← Chapters

အခန်း (၁၁၄၀)

Vol. 77 Ch. 1140

အခန်း (၁၁၄၀)

Vol. 77 Ch. 1140

“သူမကို သတ်ဖြတ်ဖို့လား …. ကျုပ် သဘောမတူဘူး”

ဤရိုးရှင်းလှသော စကားလုံးတစ်ခုသည် နှင်းဆီဧကရီ၏ စိတ်တစ်ခုလုံးကို ဖုံးလွှမ်းသွားစေနိုင်သော အစွမ်းသတ္တိမျိုး ပါဝင်လျက် ရှိနေတော့သည်။ ထိုစကားသံသည် သူမ၏ နှလုံးသားတစ်ခုလုံးကို နွေးထွေးသွားစေခဲ့ပြီး သိမ့်ကနဲ ဖြစ်စေသည့် ခံစားချက်မျိုးကိုပင် ရရှိစေခဲ့သည်။

သူမကိုယ်သူမ ဖောက်ခွဲပစ်တော့မည့်အချိန်တွင် ကျွင်းချောင်ရှောင်းကို မုန်းတီးခဲ့မိ၏။ သူမသည် ဝိညာဉ် တစ်ကောင် ဖြစ်သွားမည်ဆိုလျှင်တောင်မှ ကြယ်ကြွေကုန်းမြေတိုက်ကြီးသို့ လိုက်ပါ၍ ကျွင်းချောင်ရှောင်းကို မေးမြန်းချင်မိသည်။ ဤအမုန်းတရားများသည် ကျွင်းချောင်ရှောင်းတစ်ယောက် ရုတ်တရက် ထွက်ခွာသွားခြင်း ကြောင့် မဟုတ်သလို ရတနာတိုက်ထဲတွင် ရှိသော ရတနာတစ်ဝက်ကို ယူဆောင်သွားခြင်းကြောင့်လည်း မဟုတ်ပေ။

ဤကဲ့သို့သော အမုန်းတရားများ ဖြစ်ပေါ်ခဲ့ခြင်းသည် ကွာရှင်းစာဟု ပြောဆိုခဲ့သော စာတစ်စောင်ကြောင့်ပင် ဖြစ်သည်။ ဤကဲ့သို့ အရေးအကြောင်း အခြေအနေသာ မဟုတ်ပါက နှင်းဆီဧကရီသည် ကျွင်းချောင်ရှောင်းအား မေးခွန်းထုတ်မိမှာ သေချာ၏။

“ဘာလို့ ကျွန်မကို ကွာရှင်းခဲ့ရတာလဲ။ ဘယ်လိုအခွင့်အရေးတွေ ရှင့်မှာရှိလို့ ကွာရှင်းခဲ့ရတာလဲ”

ဝှစ်

ဆေးလုံးတစ်လုံးသည် ရုတ်တရက် သူမ၏လက်ထဲသို့ ရောက်ရှိလာခဲ့တော့သည်။

“ဒါကိုစားလိုက်”

ကျွင်းချောင်ရှောင်းသည် နှင်းဆီဧကရီအား ထူးမခြားနားသလို ပြောလိုက်၏။ “ပြီးရင် ဒီက ထွက်သွားတော့”

“.......” စနစ်သည် လဲပြိုတော့မလိုပင် ဖြစ်သွားတော့သည်။

လက်ခံသူသည် နှင်းဆီဧကရီအား ဤနေရာတွင် ဆက်၍ မနေထိုင်စေချင်သည်မှာ ချောမောလှပသောလူ၏ တိုက်ခိုက်မှုသည် သက်ရောက်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ သောက်ပါးစပ်ကြီးမှာတော့ အလွန်မာကျောစွာ ပြောဆိုလျက် ရှိနေသည်။ အချိန်ကြာမြင့်စွာ ရည်စားမရှိဘဲ တစ်ယောက်တည်း နေထိုင်နေရသည်မှာ အံ့အားသင့်စရာ မရှိတော့ချေ။

နှင်းဆီဧကရီသည် ဆေးလုံးကို သောက်သုံးပြီးနောက် ဒဏ်ရာများ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ ပြီးနောက် သူမသည် အနောက်သို့ တစ်ချက်ကလေးမှ လှည့်မကြည့်ဘဲ ခပ်ဝေးဝေးဆီသို့ ပျံသန်းသွားခဲ့တော့သည်။

