အခန်း (၁၁၄၈)
Vol. 77 Ch. 1148
များပြားလွန်းလှသော အဆင့်မြင့် သလင်းအမြူတေများကို ရယူပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အားနာ သလို ခံစားနေမိ၏။ ထို့ကြောင့်ပင် သူသည် နှင်းဆီဧကရီ၏ ပြဿနာများကို ဖြေရှင်းပေးရန် စတင်ကာ ကမ်းလှမ်းခဲ့၏။
ပြီးသည့်နောက် တည်နေရာအဆင့်မြှင့်တင်ခြင်းပစ္စည်းကို အသုံးပြုကာဖြင့် ကွဲထွက်ပြီး တစ်စစီ ဖြစ်လျက် ရှိနေသော မြေတည်နေရာကြီးကို ပြန်လည်ကာ ချိတ်ဆက်ပေးတော့သည်။
ဟုတ်ပေသည်။ ဤကဲ့သို့ တည်နေရာ အဆင့်မြှင့်တင်ပေးသည် ပစ္စည်းမျိုးသည် ပြည့်စုံစွာ ပြန်လည်ပြုပြင်နိုင်သည့်အရာမျိုးတော့ မဟုတ်ချေ။ တည်နေရာ တစ်ခုနှင့် တစ်ခုအား တံတားကဲ့သို့ထိုးကာ ချိတ်ဆက်ပေးရသည့်အရာမျိုး ဖြစ်ပေ၏။
“တကယ်လား”
“ဒါက ရက်အနည်းငယ်တော့ ကြာလိမ့်မယ်”
“…….."
နှင်းဆီဧကရီ၏ လှပလွန်းသော မျက်လုံးထဲတွင် သံသယ အရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။ သိုပေမဲ့ ရက် အနည်းငယ်ကြာပြီး ကုန်းမြေတိုက်ကြီး၏ အစပ်ဆီသို့ လာကြည့်ချိန်မှာတော့ တောင်၏ လမ်းများသည် ချိတ်ဆက်လျက်ရှိနေသည်ကို မြင်ရပြီးသည့်နောက် မယုံကြည်နိုင်မှုများသည် သူမ၏ မျက်နှာပေါ် တွင် ထင်ပေါ်လာခဲ့၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အခု ကျုပ်ကို ယုံပြီလား”
“ဒါရှင်ဘယ်လို လုပ်လိုက်တာလဲ” နှင်းဆီဧကရီသည် မယုံကြည်နိုင်သလို မေးမြန်းလိုက်မိ၏။
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ “ဒါက လျှို့ဝှက်ချက်လေ။ မပြောပြဘူး”
“……”
နှင်းဆီဧကရီသည် ထပ်၍ မမေးတော့ချေ။ ချိတ်ဆက်ထားသည့် လမ်းတလျှောက်ဆီသို့ လျှောက်လှမ်းပြီးသည့် နောက် သူမသည် ကျေးဇူးတင်စွာဖြင့် ပြောလိုက်မိသည်။ “အခုလို ကျွန်မရဲ့ ပြဿနာကြီးကို ဖြေရှင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်တို့က တစ်ယောက်လိုအပ်တာကို တစ်ယောက် ကူညီပေးကြ တာလေ။ ဒီတော့ ကျေးဇူးတင်ဖို့ မလိုဘူး”
“ဒါနဲ့”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ရက်အနည်းငယ်ကြာရင် ကျုပ်ရဲ့ အစ်ကိုကြီးနှစ်ယောက်က ဒဏ်ရာကနေ ပြန်ပြီးကောင်းလာလိမ့်မယ်။ အဲကျရင် ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကနေ ပြန်သွားတော့မယ်။ ဟို ခပ်ချောချောလူအတွက်က ….”
