှင့်နှင်းဆီဧကရီတို့သည် ဟန်ပြသက်သက် လက်ထပ် ခဲ့ခြင်းဖြစ်ကြောင်းကို နားလည်လိုက်မိ၏။ ဤကဲ့သို့ လက်ထပ်ခြင်းသည် ဝိညာဉ်ကုန်းမြေတိုက်ကြီးကို ထိန်းချုပ်နိုင်ရန် အခွင့်အရေးမျိုးရယူချင်သောကြောင့်ပင် ဖြစ်တော့၏။
“ဒီလိုဆိုရင်”
အကြီးအကဲဝေက ပြောလိုက်သည်။ “ဂိုဏ်းချုပ်က ဘာကို စိတ်ပူနေတာလဲ။”
“ဘာလို့လဲမသိဘူး။ ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ပြန်ရောက်တဲ့အချိန်မှာ ကျုပ် သူမအကြောင်းကိုပဲ စဉ်းစား နေမိတယ်လေ။” ကျွင်းချောင်ရှောင်းသည် မချင့်မရဲနှင့် ပြောလိုက်မိ၏။
အကြီးအကဲဝေသည် ခနလောက်စဉ်းစားကာ ပြောလိုက်တော့သည်။ “ဂိုဏ်းချုပ် ….. ဒါက ဟန်ပြသက်သက်လုပ်ထားတာပဲလေ။ ဒါပေမဲ့ ဂိုဏ်းချုပ်အနေနဲ့ သူ့ကို တကယ်ကြိုက်သွားတာ ဖြစ်လိမ့်မယ်။”
“မဖြစ်နိုင်တာ။”
“ခံစားချက်တွေက ဒီလိုပဲ ရုတ်တရက် ရောက်လာတတ်တယ်လေ။”
“…..”
ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “ဒါဆိုရင် ဖြေရှင်းနည်းရှိလား။”
အကြီးအကဲဝေက ပြောလိုက်၏။ “သွားပြီး သူမကို ရှာလေ။”
ကျွင်းချောင်ရှောင်း သည် စိတ်ဓာတ်ကျစွာဖြင့် ပြောလိုက်သည်။ “ကျုပ်ဆိုလိုတာက သူမကို ဘယ်လိုမေ့ရမလဲဆိုတာပဲ။”
“သွားပြီး .. သူမကို ရှာ။”
အကြီးအကဲဝေက ပြောလိုက်၏။ “ကျုပ်တို့အားလုံးက အရွယ်ရောက်ပြီးသား လူတွေချည်းပဲလေ။ ကိစ္စအားလုံးကို သေသေချာချာ ပြောဆိုပြီးတော့ အကောင်းမွန်ဆုံးသော လမ်းခွဲမှုကို ပြုလုပ်ရမှာပေါ့။”
“………”
ကျွင်းချောင်ရှောင်းသည် မျက်လုံးများ ချာချာလည်သွားသည်။ “ဒါဆိုရင် ဘာမှ မပြောခဲ့သလိုပဲ ထားလိုက်ရအောင်။”
အကြီးအကဲဝေက ပြောလိုက်၏။ “ဂိုဏ်းချုပ် ကျုပ်က အတွေ့အကြုံရှိတဲ့ လူတစ်ယောက်အနေနဲ့ ပြောပြမယ်။ ဒီလို နှလုံးသားရေးရာကိစ္စကို သေသေချာချာ မကိုင်တွယ်နိုင်ဘူးဆိုရင် နေ့စဉ်နေ့တိုင်း အိပ်မက်ဆိုးလိုပဲ ခြောက်လန့်နေလိမ့်မယ်။”
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံကို အသာမီပြီးနောက် မျက်လုံးကို မှိတ်ထားမိသည်။ “အချိန်ကာလတစ်ခုအတွင်းမှာ အရာအားလုံးက မေ့လျော့သွားလိမ့်မယ်လို့ ကျုပ် ယုံကြည်မိတယ်လေ။”
“ဂိုဏ်းချုပ် … သူမကို မေ့နိုင်မယ်ဆိုရင် ချစ်နေတာမဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။”
အကြီးအကဲဝေ၏ မျက်လုံးများသည် ရုတ်တရက် လေးနက်သွားခဲ့၏။ “တကယ့် အစစ်အမှန် ခံစားချက်တွေဆိုတာ နှလုံးသားထဲမှာ ကမ္ဗည်းထိုးထားသလို တည်ရှိနေတဲ့ အရာပဲ။”
အား အား
ကျွင်းချောင်ရှောင်းသည် သူ၏ ခေါင်းကို ဖက်ကိုင်ကာဖြင့် ပြောလိုက်မိသည်။ “ပြောလေ ကျုပ်စိတ်ဓာတ်ကျလေပဲ။”
…..
