← Chapters

အခန်း (၁၁၃၆)

Vol. 77 Ch. 1136

အခန်း (၁၁၃၆)

Vol. 77 Ch. 1136

စကားလုံး ကြီးကြီးကျယ်ကျယ်တွေ ပြောခဲ့သည်ဆိုသော်လည်း ဟန်ဝမ်ထျန်းသည် ၎င်း၏ ဟောခန်းအပြင်ဘက်သို့ ထွက်သွားပြီး ဆယ့်ငါးစက္ကန့် မကြာခင်မှာပဲ မြေပေါ်တွင်လဲပြီး တဆတ်ဆတ်နှင့် တုန်ယင်လျက်ရှိ၏။ ပါးစပ်ထဲ မှပင် အမြှုပ်တွေ ထွက်လျက်ရှိသည်။

လီချင်းယန်သည် ဇဝေဇဝါ ဖြစ်မိနေ၏။ အင်မော်တယ်တစ်သောင်းအဖွဲ့အစည်းရဲ့ မဟာမိတ်ခေါင်းဆောင်က အရင်တုန်းက ဂိုဏ်းချုပ်နဲ့ ရန်ငြိုးတွေ ဘာတွေများ ရှိနေတာလား။

ဂိုဏ်းချုပ်၏ ရုတ်တရက် တိုက်ခိုက်မှုသည် ဒေါသတရားများ ပါဝင်လျက်ရှိကြောင်းကို သူခံစားမိ၏။ အလွန်တရာ နက်ရှိုင်းလှသည့် အမုန်းတရားများ တည်ရှိနေသလိုပင် ဖြစ်တော့သည်။

“ဒုတိယစီနီယာအစ်ကို”

ရှောင်ကျီက ပြောလိုက်သည်။ “ဂိုဏ်းချုပ်က ဝိညာဉ်မျိုးနွယ် ကုန်းမြေတိုက်ဆီက ပြန်လာပြီးကတည်းက ထူးဆန်းနေတယ်။ သူ့စိတ်ထဲမှာ တစ်ခုခု ဖြစ်နေတယ် ထင်တယ်”

“ကျုပ်ရဲ့အထင်အရတော့”

စုရှောင်မိုက ခန့်မှန်းလိုက်သည်။ “ဂိုဏ်းချုပ်အနေနဲ့ အဲမှာ အနိုင်ကျင့်ခံရတာ ဖြစ်လိမ့်မယ်။ အဲတာကြောင့် အနောက်ဘက်ပင်လယ်ကို ရောက်တဲ့အချိန်မှာ စိတ်အာသာပြေဖို့အတွက် ဒီ အင်မော်တယ်တစ်သောင် းအဖွဲ့အစည်းရဲ့ မဟာမိတ်ခေါင်းဆောင်ကို လက်ဝှေ့အိတ်ကြီးလို သဘောထားပြီး ထိုးနှက်ခဲ့တာပဲ ဖြစ်ရမယ်”

“အင်း”

လီချင်းယန်သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ငါတို့တပည့်တွေက လုံလောက်တဲ့ အားအင် အဆင့်ကို မပိုင်ဆိုင်သေးလို့လေ။ မဟုတ်ရင် ဂိုဏ်းချုပ်တစ်ယောက် ဝိညာဉ်မျိုးနွယ် ကုန်းမြေတိုက်ကြီးကို တစ်ယောက်တည်း သွားစရာလိုမှာ မဟုတ်ဘူး”

သင်္ဘော၏ ပဲ့ပိုင်းတွင်တော့ လုချင်းချင်းသည် ကျွင်းချောင်ရှောင်းအား အသာငြိမ်သက်စွာ ကြည့်ရှုလျက်ရှိနေ၏။ လီချင်းယန်နှင့် တခြားသူများအားလုံးသည် ဂိုဏ်းချုပ်၏ ပုံမှန်မဟုတ်သော အပြုအမူကို စိုးရိမ်ပူပန်လျက် ရှိနေကြ၏။

သို့ပေမဲ့ သူမမှာတော့ ဂိုဏ်းချုပ်၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လျက် ရှိနေသော နှင်းဆီရနံ့များ အကြောင်းကို စဉ်းစားလျက် ရှိနေသည်။

.....................