ပြောနေရင်းမှာပဲ သူ၏မျက်လုံးများသည် အေးစက်သွားသည်။ “ကျုပ် သူ့ကို ရှာပြီး မဖြစ်မနေ သတ်မယ်”
“ရှင် ထွက်သွားပြီဆိုရင် …”
နှင်းဆီဧကရီသည် သူ့အား ကြည့်ရှုကာဖြင့် မေးလိုက်၏။ “ဘယ်တော့ပြန်လာမှာလဲ”
“ဘာလို့ ပြန်လာရမှာလဲ”
“ကျွန်မကို လာတွေ့ဖို့ပေါ့”
“………”
ကျွင်းချောင်ရှောင်းသည် ပြိုလဲသွားမိ၏။ “ကျုပ်တို့ကြားမှာ ဘာဆက်စပ်မှုမှ မရှိတော့ဘူးလေ။ ဒီတော့ ပြန်လာဖို့ အကြောင်း မရှိတော့ဘူး”
“ကျွန်မတို့ ဝိညာဉ်မျိုးနွယ် ကုန်းမြေတိုက်ကြီးက ကြယ်ကြွေကုန်းမြေတိုက်ကြီးကို တစ်ကြိမ် ကျူးကျော်ဖူးတဲ့ အတွက်ကြောင့်လား” နှင်းဆီဧကရီသည် ရင်နာနာဖြင့် မေးလိုက်မိသည်။
“မဟုတ်ဘူး”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို လေးဆယ့်ငါးဒီဂရီစောင်းကာ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်၏။ ပြီးနောက် ပြောလိုက်၏။ “ခင်ဗျားက အဆင့်အတန်း မြင့်မားလွန်းတဲ့ ဧကရီမ တစ်ယောက်လေ။ ကျုပ်က သေးငယ်လှတဲ့ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ်ပဲ။ ဒီတော့ ကျုပ်တို့က မထိုက်တန်ပါဘူး”
အခွင့်အရေးကို အရယူပြီးသည့်နောက်မှာတော့ သူသည် အကြီးအကဲဝေ၏ သင်ကြားပြသမှုများအတိုင်း သူတို့ နှစ်ယောက်ကြား ကိစ္စကို ပြည့်စုံစွာဖြင့် အဆုံးသတ်သွားစေရန်အတွက် သေသေချာချာ ရှင်းလင်းပြောပြလိုက် တော့၏။
အကြီးအကဲဝေ “ကျုပ် ဂိုဏ်းချုပ်ကို ဘယ်တုန်းကမှ မသင်ခဲ့ဖူးပါဘူး”
သူ့အနေနှင့် ဟောခန်းထဲတွင် ပြောပြခဲ့သည့် အကြောင်းအရာများမှာ ကိုယ်ပိုင် ပုဂ္ဂလိက အတွေးအခေါ်များကို ပြန်လည်ပြောပြခဲ့ခြင်းသာ ဖြစ်သည်။ သင်ကြားမှု ပြုလုပ်ခဲ့ခြင်း မဟုတ်ပေ။ ထို့အပြင် ဂိုဏ်းချုပ်လို လူသည် သူ သင်ပေးလို့လည်း တတ်မည့်လူလည်းမဟုတ်ချေ။ နှလုံသားရေးရာ ကိစ္စရပ်များတွင် သန္ဓေပါရမီ နည်းပါးလွန်းလှသူ ဖြစ်နေသည် မဟုတ်ပါလား။
“ထိုက်တန်တာတွေ၊ မထိုက်တန်တာတွေကို ကျွန်မဂရုစိုက်နေမယ်ဆိုရင် ရှင့်ကို ယူခဲ့မှာတောင် မဟုတ်ဘူး” နှင်းဆီဧကရီက ပြောလိုက်သည်။
“ကျုပ်ကတော့ ဂရုစိုက်တယ်လေ”
ကျွင်းချောင်ရှောင်းသည် ပြန်လည် ပြောဆိုလိုက်၏။ “ဝိညာဉ်မျိုးနွယ် ကုန်းမြေတိုက်ကြီးက လူတွေအများကြီးက ကျုပ်ကို သီးသန့် ဘာတွေပြောဆိုနေလဲဆိုတာ ခင်ဗျားသိလား။ ဧကရီမရဲ့ ယောက်ျားတစ်ယောက် ဖြစ်တယ်ဆိုပေမဲ့ မိန်းမတစ်ယောက်ကို မှီခိုပြီးတော့ နေထိုင်နေတယ်လို့ အားလုံးက ပြောနေကြတယ်”
စနစ်က ဆွံ့အသွားသည်။ လက်ခံသူသည် ဤမိန်းကလေးနှင့် လမ်းခွဲနိုင်ရန်အတွက် ဝိညာဉ် မျိုးနွယ်တစ်ခုလုံးကိုပင် စွပ်စွဲ အပြစ်တင်လျက် ရှိနေသည်။ သောက်ကျိုးနည်းလှချေသည်တကား။
