အခန်း (၁၁၄၃)
Vol. 77 Ch. 1143
ကျမ်းစာအစိတ်အပိုင်းကို ရှာဖွေရန်အလို့ငှာ အဖြူရောင်ဝတ်စုံနှင့် အမဲရောင်ဝတ်စုံဝတ် လူနှစ်ယောက်တို့သည် ကောင်းကင် နှင့်မြေကြီး ပြောင်းပြန်လှည့်ခြင်းနည်းစနစ်ကို အသက်သွင်းကာဖြင့် ယင်နှင့် ယန် ဓာတ်သဘာဝများကို ထုတ်ဖော်အသုံးပြုကာ သေမျိုးလောကဆီသို့ ချိုးဖြတ်ဝင်ရောက်ခဲ့ကြ၏။
၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်သည်လည်း သိုင်းအင်ပါယာအဆင့်ဆီသို့ ဖိနှိပ်လျှော့ချခြင်းကို ခံခဲ့ရသည်။ ဤအရာမှာ ပြဿနာကြီးတစ်ခုတော့ မဟုတ်လှချေ။ သူတို့ကဲ့သို့သောအဆင့် ကျွမ်းကျင်သူတစ်ယောက်အနေဖြင့် သေမျိုးလောကထဲတွင် ရှိနေသော အဆင့်တူသိုင်းကျင့်ကြံသူတစ်ယောက်အား လွယ်လွယ်ကူကူဖြင့် တိုက်ခိုက်အနိုင်ယူနိုင်စွမ်းရှိကြသည်။
သို့ပေမဲ့ အမှတ်မထင်သောကိစ္စတစ်ခုသည် ဖြစ်ပွားလာခဲ့သည်။
တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲ ၎င်းတို့သည် ကျွင်းချောင်ရှောင်း အနက်ကောင်နှင့် တွေ့ဆုံခဲ့ခြင်းပင်။ သာမန်အခြေအနေတွင်ဆိုလျှင် ဂိမ်းဆာဗာကို ခိုးယူပြီးသည့် နောက် များပြားလှသည့် ဝှက်ဖဲများကို ထုတ်ဖော်ကာ အသုံးပြု တိုက်ခိုက်မည်ဆိုလျှင်တောင်မှ ကုန်းရှန့်သည် သိုင်းအင်ပါယာတစ်ယောက်ကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ လက်ရှိမှာတော့ နှင်းဆီဧကရီ၏ အကူအညီ နှင့် ကျောက်ရုပ်ထုကြီး၏ စွမ်းအားများကို ထုတ်ဖော်အသုံးပြုပြီးသည့်နောက်မှာတော့ အလွန်တရာအားကောင်းလို့ နေခဲ့၏။
ထို့ကြောင့် အဖြူရောင်နှင့်အမဲရောင်သိုင်းကျင့်ကြံသူနှစ်ယောက်တို့သည် ဝိညာဉ်ကုန်းမြေတိုက်ကြီးသို့ ရောက်ရှိလာပြီး သည့်နောက်မှာတော့ လက်ဝှေ့အိတ်ကဲ့သို့ပင် ဖြစ်လို့နေသည်။ ၎င်းတို့သည် ကျွင်းချောင်ရှောင်း အနက်ကောင်၏ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခြင်းကို ခံနေရသည်။