အင်မော်တယ်တစ်သောင်းအဖွဲ့အစည်း၏ ဟောခန်းဆိုသည်မှာ ဂိုဏ်းတစ်ခု၏ အဓိကဟောခန်းနှင့် နှိုင်းယှဉ်၍ ရနိုင်သောအရာဖြစ်သည်။ သို့ပေမဲ့ ထိုသို့သော ဟောခန်းသည် အလုံးစုံ ပြိုလဲသွားခဲ့ပြီဖြစ်၏။

ဟန်ဝမ်ထျန်း၏ နှုတ်ခမ်းနှင့် မျက်လုံးတစ်ခုလုံးသည် မို့မောက်လျက်ရှိနေပြီး မြေပြင်ပေါ်တွင် သတိလစ် မေ့မျောနေတော့၏။ လဲကျသွားခဲ့သော အဖွဲ့သားတစ်ထောင်ကျော်တို့သည် ခက်ခက်ခဲခဲဖြင့် မတ်တပ်ထ ရပ်လိုက်ကြသည်။

၎င်းတို့၏ ခေါင်းဆောင်သည် ပြာနှမ်းနေအောင် ရိုက်နှက်ခံလိုက်ရသည်ကို မြင်လိုက်ရသည့်အချိန်မှာတော့ ၎င်းတို့၏ မျက်လုံးများတွင် ထိတ်လန့်ကြောက်ရွံ့မှုများနှင့် ပြည့်နှက်လာပြီး မျက်နှာများသည် ဖြူလျော်သွား ခဲ့ကြ၏။

၎င်းတို့၏ရှေ့ တွင်း၏ထိပ်တည့်တည့်တွင် ရပ်နေသောလူငယ်သည် မည်မျှ အားကောင်းလှသည့် စွမ်းအင်အဆင့်ကို ပိုင်ဆိုင်သောကြောင့် ၎င်းတို့၏ ဂိုဏ်းချုပ်အား ယခုအခြေအနေအထိ ရောက်ရှိအောင် တစ်ချက်တည်း ထိုးနှက်ခဲ့ရသနည်း။

ပိုမို၍ ဆိုးရွားသည့်လူမှာ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်ပင် ဖြစ်သည်။ သူသည် အနောက်ဘက်ပင်လယ် ဆီသို့ ခက်ခက်ခဲခဲဖြင့် ရောက်ရှိလာခဲ့ပြီးသည့်နောက် အင်မော်တယ်တစ်သောင်း မဟာမိတ်ခေါင်းဆောင်နှင့် သဘောတူညီမှုကို ရရှိခဲ့သည်။

သို့ပေမဲ့ သူသဘောတူညီမှု ရရှိထားသည့် အလွန်တရာ စွမ်းအားကောင်းလှပါသည် ဆိုသော်သူသည် ပြိုင်စံရှားဂိုဏ်းချုပ်၏ လက်သီးတစ်ချက်တည်းနှင့် သတိလစ် မေ့မျောနေခဲ့ပြီ ဖြစ်၏။

“ဟေး”

ကျွင်းချောင်ရှောင်းသည် အေးစက်စက်မျက်နှာဖြင့် ပြောလိုက်သည်။ “ကျုပ်တို့ ထပ်ပြီး ဆုံကြပြန်ပြီ”

“..........”

နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ဖင်တစ်ခုလုံး အေးစက်သွားသလို ခံစားလိုက်ရသည်။ အချိန်တွေ အများကြီး ကုန်ဆုံးခဲ့ပုံ မပေါ်ခဲ့ချေ။ သို့ပေမဲ့ ဤလူငယ်သည် အဘယ့်ကြောင့် ယခင်ကထက် ပိုမိုအားကောင်းလာရသနည်း။

