အခန်း (၁၁၃၅)
Vol. 77 Ch. 1135
ကျွင်းချောင်ရှောင်းသည် အနောက်ဘက်ပင်လယ်ဆီသို့ ရှေးရွက်သင်္ဘောကြီးကို မောင်းနှင်ကာ ရောက်ရှိလာခဲ့သည်။ သူသည် လမ်းတလျှောက်တွင် တစ်နာရီ မိုင်ငါးရာနှုန်းဖြင့် မောင်းနှင်လာခဲ့ခြင်းဖြစ်သည်။ အဆုံးသတ် မှာတော့ နေရာအနှံ့တွင် အစီအရင်များ တည်ရှိနေပြီး အမှောင်ထဲ၌လည်း အမဲရောင်ဝတ်စုံဝတ်လူ တော်တော်များများ ပုန်းအောင်လျက် တည်ရှိနေသည်ကို မြင်ခဲ့ရသည်။
ထို့ကြောင့် သူသည် ရပ်တန့်လိုက်၏။ ပြီးသည့်နောက် တပည့်များကို အမိန့်ပေးကာဖြင့် ပုန်းအောင်းလျက် ရှိနေသော အမဲရောင် ဝတ်စုံဝတ်လူများကို သွားရောက်ဖမ်းဆီးစေ၏။
ဤကဲ့သို့သော ပွင့်ပွင့်လင်းလင်းဖြင့် ဟိတ်ကြီးဟန်ကြီး အရာမျိုး ပြုလုပ်ဖို့ဆိုသည်မှာ ပြိုင်စံရှားဂိုဏ်း တစ်ခုတည်း သာ ပြုလုပ်ရဲသည့်အရာ ဖြစ်သည်။ တခြားသောသူများသည် မိစ္ဆာဂိုဏ်းများ ဝိုင်းဝန်းတိုက်ခိုက်မည်ကို စိုးရိမ်သောကြောင့် ဤကဲ့သို့သော ကိစ္စရပ်များကို ပြုလုပ်ရဲကြမည် မဟုတ်ချေ။
“မဟာမိတ်ခေါင်းဆောင်ဟန် ဟုတ်လား”
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “သူ့ရဲ့ နောက်ခံက ဘာလဲ”
“မဟာ... မဟာမိတ်ခေါင်းဆောင်ဟန်က အင်မော်တယ်တစ်သောင်းအဖွဲ့အစည်းရဲ့ မဟာမိတ်ခေါင်းဆောင်ပါ” အမဲရောင်ဝတ်စုံနှင့်လူက တွန့်ဆုတ်၊ တွန့်ဆုတ်နှင့် ပြောလိုက်သည်။ အထူးသဖြင့် ဘေးတစ်ဖက်တွင် ရပ်တန့်လျက် ရှိနေသော ရီရှင်းချန်၊ သစ်ပင်ပေါ်တွင် မတ်တပ်ရပ်လျက် ရှိနေသော စုရှောင်မိုနှင့် ကျောက်တုံးကြီး ပေါ်တွင် မတ်တပ်ရပ်လျက်ရှိနေသော ရှောင်ကျီတို့ကို မြင်ပြီးသည့်နောက်မှာတော့ ၎င်းသည် အထိတ်တလန့်နှင့် ဖြစ်လို့နေ၏။
ပြိုင်စံရှားဂိုဏ်း၏ ဤအတွင်းစည်းတပည့်များ အားလုံးသည် သိုင်းအုပ်စိုးသူအဆင့် ကျင့်ကြံခြင်းကိုသာ ပိုင်ဆိုင် ကြသည်ဆိုသော်လည်း ပြိုင်စံရှားဂိုဏ်းတွင် နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့သည့်လူများ ဖြစ်သည်မို့ ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ အော်ရာများသည် မြင်းဇောင်းဆီမှ လွှတ်လိုက်သော မြင်းရိုင်းများ ကဲ့သို့ပင် အရှိန်တငြီးငြီးနှင့် ထွက်ပေါ်လျက် ရှိနေသည်။
“အင်မော်တယ်တစ်သောင်း အဖွဲ့အစည်း ဟုတ်လား”
ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်၏။ “တိတိကျကျ ပြောပြ”
