အခန်း (၁၁၃၉)
Vol. 77 Ch. 1139
ဝှစ်
သမုဒ္ဒရာကျယ်ကြီးမှာတော့ ရှေးရွက်သင်္ဘောကြီးသည် အလွန်တရာ မြန်ဆန်စွာ ရွေ့လျားလျက် ရှိနေသည်။ ကျွင်းချောင်ရှောင်းသည် အနောက်ဘက်ပင်လယ်ဆီမှ ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်လာခဲ့တော့သည်။ သူသည် လက်တစ်ချက်ကို ယမ်းခါပြီးသည့်နောက်မှာတော့ အင်မော်တယ်တစ်သောင်းအဖွဲ့အစည်းတွင် ရှိနေသော သိုင်းကျင့်ကြံခြင်းအရင်းအမြစ်များ အားလုံးကို ထုံးစံအတိုင်း ယူဆောင်လာခဲ့၏။
ခေါင်းတုံးပြောင်နှင့်လူသည် ရွက်လှေကြီး၏အရှေ့ဘက် ပဲ့ဦးတွင် ကြိုးချည်ခြင်းကို ခံထားရ၏။ ထိုသူသည် အလွန် တရာအံ့အားသင့် ခြောက်ခြားလျက် ရှိနေတော့၏။ အဆင့်နိမ့်ဂြိုဟ်တစ်ခုတွင် ဤကဲ့သို့ ပျံသန်းနိုင်သော ရွက်သင်္ဘောမျိုး တည်ရှိလို့ နေခဲ့သည်။
ကြယ်နှင်ဘုရင်၏ နောက်လိုက်များအားလုံးသည် လေဟာနယ်ကို ချိုးဖြတ်နိုင်သည့် စွမ်းအင်မျိုး မရှိကြချေ။ ၎င်းတို့သည် တည်နေရာကို ဖြတ်သန်းသွားလာနိုင်ခြင်းဆိုသည်မှာ သခင်ကြီးတစ်ယောက် များပြားလှသော ပိုက်ဆံများကို အသုံးပြုဝယ်ယူထားသည့် ရွက်သင်္ဘောကို အမှီအခိုပြုကာ ရွေ့ပြောင်းသွားလာနေကြခြင်းပင် ဖြစ်၏။
“အစ်ကိုကြီး”
ဘေးတစ်ဖက်ဆီတွင် ချည်နှောင်ခြင်း ခံထားရသော နောက်လိုက်တစ်ယောက်က တီးတိုးပြောလိုက် တော့၏။ “ဒီရွက်သင်္ဘောကလည်း တည်နေရာကို ဖြတ်သန်းသွားလာနိုင်တယ်နဲ့တူတယ် ဟုတ်လား”
ခေါင်းတုံးပြောင်နှင့်လူက လေးလေးနက်နက် ပြောလိုက်သည်။ “အော်ရာနဲ့ ဖွဲ့စည်းပုံကို ကြည့်ရတာ သခင်ကြီးရဲ့ ရွက်သင်္ဘောနဲ့တော့ နှိုင်းယှဉ်လို့ မရဘူး။ ဒါပေမဲ့ စွမ်းအင်တွေ လုံလုံလောက်လောက် ရှိမယ်ဆိုရင် တည်နေရာကို ဖြတ်ပြီးတော့ သွားလာနိုင်မယ်လို့ ထင်တယ်”
ကျွင်းချောင်ရှောင်းသည်သာ ထိုစကားကို ကြားသည်ဆိုပါက ကျိန်းသေပေါက် စိတ်ဝင်စားပေလိမ့်မည်။ ကံကောင်းစွာဖြင့် သူသည် မကြားနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် သင်္ဘော၏ ပင်မစက်ခန်းထဲတွင် ထိုင်ကာ စဉ်းစားနေသောကြောင့် ဖြစ်၏။
“မင်းမိန်းမက အန္တရာယ်များနေပြီ”
စနစ်က ပြောလိုက်သည်။ “သွားပြီး မကယ်ဘူးလား”
“........”