အဘယ်ကြောင့်ဆိုသော် လက်ရှိ အခြေအနေမှာတော့ ကျွင်းချောင်ရှောင်းသည် ဓားနှင့်သိုင်းဘုရင် အဆင့်ငါး သူတော်စင်တစ်ယောက် ဖြစ်လို့ နေခဲ့တော့သည်။ သူ၏ ဓားလမ်းစဉ်နှင့် သိုင်းလမ်းစဉ်နှစ်ခု ယှဉ်တွဲ ကျင့်ကြံခြင်း ကြောင့် အဆင့်တစ်ခု တက်လိုက်သည်ဆိုသည်နှင့် တိုက်ခိုက်ရေးစွမ်းရည်သည် ကြောက်ခမန်းလိလိ တိုးတက်လာခဲ့တော့၏။

သူ့အနေနှင့် ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ဆီသို့ သွားရသည့်ခရီးတွင် အဆင့်သုံးခုကို တစ်ခါတည်း တက်နိုင်ခဲ့သည်ဟု ဆိုရမည်။

“ကျုပ်ကိုပြော၊ ခင်ဗျားအနေနဲ့ အနောက်ဘက်ပင်လယ်ကို လာရတဲ့ ရည်ရွယ်ချက်က ဘာလဲ” ကျွင်းချောင်ရှောင်း သည် ဟန်လုပ်နေရာကို ရပ်တန့်လိုက်၏။ ပြီးသည့်နောက်မှာတော့ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ရှိသော ဖုန်များကို အသာခါယမ်းက မေးလိုက်တော့သည်။

“ဂိုဏ်းချုပ်ကျွင်း.... ကျုပ်”

ရွှီး

ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် လေထုထဲမှ ပျောက်ကွယ်သွား၏။ ပြီးသည့်နောက်မှာတော့ ဟောခန်း၏ အပျက်အစီးပုံပေါ်တွင် ပြန်လည်ပေါ်ပေါက်လာခဲ့တော့သည်။ သူ၏လက်ထဲတွင်တော့ ဖုန်စုပ်စက်ကြီး တည်ရှိလို့ နေသည်။ သူသည် ဖုန်စုပ်စက်ကြီးပြောင်းဝနှင့် အားနည်းလျက်ရှိနေသော ဟန်ဝမ်ထျန်း၏ ဦးခေါင်းကို တေ့ကာ အသက်သွင်းလိုက်တော့၏။

ဟူး ဟူး

အားကောင်းလွန်းလှသော စုပ်ယူခြင်းစွမ်းအင်တစ်ခု ဖြစ်တည်လာပြီးသည့်နောက်မှာတော့ ဟန်ဝမ်ထျန်း၏ ကိုယ်ထဲတွင်ရှိနေသော အစိမ်းရောင်ဓာတ်သဘာဝများနှင့်အတူ ဆံပင်များသည်ပါ ကျွတ်၍ အထဲသို့ ရောက်ရှိ သွား၏။

ဖူး

ဟန်ဝမ်ထျန်းသည် ပါးစပ်ကိုဟ၍ သွေးတစ်လုတ် အန်ထုတ်လိုက်၏။ ပြီးသည့်နောက်မှာတော့ သူ၏ ခေါင်းသည် ဘေးတစ်ဖက်ဆီသို့ စောင်းငဲ့ကာဖြင့် သတိလစ် မေ့မျောသွားပြီဖြစ်၏။

စောနတုန်းက သူ့အနေနှင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားပြီးဖြစ်သည်ဆိုသော်လည်း တွေးတော၍တော့ တတ်နိုင်သေး၏။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် တင်းမာခက်ထန်သည့် အသံတစ်ခုသည် သူ၏ သိစိတ်ပင်လယ်ထဲတွင် ဖြစ်တည်လာပြီး အကူအညီလိုချင်သည်ဆိုပါက ပိုမိုအားကောင်းအောင် ကူညီပေးလိမ့်မည်ဟု ပြောဆိုမြူစွယ်ခဲ့သည်။

သူသည် ဇဝေဇဝါနှင့် ရွေးချယ်မှု ပြုလုပ်ရန် စီစဉ်နေသည့်အချိန်မှာပဲ သူ၏နဖူးအား တစ်စုံတစ်ခုဖြင့် တေ့ကာ စုပ်ယူခြင်း ခံခဲ့ရသည်။ ချက်ချင်းပဲ သူသည် တွေဝေစွာနှင့်ပင် သတိလစ် မေ့မျောသွားခဲ့၏။

ရွှီး ….