“သူတို့က မသိအောင် ခိုးပြီးပြောခဲ့ကြတာလေ။ သေသေချာချာ လာပြီး ကျွန်မရှေ့မှာ ပြောကြည့်ပါလား။ သူတို့လျှာတွေကို ဖြတ်ပစ်မယ်”
နှင်းဆီဧကရီ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုခြင်းဆန္ဒများနှင့် ပြည့်နှက်သွားခဲ့တော့၏။
“……”
ကျွင်းချောင်ရှောင်းသည် သူ၏ဦးခေါင်းကို ဆုပ်ကိုင်ကာဖြင့် ပြောလိုက်မိသည်။ “ဘာလို့ ကျုပ်ကို ကြိုက်နေတာလဲ”
“ရှင်ကကော ကျွန်မကို ဘာလို့ မကြိုက်တာလဲ”
နှင်းဆီဧကရီသည် သူမ၏ ပါးလွှာလွန်းသော နှုတ်ခမ်းပါးလေး များကို ကိုက်ကာဖြင့် ကြည့်ရှုလျက်ရှိသည်။ သူမ မျက်လုံးများထဲတွင်တော့ မချိတင်ကဲ အရိပ်အယောင်များ တည်ရှိလို့နေသည်။
“အသက်အရွယ်ကြောင့်ပဲ”
ကျွင်းချောင်ရှောင်းသည် ခဏလောက် စဉ်းစားကာ ပြောလိုက်၏။ “ကျုပ်က အသက်ကြီးတဲ့ မိန်းမတွေကို မကြိုက်ဘူး”
“ရှင်က ဖူမဲညီနောင်နဲ့တောင်မှ သွေးသစ္စာ ကျိန်ဆိုပြီးတော့ သွေးသောက်ညီအစ်ကိုတွေ ဖွဲ့ခဲ့သေးတယ် မဟုတ်ဘူးလား။ သူတို့က ရှင့်ထက် နှစ်ပေါင်းတစ်သောင်းလောက် အသက်ကြီးတယ်လေ။ အခု ကျွန်မကိုကြတော့ ဘာလို့ လက်မခံရတာလဲ” နှင်းဆီဧကရီက ပြန်မေးလိုက်သည်။
“ဒါက ….” ကျွင်းချောင်ရှောင်း ဆွံ့အသွားမိ၏။
စနစ်က သက်ပြင်းချလိုက်သည်။ “မင်းထက်ပိုပြီးတော့ နှုတ်သီးကောင်းလျှာပါး လူတစ်ယောက်ကို တွေ့ပြီ မဟုတ်လား”
“ကျွန်မ ဂရုမစိုက်ဘူး”
နှင်းဆီဧကရီသည် လေးနက်သည့်အမူအရာဖြင့် ပြောလိုက်သည်။ “ရှင်က အမြဲတမ်း ကျွန်မရဲ့ ယောက်ျားအဖြစ် ရှိနေမှာပဲ။ ကျွန်မ သေသွားပြီဆိုရင်တောင်မှ ကျွန်မတို့ရဲ့ ရင်းနှီးပတ်သက်မှုက လင်မယားပဲ။ ဘယ်တော့မှ ဖျက်သိမ်းလို့မရဘူး”
“အင်း… ဒီနေရာမှာ တစ်စုံတစ်ခု မှားယွင်းနေပြီလို့ ငါခံစားမိတယ်” စနစ်သည် အနည်းငယ်ဆွံ့အလျက်ရှိ၏။
ကျွင်းချောင်ရှောင်းသည် တီးတိုးပြောလိုက်မိသည်။ “ငါ လွတ်လပ်ဖို့အတွက် ငါ့မိန်းမကို ငါသတ်ရမယ့်ပုံ ပေါက်နေတာပဲ”
ဆွစ်
သုံးပေခန့်ရှိသော ဓားတစ်ခုသည် သူ၏ဘေး၌ ပေါ်လာ၏။
နှင်းဆီဧကရီက ပြောလိုက်တော့သည်။ “ရှင် ကျွန်မကို သတ်လေ။ ဒါပေမဲ့ ရှင် ကျွန်မကို ကွာရှင်းလို့မရဘူး”
ချလွမ်
ကျွင်းချောင်ရှောင်းသည် ဓားကိုဆွဲယူလိုက်၏။ ပြီးသည့်နောက်မှာတော့ ဓားအလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့ သည်။ ဓားသည် သူမ၏ လည်ပင်းနှင့် ဝ.၀၁ စင်တီမီတာ အကွာအဝေးသို့ ရောက်ရှိလာခဲ့၏။
သူသည် အေးစက်စွာဖြင့် ပြောလိုက်မိသည်။ “ကျုပ် မလုပ်ရဲဘူးလို့ ခင်ဗျား ထင်နေတာလား”
နှင်းဆီဧကရီသည် မျက်လုံးကို စုံမှိတ်ကာဖြင့် ပြောလိုက်၏။ “လုပ်လေ … လုပ်လေ။ လုပ်သာ လုပ်လိုက်တော့”
“………….”