တခြားသော မိန်းမသာ ဖြစ်နေမည်ဆိုပါက နှောင့်နှေးနေပေလိမ့်မည်။ သို့ပေမဲ့ ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီး၏ လေးယောက်မြောက် ဧကရီ ဖြစ်သည်နှင့်အညီ သူမသည် တိုက်ပွဲပေါင်းရာချီကို တိုက်ခိုက်ဖူးသူတစ်ယောက် ဖြစ်၏။ ထို့ကြောင့် နှလုံးသားထဲတွင် အကြိတ်အခဲများ တည်ရှိနေပြီး ဖြေရှင်းချင်သည် ဆိုလျှင်တောင်မှ အသာဘေးတစ်ဖက်သို့ ရှောင်ရှားပြီး ကျွင်းချောင်ရှောင်း တိုက်ခိုက်ရန်အတွက် လမ်းဖွင့်ပေးမှ ဖြစ်ပေလိမ့်မည်။

“ကောင်လေး”

ခပ်ချောချောလူက ပြောလိုက်သည်။ “မင်း ဘယ်သူလဲ”

ကျွင်းချောင်ရှောင်းသည် နှင်းဆီဧကရီ ခပ်ဝေးဝေးဆီသို့ ထွက်ခွာသွားပြီးနောက် အလွန်တရာ ဟိတ်ဟန်များလှသော အမူအရာမျိုးဖြင့် မိမိကိုယ်ကို မိတ်ဆက်ရန် ပြင်နေသည့် အချိန်မှာပဲ ခပ်ဝေးဝေးဆီသို့ ရောက်နေသော နှင်းဆီဧကရီသည် ပြန်လည်ရောက်ရှိလာပြီး ပြောလိုက်၏။

“သူက ကျွန်မယောက်ျား ပဲ”

“နှင်းဆီဧကရီ... ကျုပ် ခင်ဗျားနဲ့ကွာရှင်းပြီးသွားပြီလေ။ ကျုပ်တို့က တစ်ယောက်နဲ့တစ်ယောက် ဘာမှ မသက်ဆိုင်တော့ဘူး” ကျွင်းချောင်ရှောင်းက လှမ်း၍ အော်လိုက်သည်။

နှင်းဆီဧကရီက အေးစက်စက် မျက်နှာဖြင့် ပြောလိုက်၏။ “ရှင်နဲ့ ကျွန်မက ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးမှာ လက်ထပ်ခဲ့တာလေ။ ဒီတော့ ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးရဲ့ ထုံးတမ်းစဉ်လာတွေကိုပဲ လိုက်နာရမယ်။ ဒီနေရာမှာ မိန်းမတွေကသာလျှင် ယောက်ျားတွေကို ကွာရှင်းခွင့်ရှိတယ်။ ယောက်ျားတွေက ကွာရှင်းခွင့်မရှိဘူး”

စနစ်က ပြောလိုက်သည်။ “သူမပြောတာ အမှန်ပဲ”

“တော်စမ်း ….. မင်း”

ကောင်းကင်ယံထက်တွင် အလွန်တရာ အားကောင်းလှသော အော်ရာများ ထွက်ပေါ်နေသည့် တစ်ဖက်လူနှင့် တိုက်ခိုက်ရန် အခြေအနေသာ မဟုတ်ပါက ကျွင်းချောင်ရှောင်းသည် ဤကိစ္စများအားလုံး ရှင်းလင်းသွားသည်အထိ နှင်းဆီဧကရီနှင့် စကားပြောဆိုချင်မိ၏။

“ကျွတ် ကျွတ်”

ချောမောလှသည့်လူသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ဒီမိန်းမကတော့ မဆိုးဘူး။ မင်းရဲ့ယောက်ျားကတော့ အင်း... အရမ်းလှတဲ့ ပန်းတစ်ပွင့်မှာ နွားချေးကပ်နေသလိုပဲ”