ရီရှင်းချန်တို့အား အလွန်တရာ ကြောက်လန့်လျက်ရှိသော အမဲရောင်ဝတ်စုံနှင့်လူသည် သစ္စာရှိမှုကိုပင် ထုတ်ဖော် မပြသရဲတော့ချေ။ ချက်ချင်းပဲ သူသိရှိသည့်အရာအားလုံးကို အလျင်အမြန် ပြောပြလိုက်တော့သည်။
“ကျုပ်သိပြီ”
ကျွင်းချောင်ရှောင်းက နားလည်လိုက်မိသည်။ အင်မော်တယ်တစ်သောင်းအဖွဲ့အစည်းဟုခေါ်သည် အဖွဲ့အစည်းဆိုသည်မှာ အနောက်ပိုင်းပင်လယ်ဆီမှ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မိစ္ဆာဂိုဏ်းပေါင်း တစ်ရာကျော်နှင့် ဖွဲ့စည်းထားခဲ့ခြင်းဖြစ်သည်။ ဤအရာသည် ချင်းယန်နိုင်ငံတွင်ရှိသော ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့နှင့် ဆင်တူ လွန်းလှ၏။
အင်မော်တယ်တစ်သောင်းအဖွဲ့အစည်း၏ အဆင့်အမြင့်မားဆုံး အခွင့်အာဏာကို ပိုင်ဆိုင်သူသည် မဟာမိတ် ခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းကို ခံရသည့်သူ ဖြစ်ပေလိမ့်မည်။ အလုံးစုံသော အားအင်နှင့် အခွင့်အာဏာကို ပိုင်ဆိုင်လို့နေသည်။
ထိုမဟာမိတ်ခေါင်းဆောင်သည် ဟန်ဝမ်ထျန်းဟု ခေါ်၏။ သူသည် မိစ္ဆာချောက်ဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက်လည်း ဖြစ်၏။ နှစ်ပေါင်းတစ်ရာကျော် တာဝန်ယူပြီးသည့်နောက် မှာတော့ သူ၏ ဂုဏ်သတင်းသည် အနောက်ပိုင်းပင်လယ်တစ်ခွင်လုံးတွင် ကြီးမားကျယ်ပြန့်လာခဲ့တော့၏။
“ဘာလို့ ဒီနေရာကို စောင့်ကြပ်နေရတာလဲ” ကျွင်းချောင်ရှောင်းက ဆက်ကာ မေးလိုက်တော့သည်။
အမဲရောင်ဝတ်စုံနှင့်လူက ပြောလိုက်၏။ “ဘာ... ဘာလို့လဲဆိုတော့ ကုန်းမြေတိုက်ကြီးဆီကနေ ဧည့်သည်တစ်ယောက် ရောက်လာတယ်။ ဒါကြောင့် မဟာမိတ်ခေါင်းဆောင်က ဒီနေရာမှာ အကာအကွယ်တွေ ပြုလုပ်ထားဖို့ အမိန့် ပေးထားတာပါ”
“ကုန်းမြေတိုက်ကြီးကနေ ရောက်လာတဲ့ ဧည့်သည် ဟုတ်လား။ ဘယ်သူတွေလဲ”
“ဒါ .. ဒါက ကျုပ် ကျုပ်လည်း မသိပါဘူး”
“သွားစမ်း” ကျွင်းချောင်ရှောင်းသည် ခပ်တည်တည်ဖြင့် ပြောလိုက်၏။
အမဲရောင်ဝတ်စုံနှင့်လူသည် ထိတ်လန့်တကြားဖြင့် အဝေးဆီသို့ ပြေးထွက်သွားခဲ့၏။ သူ့အနေနှင့် ပြိုင်စံရှား ဂိုဏ်းသားများနှင့် ခပ်ဝေးဝေး တည်နေရာဆီသို့ ရောက်သည့်အချိန်မှာတော့ ကြောက်လန့်တုန်လှုပ်စွာဖြင့် မြေပြင်ပေါ် လဲကျသွားသည်။ “ကောင်းကင်ဘုံ... ဒါက မွန်းစတားတွေပါလား”
................