ကျွင်းချောင်ရှောင်းသည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “ငါတို့က ဟန်ဆောင်လက်ထပ်ထားတာလေ”
“နားလည်ပြီ။ နားလည်ပြီ။ ဟန်ဆောင်လက်ထပ်ပွဲပါပဲ”
စနစ်သည် အဓိက အကြောင်းအရာကို ပြောလိုက်၏။ “ကြယ်နှင်ဘုရင်က အရမ်းကို အားကောင်းတယ်လေ။ တစ်နှစ်ပတ်လုံး တခြားဂြိုဟ်တွေကို သွားပြီးတော့ လှည့်လည်လုယက်နေတာ။ အခု ဝိညာဉ်မျိုးနွယ်တွေက သူ့ရဲ့ပစ်မှတ်ထားခြင်းကို ခံရပြီဆိုတော့ ပြဿနာ အကြီးကြီး တက်မှာ စိုးရိမ်ရတယ်”
“သူတို့ကလည်း တစ်နှစ်ပတ်လုံး တခြားဂြိုဟ်တွေကို သွားပြီး တိုက်ခိုက်နေခဲ့တာလေ။ အခု ပြန်ပြီးတော့ လုယက်ခံရတော့မယ်။ ဒါက ဝဋ်လည်တာပဲ မဟုတ်လား။ ဒါကို ကမ္မလို့ခေါ်တယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
“ဒါကတော့ ဟုတ်ပါတယ်”
စနစ်သည် ဤအရာကို မငြင်းပယ်နိုင်ချေ။ လောကကြီးတွင် ရှိနေသော သဘာဝ ပတ်ဝန်းကျင်နှင့် မိမိ၏ ကိုယ်ပိုင် အရည်အချင်းပေါ် မူတည်ပြီးသည့်နောက် ဝိညာဉ်မျိုးနွယ်များအားလုံးသည် အသက်ရှင် နေထိုင်နိုင်ရန်အတွက် တခြားသော ဂြိုဟ်များကို တိုက်ခိုက်ရသည့်အလုပ်ကို ပြုလုပ်ခဲ့ရ၏။ လက်ရှိ အခြေအနေမှာတော့ ပြန်လည်ကာ အနိုင်ကျင့် တိုက်ခိုက်ခြင်းကို ခံနေရသည်။ ထို့ကြောင့် သူ ဤကဲ့သို့ ပြောဆိုခြင်း ဆိုသည်မှာ လွန်လှသည်တော့ မဟုတ်ချေ။
“ပြောနေစရာ မလိုဘူး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီကြယ်နှင်ဘုရင်က သိုင်းအင်ပါယာအဆင့်နဲ့ နှိုင်းယှဉ်လို့ရတယ်လေ။ ငါသွားပြီး ကူညီမယ်ဆိုရင်တောင် ငါပဲ ခံရမှာပေါ့” သူသည် နှင်းဆီဧကရီကို ကူညီရန် အစီအစဉ်မရှိချေ။ သွားမည်ဆိုလျှင်တောင်မှ လုယက်ရန် အစီအစဉ်သာရှိ၏။
“လက်ခံသူကတော့ မလွယ်ဘူးပဲ”
စနစ်က ပြောလိုက်သည်။ “ဒါပေမဲ့ မင်း စဉ်းစားပြီးပြီလား။ တကယ်လို့ ကြယ်နှင်ဘုရင်ကသာ ဝိညာဉ်မျိုးနွယ်တွေကို ရင်ဆိုင်တိုက်ခိုက်ပြီးရင် ကျိန်းသေပေါက် ကြယ်ကြွေ ကုန်းမြေတိုက်ကြီးကို ရောက်လာမှာပဲ။ ဒီလိုဆိုရင် မင်းနဲ့ နှင်းဆီဧကရီတို့က တူညီတဲ့ဘက်မှာ ရပ်ပြီးတော့ တူညီတဲ့လူကို ရင်ဆိုင်ရမှာပဲလေ”
“ကိစ္စ မရှိဘူး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သိုင်းအင်ပါယာ ကိုးယောက်တို့က ဒီမှာ ရှိနေသေး တယ်လေ။”
သိုင်းအင်ပါယာကိုးယောက်တို့သည် တခြားသောဂြိုဟ်ဆီမှ လူများ ကျူးကျော်ဝင်ရောက်လာပြီး ၎င်းတို့ဂြိုဟ်ကြီး အား ဖျက်ဆီးမည့်ကိစ္စကို အသာထိုင်ကာ ငြိမ်ပြီးကြည့်နေမည်ဟု သူ မယုံကြည်ပေ။