ကျွင်းချောင်ရှောင်းသည် ဖုန်စုပ်စက်ကြီးကို အသာသိမ်းဆည်းပြီးသည့်နောက် ၎င်း၏ မျက်နှာပေါ်သို့ ခြေတစ်ဖက်တင်ကာ ပြောလိုက်တော့၏။ “ဒီလူရဲ့ ခန္ဓာကိုယ်ထဲမှာ ဟွိုင်ရှိနေလိမ့်မယ်လို့ မထင်မိဘူး။ ဒီဟွိုင်က ဘယ်ဟောခန်းသခင်လဲဆိုတာကို သိချင်မိတယ်”

သူ့အနေနှင့် မည်ကဲ့သို့သော ဟောခန်းသခင်ဖြစ်ဖြစ် ကိစ္စမရှိချေ။ ဖုန်စုပ်စက်ကြီး ရှိနေသည်ဆိုပါက ဟွိုင်ကိုးယောက်လုံးကို သူ၏ သက်တော်စောင့်အဖြစ် ခန့်ထားနိုင်သည့် အရည်အချင်း ရှိနေပြီဖြစ်သည်။

“ဂိုဏ်းချုပ်”

လီချင်းယန်က ပြောလိုက်သည်။ “နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ထွက်ပြေးသွားပြီ”

ကျွင်းချောင်ရှောင်းသည် အသာလှည့်ကြည့်လိုက်သည့်အချိန်မှာတော့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ် အား မတွေ့ရတော့ချေ။ စိတ်ဝိညာဉ်စွမ်းအင်များကို အာရုံဖြန့်ကျက်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ ၎င်းသည် ကီလိုမီတာ ရာနှင့်ချီ အဝေးဆီသို့ ရောက်ရှိနေခဲ့ပြီဖြစ်၏။ သူသည် နှာခေါင်းကို ရှုံ့ကာပြောလိုက်တော့ သည်။

“ဘာမှ မထားခဲ့ဘဲ ထွက်သွားချင်တာလား။ ဒီလိုလုပ်လို့ ဘယ်ရပါ့မလဲ”

ဆွစ်

သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီးသည့်နောက်မှာတော့ ထိုသူ၏ အနောက်ဘက်သို့ လိုက်တော့ သည်။

.............

ကောင်းကင်ယံထက်မှာတော့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် စိတ်ကူးပေါက်ရာအတိုင်း ပြေးလွှားလျက်ရှိနေတော့သည်။ ကျွင်းချောင်ရှောင်းတစ်ယောက် သူ၏နောက်မှာ လိုက်ပါလာသည်ကို မြင်ရသည့် အချိန်မှာတော့ စိတ်ထဲမှာ ကြိတ်ကာ အော်ဟစ်လျက်ရှိနေ၏။ “ကျုပ် အနောက်ဘက်ပင်လယ်ထဲကို မလာခဲ့သင့်ဘူး”

သူ့အနေနှင့် နောင်တ ရခဲ့သည်ဆိုသော်လည်း ယခုအချိန်တွင် ထွက်ပြေးလွတ်မြောက်အောင် ပြုလုပ်မှ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ကျယ်ပြောလှသည့်ကောင်းကင်ယံထက်တွင် သူသည် အမောတကောနှင့် ပြေးလွှားလျက် ရှိနေ၏။

အရင်တုန်းကသာဆိုလျှင် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် လွတ်မြောက်နိုင်ရန် အခွင့်အရေး ရှိသေး၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ အားအင်အဆင့်သည် ပိုမိုကာ တိုးတက်လာခဲ့၏။ ထို့ကြောင့် စက်အတောင်ပံ၏ အလုပ်လုပ်ပုံသည်လည်း ပိုမိုကာ တိုးတက်လာ၏။ ၎င်းတို့နှစ်ယောက်ကြား အကွာအဝေး သည် တဖြည်းဖြည်းနှင့် နီးနီးလာခဲ့သည်။