“ဂိုဏ်းချုပ်”
ကျန့်ရာက ပြောလိုက်သည်။ “အဲဒီ ဧည့်သည်ဆိုတာက နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖြစ်လိမ့်မယ်”
“ဖြစ်နိုင်တယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီတော့ အင်မော်တယ်တစ်သောင်း အဖွဲ့အစည်းရဲ့ ဌာနချုပ်ဆီကို သွားကြရအောင်”
ရွှီး ရွှီး …။
တပည့်များအားလုံးသည် ရွက်သင်္ဘောကြီးဆီပေါ်သို့ တက်ပြီးသည့်နောက် အနောက်ပိုင်းဒေသရှိ အလွန်တရာ ကျယ်ပြောသော တည်နေရာကြီးဆီသို့ ဦးတည်ကာ ပျံသန်းကြတော့၏။ လမ်းတလျှောက်မှာတော့ မိစ္ဆာကျင့်ကြံသူများအား နေရာအနှံ့တွင် တွေ့ရသည်။ ၎င်းတို့အားလုံးသည် တစ်ချက်ကလေး သဘောမတွေ့သည်နှင့် အချင်းချင်း တိုက်ခိုက်သည့် အပြုအမူကို ပြုလုပ်တတ်ကြ၏။
“ဂိုဏ်းချုပ်”
လီချင်းယန်က ပြောလိုက်၏။ “အနောက်ပင်လယ်ဒေသတစ်ခုလုံးက အရမ်းကို ရှုပ်ထွေးနေတာပဲနော်”
ကျွင်းချောင်ရှောင်းက ပြောလိုက်မိသည်။ “ဒီနေရာက မိစ္ဆာဂိုဏ်းတွေ အခြေချတဲ့နေရာလေ။ မရှုပ်ထွေးရင်သာ ထူးဆန်းသလို ဖြစ်နေမှာ”
သူ့အနေနှင့် အင်မော်တယ်တစ်သောင်းအဖွဲ့အစည်း၏ ဌာနချုပ်ဆီသို့ သွားရောက်နေရ သည်မို့ လမ်းတလျှောက်တွင် ရှိနေသော ရှုခင်းများကို ကြည့်ရှုရန်ပင် စိတ်ပါဝင်စားမှု မရှိချေ။
“အမ်.... ဟိုကောင်းကင်ပေါ်မှာ သင်္ဘောကြီးတစ်စီးပါလား”
တောင်တစ်ခု၏ အပေါ်တွင် တိုက်ခိုက်လျက်ရှိနေသော မိစ္ဆာကျင့်ကြံသူများသည် တိုက်ခိုက်နေရာမှ ရပ်တန့်လိုက်ပြီးသည့်နောက်မှာတော့ ခပ်ဝေးဝေးဆီသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သော အလင်းတန်းများကို လှမ်း၍ ကြည့်လိုက်၏။ ခဏအတွင်းမှာပဲ ၎င်းတို့သည် သင်္ဘော၏ အမြီးပိုင်းကိုသာ မြင်လိုက်ကြရ၏။
“မြန်လိုက်တာ”
...............