ကုန်းရှန့်သည် လောကကြီး တစ်ခုလုံးကို ကယ်တင်နိုင်သည့် သူရဲကောင်းဖြစ်သည်ဟု သူ့ကိုသူ မည်သို့သောအခါကမှ တွေးတော မထားခဲ့ပေ။ ထို့ကြောင့် အလုံးစုံသော စွမ်းအားများ မရှိဘဲနှင့် သူသည် တခြားသူများကို သွားရောက် တိုက်ခိုက်နေလိမ့်မည် မဟုတ်ချေ။ ပြဿနာနှင့် ကင်းလွတ်ရာနေရာတွင် နေထိုင်ရန်သာ သူရွေးချယ်လိမ့်မည်။
“တောင်းပန်ပါတယ်”
စနစ်က ပြောလိုက်သည်။ “ငါပြောချင်တာကတော့ သိုင်းအင်ပါယာကိုးယောက်က ပေါ်လာမှာ မဟုတ်ဘူး”
“ဘာလို့လဲ” ကျွင်းချောင်ရှောင်းက ပြန်မေးလိုက်သည်။
စနစ်က ပြောလိုက်၏။ “လက်ခံသူ အခုရရှိထားတဲ့ သံလိုက်အိမ်မြှောင်ကို ကြည့်ပြီး သုံးသပ်ရမယ်ဆိုလို့ရှိရင် ဒီဂြိုဟ်ကြီးမှာရှိတဲ့ သိုင်းကျင့်ကြံသူတွေရဲ့ အားအင်အဆင့်ကို ရှာဖွေထောက်လှမ်းနိုင်တဲ့ အရာမျိုးပဲလေ။ သူတို့ရဲ့ တည်ရှိရာနေရာကိုလည်း အကြမ်းဖျင်း ကြည့်ရှုလို့ရတယ်”
“ဪ”
ကျွင်းချောင်ရှောင်းသည် သံလိုက်အိမ်မြှောင်ကို ထုတ်ယူလိုက်၏။ မှန်ကဲ့သို့သော အရာလေးပေါ်တွင် အလင်းစက်များတစ်ဖြတ်ဖြတ်နှင့် တောက်လောင်လျက်ရှိ၏။ အရောင်များမှာ အဖြူရောင်ဆီမှ အနီရင့်ရင့်ဆီသို့ပင် တည်ရှိနေသည်။
စနစ်က ပြောလိုက်သည်။ “ဒီအနီရင့်ရင့် ကိုးခုက ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ အားအကောင်းဆုံးသော သိုင်းကျင့်ကြံသူတွေပဲ။ သူတို့အားလုံးက သိုင်းအင်ပါယာကိုးယောက် ဖြစ်လိမ့်မယ်”
“ဒါဆိုရင် ဘာလို့ တမှိန်မှိန် ဖြစ်နေရတာလဲ။ ဘာလို့ နေရာအနှံ့ကို ပြန့်ကျဲနေရတာလဲ” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
စနစ်က ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ သူတို့က ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ မရှိလို့လေ”
“မရှိဘူးလား” ကျွင်းချောင်ရှောင်းသည် အလွန်တရာ အံ့အားသင့်သွား၏။
စနစ်က ပြောလိုက်သည်။ “ပထမတုန်းက ကြယ်ကြွေကုန်းမြေတိုက်ကြီးက လူတွေအနေနဲ့ ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးကို ဝင်ရောက်ဖို့အလှည့်ကျတဲ့အချိန်မှာ သိုင်းအင်ပါယာတွေက ပေါ်မလာဘူး။ ဘာကြောင့်လဲ ဆိုတာ ငါ နားမလည်နိုင်ဘူး ဖြစ်နေတယ်။ ဒါပေမဲ့ အခု နောက်ဆုံးတော့ နားလည်သွားပြီ။ သူတို့ ဒီမှာ မရှိလို့ပဲလေ”
“ဒါဆိုရင် ဘယ်ကို သွားတာလဲ”
“ဟ... ငါဘယ်လိုလို့ သိမှာလဲ”
“..........”