“..........”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် ဒေါသတရားများနှင့် ပြည့်နှက်သွားခဲ့တော့သည်။ ကုန်းရှန့်သည် တခြားသောသူများကိုသာ မှိုချိုးမျှစ်ချိုး ပြောဆိုခဲ့သူ တစ်ယောက်ဖြစ်သည်။ တစ်စုံတစ်ယောက်သည် သူ့အား နွားချေးဟု ကဲ့ရဲ့လှောင်ပြောင်နေခြင်းမျိုးအား သူ မည်သို့မှ လက်သင့်ခံလိမ့်မည် မဟုတ်ပေ။

“ဟေး”

ခပ်ချောချောလူသည် နှင်းဆီဧကရီကို ကြည့်ကာ ပြောလိုက်၏။ “ငါ့ကိုကြည့်လိုက်။ ရုပ်ရည်က ချောမောပြီးတော့ အားအင်အဆင့်ကလည်း ကြီးမားတယ်လေ။ မင်းအခု နွားချေးလိုကောင်ကို ကွာရှင်းပြီးတော့ ငါနဲ့လက်ထပ်လိုက်ပါလား”

“ခွေးသားကြီး”

ကျွင်းချောင်ရှောင်းသည် ကောင်းကင်စတေးခြင်းလှံအား လက်ထဲမှာ ခပ်တင်းတင်း ဆုပ်ကိုင်ထားပြီးနောက် မျက်လုံးအိမ်ထဲမှ မျက်လုံးများ ပြူးထွက်လုမတတ် အော်ဟစ်လိုက်မိသည်။ “ခင်ဗျားက တကယ့်ကို ရိုက်နှက်ဖို့ကောင်းပြီ”

နှင်းဆီဧကရီသည် ဒေါသတကြီး ပြောလိုက်၏။ “ဝိညာဉ်မျိုးနွယ်မှာရှိတဲ့ မိန်းကလေးတွေ အကုန်လုံးက သူတို့ ဘဝတစ်လျှောက်လုံးမှာ ယောကျ်ားတစ်ယောက်ကိုပဲ လက်ထပ်တယ်။ သူတို့ရဲ့ ယောက်ျား သေဆုံးသွားပြီ ဆိုရင်တောင် မုဆိုးမအဖြစ်ပဲ ဆက်ပြီးနေတယ်။ ဘယ်တော့မှ တခြားသူတွေကို ထပ်ပြီးတော့ လက်ထပ်မှာ မဟုတ်ဘူး။”

ဤအရာသည် ဝိညာဉ်မျိုးနွယ် မိန်းကလေးတိုင်း ဦးစားပေးလုပ်ဆောင်ရသည့် အရာတစ်ခုပင် ဖြစ်တော့သည်။ ၎င်းတို့သည် ဘဝတစ်သက်တာလုံးတွင် လူတစ်ဦးတစ်ယောက်တည်းကိုသာ လက်ထပ်ရ၏။

“ငါက စကားအဖြစ်ပြောတာပါ”

ခပ်ချောချောလူသည် ခေါင်းကိုခါယမ်းလိုက်၏။ သူ၏ မျက်လုံးများသည် အေးစက်ပြီး စူးရှလျက် ရှိနေ၏။ “ငါ့အနေနဲ့ အဆင့်နိမ့်မျိုးနွယ်တစ်ခုဖြစ်တဲ့ မင်းလိုမိန်းမမျိုးကို တကယ် လက်ထပ်မယ်လို့ ထင်နေတာလား”

ဆွစ်

ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ကောင်းကင်စတေးခြင်းလှံအား အသာဝှေ့ယမ်းလိုက်ပြီးသည့်နောက် လေဟာနယ်ကို ထိုးခွင်းကာ တိုက်ခိုက်တော့သည်။ တစ်ဖက်လူသည် အလွန်တရာ အားကောင်းလှကြောင်းကို သူသိရှိပြီးဖြစ်၏။ ထို့ကြောင့် အားကုန်ဖြင့် တိုက်ခိုက်လိုက်ခြင်းပင် ဖြစ်သည်။ ကြီးမားပြင်းထန်သော တိုက်ခိုက်မှုကြီး၏ အောက်မှာတော့ တည်နေရာတစ်ခုလုံးသည် စုတ်ပြတ်သတ်လျက်ရှိ၏။

ချောမောသောလူသည် နှာခေါင်းကို ရှုံကာဖြင့် သူ၏ လက်ချောင်းကို အသာမြှောက်လိုက်တော့သည်။ အလင်းတန်းများသည် လေထုထဲတွင် ဖြစ်တည်လာပြီးသည့် နောက်မှာတော့ ကျွင်းချောင်ရှောင်းကို ပြန်လည်တိုက်ခိုက်တော့သည်။

ဘုန်း ….။

အားအင်နှစ်ခုတို့သည့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ပြီးသည့် နောက်မှာတော့ တည်နေရာတစ်ခုလုံးသည် ပေါက်ကွဲထွက်သွားခဲ့၏။

ဘုတ် ဘုတ် ဘုတ် ဘုတ် …..