အင်မော်တယ်တစ်သောင်းအဖွဲ့အစည်း …။
မဟာမိတ်ခေါင်းဆောင်ဟန်သည် ဟောခန်း၏ စားပွဲပေါ်တွင် ထိုင်လျက်ရှိပြီး ပြုံးလိုက်မိသည်။ “ဒါက ရိုးရှင်းတဲ့ အစားအသောက်တွေပါပဲ။ ဂိုဏ်းချုပ်ရှောင်အနေနဲ့ စိတ်မပျက်စေဖို့ မျှော်လင့်မိပါတယ်”
“အနောက်ပိုင်းပင်လယ်ဒေသကြီးတစ်ခုလုံးမှာ အရသာရှိတဲ့ ဟင်းပွဲပေါင်းများစွာ ရှိတယ်လို့ ကျုပ် ကြားခဲ့ဖူးတယ် လေ။ ကျုပ်ရဲ့ ဘဝတစ်သက်တာမှာ ဒါမျိုးကို စားရတာက တကယ့်ကို ကောင်းချီးပါပဲ” နတ်ဆိုးအင်ပါယာဂိတ် ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ပြုံးကာ ပြောလိုက်၏။
အလာပ သလာပ စကားများကို ပြောဆိုပြီးသည့်နောက် ၎င်းတို့နှစ်ယောက်သည် စတင်ကာ သောက်စားခြင်းကို ပြုလုပ်ကြ၏။ စားသောက်နေစဉ်အတွင်းမှာပဲ ၎င်းတို့သည် နှစ်ပေါင်းများစွာ တစ်ယောက်နှင့်တစ်ယောက် မတွေ့ရှိခဲ့ရသည့် ငယ်ပေါင်းကြီးဖော်များကဲ့သို့ပင် လွတ်လွတ်လပ်လပ် ရင်းရင်းနှီးနှီး ပြောဆိုလျက် ရှိနေကြသည်။
“ဂိုဏ်းချုပ်ရှောင်”
အချိန်အနည်းငယ် သောက်စားပြီးသည့်နောက် မဟာမိတ်ခေါင်းဆောင်ဟန်က ပြောလိုက်၏။ “ကျုပ်အနေနဲ့ အဓိက ကုန်းမြေတိုက်ကြီးကို လာရောက်ပြီး လေ့လာတာမရှိဘူးဆိုပေမယ့် နတ်ဆိုးအင်ပါယာဂိတ် ဂိုဏ်းဆီမှာ စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်း ဆယ်ခုတောင်ရှိတယ်လို့ ကျုပ်ကြားတယ်… ဟုတ်လား”
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် အံ့အားသင့်သွား၏။ တစ်ဖက်လူသည် သူ၏ဂိုဏ်းတွင် စိတ်ဝိညာဉ် ကျောက်တုံးမိုင်းတွင်း မည်မျှရှိသည်ဆိုသည်ကိုပင် သိရှိလို့နေခဲ့၏။ ကြည့်ရသည်မှာ အဓိကကုန်းမြေတိုက်ကြီး ဆီသို့ သူလျှိုများ အများအပြား စေလွှတ်ထားခဲ့ပုံပေါ်သည်။
ဤတစ်ကြိမ်မှာတော့ သူ့အနေနှင့် အလုပ်တူတူ တွဲလုပ်ရန် ဖိတ်ခေါ်ခဲ့ခြင်းအား ကြည်ကြည်ဖြူဖြူနှင့် လက်ခံခဲ့ခြင်းသည် အချိန်အတော်ကြာကတည်းက ဤကိစ္စများကို စုံစမ်းစစ်ဆေးပြီးသွားသောကြောင့် ယုံကြည်စိတ်ချခြင်းပင် ဖြစ်ပေလိမ့်မည်။
“ဟုတ်တယ်”
မဟာမိတ်ခေါင်းဆောင်ဟန်က ပြုံးကာ ပြောလိုက်၏။ “ကျုပ်က မေးရုံသက်သက်ပါပဲ။ ဂိုဏ်းချုပ်ရှောင်ဆီကနေပြီးတော့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို တောင်းဆိုဖို့ မဟုတ်ပါဘူး။ ဒီတော့ နားလည်မှု မလွဲနဲ့”
သူ့အနေနှင့် စိတ်ဝိညာဉ်ကျောက်တုံးများကို အမှန်တကယ်ပင် လိုချင်လှ၏။