“မဖြစ်ဘူး။ ငါတည့်တည့်ပြေးနေမယ်ဆိုရင် ကျိန်းသေပေါက် မိသွားမှာပဲ” နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် သူ၏ဗျူဟာကို ပြောင်းလဲလိုက်တော့သည်။ ကောင်းကင်ပေါ်မှ ဆင်းသက်ပြီးသည့်နောက် သူသည် တောနက်ထဲသို့ ပြေးဝင်သွားလိုက်တော့၏။ ထူးဆန်းလွန်းလှသော ပထဝီမြေအနေအထားကို အားကိုးကာဖြင့် သူသည် ကုန်းရှန့်၏ အနောက်မှ လိုက်ပါမှုကို ရှောင်ရှားနိုင်ရန် ကြိုးစားခြင်းပင်ဖြစ်၏။

“ခင်ဗျား မလွတ်နိုင်ဘူး”

ကျွင်းချောင်ရှောင်းသည် သူ၏အနောက်မှာ လိုက်ကာဖြင့် အော်ဟစ်လျက်ရှိသည်။

“ကျုပ်ကို ပိုက်ဆံတွေ ပေးရင်တော့ လွတ်ရင်လွတ်လိမ့်မယ်”

ထိုအချင်းအရာကို ကြားသည့်နောက်မှာတော့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် သွေးအန်လု မတတ်ပင် ဖြစ်နေတော့သည်။

နှစ်ကြိမ်တိုင်တိုင် ငါ့အိတ်ကပ်ထဲက ပိုက်ဆံတွေကို လုပြီးသွားပြီလေ။ ငါ့အိတ်ကပ် က ငါ့မျက်နှာထက်တောင် ပိုပြီး ရှင်းလင်းနေသေးတယ်။ ဘယ်က ပိုက်ဆံကို သွားပြီးတော့ ရှာရမှာလဲ။ ပြေး ပြေး ပြေး ……..။

နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းချုပ်သည် ရူးရူးမူးမူးဖြင့် ပြေးလွှားလျက်ရှိနေသည်။ သူသည် ခြေထောက် နှစ်ချောင်းတည်း ပိုင်ဆိုင်ရသည်ကိုပင် မုန်းတီးမိ၏။ ဖြစ်နိုင်မည်ဆိုပါက အတောင်ပံများပင် ပေါက်ချင်နေသေးသည်။

ကျွင်းချောင်ရှောင်းက အော်လိုက်၏။ “ပိုက်ဆံမပေးဘူးဆိုရင် ကမ္ဘာမြေအဆုံးထိ ပြေးလည်း လိုက်မှာပဲ”

သူသည် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းချုပ်နောက်ဆီသို့ လိုက်လျက်ရှိနေသည်။ သဘောကျလောက်သည့် သိုင်းပညာ အရင်းအမြစ်များကို မပေးစွမ်းဘူးဆိုပါက အနောက်ဘက်ပင်လယ်ဆီမှ လုံလုံခြုံခြုံဖြင့် ထွက်ခွာသွားရန် ခွင့်မပြုနိုင်ချေ။

ကုန်းမြေတိုက်ကြီးတစ်ခုလုံးအား ဘေးအန္တရာယ်ကျရောက်စေရန် ဖန်တီးပြုလုပ်နိုင်စွမ်းရှိသော နတ်ဆိုးအင်ပါယာ ဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် လက်ရှိအချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ အနောက်မှ လိုက်ခြင်းကို ခံနေရသောကြောင့် အူးယားဖားယား ပြေးနေရတော့သည်။

လက်ရှိအခြေအနေကို ကြည့်ရှုမည်ဆိုပါက မည်သူက လူကောင်း ဖြစ်ပြီး မည်သူက လူဆိုးလည်း ဆိုသည်ကိုတောင် ဝေခွဲမရဖြစ်ပေလိမ့်မည်။

ဘုန်း

ရုတ်တရက်ဆိုသလိုပဲ ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာခဲ့တော့သည်။ အရှိန်မြှင့်ကာ အားရပါးရ ပြေးလျက်ရှိသော နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းချုပ်သည် တစ်စုံတစ်ခုနှင့် တိုက်မိလိုက်သလို အနောက်သို့ လွင့်စင် ထွက်လာခဲ့၏။