ပြောနေစရာမလိုချေ။ ၎င်းတို့၏ ညီအစ်ကိုနှစ်ယောက်သည် အရိုက်နှက်ခံရခြင်းတွင် အလွန်တရာ ကောင်းမွန်လွန်းလှ၏။ ဤကဲ့သို့ ထပ်တလဲလဲ ဖိနှိပ်ရိုက်နှက်ခြင်းကို ခံနေရပြီး တစ်ယောက်သည် ပါးစပ်နှင့် မျက်လုံးများ မို့ဖောင်းလျက်ရှိနေပြီး အခြားတစ်ယောက်မှာ ပါးစပ်ထဲမှ အမြှုပ်များထွက်နေသည်ဆိုသော်လည်း သတိလစ်မေ့မျောသွားခြင်းတော့ မရှိကြချေ။
ဤရိုက်နှက်တိုက်ခိုက်လျက်ရှိနေသည့်ဖြစ်စဉ်သည် အလွန်တရာ ရက်စက်လွန်းလှ၏။ ပါးစပ် နှင့် ထုတ်ဖော်ပြောဆိုရန်ပင် မသင့်တော့ချေ။
အထူးစွမ်းအားမြင့်လှသော လက်ဝှေ့အိတ် နှစ်ခု ပေါ်လာပြီးသည့်နောက်မှာတော့ ချောမောလှသည့်လူသည် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီဖြစ်သည်။
၎င်းတို့သည် ကျွင်းချောင်ရှောင်း၏ စိတ်ကို ဆွဲဆောင်နိုင်ခဲ့တော့၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းအနေနှင့် အလွန် တရာ ရက်စက်သည့် ရိုက်နှက်ချက်များကို ဆက်တိုက် ပြုလုပ်လျက်ရှိနေ၏။ ဤအတိုင်းသာ ဆက်လက်ကာ လွှတ်ထားမည်ဆိုပါက ဝိညာဉ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးသည်ပင် ပျက်စီးသွားပေလိမ့်မည်။
ဘုန်း ….
နှစ်နာရီလောက်ကြာမြင့်ပြီးသည့်နောက်မှာတော့ အမဲရောင်နှင့်အဖြူရောင် နတ်ဆိုးတို့သည် ကြီးမားလှသည့် တွင်းကြီးထဲတွင် နစ်မြှုပ်လျက်ရှိနေ၏။
“ချီးတဲ့မှ။”
“ချီးတဲ့မှ။”
အဖြူရောင်လူသည် မြေပြင်တွင် လဲလျောင်းလျက်ရှိကာ ပြောလိုက်သည်။ “ငါမင်းကို မရိုက်နိုင်ဘူးလို့ ထင်နေတာလား။ အပြစ်ကင်းစင်တဲ့ လူတွေကို ဘာတစ်ခုမှ နာကျင်အောင် မလုပ်ချင်လို့လေ။ လာခဲ့စမ်း။”
ဘန်း ….
ထိုအချိန်မှာပဲ ကန်ချက်တစ်ခုသည် သူ၏ အပေါ်သို့ ရောက်ရှိလာ၏။ အဖြူရောင်ဝတ်စုံနှင့်လူ၏ ဦးခေါင်းသည် မြေပြင်ထဲသို့ နစ်ဝင်သွားခဲ့သည်။ သူ၏ လက်နှင့် ခြေထောက်များအားလုံးသည် တဆတ်ဆတ် နှင့် တုန်ယင်လျက်ရှိနေ၏။
…….