ကျွင်းချောင်ရှောင်းသည် အတွေးနက်သွားမိတော့၏။ သိုင်းအင်ပါယာကိုးယောက်တို့သည် ကြယ်ကြွေကုန်းမြေ တိုက်ကြီး၏ အားအကောင်းဆုံးသော တိုက်ခိုက်နိုင်သူများ ဖြစ်သည်။ ၎င်းတို့သည်သာ ဤနေရာတွင် မရှိပါက ကြယ်နှင်ဘုရင်သာ လာရောက်ပါက ဟန့်တားရန်အတွက် မည်သူမှ မရှိချေ။
“ဟုတ်ပြီ”
စနစ်က ပြောလိုက်သည်။ “လက်ခံသူတော့ ရှိနေသေးတယ်လေ”
ကျွင်းချောင်ရှောင်းက အော်ဟစ်လိုက်သည်။ “ငါက သိုင်းသူတော်စင် ထိပ်ဆုံးအဆင့်ကိုတောင် မရောက်သေးဘူး။ သိုင်းအင်ပါယာနဲ့ သွားပြီး တိုက်ခိုက်ရင် သေလမ်းရှာနေတဲ့ တူတူပဲ မဟုတ်ဘူးလား”
စနစ်က ပြောလိုက်သည်။ “လက်ခံသူအနေနဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ ပြိုင်စံရှားဂိုဏ်းတစ်ခု တည်ဆောက်ဖို့အတွက် ကြိုးစားရမှာပဲလေ။ ဒီတော့ တခြားသူတွေက ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ဖျက်ဆီးတာကို မျက်စိနဲ့ ထိုင်ကြည့်ချင်လို့လား”
“ငါ မကြည့်ဘူးပေါ့”
ကျွင်းချောင်ရှောင်းသည် အေးစက်စက် အကြည့်ဖြင့် ပြောလိုက်သည်။ သူ၏ အဓိက ရည်မှန်းချက်သည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် အားအကောင်းဆုံးသော ပြိုင်စံရှားဂိုဏ်းတစ်ခု ဖန်တီးရန်ပင် ဖြစ်သည်။ ဤဂြိုဟ်ကြီးသာ မရှိပါက သူ၏ ချိန်ကိုက်ဗုံးသည် တစ်ခါတည်း ပေါက်ကွဲသွားနိုင်သည်။
“ဒီတော့”
စနစ်က ပြောလိုက်သည်။ “လောကကြီးမှာ လူတွေ မရှိတော့ဘူးဆိုမှာတော့ လက်ခံသူက ကိုယ့်ကိုယ်ကိုယ် ပြိုင်စံရှားဂိုဏ်းတစ်ခု ဘယ်လို တည်ထောင်လို့ ရတော့မှာလဲ။ ဒီတော့ ယောက်ျားတစ်ယောက် အနေနဲ့ မင်းက အင်ပြည့်အားပြည့် တိုက်ခိုက်မှ ဖြစ်လိမ့်မယ်”
“ဘယ်လိုတိုက်ခိုက်ရမှာလဲ”
“အဆင့်မြင့်စတိုးဆီကိုသွားပြီးတော့ Refresh လုပ်ပေတော့။ နတ်ဘုရားသတ်ဖြတ်ခြင်း ပစ္စည်းတစ်ခုခုကို ရှာဖွေ တွေ့ရှိချင် တွေ့ရှိလိမ့်မယ်လေ”
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းက ထ၍ ဆဲဆိုလိုက်သည်။ “အဆုံးသတ်မှာတော့ မင်းက ငါ့ကို ဂိုဏ်းစုဆောင်းမှတ် တွေ အသုံးပြုအောင် လုပ်နေတာကိုး”
“ဒင်... အဓိကတာဝန်အသက်ဝင် ….”