ထို့အတူ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကလည်း စိတ်ပူလို့ နေခဲ့သည်။ အနောက်ပိုင်းပင်လယ်တွင် ရှိနေသော မိစ္ဆာကျင့်ကြံသူများအားလုံးသည် အလွန်တရာ အားကောင်းလွန်းလှ၏။ ၎င်းတို့ကို ဖိတ်ခေါ်ခဲ့ခြင်းသည် သူ့အနေနှင့် ဝံပုလွေများအား အိမ်ထဲသို့ ဆွဲသွင်းခြင်းနှင့်ပင် ဆင်တူနေလိမ့်မည်ဟုပင် စိုးရိမ်လာမိတော့သည်။
“လာခဲ့”
မဟာမိတ်ခေါင်းဆောင်ဟန်သည် ပြုံးကာ ပြောလိုက်တော့၏။ “အတူတူ လေးလေးနက်နက် ပူးပေါင်းဖို့ အတွက် အထိမ်းအမှတ် သောက်ကြရအောင်”
“ကျေးဇူးပြုပြီး”
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်က ဝိုင်တစ်ခွက်ကို ကောက်၍သောက်လိုက်၏။ သို့ပေမဲ့ သူသောက်လေ တစ်စုံတစ်ခု မှားယွင်းလေဟု ပိုမိုကာ ခံစားလာရလေပင် ဖြစ်သည်။ သူသည် အလှည့်စားခံရမည် ကိုပင် စိုးရိမ်လာမိ၏။
ဤတစ်ကြိမ်မှာတော့ ယွမ်ဖန် ၏ အရေးပါမှုသည် ထွက်ပေါ်လာခဲ့တော့၏။ ယွမ်ဖန် သာ ရှိသည် ဆိုပါက ဤအခြေအနေအကုန်လုံးကို သုံးသပ်စစ်ဆေး၍ အကြံဉာဏ်များ ပေးစွမ်းနိုင်လိမ့်မည်။ သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ ….။
လက်ရှိအခြေအနေဆိုသည်မှာ မရှိတော့ချေ။ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ သေခြင်း ရှင်ခြင်း ကိစ္စများသည် ယွမ်သခင်လေးနှင့် ဘာတစ်ခုမှ သက်ဆိုင်တော့သည် မဟုတ်ချေ။ ယွမ်သခင်လေးသည် ပြိုင်စံရှားဂိုဏ်း ၊ ကျွင်းချောင်ရှောင်းနှင့် သန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်သော ရောင်မုန့်ယဉ်တို့ကိုသာ အလုပ်အကျွေးပြုလျက်ရှိနေတော့၏။
“မဟာမိတ်ခေါင်းဆောင်ဟန်”
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်က ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းက လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ တိုးတက်လာတဲ့ ဂိုဏ်းတစ်ခုလေ။ ဒီတော့ ကျုပ်တို့ သူ့ကို အထင်သေးလို့ မဖြစ်ဘူး”
“စိတ်မပူနဲ့ ဂိုဏ်းချုပ်ရှောင်”
မဟာမိတ်ခေါင်းဆောင်ဟန်သည် ဝိုင်တစ်ခွက်ကို ကောက်သောက်ကာဖြင့် လေးလေးနက်နက် ပြောလိုက်သည်။ “ဒီလိုမျိုး တတိယအဆင့် ဂိုဏ်းတစ်ခုကို မျက်စိရှေ့မှာတင် ပျောက်ကွယ်သွားအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းပေါင်း တစ်သောင်းကျော်လောက် ကျုပ်ဆီမှာရှိတယ်”
“.........”