အမဲရောင်ဝတ်စုံနှင့် လူသည် မြေပြင်ထဲတွင် ခေါင်းကို ဝှက်ထားပြီးသည့်နောက်မှာတော့ သတိလစ်မေ့မျောချင်ဟန် ဆောင်လျက်ရှိသည်။
ဝှစ် ဝှစ်
ကျွင်းချောင်ရှောင်းသည်မှာတော့ ကြမ်းကြမ်းတမ်းတမ်း ဆက်လက်ကာ မတိုက်ခိုက်ချေ။ ထိုအစား သူသည် ခေါင်းကို မော့၍ လက်နှစ်ဖက်ဖြင့် ဦးခေါင်းကို ဆုပ်ကိုင်ကာဖြင့် အော်ဟစ်လျက်ရှိ၏။ သူ၏ အသံသည် သရဲတစ္ဆေတစ်ကောင်၏ အော်သံကဲ့သို့ပင် တည်နေရာတစ်ခုလုံးကို ပျံ့နှံ့လျက်ရှိ၏။
“အဖြူရောင်နတ်ဆိုး … မင်း အသက်ရှင်နေသေးလား။” အမဲရောင်လူသည် အသံပို့လွှတ်လိုက်သည်။
မြေပြင်ထဲတွင် ခေါင်းကြီးတစ်ခုလုံး နစ်မြှုပ်လျက်ရှိနေသော အဖြူရောင်လူ သည် ပြန်လည်ကာ ပြောဆိုလိုက်၏။ “မပူနဲ့။ သေမယ်ဆိုရင်တောင်မှ မင်းပဲ အရင်သေရလိမ့်မယ်။ ငါက အေးအေးဆေးဆေးပဲ။”
“………”
အမဲရောင်ဝတ်စုံနှင့်လူက ပြောလိုက်သည်။ “ဒီလူက လုံးဝကို အသိစိတ်မရှိတော့ဘူး။ ငါတို့အနေနဲ့ သူ့ကို ဖြေရှင်းရမယ့်နည်းလမ်းတစ်ခုကို ရှာရမယ်။ မဟုတ်ရင် အရမ်းကို ကောင်းမွန်လှတဲ့ မိုးကြိုးခန္ဓာကိုယ်တည်ရှိတယ်ဆိုရင်တောင်မှ သေတဲ့အထိ ရိုက်နှက်နှိပ်စက်ခြင်းကို ခံနေရလိမ့်မယ်။”
“ငါတို့ရဲ့ ကျင့်ကြံခြင်းသာ ဖိနှိပ်မခံထားရင် ဒီလိုသေမျိုးတစ်ယောက်က ငါတို့ကို နာကျင်အောင်လုပ်နိုင်မှာ မဟုတ်ဘူး။ တောက် ….” အဖြူရောင်လူသည် ဒေါသတကြီး ပြောလိုက်၏။
အမဲရောင်လူမှာတော့ အသံကို ပို့လွှတ်လိုက်သည်။ “အသုံးမဝင်တာကို ပြောမနေနဲ့။ အခုငါတို့လုပ်ဖို့ဆိုတာက အတူတူပူးပေါင်းပြီးတော့ ကောင်းကင် နဲ့ မြေကြီးထဲမှာ ရှိတဲ့ စည်းကို ထုတ်ဖော်အသုံးပြုပြီး ဒီကောင့်ကို ချုပ်နှောင်ရမယ်။ ဒါမှသာ ငါတို့လွတ်မြောက်နိုင်ဖို့ အခွင့်အရေးရှိလိမ့် မယ်။”
“ငါ မင်းနဲ့ တကယ့်ကို မပူးပေါင်းချင်ဘူး။”
“ငါလည်း ပူးပေါင်းချင်တယ်ထင်နေလို့လား။”
၎င်းတို့နှစ်ယောက်သည် အားအင်အဆင့်နှင့်ကျင့်ကြံခြင်းများလည်း တူညီလျက်ရှိနေကြ၏။ ထို့ကြောင့် တစ်ယောက် နှင့်တစ်ယောက်ကြည့်မရလှချေ။ အချိန်တိုင်းလိုလို ရန်ဖြစ်နေတတ်ကြ၏။
“လုပ်မှာလား။ မလုပ်ဖူးလား။”
“လုပ်မယ်။”
ဘန်း ဘန်း ဘန်း