ကျွင်းချောင်ရှောင်းသည် အနောက်ဆီသို့ လှမ်းဆုတ်သွားရ၏။ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီးသည့်နောက် လေထုထဲတွင် ရပ်လျက်ရှိနေသာ ခပ်ချောချောလူ၏ အမူအရာသည် တည်ငြိမ်လျက်ရှိသည်ကို မြင်ရ၏။

“ဒါ သိုင်းအင်ပါယာတစ်ယောက်ရဲ့ အားအင်အဆင့်လား”

သူသည် အစောပိုင်းတုန်းက နှင်းဆီဧကရီနှင့် တိုက်ခိုက်ခဲ့ဖူး၏။ သို့ပေမဲ့ ဝှက်ဖဲမျိုးစုံကို အသုံးပြု၍ အနိုင်ယူ တိုက်ခိုက်နိုင်ခဲ့သည်ဆိုသော်လည်း လက်ရှိ ရင်ဆိုင်နေရသည့် ရန်သူမှာတော့ အဆုံးမဲ့အားအင် ကောင်းမွန်လွန်းလှ၏။ ထို့ကြောင့် သူ့အနေနှင့် အနိုင်ရရန် လမ်းမရှိဟု ခံစားနေမိသည်။

ဆွစ် ဆွစ်

ထိုအချိန်မှာတော့ ခပ်ချောချောလူသည် လက်ကို ထပ်မံကာ မြှောက်လိုက်၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသော စွမ်းအင်များသည် ၎င်း၏ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာပြီးသည့်နောက် ဆူနာမီလှိုင်းကြီးကဲ့သို့ ကြမ်းတမ်းပြင်းထန်လွန်းသော စွမ်းအင်များသည် ကျွင်းချောင်ရှောင်းအား ဖိနှိပ်လာခဲ့တော့၏။

ထိုအချိန်မှာတော့ တည်နေရာတစ်ခုလုံးသည် အေးခဲသွားတော့သည်။

“မကောင်းတော့ဘူး”

ကျွင်းချောင်ရှောင်းသည် ထိတ်လန့် တုန်လှုပ်သွား၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသော လေပွေများသည် ခပ်ဝေးဝေးတည်နေရာမှ ထွက်ပေါ်လာပြီး သည့်နောက်မှာ သူ့အနေနှင့် ရှောင်ရှားရန် ခက်ခဲသည့် အခြေအနေသို့ ရောက်ရှိသွား၏။

ဆန်းကြယ်လှသော အော်ရာများ ကျဆင်းလှသည့်နောက် မှာတော့ ကြီးမားလှသော လက်ဝါးရိုက်ချက်ကြီးသည် လေထုထဲတွင် ဖြစ်တည်လာပြီး ကျွင်းချောင်ရှောင်းအား တိုက်ခိုက်တော့သည်။

“ဟမ်”

ချောမောလှသောလူသည် အနည်းငယ် မျက်မှောင်ကုတ်သွား၏။ အဘယ်ကြောင့်ဆိုသော် ထိုတိုက်ခိုက်ချက်ကြီး ကျဆင်းသွားတြိုက်ခိုက်ချက်မှ လွတ်မြောက်ရန်အတွက် ကြီးမားသည့် ပေးဆပ်မှုကို ပေးဆပ်ခဲ့ရပုံပေါ်၏။

“တစ်ဖက်လူရဲ့ အားအင်အဆင့်ကို စမ်းသပ်မနေနဲ့”

စနစ်က ပြောလိုက်သည်။ “စည်းဓားမော့ကြီးကို စည်းဖြေလိုက်တော့”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါ စည်းဓားမော့ကြီးကို ထုတ်သုံးလိုက်ရုံနဲ့ ဒီကောင့်ကို ဖြေရှင်းနိုင်မယ်လို့ မင်းထင်လို့လား”