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ဆွံအလျက်ရှိနေ၏။ တစ်ဖက်လူသည် လုံလောက်သည့် စွမ်းအင် ရှိပြီးသားဖြစ်သည်။ သို့ပေမဲ့ အရက်သောက်ပြီးသည့်နောက်မှာတော့ ပိုမိုကာ စွမ်းအားရှိသလို ထင်မှတ်နေမိ တော့၏။ လက်ရှိအခြေအနေမှာတော့ သူ့ကိုယ်သူ အင်ပါယာကိုးယောက်နှင့်ပင် နှိုင်းယှဉ်၍ရနိုင်သော လူတစ်ယောက်ဟု ထင်မှတ်နေသည်လားတော့ မသိချေ။
အင်း... ငါ ပူးပေါင်းလိုက်တဲ့လူက ယုံကြည်ရလောက်တဲ့ပုံ မပေါ်ဘူး။
“လာခဲ့”
မဟာမိတ်ခေါင်းဆောင်ဟန်က ပြောလိုက်သည်။ “ဒီဝိုင်ကတော့ ကျုပ်တို့ရဲ့ မျှော်လင့်ချက်တွေ အကုန်လုံး ဖြစ်ပေါ်လာစေနိုင်ဖို့အတွက် အကြိုအောင်ပွဲခံတဲ့ခွက်ပေါ့”
“မဟာ.. မဟာမိတ်ခေါင်းဆောင်”
ပြောနေတုန်းမှာပဲ နောက်လိုက်တစ်ယောက်သည် အပြင်ဘက်ဆီမှ အမောတကော ဖြင့် လျှောက်လှမ်းဝင်ရောက်လာ၏။ ပြီးသည့်နောက်မှာတော့ ထိတ်လန့်ကြောက်ရွံ့နေသည့်အမူအရာဖြင့် အပြင်ဘက် ဆီသို့ လက်ညှိုးထိုးပြလိုက်သည်။ “အပေါ်... အပေါ်မှာ သင်္ဘော”
“သင်္ဘော ဟုတ်လား”
မဟာမိတ်ခေါင်းဆောင်ဟန်သည် မတ်တက်ထရပ်လိုက်၏။ ပြီးသည့်နောက်မှာတော့ ဒေါသတကြီးဖြင့် စားပွဲကို ရိုက်ကာ ပြောလိုက်တော့သည်။ “မင်း မူးနေတာလား”
“ဟေး... ဟေး...”
ရုတ်တရက် ဟောခန်း၏ အပြင်ဘက်ဆီမှ အသံတစ်ခု ထွက်ပေါ်လာသည်။ “ဒီမှာ မဟာမိတ် ခေါင်းဆောင်ဟန် ရှိလား။ ကျေးဇူးပြုပြီး ထွက်လာခဲ့ပါအုံး။ ကျုပ်... ခင်ဗျားနဲ့ ဆွေးနွေးစရာရှိတယ်”
ဘန်း
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ် ကိုင်ဆောင်ထားသော ဝိုင်ခွက်သည် စားပွဲပေါ်သို့ ပြုတ်ကျသွားတော့၏။ သူ၏ အမူအရာသည် ပြောင်းလဲသွားတော့သည်။ “ကျွင်းချောင်ရှောင်း.... ဒါ ကျွင်းချောင်ရှောင်းပဲ။ သူဘာလို့ ဒီကို ရောက်လာတာလဲ”
“ကျွင်းချောင်ရှောင်း ဟုတ်လား”
မဟာမိတ်ခေါင်းဆောင်ဟန်က ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်၊ စောနတုန်းက ဂိုဏ်းချုပ်ရှောင် ပြောတဲ့လူလား”
“ဟုတ်တယ်။ သူပဲ”
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း ဂိုဏ်းချုပ်၏ အမူအရာသည် ပိုမိုကာ လေးနက်သွားတော့၏။ အထူးသဖြင့် ဝိညာဉ်တောင်ကြားထဲတွင် ဖြစ်ပျက်ခဲ့သည့်အရာများကို ပြန်လည်စဉ်းစားပြီးသည့်နောက်မှာတော့ သူသည် မသက်မသာပင် ခံစားလာမိ၏။
“သူ တကယ်ပဲ ကျုပ်နယ်မြေကို ဝင်လာရဲတာလား”
မဟာမိတ်ခေါင်းဆောင်ဟန်သည် ခြေလှမ်းကျဲကြီးများဖြင့် အပြင်ဘက်ဆီသို့ လှမ်းလျှောက်သွား၏။ သူမ၏ မျက်လုံးထဲတွင် ဒေါသတရားများနှင့် ပြည့်နှက်လျက်ရှိသည်။ “ကျုပ်သွားတွေ့ရမယ်”
....................