ရုတ်တရက် ၎င်း၏ နားထဲတွင် သတိပေးသံတစ်ခု ထွက်ပေါ်လာခဲ့တော့သည်။ ကုန်းရှန့်သည် ချက်ချင်းပဲ ကြောင်အသွားခဲ့တော့၏။ အတိတ်တုန်းကသာဆိုလျှင် သီးခြားတာဝန်နှင့် အထူးတာဝန်များသည်သာ ပေါ်ပေါက် လာခဲ့၏။ ဤတစ်ကြိမ်တွင် အဓိကတာဝန်ဟူ၍ ပေါ်ပေါက်လာခဲ့တော့သည်။
ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် စနစ်အားဖွင့်ကြည့်လိုက်သည့်အချိန်မှာတော့ ယခင် အဓိကတာဝန်၏ အောက်တွင် နောက်ထပ် အဓိက တာဝန်တစ်ခု တည်ရှိလို့နေခဲ့တော့သည်။ ထို့ကြောင့် သူသည် အသေးစိတ်ကို ဖွင့်ကာ ကြည့်ရှုလိုက်၏။
အဓိကတာဝန်နံပါတ် (နှစ်)
တာဝန်အသေးစိတ် - ကြယ်နှင်ဘုရင်သည် ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ဖျက်ဆီးနိုင်သည့်ဘေးဒုက္ခကြီးကို ယူဆောင်လာပေလိမ့်မည်။ ထိုအရာသည် အဓိကတာဝန်နံပါတ်တစ်ကို သက်ရောက်ပေလိမ့်မည်။ ထို့ကြောင့် လက်ခံသူအနေနှင့် တားဆီးရမည်။
တာဝန်၏ အခြေအနေ - ကြယ်နှင်ဘုရင်အား အနိုင်ယူခြင်း သို့မဟုတ် သတ်ဖြတ်ခြင်း။
တာဝန်ကျဆုံးမှု - ကုန်းမြေတိုက်ကြီး ပျက်စီးခြင်း။
တာဝန်၏အပြစ်ပေးမှု - ကြယ်ကြွေကုန်းမြေတိုက်ကြီး ကျဆုံးသွားလျှင် ချိန်ကိုက်ဗုံးသည် တစ်ခါတည်း ပေါက်ကွဲ သွားမည်ဖြစ်၏။
တာဝန်၏ ဆုလာဘ် - ????? ။
အဓိကတာဝန်နံပါတ်နှစ်အား အသေးစိတ်ဖတ်ရှုပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ငုတ်တုပ် ထိုင်ကာဖြင့် တွေဝေငေးငိုင်လျက် ရှိနေသည်။ သူက ပြောလိုက်မိသည်။ “ငါ ဒီအတိုင်းဆက်ကြည့်နေလို့ မရတော့ဘူးပဲ”
“ပေါက်ကရတွေ”
စနစ်က ပြောလိုက်သည်။ “ဒီလိုမျိုး ဂြိုဟ်ထဲကို လိုက်ပြီး လုယက်တဲ့လူတွေ ရှိနေပြီဆိုမှတော့ ဂြိုဟ်တစ်ခုလုံးက မွဲပြာကျသွားတော့မှာပေါ့။ ဒါဆိုရင် လက်ခံသူက ပြိုင်စံရှားဂိုဏ်းကို ဘယ်လိုတည်ထောင်မှာလဲ။ ပြီးတော့ ဒါက အဓိက တာဝန်တစ်ခုလေ။ လက်ခံသူသာ ဒါကို ပြည့်စုံအောင် လုပ်လိုက်မယ်ဆိုရင် အထူးတာဝန် တွေထက်ပိုပြီး ကောင်းမွန်တဲ့ဆုလာဘ်ကို ရမှာသေချာတယ်”
ဆွစ်
ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်ပြီးသည့်နောက် အေးစက်စက် အကြည့်ဖြင့် ပြောလိုက်၏။ “ဒါဆိုလည်း တိုက်ခိုက်ကြတာပေါ့”
စနစ်က ပြောလိုက်သည်။ “မြန်မြန် ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကို သွားပြီးတော့ မင်းမိန်းမကိုရှာ။ ပြီးရင် အတူတူ ပူးပေါင်းပြီးတော့ အဲကောင်ကို အနိုင်ယူနိုင်အောင်လုပ်တော့”
ဝှစ်
ရှေးသင်္ဘောကြီးသည် အမြန်ဆုံးနှုန်းဖြင့် ပျံသန်းသွားခဲ့တော့သည်။ ကျွင်းချောင်ရှောင်းသည် လမ်းတလျှောက်တွင် တွေ့ခဲ့သော သဘာဝအန္တရာယ်များအားလုံးကို သူကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းခဲ့၏ ပြီးသည့်နောက်မှာတော့ ၎င်းတို့ အားလုံးသည် ပြိုင်စံရှားဂိုဏ်းဆီသို့ ရောက်ရှိလာခဲ့၏။
ခေါင်းတုံးပြောင်လူနှင့် ၎င်း၏နောက်လိုက်များ အားလုံးကို ချုပ်နှောင်ထားခဲ့သည်။ ၎င်းတို့ လူအရေအတွက်သည် များပြားလွန်းသောကြောင့် ထောင်အသစ်များကို ဆောက်ကာဖြင့် ချုပ်နှောင်ထားရသည်။
ကျိုးဒူဒူသည် သံပြတင်းပေါက်ဆီမှ လှမ်း၍ ကြည့်ပြီး အံ့အားတသင့်ဖြင့် ပြောလိုက်မိသည်။ “ဟ... အခန်းဖော်တွေက များလှချေလား”
...................