အဖြူရောင်နှင့်အမဲရောင်လူတို့သည် အသံပို့လွှတ်ဆက်သွယ်ပြီးသည့်နောက်မှာတော့ မြေပြင်ကို နှစ်ယောက်သား ရိုက်ချလိုက်၏။ ၎င်းတို့၏ ခန္ဓာကိုယ်များသည် ကောင်းကင်ပေါ်သို့ ပျံတက်သွားခဲ့သည်။ ဤနေရာတွင် ချောမောလှ သည့်လူတစ်ယောက်ဖြစ်သည်ဆိုပါက ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိပြီးနောက် ကျွင်းချောင်ရှောင်း၏ ရိုက်နှက်မှု ကြောင့် သတိလစ်မေ့မျောနေမှာ သေချာတော့၏။
သို့ပေမဲ့ အထက်နယ်မြေဆီမှ ရောက်ရှိလာသည့် ကျွမ်းကျင်လှသည့် ဆရာကြီးနှစ်ယောက်ဖြစ်သည်မို့ ၎င်းတို့၏ ခန္ဓာကိုယ်သည် အလွန်တရာအားကောင်းလွန်းနေသည်။
ဝှစ်
အမဲရောင်နှင့်အဖြူရောင်တို့သည် ကောင်းကင်အမြင့်ဆီသို့ ခုန်တက်လိုက်ကြ၏။
ဝှစ် ဝှစ် ဝှစ်
အမဲရောင်နှင့်အဖြူရောင်အရိပ်များအားလုံးသည် ၎င်းတို့ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းကို ဝိုင်းပတ်လိုက်ကြ၏။ ထိုပုံရိပ်ယောင်အရိပ်များအားလုံးသည် ခြေချိတ်ကာ ထိုင်လျက်ရှိနေကြပြီး ရသေ့ ၁၈ ပါးကဲ့သို့ပင် မန္တာန်များကို ရွတ်ဖတ်လျက် ရှိနေသည်။
ဆွစ်
အလင်းတန်းက ဆက်တိုက်ဖြစ်တည်လာပြီးသည့်နောက်မှာတော့ ကောင်းကင်ယံတွင် စည်းအတားကြီးတစ်ခု ဖြစ်တည်လာ၏။ ဤအရာအား ကောင်းကင် နှင့် မြေကြီး စည်းဟု ခေါ်ဆိုသည်။ အပွင့်လင်းဆုံးပြောရမည်ဆိုလျှင် ထိုအရာသည် လူသားတို့ ဖန်တီးပြုလုပ်နိုင်သည့် စည်းတစ်ခုထက်ပင် ပိုမို၍ အဆင့်မြင့်လွန်းလှ၏။
အလွန်တရာခိုင်ခံ့လှသော အတားအဆီးတစ်ခုဖြစ်တည်လာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် နာကျင်မှုမှ လွတ်ကင်းသွားခဲ့တော့သည်။ သူ၏ မျက်လုံးများသည် ပိုမိုကာ နီရဲလာ၏။ ကြမ်းတမ်းလွန်းလှသော အော်ရာများသည် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့ပြီးသည့်နောက်မှာတော့ ငရဲပြည်မှ ထွက်ခွာလာခဲ့သော နတ်ဆိုး တစ်ကောင်ကဲ့သို့ အသွင်ပြောင်းလဲသွားတော့သည်။
“………” အမဲရောင်နှင့်အဖြူရောင်နတ်ဆိုးတို့သည် မျက်မှောင်ကုတ်လျက်ရှိနေ၏။