ပြီးသည့်နောက်မှာတော့ ဘုတ်ဟူသော အသံနှင့်အတူ မြေပေါ်သို့ ပြုတ်ကျသွားသည်။

အား …..။

သူသည် ခေါင်းကို ကိုင်ကာဖြင့် နာကျင်စွာ အော်ဟစ်လိုက်သည်။ ကျွင်းချောင်ရှောင်းသည်လည်း ထိုနေရာဆီသို့ ပျံသန်းလာပြီး မြေပေါ်သို့ ဆင်းသက်လိုက်သည်။ သူသည် လက်သီးကို ဆုပ်ကာဖြင့် ပြောလိုက်သည်။ “ပြေးလေ ပြေး”

“........”

နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် မမျှော်လင့်စွာဖြင့် အော်ဟစ်လိုက်၏။ “ခင်ဗျား …. ဘယ်လိုနည်းလမ်း သုံးလိုက်တာလဲ”

ဆွစ် ဆွစ်

ကျွင်းချောင်ရှောင်းသည် လက်ကိုဝှေ့ယမ်းလိုက်ပြီးသည့်နောက် ကောင်းကင်နဂါးဓား၊ နဂါးစိမ်းလခြမ်းဓားမော့နှင့် တခြားသော လက်နက်ပေါင်းများစွာတို့ကို ထုတ်ယူလိုက်၏။ ပြီးသည့်နောက်မှာတော့ သူသည် မည်သည့်လက်နက် နှင့်တိုက်ခိုက်ရမည်ဆိုသည်ကို သေသေချာချာ ရွေးချယ်လျက် ရှိနေတော့၏။

“လိုရင်းကို ပြောမယ်။ ပိုက်ဆံ တွေပေး”

နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် စောင်းငန်းငန်းဖြင့်ကြည့်ကာ ပြောလိုက်တော့၏။ “ဂိုဏ်းချုပ်ကျွင်း .... ကျုပ်ဆီမှာ ပိုက်ဆံမရှိဘူး။ ကျုပ်မှာ မူးလို့ရှူစရာ ပိုက်ဆံတောင် မရှိတော့ဘူး”

“ပေါက်ကရတွေ မပြောနဲ့”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားတို့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းဆီမှာ စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းဆယ်ခုတောင် ရှိတယ်လေ။ အချိန်အတိုင်းအတာတစ်ခုအထိ ဒီအရာတွေကို တူးပြီးသွားပြီ။ ဒီတော့ မြန်မြန် ပိုက်ဆံတွေသာ ပေးတော့”

နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းတွင် စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းဆယ်ခုရှိကြောင်းကို ယွမ်သခင်လေးက ကောင်းကောင်းသိ၏။ သူသည် ယခု ပြိုင်စံရှားဂိုဏ်း၏ ဒုတိယဂိုဏ်းချုပ် ဖြစ်လာသည့်အချိန်မှာတော့ ထိုအကြောင်းအရာများအားလုံးကို သေသေချာချာ ပြောပြခဲ့တော့သည်။

အခွင့်အရေးရမည်ဆိုလျှင် ဂိုဏ်းချုပ်ကျွင်း အနေဖြင့် ထိုအရာများကို လုယက်နိုင်စွမ်း ရှိပေလိမ့်မည်။

“ကျွင်းချောင်ရှောင်း”

နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ “ကျုပ်တို့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းကို အချိန်တိုင်းလိုလို ငွေညှစ်နေတာလေ။ ဒီလောက်ဆိုရင် လုံလောက်ပြီလို့ ထင်တယ်”

ပထမဆုံး နားထောင်လိုက်မည်ဆိုလျှင် လေသံသည် မာလွန်းသည်ဟု ထင်စရာ ရှိ၏။ သို့ပေမဲ့ ပြောရင်း ပြောရင်း နှင့် အသံသည် ငိုသံပင် ပေါက်လာတော့သည်။

“ဒီလိုလုပ်ရအောင်”

ကျွင်းချောင်ရှောင်းသည် ညှို့နှိုင်းမှုကို တစ်ချက် နောက်ဆုတ်ပေးပြီး လက်ကိုဝှေ့ယမ်းလိုက်၏။ “တိုက်ခိုက်ကြတာပေါ့။ ကျုပ် ရှုံးရင် ခင်ဗျားကို ပိုက်ဆံပေးမယ်။ ခင်ဗျား ရှုံးရင် ကျုပ်ကို ပိုက်ဆံပေး”

“..........”

နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းချုပ်က မတ်တပ်ရပ်ကာ ဒေါသတကြီး ပြောလိုက်သည်။ “တိုက်ခိုက်ရအောင်။ ခင်ဗျားကို ကျုပ်က ကြောက်မယ်ထင်လို့လား”

၎င်းတို့နှစ်ယောက်သည် ပေအနည်းငယ် ကွာဟလျက်ရှိ၏။ တိုက်ခိုက်ပွဲသည် မကြာခင် စတင်တော့မှာ ဖြစ်သည်။

ဖြောက် ဖြောက် ဖြောက် ဖြောက် …။

ရုတ်တရက်ဆိုသလိုပဲ တစ်စုံတစ်ခု ကွဲအက်သည့်အသံများ ထွက်ပေါ်လာခဲ့သည်။ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းချုပ် ခေါင်းနှင့်တိုက်မိသည့် လေဟာနယ်တည်နေရာကြီးဆီမှ အက်ကွဲကြောင်းလေးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။ မကြာခင်မှာပဲ ဘန်းဟူသော အသံနှင့်အတူ ကြီးမားလှသည့် အက်ကွဲကြောင်းကြီး တစ်ခု ဖြစ်တည်လာ၏။

ဆွစ် ဆွစ် ဆွစ်

များပြားလွန်းလှသော အမဲရောင်အရိပ်များသည် အတွင်းဘက်ဆီမှ အပြင်ဘက်သို့ ခုန်ဆင်းလာခဲ့ကြသည်။

ဟူး ဟူး

အလွန်တရာ ထူးဆန်းလှသော အော်ရာများ ပျံ့နှံ့လာပြီး အနားပတ်ဝန်းကျင်တွင် ရှိနေသော ပန်းနှင့် သစ်ပင်များ အားလုံးသည် ငြိုးခြောက်ကုန်ကြ၏။

“အစ်ကိုကြီး... ဒါက ကြယ်ကြွေကုန်းမြေတိုက်လား” စူးရှသည့်အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဘုတ်

ပြောင်လက်လျက်ရှိနေသော ခေါင်းတုံးနှင့် လူငယ်တစ်ယောက် ပေါ်ပေါက်လာခဲ့တော့သည်။ ထိုသူသည် ကျောက်တုံးတစ်ခုပေါ်သို့ ခုန်တက်ပြီးသည့်နောက်မှာတော့ သူ၏ မေးစေ့ကို လက်တစ်ဖက်ထောက်ကာဖြင့် ခန္ဓာကိုယ်အနောက်ဘက်တွင် ရှိနေသော ဝတ်ရုံကြီးကို အသာဝှေ့ယမ်းလိုက်၏။ ပြီးနောက် အေးစက်စက်နှင့် ပြောလိုက်သည်။ “ဒီနေ့မှာ ကြယ်ကြွေကုန်းမြေတိုက်ကြီး တစ်ခုလုံးကို နင်းချေ ဖျက်ဆီးပစ်ရမယ်”

“ဟမ်”

ခေါင်းတုံးသည် အဝေးတစ်နေရာတွင် မတ်တပ်ရပ်လျက်ရှိနေသော ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူနှစ်ယောက်ကို မြင်လိုက်ရ၏။ သူသည် အံ့အားတသင့်ဖြင့် ပြောလိုက်မိသည်။ “ဒါ ဘာကောင်တွေလဲ”

ဝေါ့

ကျွင်းချောင်ရှောင်းသည် ထိုသူ့ကို ကြည့်ကာ အော့အန်လိုက်မိ၏။ “ဒီကောင် ရုပ်ဆိုးလိုက်တာ”

ဝေါ့

နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည်လည်း ပျို့အန်လာမိသည်။ “ဒီလောက် ရုပ်ဆိုးတဲ့လူကို တစ်ခါမှ မမြင်ဖူးဘူး”

All Chapters