ညနေခင်းမှာတော့ ရီရှင်းချန်နှင့်ရှောင်ကျီတို့ ပြန်ရောက်လာခဲ့ကြသည်။ ၎င်းတို့နှစ်ယောက်သည် ဂိုဏ်းချုပ်ဆီ သွားရောက်လည်ပတ်ရန် စီစဉ်ထားခဲ့ကြ၏။ သို့ပေမဲ့ စာကြည့်ခန်းဆီသို့ ရောက်လာပြီးသည့်နောက်မှာတော့ ဂိုဏ်းချုပ် တစ်ယောက်အိပ်မောကျနေသည်ကို သိရှိလိုက်ရသောကြောင့် ပြန်လှည့်ခဲ့ကြတော့သည်။
ရက်အနည်းငယ်အတွင်း ကျွင်းချောင်ရှောင်းသည် သူ၏ အခန်းထဲတွင် သူကိုယ့်သူ ပိတ်လှောင်ထားခဲ့၏။ ထွက်မလာခဲ့ချေ။ အထက်ပိုင်းအကြီးအကဲများနှင့် တပည့်များအားလုံးသည် စိုးရိမ်ပူပန်လျက်ရှိနေကြ၏။
ကျွီ
ငါးရက်မြောက်မှာတော့ တံခါးသည် ပွင့်လို့လာခဲ့သည်။ ကျွင်းချောင်ရှောင်းသည် အားပြည့်အင်ပြည့်နှင့် လှမ်းလျှောက် ထွက်လာခဲ့၏။ သေသေချာချာ စဉ်းစားပြီးသည့်နောက်မှာတော့ သူသည် အရာအားလုံးကို မေ့လျော့ပစ်ရန် ရွေးချယ် ခဲ့တော့သည်။ ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုအတွက်သာ အာရုံစိုက်ထားရန် စဉ်းစားလိုက်သည်။
ဆွစ် …။
သူသည် တောင်၏ အနောက်ဘက်ဆီသို့ သွားပြီးသည့်နောက်မှာတော့ အလယ်အလတ်အဆင့် တည်နေရာနှင့် အချိန် လျှို့ဝှက်နယ်မြေအား တည်ထောင်ထားလိုက်သည်။ ပြီးနောက် လက်ခုပ်တီးကာ ပြောလိုက်၏။ “ဒီလျှို့ဝှက်နယ်မြေက တစ်လမှာ ၁၀ ရက်နေလို့ရတယ်။ အထဲမှာ နေလို့ရှိလို့ရှိရင် အဆတစ်ရာပိုပြီးတော့ အချိန်မြန်ဆန်စေလိမ့်မယ်။ တပည့်တွေအားလုံး ဒီနေရာကို ဝင်ရောက်ပြီးတော့ အဆင့်ကို မြန်မြန်ဆန်ဆန်နဲ့ ချိုးဖြတ်နိုင်ဖို့ မျှော်လင့်မိတယ်။”
“ဂိုဏ်းချုပ်”
လီလိုရှုက အသံပို့လွှတ်လိုက်၏။ “နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းက လှုပ်ရှားမှုတစ်ခုရှိတယ်။”
“ဟမ်”
ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ မိုးဆွေဟောခန်းဆီသို့ သွားလိုက်သည်။ သတင်းအချက်အလက်များကို သေသေချာချာနားထောင်ပြီးသည့်နောက်မှာတော့ သူသည် စိတ်ဝင်တစားဖြင့် မေးလိုက်မိသည်။ “နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း ရဲ့ ဂိုဏ်းချုပ်က ဘာလို့ ဝိညာဉ်တောင်ကြားထဲကနေပြီးတော့ အနောက်ဘက် ပင်လယ်ဆီကို သွားရတာလဲ။”
ဝှစ် ….။
နက်မှောင်လှသည့် စကြဝဠာတစ်ခုအတွင်းမှာတော့ အလင်းတန်းတစ်ခုသည် ပျံသန်းလာပြီးသည့်နောက်မှာတော့ သီးခြားဖြစ်တည်နေသည့် ဂြိုဟ်ကြီးတစ်ခုထဲသို့ ရောက်ရှိလာခဲ့သည်။ ပြီးသည့်နောက်မှာတော့ အဘိုးအိုတစ်ယောက် ၏ ပုံပန်းသွင်ပြင်မျိုး ဖြစ်တည်လာခဲ့၏။