အထက်နယ်မြေ၏ ကျောက်ရုပ်ထုကလန် သည် အလွန်တရာကြမ်းရမ်းပြီး ရက်စက်လွန်းလှသော မျိုးနွယ်တစ်ခုဖြစ်သည်ဟု လူသိများထင်ရှားလှ၏။ ယခု အစစ်အမှန်ပင် သေမျိုးလောကထဲ၌ ပေါ်ပေါက် လာခဲ့သည်။ ထို့အပြင် ၎င်းတို့၏ နတ်ဘုရားစွမ်းရည်ကို အသုံးပြုကာဖြင့် အဆုံးစွန်ထိစိတ်ကို လွတ်ကာ တိုက်ခိုက်လျက်ရှိနေတော့သည်။ ဤကဲ့သို့သော လုပ်ရပ်မျိုးသည် လောကကြီးတစ်ခုလုံးကိုပင် ဖျက်ဆီးပစ်နိုင်စွမ်း ရှိပေလိမ့်မည်။
“အဖြူရောင်နတ်ဆိုး”
အမဲရောင်နှင့်လူသည် လေးနက်စွာ ပြောလိုက်တော့၏။ “မင်းနဲ့ငါနဲ့ စပြီးတော့ တွေ့ဆုံခဲ့ကတည်းက အတူတူပူးပေါင်းပြီးတော့ တိုက်ခိုက်ခြင်းကို မပြုလုပ်ရဘူး။ အခု အထက်နယ်မြေရဲ့ အပြစ်ပေးမှုကို ခံရပြီးတဲ့ နောက်မှာတော့ နည်းနည်းလေးတိုက်ခိုက်ကြည့်ရအောင်။”
ပထမဦးဆုံး သူတို့သည် ထိုအကောင်အား စည်းခတ်ကာ ထွက်ပြေးရန် စီစဉ်ထားမိ၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာ တော့ စိတ်ပြောင်းသွားခဲ့ပြီဖြစ်သည်။ အဓိကအားဖြင့် သူတို့သည် သေမျိုးလောကထဲသို့ ချိုးဖြတ်ဝင်ရောက်လာပြီး သည့်နောက်မှာတော့ လောက၏ ပြစ်ဒဏ်ချမှတ်မှုကို ခံခဲ့ရသည်။ ထို့ကြောင့် ၎င်းတို့၏ အဆင့်များသည် ယုတ်လျော့သွားခဲ့သည်။
ထို့ကြောင့် သူတို့အနေနှင့် အထက်နယ်မြေမှ ပေးအပ်မည့် အပြစ်အား လျော့ပါးစေရန်အတွက် ကောင်းမွန်သည့် အရာ များကို ပြုလုပ်ရန် လိုအပ်နေပေသည်။ “ကောင်းပြီ။”
အဖြူရောင်နတ်ဆိုးသည် အဆင်သင့်ပဲ သဘောတူညီလိုက်တော့၏။ သူ့အနေနှင့် အထက်နယ်မြေဆီမှ အပြစ်ပေးမှုကို ဂရုစိုက်သူတစ်ယောက်မဟုတ်ပေ။ သို့ပေမဲ့ သေမျိုးလောကထဲကို ရောက်ရောက်ပြီးချင်း ပြင်းထန်သည့် တိုက်ခိုက်ရိုက်နှက်ခြင်းကို ခံခဲ့ရပြီးသည့်နောက်မှာတော့ ထိုအရာအတွက် ပြန်လည်ကာ လက်စားချေချင်မိ၏။
“ကျောက်ရုပ်ထုကလန်နဲ့ နတ်ဘုရားစွမ်းရည်က အချိန်ကာလတစ်ခုအတွင်းမှာပဲ အသက်သွင်းနိုင်တာလေ။ ငါတို့ အဲဒီအချိန်ကာလကုန်သွားတဲ့အထိ စောင့်ရမယ်။” အမဲရောင်ဝတ်စုံနှင့်လူက ပြောလိုက်သည်။
“ဘယ်လောက်လောက် စောင့်ရမှာလဲ။”
“အတိုဆုံးအရပြောရမယ်ဆိုရင်တော့ လေးနာရီကနေ ခြောက်နာရီပေါ့။ အရှည်ဆုံးအရ ပြောမယ်ဆိုရင်တော့ နှစ်ရက်ကနေ သုံးရက်လောက် ကြာလိမ့်မယ်။”
“…….”