ဟောခန်း၏ အပြင်ဘက်တွင်တော့ ….
အင်မော်တယ်တစ်သောင်းအဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ထောင်ကျော်တို့ အားလုံးသည် အပြင်ဘက်ခြံဝန်းတွင် မတ်တပ်ရပ်လျက် ရှိနေကြ၏။ ၎င်းတို့သည် လက်နက်မျိုးစုံကို ကိုင်ဆွဲထား ကြပြီး အပြင်ဘက် လေဟာနယ်ထဲတွင် ရပ်တန့်လျက်ရှိနေသော ရှေးသင်္ဘောကြီးကို ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ကြည့်ရှုလျက်ရှိ၏။ သင်္ဘောတစ်စီးသည် မည်ကဲ့သို့ နည်းလမ်းဖြင့် ပျံသန်းနိုင်သနည်း။ သောက်ကျိုးနည်းလေစွ။
ဝှစ်
မဟာမိတ်ခေါင်းဆောင်ဟန်သည် ဟောခန်းထဲမှ ပျံသန်းထွက်ခွာလာပြီးသည့်နောက် လေ့ကျင့်ရေးကွင်းပြင်တွင် ဆင်းသက်လိုက်၏။ အလွန်တရာ အားကောင်းလှသော မိစ္ဆာစွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်ဆီမှ အပြင်ဘက်သို့ ပျံ့နှံ့ထွက်ပေါ် လာသည်။ ဤလူသည် အလွန်တရာ အားကောင်းလှ၏။
“ဟမ်”
မဟာမိတ်ခေါင်းဆောင်ဟန်သည် ရွက်သင်္ဘောကြီးကို မြင်လိုက်ရပြီးသည့်နောက် သူ၏ နောက်လိုက် များသည် အဘယ်ကြောင့် သင်္ဘောကြီး ပျံသန်းလာသည်ဟု ပြောခဲ့သည့်အကြောင်းကို ချက်ချင်း နားလည်သွား မိတော့သည်။ သူသည် နှာခေါင်းကိုရှုံ့ကာ ပြောလိုက်၏။ “အပေါ်မှာရှိတဲ့လူတွေ …… ဘယ်သူက ကျွင်းချောင်ရှောင်းလဲ”
“ကျုပ်ပါပဲ”
“ဒါဆိုရင် ဆင်းခဲ့စမ်း”
“ခင်ဗျားက …..”
“မိစ္ဆာချောက်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်၊ အင်မော်တယ်တစ်သောင်း အဖွဲ့အစည်းရဲ့ ခေါင်းဆောင် ဟန်ဝမ်ထျန်း....”