စနစ်က ပြောလိုက်သည်။ “စည်းဓားမော့ကြီးကို စည်းမဖြေလည်း အခွင့်အရေးမှ မရှိတာ။ ဒီတော့ စည်းဖြေလိုက်တာက ပိုကောင်းမယ်လေ”

“အလုပ်မဖြစ်ဘူး။ သူ့ကို အချိန်ဆွဲထားနိုင်ဖို့ အခွင့်အရေးရှာရမယ်။ ပြီးရင် အဆင့်မြင့်စတိုးကို Refresh လုပ်ရမယ်။ လောကအဆောင် ဒါမှမဟုတ် အဲလို အားကောင်းတဲ့ အရာမျိုး တစ်ခုခုကို ရရှိမယ်ဆိုရင် မဆိုးဘူး။ ဒီနည်းလမ်းပဲ ရှိတော့တယ်”

ကျွင်းချောင်ရှောင်းသည် ကောင်းကင်စတေးခြင်းလှံကို မြှောက်ကာ အေးစက်စက် ပြောလိုက်သည်။ “ကျုပ်သာ ဒဏ်ရာ မရရှိထားဘူးဆိုရင် ခင်ဗျားကို လွယ်လွယ်ကူကူနဲ့ အနိုင်ယူနိုင်စွမ်းရှိတယ်”

“သူ ဒဏ်ရာ ထပ်ရပြန်ပြီလား” နှင်းဆီဧကရီက အံ့အားသင့်သွား၏။

ခပ်ချောချောလူမှာမူ ပြုံးကာ ပြောလိုက်သည်။ “ငါ့ကို အချိန်ဆွဲဖို့ ကြိုးစားနေတာလား။ မင်းနဲ့ ရင်ဆိုင်နေတဲ့လူက သုံးနှစ်သား ဒါမှမဟုတ် ဆယ်နှစ်သား ကလေးလေးလို့ ထင်နေတာကိုး။ အခုအေးအေးဆေးဆေး အနားယူသလိုနဲ့ ငါ့ကို တန်ပြန် တိုက်ခိုက်တော့မယ်လေ။ ဟား ဟား ဟား ရိုးနေပြီ”

“ချီးတဲ့မှ”

တစ်ဖက်လူသည် သူ၏ ရည်ရွယ်ချက်ကို ကြိုတင်ကာ သိရှိလို့ နေသည်။

“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၅၀၀၀၀ / ၇၀၀၀၀”

ကျွင်းချောင်ရှောင်းသည် အဆင့်မြင့်စတိုးကို ဖွင့်လိုက်၏။ ပြီးသည့်နောက် ဝယ်ယူနိုင်သည့်ပစ္စည်းများသည် လက်ရှိ အခြေအနေနှင့် မကိုက်ညီသည့်အရာများ ဖြစ်ပေါ်နေသည်ကို သိရှိပြီးသည့်နောက်မှာတော့ သူ၏ နှလုံးသားများသည် နာကျင်လျက် ရှိနေတော့သည်။ လက်ရှိအခြေအနေမှာတော့ သူသည် တိုက်ခိုက်ရေးစွမ်းအင်များကို ပိုမိုအားကောင်းစေနိုင်သည့် အရာပစ္စည်းမျိုး လိုအပ်လျက် ရှိနေ၏။

“ဆက်ပြီး Refresh လုပ်ထား၊ ငါ့ဆီမှာ ဂိုဏ်းစုဆောင်းမှတ် ငါးသောင်းကျော် ရှိနေသေးတယ်” စနစ်က ပြောလိုက်သည်။

“........”