အဖြူရောင်ဝတ်စုံနှင့်လူ၏ နှုတ်ခမ်းများသည် တဆတ်ဆတ် နှင့် တုန်ယင်သွားခဲ့၏။
လေးနာရီမှ ခြောက်နာရီဆိုသည်ကို လက်သင့်ခံနိုင်သေး၏။ အကယ်၍ ၂ရက်မှ ၃ရက်သာဆိုပါက တစ်ဖက်လူ၏ ခန္ဓာကိုယ်တွင်ရှိသော အော်ရာများသည် ပျောက်ကွယ်သွားခဲ့သည်ဆိုလျှင်တောင်မှ ၎င်းတို့သည်လည်း မောပန်းလွန်း သောကြောင့် မြေပေါ်တွင် လဲသွားမှာ သေချာသည်။
ဘုန်း ဘုန်း …..။
ဘုန်း ဘုန်း ……။
ထိုအချိန်မှာပဲ ကောင်းကင်နှင့်မြေကြီးစည်းအတွင်း၌ ရှိနေသော ကျွင်းချောင်ရှောင်းသည် စည်း အစီအရင်အား ကြမ်းကြမ်းတမ်းတမ်းဖြင့် စတင်ကာ ဖျက်ဆီးလျက်ရှိနေတော့သည်။ စည်းအတားအဆီးကြီးပေါ်တွင် ရှိနေသော စွမ်းအင် လှိုင်းများသည် တလိမ့်လိမ့်နှင့် လှုပ်ရှားလူးလွန့်လျက်ရှိနေ၏။
“တောင့်ခံထား။”
အမဲရောင်နတ်ဆိုးသည် ၎င်း၏ စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ထားပြီး အော်လိုက်တော့သည် “သူ့ကို ချိုးဖြတ်စေလို့ မဖြစ်ဘူး။”
အဖြူရောင်နှင့်လူသည်လည်း ၎င်း၏ စိတ်ဝိညာဉ်ချီများကို အသုံးပြုကာဖြင့် စည်းအတားအဆီးကြီးအား ထိန်းသိမ်းထားသည်။ သူ၏အားကောင်းလွန်းလှသော ဝိညာဉ်စွမ်းအင်များအားလုံးသည် စည်းအတားအဆီး အစီအရင်ထဲသို့ တိုးဝင်ပြီးသည့်နောက်မှာတော့ တည်နေရာတစ်ခုလုံးကို ဖြန့်ကျက်ကာ ခိုင်မာသည့် အရာတစ်ခုအဖြစ် ဖန်တီးထောက်ပံ့ထားသည်။
ဘုန်း ဘုန်း ဘုန်း ဘုန်း
ကျွင်းချောင်ရှောင်းသည် ဆက်တိုက်ဆိုသလိုပဲ စိတ်များလွင့်လျက်ရှိနေတော့သည်။ သူ၏ခေါင်းထဲတွင် တည်ရှိနေသည် မှာ ဖျက်ဆီးခြင်းပင် ဖြစ်တော့၏။ သူသည် ဖြစ်နိုင်သမျှ ဤအကာအကွယ်အတားအဆီးကြား ဖျက်ဆီးပစ်ရန်သာ စိတ်ထဲ၌ ရှိလို့နေ၏။
နှစ်ရက်ခန့်ကြာမြင့်ပြီးသည့်နောက်မှာတော့ အဖြူရောင်နှင့်အမဲရောင်နတ်ဆိုးတို့သည် ကောင်းကင်ယံအထက်တွင် ခြေချိတ်ကာ ထိုင်လျက်ရှိနေတုန်းပင်ဖြစ်သည်။ ၎င်းတို့သည် ပုံရိပ်ယောင်များကို ဖန်တီးထားသော ရသေ့ ၁၈ ပါးသည် ကောင်းကင်ယံအထက်၌ မန္တာန်များကို ရွတ်ဖတ်လျက်ရှိနေတုန်းပင်ဖြစ်သည်။
နာရီလေးဆယ်ကျော်ကြာမြင့်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် စည်းအတားအဆီးအစီအရင်အား ဆက်တိုက်ထိုးနှက်လျက်ရှိနေတုန်းပင်ဖြစ်၏။ သူ့အနေနှင့် ပွင့်သွားအောင် မချိုးဖြတ်နိုင်ဘူးဆိုသော်လည်း တစ်ဖက် ညီအစ်ကိုနှစ်ယောက်အား ကြီးမားသည့် အဟန့်အတားကြီးတစ်ခုတော့ ဖြစ်ပေါ်စေခဲ့တော့၏။
နောက်တစ်ရက်ကုန်လွန်ပြီးသည့်နောက်မှာတော့ အတွင်း၌ရှိနေသော ထိုးနှက်ချက်များသည် တဖြည်းဖြည်း အားနည်း လာခဲ့သည်။ ထို့ကြောင့် အမဲရောင်နှင့်အဖြူရောင်နတ်ဆိုးတို့သည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိသည်။
ဆွစ် ဆွစ် ဆွစ် ….