ဘုန်း
သူပြော၍ မပြီးခင်မှာပဲ လေ့ကျင့်ရေးကွင်းပြင်ဆီမှ အလွန်တရာ အားကောင်းလှသော စိတ်ဝိညာဉ်စွမ်းအင်များ ဖြစ်တည်လာ၏။ ပြီးသည့်နောက်မှာတော့ အထဲတွင် ရပ်လျက်ရှိနေသော အဖွဲ့ဝင်ပေါင်း တစ်ထောင်ကျော်တို့သည် အနောက်ဘက်ဆီသို့ ယိမ်းယိုင်ပြုတ်ကျသွားခဲ့တော့သည်။ မာကျောလွန်းလှပါသည်ဆိုသော ဟောခန်းကြီး တစ်ခုလုံးသည်လည်း ပြိုလဲသွားခဲ့၏။
ဤဖြစ်စဉ်တစ်ခုလုံးကို အနှေးပြကွက်ဖြင့် ပြန်လည်ကြည့်ရှုမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် ဟန်ဝမ်ထျန်း၏ ရှေ့ လေထုထဲတွင် ပေါ်ပေါက်လာပြီးသည့်နောက်မှာတော့ အလွန်တရာ အေးစက်ပြီး လေးနက်လွန်းလှသော မျက်နှာသွင်ပြင်ဖြင့် တစ်ဖက်လူ၏ မျက်နှာတည့်တည့်ကို လက်သီးဖြင့် ထိုးခဲ့ခြင်းပင် ဖြစ်တော့သည်။
ဟောခန်းထဲမှ လျှောက်ထွက်လာလျက်ရှိသော နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ရုတ်တရက် ပါးစပ် အဟောင်းသား ဖြစ်သွားမိ၏။ အလင်းတန်းတစ်ခုသည် သူ၏ ပခုံးထက်မှကျော်၍ အနောက်က ဟောခန်းကို ထိမှန်သွားပြီးသည့်နောက် မြေပြင်တစ်ခုလုံးသည် တုန်ခါ၍ ဟောခန်းကြီးတစ်ခုလုံးသည်ပင်လျှင် ပြိုလဲသွားခဲ့၏။
လေ့ကျင့်ရေးကွင်းပြင်ထဲမှာတော့ ပေရာကျော်နီးပါးရှိသည့် ချိုင့်တွင်းကြီး တစ်ခု ဖြစ်ပေါ်လျက်ရှိသည်။ ကျွင်းချောင်ရှောင်း သည် ထိုနေရာရှေ့တွင် အသာခြေတင်ကာဖြင့် ခပ်မတ်မတ် ရက်လျက် ရှိနေသည်။
ဝှစ် ဝှစ်
တုန်လှုပ်ဖွယ်ရာ လှိုင်းများ၏ အောက်မှာတော့ သူ၏ အမဲရောင် ဆံနွယ်များသည် လေထုထဲ၌ လွင့်လျက် ရှိနေ တော့သည်။ ခေါင်းကို ဖြည်းဖြည်းချင်း မော့ပြီးသည့်နောက် အေးစက်စက် ပြောလိုက်သည်။ “ကျုပ်ကို ဆင်းခဲ့ ဖို့တောင် ပြောရဲတယ်ဆိုတော့ အသက်ရှင်ရတာ ပင်ပန်းနေပြီလား”
ပျက်စီးသွားသော ဟောခန်း၏ အပိုင်းအစပုံများ ကြားထဲမှာတော့ မဟာမိတ်ခေါင်းဆောင်ဟန်သည် လဲကျလျက် ရှိနေပြီး အချိန်တိုင်း သူ၏ ညာဘက်ခြေထောက်သည် တဆတ်ဆတ်နှင့် တုန်ယင်လျက်ရှိသည်။ တစ်ချက်တည်း နဲ့တင် ပွဲပြီးသွားခဲ့ခြင်းဖြစ်၏။ ဤလက်သီးချက်ကို အထင်သေး၍ မရနိုင်ချေ။ အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းလှသော စွမ်းအင်များ ပါဝင်နေ၏။
အပျက်အစီးပုံကြီး၏ အရှေ့တွင် ရှိနေသော နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်ချုပ်မှာတော့ သူ၏ ခန္ဓာကိုယ်ထဲ တွင်ရှိသော သွေးများ ပြောင်းပြန်လည်ပတ်နေသလိုပင် ခံစားနေမိသည်။
တစ်ဖက်လူသည် ပြိုင်စံရှားဂိုဏ်းအား သမိုင်းမှတ်တမ်းများထဲမှ ပျောက်ကွယ်သွားစေရန် နည်းလမ်းပေါင်း တစ်သောင်းကျော်ရှိသည်ဟု စောနကလေးတင် ပြောဆိုခဲ့သည့် မဟုတ်ပါလား။ သို့ပေမဲ့ တွေ့တွေ့ချင်းမှာပဲ တစ်ခါတည်း ရိုက်နှက်ခံရပြီး သတိလစ်မေ့မျောလျက်ရှိနေ၏။ သောက်ကျိုးနည်းလှချေစွ။