ကျွင်းချောင်ရှောင်းသည် အကျဉ်းသားများကိစ္စအား ယွမ်သခင်လေးအား လွှဲအပ်ထားခဲ့တော့သည်။ လက်ရှိအချိန် မှာတော့ သူသည် အသင်္ချေမြို့၏ အပြင်ဘက်တွင် မတ်တပ်ရပ်လျက်ရှိသည်။ သူ၏ ရှေ့တည့်တည့် တည်နေရာ တွင်တော့ အချိန်နှင့်တည်နေရာလမ်းကြောင်းသည် ပိတ်ပင်တားဆီးခြင်းကို ခံထားရသည်။ သူသည် ပြိုင်ဘက်မှာ အလွန်တရာ အားကောင်းလှသည် ဖြစ်သောကြောင့် တပည့်များကို ခေါ်ဆောင်လာရန် အစီအစဉ် မရှိချေ။
“စွေ့ဟွာ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “လမ်းကြောင်းကို ဖွင့်လိုက်တော့”
“ကောင်းပါပြီ” စွေ့ဟွာသည် သူမ၏ ပါးစပ်ကြီးအား ဟကာဖြင့် တည်နေရာစည်းကြီးအား ကိုက်ကာ ဝါးမြိုတော့၏။
ဝှစ် ဝှစ် ဝှစ်
သခင်နှင့် ကျေးကျွန်တို့အားလုံးသည် အမြန်ဆန်ဆုံးနှုန်းဖြင့် အရှေ့ဆီသို့ တိုးကာ ဝင်ရောက်လာတော့သည်။ ရက်အနည်းငယ်ကြာပြီးသည့်နောက် ၎င်းတို့သည် ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြိး၏ တည်နေရာဆီသို့ ခြေချ နိုင်ခဲ့ပြီဖြစ်သည်။
ဘုန်း ဘုန်း
သို့ပေမဲ့ သူတို့ တည်နေရာလမ်းကြောင်းဆီမှ ဆင်းသက်လာသည့်အချိန်မှာပဲ ကောင်းကင်ယံထက်၌ နားကွဲလောက်စရာ တိုက်ခိုက်မှုအရှိန်အဟုန်၏ အသံကျယ်ကြီးများ ထွက်ပေါ်လာခဲ့သည်။ ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးသည်လည်း ကွဲအက်လျက် ရှိနေ၏။
ဝှစ် ဝှစ်
ရုတ်တရက် အလင်းတန်းတစ်ခုသည် ကောင်းကင်ယံထက်မှ ပြုတ်ကျလာခဲ့၏။ ပြီးသည့်နောက်မှာတော့ မြေပြင် တစ်ခုလုံးသည် မိုင်ရာချီနီးပါး ချိုင့်ဝင်ကာ ကွဲအက်သွားခဲ့တော့သည်။
ထိုကဲ့သို့ ကျဆင်းလာသည့်လူမှာ နှင်းဆီဧကရီ ပင်ဖြစ်တော့၏။ သူမသည် မြေပေါ်တွင် ဒူးတစ်ဖက်ထောင်ကာ ထိုင်လျက်ရှိနေသည်။ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော အစိမ်းရောင်ချပ်ဝတ်မှာတော့ တည်နေရာတော်တော်များများ ပျက်စီးလျက်ရှိနေပြီဖြစ်သည်။ ဆံပင်များ သည် ပွစာကျဲလျက်ရှိပြီး သူမ၏ မျက်နှာတစ်ဝက်သည်သာ ပေါ်လျက် ရှိနေတော့၏။ ထိုမျက်နှာတစ်ဝက် သည် ဖြူလျော်လျက် ရှိနေ၏။
ဆွစ်
ကောင်းကင်ယံထက်မှာတော့ အလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့သည်။ နဖူးပေါ်တွင် ချောမောသည်ဟု စာတမ်းရေးထိုးထားသော ပိန်သွယ်သွယ်နှင့် လူတစ်ယောက်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်လျက်ရှိ သည်။ သူသည် ပြုံးကာ ပြောလိုက်သည်။