စည်းအတားအဆီး အစီအရင်ထဲမှာတော့ ကျွင်းချောင်ရှောင်းသည် တည်နေရာမှာတွင် မတ်တပ်ရပ်လျက်ရှိ၏။ ၎င်းသည် မောပန်းတကြီးဖြင့် ဖြစ်လို့နေ၏။ ထိုအချိန်မှာတော့ ၎င်းတို့၏ နီရဲလျက်ရှိနေသော မျက်လုံးများသည် တဖြည်းဖြည်း ပြန်လည်ကြည်လင်လာခဲ့၏။ ခန္ဓာကိုယ်တွင်ရှိနေသော ကြမ်းတမ်းလှသည့် အော်ရာလှိုင်းများသည် လည်း တဖြည်းဖြည်း ပျောက်ကွယ်နေ၏။
ဘုတ်
ဒီရေလှိုင်းကဲ့သို့ အားကောင်းလှသည့် ထိန်းချုပ်နိုင်မှု စွမ်းအင်များသည် ပြန်လည် ယုတ်လျော့သွားပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း သည် မြေပေါ်သို့ လဲကျသွားခဲ့၏။ သူ၏ အတွေးထဲတွင်တော့ အဆုံးအစမဲ့သော လေဟာနယ်ထဲတွင် ခန္ဓာကိုယ် တစ်ခုလုံးပျောက်ကွယ်သွားသလို ခံစားနေရတော့သည်။
“ချီး …. ချီးတဲ့မှ”
သတိပြန်ဝင်လာပြီးချင်းမှာပဲ ကြောက်မက်ဖွယ်ရာကောင်းလှသော အော်သံကြီးတစ်ခု ထွက်ပေါ်လာသည်။ “ငါမင်းကို ကျောက်ရုပ်ထုရဲ့အစွမ်းကို မသုံးနဲ့လို့ ပြောထားတယ်လေ။ ဘာလို့ ငါပြောတာ နားမထောင်ရတာလဲ။”
ဤအရာကို နှစ်ကြိမ်တိုင်တိုင် အသုံးပြုပြီးပြီဖြစ်သော ကျွင်းချောင်ရှောင်းသည်မှာတော့ ဇဝေဇဝါဖြစ်မနေချေ။ မြေပြင် ပေါ်တွင် လဲလျောင်းပြီးသည့်နောက်မှာတော့ ခနအကြာ အနားယူလိုက်၏။ ပြီးနောက် မေးလိုက်သည်။ “ကြယ်နှင်ဘုရင် ဘယ်ရောက်သွားပြီလဲ။”
“မင်းသူ့ကို ထွက်ပြေးအောင်လုပ်လိုက်ပြီးပြီလေ။”
“ဒါဆိုရင် အဓိကတာဝန်က ပြည့်စုံသွားပြီပေါ့။”
“မဟုတ်ဘူး။”
“………”
ကျွင်းချောင်ရှောင်းသည် မည်သည့်စကားကိုမှ မဆိုတော့ချေ။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ဟောင်းလောင်း ပေါက်ကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီး စကားပြောစရာအားအင်မျိုးပင် မရှိတော့ချေ။
ဆွစ် ……။
ထိုအချိန်မှာတော့ ၎င်းကို ဝိုင်းရံထားလျက်ရှိနေသော အတားအဆီးအစီအရင်သည် ပျောက်ကွယ်သွား၏။ အမဲရောင် နှင့်အဖြူရောင်နတ်ဆိုးတို့၏ မျက်နှာများသည် ၎င်းတို့၏ ရှေ့၌ ပေါ်လာ၏။ ထိုသူတို့သည် ကျွင်းချောင်ရှောင်းအား အေးစက်စွာ ကြည့်ရှုလိုက်ကြ၏။