ကျွင်းချောင်ရှောင်းသည် အနည်းငယ်နှမျောသလို ခံစားနေရသည်။ သို့ပေမဲ့ ဂိုဏ်းစုဆောင်းမှတ် တစ်သိန်းကျော် ရှိသည်ဆိုလျှင်တောင်မှ သူသည် ကျိန်းသေပေါက် ထုတ်၍ သုံးရမှာ ဖြစ်၏။

“မဖြစ်ဘူး”

စနစ်သည် ခိုင်မာစွာ ပြောလိုက်သည်။ “ဒါက အဆင့်မြင့် စတိုးပဲလေ။ Refresh လုပ်လိုက်တိုင်းမှာ မထင်မှတ်ထားတဲ့ အံ့အားသင့်စရာတွေ ပေါ်လာရမယ်”

ဤအရာမှာ အမှန်ပင် ဖြစ်တော့သည်။ Refresh လုပ်ပြီးသည့်နောက်မှာ ပေါ်လာသည့် ပစ္စည်းများသည် ပစ္စည်းကောင်းကြီးများသာဖြစ်သည်။ သို့ပေမဲ့ သိုင်းပညာ နည်းစနစ်များနှင့် လက်နက်ဖော်မြူလာများသာ ဖြစ်သည်။ တိုက်ခိုက်မှုစွမ်းအင်ကို အားကိုးအားထားပြုရလောက်သည့် ပစ္စည်းများ မရှိချေ။

“ဆက်ပြီး Refresh လုပ်ကွာ”

စနစ်က ဆော်ဩလိုက်တော့သည်။ လက်ခံသူအား ဂိုဏ်းစုဆောင်းမှတ်များ သုံးဖြုန်းပစ်ရန် သွေးဆောင်ဖျားယောင်းနေခြင်း မဟုတ်ပေ။ လက်ရှိအခြေအနေသည် အလွန်တရာ အရေးကြီးသော အခြေအနေသို့ ရောက်ရှိနေခဲ့၏။ မိနစ်တိုင်း၊ စက္ကန့်တိုင်းသည် အချိန်ဖြုန်း၍ မရချေ။

“ဒင် ... ဂိုဏ်းစုဆောင်းမှတ် - ၄၀၀၀၀ / ၇၀၀၀၀”

“ဒင် ... ဂိုဏ်းစုဆောင်းမှတ် - ၃၀၀၀၀ / ၇၀၀၀၀”

ကျွင်းချောင်ရှောင်းသည် နှစ်ကြိမ်တိုင်တိုင် refresh လုပ်ပြီးသည့်နောက် တိုက်ခိုက်ရေးစွမ်းအင်ကို တိုးတက်လာစေနိုင်သည့် တခြားသော ပစ္စည်းများ မရှိချေ။

“မင်းပြောတဲ့ အံ့အားသင့်စရာတွေက ဘယ်မှာလဲ။ ဘယ်ကိုရောက်နေလဲ။ နေအုံး”

ခဏလောက်ကြာတော့ သူသည် စိတ်ကိုတည်ငြိမ်အောင် ထိန်းချုပ်ပြီး နောက်ဆုံးတွင် ရောက်နေသော ပစ္စည်းကို ကြည့်ရှုလိုက်၏။

“ရွှမ်ဟွမ် နတ်ဘုရားချပ်ဝတ် ဟုတ်လား။ ရွှမ်ဝမ်ဆိုတာ အဝါရောင်အင်ပါယာ လား”

ရွှီး

ကျွင်းချောင်ရှောင်းသည် မိတ်ဆက်ကို အသာနှိပ်ကာ ဖတ်ရှုလိုက်၏။

“ပစ္စည်းအမျိုးအစား - ရွှမ်ဟွမ် နတ်ဘုရားချပ်ဝတ်

မိတ်ဆက် - အဝါရောင်အင်ပါယာ ဖန်တီးပြုလုပ်ထားသည့် ချပ်ဝတ်ဖြစ်ပြီး တရုတ်ပြည်၏ ဘိုးဘေးတစ်ယောက် ဖြစ်တော့သည်။ ရှေးလူသားမျိုးနွယ်တို့၏ စွမ်းအင်များ ပါဝင်နေသာ ချပ်ဝတ်ဖြစ်သည်။

အကျိုးသက်ရောက်မှု - ထိုအရာကို ဝတ်ဆင်ထားသည် ဆိုပါက ခန္ဓာကိုယ် မရီဒန်နှင့် ဝိညာဉ်များအားလုံးကို ကာကွယ်ပေးနိုင်ပြီး ပိုမိုကာ အားကောင်းစေနိုင်သည်။ နတ်ဘုရားချပ်ဝတ်သည် ကောင်းကင်နှင့်မြေကြီးရှိ လောကသဘာဝများနှင့် ဖန်တီးထားသည့်အရာ ဖြစ်သောကြောင့် လက်ခံသူအနေနှင့် အသုံးပြုရသည့်အချိန်တွင် ဘေးထွက်ဆိုးကျိုး မရှိချေ။