“ငှက်တောင်ချီးမပါတဲ့ နေရာမျိုးမှာ ဒီလိုအခြေအနေထိရောက်အောင် ကျင့်ကြံနိုင်တယ်ဆိုတော့ ကောင်မလေး.... မင်းက မဆိုးဘူးပဲ”
နှင်းဆီဧကရီ၏ မျက်လုံးတစ်ခုလုံးသည် နီရဲလျက် ရှိနေ၏။ သူမ၏ နှလုံးသားတစ်ခုလုံးသည် သွေးစက်စက် ယိုလျက် ရှိ၏။
“ဆိုးတာက …”
ထိုခပ်ချောချောနှင့်လူသည် လက်ကိုအသာမြှောက်ကာဖြင့် သူ၏လက်ချောင်းများကို အသာပွတ်သပ် လိုက်သည်။ ပြီးသည့်နောက် တစ်ဖက်နှင့်တစ်ဖက် ထိုးဖောက်မြင်နိုင်အောင် ကြည်လင်သည့် လှံတစ်စင်းသည် လေထုထဲတွင် ပေါ်ပေါက်လာတော့၏။ “ဒီနေ့မှာ မင်းသေရမှာပဲ”
ဆွစ်
လက်နက်သည် ကြောက်မက်ဖွယ်ရာကောင်းလှသော စွမ်းအင်များ ပါဝင်လျက်ရှိ၏။ ထိုလှံကြီးသည် အပေါ်မှ အောက်ဆီသို့ အရှိန်အဟုန်ပြင်းပြင်းနှင့် ကျဆင်းလာတော့သည်။ နှင်းဆီဧကရီသည် မလွတ်မြောက်နိုင်တော့မှန်း ကောင်းကောင်းသိ၏။ သူမ၏ သွေးများပေလျက်ရှိနေသော နှုတ်ခမ်း၏ထောင့်တွင် အပြုံးတစ်ခု ဖြစ်တည်လာ လျက်ရှိသည်။ ခန္ဓာကိုယ်တစ်ခုလုံးသည် အစိမ်းရောင်အလင်းတန်းများ ထွက်ပေါ် လာခဲ့သည်။
“ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပြီး သေချင်တယ်ပေါ့ ဟုတ်လား”
ချောမောလှသည့်သူသည် နှာခေါင်းကိုရှုံ့ကာ ပြောလိုက်၏။ “အသုံးမဝင်ပါဘူး”
“ဒင်”
ထိုအချိန်မှာပဲ ကောင်းကင်ယံထက်မှ ကျဆင်းလာသည့် လှံကြီးသည် တစ်စုံတစ်ခုနှင့် တိုက်မိသွားပြီး သည့်နောက်မှာတော့ လမ်းကြောင်းပြောင်းကာ တခြားတစ်ဖက်ဆီသို့ ရောက်ရှိသွား၏။
ဘုန်းဆိုသည့်အသံနှင့်အတူ မြေတည်နေရာတစ်ခုလုံးသည် ထပ်မံ ပျက်စီးသွားသည်။
ဝှစ် ဝှစ်
လေပြင်းများ တိုက်ခတ်လာပြီးသည့်နောက် ဖုန်များ အလိပ်လိပ် ဖြစ်တည်လာခဲ့သည်။ မိမိကိုယ်ကို ဖောက်ခွဲပစ်ရန် ကြိုးစားလျက်ရှိနေသော နှင်းဆီဧကရီသည် ခက်ခက်ခဲခဲဖြင့် ခေါင်းကိုမော့ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ ရောင်စုံအလင်းတန်းများ တောက်ပလျက်ရှိနေသော လှံကြီးတစ်စင်းသည် သူမ၏အရှေ့၌ တည်ရှိနေခဲ့၏။ “ဒါ... ဒါက”
ဆွစ်
သူမ၏အရှေ့၌ အနီရောင်ဝတ်ရုံနှင့်လူတစ်ယောက် ပေါ်ပေါက်လာခဲ့သည်။ ရင်းနှီးလှသည့်နောက်ကျောဘက်ကို ကြည့်ရှုပြီးသည့်နောက် သူမသည် မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့တော့၏။ “ရှင်ကိုး”
ကျွင်းချောင်ရှောင်းသည် ကောင်းကင်စတေးခြင်းလှံအား အသာကိုင်ဆောင်ပြီးနောက် ခပ်ချောချောလူအား အသာမော့ကြည့်ကာ ပြောလိုက်တော့၏။ “သူမ သေဖို့လား ….ကျုပ်သဘောမတူဘူး”