“ကောင်လေး”
အဖြူရောင်ဝတ်စုံနှင့်လူသည် ဆောင့်ကြောင့်ထိုင်ကာဖြင့် ထူးမခြားနားသလို ပြောလိုက်သည်။ “မင်းကိုယ်မင်း အရမ်းကို အံ့အားသင့်စရာကောင်းတဲ့လူလို့ ထင်နေလား။ မတ်တပ်ထပြီး ငါတို့ကို ရိုက်စမ်း။”
“ခင် … ခင်ဗျားတို့က”
“………”
စနစ်သည် လွန်ခဲ့သည့်ရက်အတွင်း ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများအားလုံးကို အလောတကြီးဖြင့် ရှင်းပြ လိုက်တော့၏။ တစ်ဖက်လူနှစ်ယောက်သည် အချိန်အတော်ကြာသည်အထိ သဲအိတ်ကြီးနှစ်ခုကဲ့သို့ သူ၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်ဖြစ်ကြောင်းကို ကျွင်းချောင်ရှောင်း သိရှိလိုက်သည့်အချိန်မှာတော့ သေသေချာချာ တောင်းပန်လိုက်မိသည်။
“ခင် .. ခင်ဗျားတို့နှစ်ယောက် … ဒါက နားလည်မှုလွဲတာပါ။ ကျေးဇူးပြုပြီးတော့ ကျုပ်ရဲ့ ရှင်းပြမှုကို နားထောင်ပါအုံး။”
ဝှစ်
အဖြူရောင်လူသည် ကုန်းရှန့်အား ကုပ်မှ ဆွဲကာဖြင့် အော်လိုက်၏။ “ငါမင်းကို အရင်ဆုံးနှိပ်စက်အုံးမယ်။ ပြီးမှ ငါ မင်းရဲ့ရှင်းပြမှုကို နားထောင်မယ်။ အဆင်ပြေရဲ့လား။”
ဝှစ် ဝှစ်
ရုတ်တရက် ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်အတွင်းမှ အစိမ်းရောင်လေလှိုင်းများထွက်ပေါ်လာ၏။ သူ၏ အစိမ်းရောင် ဆံနွယ်များသည် အမဲရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ဤကဲ့သို့ ရုတ်တရက် ပြောင်းလဲမှုသည် အဖြူရောင် ဝတ်စုံနှင့် လူ၏ မျက်နှာအမူအရာအား ပြောင်းလဲသွားခဲ့သည်။
သူသည် ချက်ချင်းပဲ လေထုထဲရှိ နှင်းဆီရနံ့များအား ရှုရှိုက်လိုက်မိတော့၏။ ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်မှ ခွဲထွက်လာလျက်ရှိသော နှင်းဆီဧကရီမှာတော့ သူ၏ အနောက်တွင် မတ်မတ်ရပ်လျက်ရှိသည်။ သူမသည် အနီရောင် ကြာပန်း နတ်ဆိုးလ ဓားမော့ကြီးကို ထုတ်ယူကာဖြင့် တစ်ဖက်လူ၏ ပခုံးပေါ်သို့ ဓားသွားအား တင်လိုက်၏။
ပြီးနောက်အေးစက်စက်ပြောလိုက်သည်။ “သူ့ကို နှိပ်စက်ချင်တာလား။ ကျွန်မသဘောမတူဘူး။”