“သခင်”
ထိုသူသည် လေးလေးနက်နက် ပြောလိုက်သည်။ “ကျုပ် ကြယ်ကြွေကုန်းမြေတိုက်ကြီးကို သွားပြီးလေ့လာခဲ့တယ်။ သူတို့ရဲ့ အလုံးစုံအားအင်က အဆင့်မမြင့်ဘူး။”
အဘိုးအို၏ အရှေ့တွင် တောင်ကြီးတစ်ခုတည်ရှိနေပြီး ထိုတောင်ပေါ်တွင်တော့ အရပ်ရှည်ရှည်နှင့် လူတစ်ယောက် သည် အမဲရောင်တိမ်များကြားတွင် တည်ရှိလို့နေခဲ့၏။
ထိုသူ၏ ဘေးမှာတော့ အရွယ်အစားမတူညီသည့် လူသားမဟုတ်သော သတ္တဝါလေးကောင်သည် ရပ်လျက်ရှိနေသည်။
“သူတို့ရဲ့ အားအင်အဆင့်က မမြင့်မားဘူးလား။”
အမဲရောင်ပုံရိပ်သည် လှည့်ကြည့်ပြီးသည့်နောက်မှာတော့ ဖြူဖွေးနေသည့် မျက်နှာကြီးတစ်ခု ပေါ်ပေါက်လာ၏။ ထိုသူ၏ နဖူးပေါ်တွင် လူချောဟူသော စာတန်းကို ရေးထိုးထား၏။ သို့ပေမဲ့ အသံများမှာမူ အလွန်တရာ စူးရှပြီး ခြောက်ကပ်လွန်းသည်။ “ဒါဆိုရင် နှစ်တစ်ထောင်အတွင်းမှာ ဘယ်လိုလုပ်တစ်ခြားဂြိုဟ် တော်တော်များများကို ဖျက်ဆီးနိုင်ခဲ့တာလဲ။”
အဘိုးအိုက ပြောလိုက်သည်။ “ဝိညာဉ်မျိုးနွယ်တွေမှာ နတ်ဘုရားစွမ်းရည်တစ်ခုရှိတယ်။ သူတို့က တစ်ခြားသတ္တဝါတွေရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်နိုင်တဲ့ နတ်ဘုရားစွမ်းရည်မျိုးလေ။ ဒီလိုမျိုးပြုလုပ်ပြီး သူတို့က ပိုပိုပြီး အားကောင်းလာကြတာပဲ။”
“သြော်”
ချောမောလှသည့်လူသည် မိစ္ဆာဆန်ဆန်ပြုံးကာ ပြောလိုက်၏။ “နတ်ဘုရားစွမ်းရည် ရှိတဲ့ မျိုးနွယ်တွေဆိုတာက ရှားရှားပါးပါးပဲလေ။”
ဆွစ် …။
သူသည် အနောက်က ခြုံလွှာကြီးကို အသာဝှေ့ယမ်းကာ ပြောလိုက်သည်။ “ဝိညာဉ်ကုန်းမြေတိုက်ကြီးကို သွားကြရအောင်။”
“သခင်”
၎င်း၏ ဘေးနားတွင်ရှိနေသော ဘာမှန်းမသိသည့် သတ္တဝါသည် ပါးစပ်ကြီးကို ဟကာ ပြောလိုက်၏။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးကရော …”
“ဟမ့်”
ခပ်ချောချောလူသည် အထင်အမြင်သေးစွာဖြင့် ပြောလိုက်မိ၏။
“ကြယ်ကြွေကုန်းမြေတိုက်ကြီးလိုမျိုး အမှိုက်ဂြိုဟ်တစ်ခုကို ထားလိုက်ပါ။ ငါတို့အားလုံး အထူးနတ်ဘုရား စွမ်းရည်ကို ပိုင်ဆိုင်တဲ့ ဂြိုဟ်ဆီကို သွားကြရအောင်။”
“ကောင်းပြီ။”
ဆွစ်
ဆွစ်
ဤခြောက်ကပ်ပြီး သီးခြားဆန်လွန်းလှသော ဂြိုဟ်ကြီးထဲမှာတော့ ကြီးမားပြီး မည်းနက်လွန်းလှသော စစ်သင်္ဘောကြီးတစ်ခုသည် ဖြည်းညှင်းစွာ တက်လာခဲ့တော့သည်။ ပြီးသည့်နောက်မှာတော့ တည်နေရာထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့တော့၏။