အဆင့် - နတ်ဘုရားအဆင့်နှင့်အထက်

ဈေးနှုန်း - ဂိုဏ်းစုဆောင်းမှတ် နှစ်သောင်း”

“ဒင် ... လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ်များကို အသုံးပြုပြီးသည့်နောက်မှာတော့ ရှန်ဝမ်နတ်ဘုရားချပ်ဝတ် တစ်ခုအား ရယူခဲ့သည်။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ”

“ဒင် ... ဂိုဏ်းစုဆောင်းမှတ် - ၀ / ၇၀၀၀၀”

မိတ်ဆက်ကို ဖတ်ရှုပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် နှောင့်နှေးခြင်းမရှိဘဲ တစ်ခါတည်း ဝယ်ယူခဲ့တော့သည်။ အချိန်တိုအတွင်းမှာပဲ သူသည် ဂိုဏ်းစုဆောင်းမှတ် ငါးသောင်းအား အသုံးပြုပြီး ဖြစ်တော့၏။

စနစ်သည် ဂုဏ်ယူစွာ ပြောလိုက်တော့၏။ “ဒါကမှ တကယ့်ကို အံ့အားသင့်စရာကွ”

ရွှီး

ကျွင်းချောင်ရှောင်းသည် သူ၏ခြေထောက်နားတွင် ကောင်းကင်စတေးခြင်းလှံအား ထိုးစိုက်ပြီးသည့်နောက် မှာတော့ လက်များကို အသာဖြန့်ကားလိုက်တော့၏။ “ဘိုးဘေးကြီး ... အားအင်အဆင့်များကို ပေးသနားပါ”

“ဘိုးဘေးကြီး ဟုတ်လား”

ချောမောလှသည့်လူသည် အေးစက်စက်ဖြင့် ပြုံးကာ ပြောလိုက်သည်။ “ကြောင်တောင်တောင်နဲ့ကွာ”

ဟူး ဟူး ဟူး

ရုတ်တရက် ဆန်းကြယ်လွန်းလှသော အော်ရာများသည် ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာပြီးသည့်နောက် သူ၏ ခေါင်းအစ ခြေအဆုံးကို အလင်းတန်းများ ဖုံးလွှမ်းသွားခဲ့တော့၏။ အလင်းတန်းများ ပျောက်ကွယ်သွားသည့်နောက်မှာတော့ ငွေဖြူရောင်တောက်နေသော ချပ်ဝတ်၊ ဖိနပ်၊ ဝတ်ရုံနှင့် ခေါင်းဆောင်းများသည် ၎င်း၏ ခန္ဓာကိုယ်၌ ပေါ်ပေါက်လာခဲ့တော့သည်။ ချပ်ဝတ်၏ ရင်ဘတ်တည်နေရာတွင် ရွှမ်ဟွမ် ဟူသော စာသားကို ရေးသားထားသည်။

ဖြောက်

ကျွင်းချောင်ရှောင်းသည် ကောင်းကင်စတေးခြင်းလှံအား အသာဆုပ်ကိုင်လိုက်၏။ ရောင်စုံအလင်းတန်းများ ထွန်းတောက်လျက်ရှိနေသော လက်နက်နှင့်အတူ ငွေဖြူရောင် တောက်လျက်ရှိသော ချပ်ဝတ်သည် ပလဲနံပသင့်လို့ နေတော့၏။

ရွှီး

ကျွင်းချောင်ရှောင်းသည် အရှေ့သို့ လှမ်းတက်လိုက်ပြီးသည့်နောက်မှာတော့ ဘယ်ဘက်လက်တွင် လှံကြီးကို ကိုင်ကာ မြှောက်လိုက်၏။ ပြီးနောက် ကောင်းကင်တစ်ခုလုံး တုန်လှုပ်သွားစေလောက်သည့်အသံဖြင့် အော်ဟစ် လိုက်တော့သည်။ “ငါ လာပြီကွ”

All Chapters