ကျွင်းချောင်ရှောင်း၏ အမူအရာသည် ပိုမိုကာ ခက်ထန် တင်းမာလာ၏။ ဝ.၀၁ စင်တီမီတာ အကွာအဝေးတွင် ရှိသော ဓားသည် သူမ၏ လည်ပင်းဆီသို့ ဆက်ကာ မရွေ့လျားတော့ပေ။
“ထားလိုက်တော့၊ ထားလိုက်တော့” နောက်ဆုံးမှာတော့ သူသည် ဓားကို ပြန်လည်သိမ်းဆည်းလိုက်၏။
“ကျွင်းချောင်ရှောင်း”
နှင်းဆီဧကရီက ပြောလိုက်သည်။ “ကျွန်မက ဒီနှစ်ပိုင်းအတွင်းမှာ ဂြိုဟ်တွေ အများကြီးဆီ သွားပြီး အနိုင်ယူ တိုက်ခိုက်ခဲ့တယ်။ တခြား တစ်စုံတစ်ယောက်ကို မချစ်ခင်၊ မနှစ်သက်ခဲ့ဘူး။ ရှင်က ကျွန်မ ဂရုစိုက်တဲ့ တစ်ဦးတည်းသော ယောက်ျားပဲ”
ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်မှ မိန်းမတစ်ယောက် ဖြစ်သည်မို့ သူမအနေနှင့် ကြယ်ကြွေကုန်းမြေတိုက်မှ မိန်းကလေးများကဲ့သို့ ရှက်ရွံ့မှု မရှိချေ။ သူမအနေနှင့် ချစ်ခင်သဘောကျသည်ဆိုလျှင် ချစ်ခင်သဘောကျသည် ဟုသာ ပြောဆိုလိမ့်မည်ဖြစ်၏။ သူမသည် ပွင့်လင်းပြီး ရိုးသားလွန်းလှ၏။ ရင်ထဲတွင် ရှိနေသော ခံစားချက်များကို ဘယ်တော့မှ ဖုံးကွယ်ထားလိမ့်မည် မဟုတ်ချေ။
“တကယ်ဆိုရင် ခင်ဗျားရဲ့ ဧကရီရာထူးကို စွန့်ပြီးတော့ ကျုပ်နဲ့အတူ ကြယ်ကြွေကုန်းမြေတိုက်ကို လိုက်ခဲ့လေ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
နှင်းဆီဧကရီသည် မျက်လုံးကို ဖွင့်ကာ ပြောလိုက်၏။ “ရှင် ကျွန်မကို လက်ခံမှာလား”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားသာ ခင်ဗျားရဲ့အခွင့်အရေး၊ ဂုဏ်သိက္ခာတွေ၊ အာဏာတွေ အကုန်လုံးကို စွန့်လွှတ်ပြီးတော့ ပြိုင်စံရှားဂိုဏ်းဆီ လိုက်လာမယ်ဆိုရင် ကျုပ်က လက်ခံမယ်”
နှင်းဆီဧကရီက ပြုံးလိုက်သည်။ သူမ၏အပြုံးသည် အလွန်တရာလှပလွန်းလှ၏။ “ကျွန်မသာ အချစ်ကို ဦးစားပေးတဲ့ မိန်းကလေးတစ်ယောက်ဆိုရင် အရာအားလုံးကို လွှတ်ချပြီး ရှင်နဲ့အတူ လိုက်လာမှာပဲ။ ဒါပေမဲ့ အခုကတော့ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်မရဲ့နောက်မှာ ဝိညာဉ်မျိုးနွယ် ကုန်းမြေတိုက်ကလူတွေ သန်းနဲ့ချီပြီး ရှိနေတယ်လေ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျား ကျုပ်နဲ့ မလိုက်လာနိုင်မှတော့ ကျုပ်ကို တွယ်ကပ်မနေနဲ့တော့”
“ကျွန်မက တွယ်ကပ်နေတာ မဟုတ်ဘူး”
နှင်းဆီဧကရီက ပြောလိုက်သည်။ “ကျွန်မတို့က လင်မယားတွေဖြစ်တယ်ဆိုတာ ရှင့်ကို လက်ခံစေချင်တာ။ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ ဂြိုဟ်နှစ်ခုဆီမှာ တည်ရှိနေတယ်ဆိုရင်တောင်မှ ကိစ္စမရှိဘူး”
“အစ်မကြီး …”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးမှာ အရမ်းကို ထူးချွန်လှတဲ့လူတွေ အများကြီး ရှိတယ်။ ဘာလို့ ကျုပ်လိုမျိုး အပြင်ဘက်က လူတစ်ယောက်ကို ချစ်ခင်နှစ်သက်နေရတာလဲ”
“ဘာလို့လဲဆိုတော့ …”
နှင်းဆီဧကရီက လေးလေးနက်နက် ပြောလိုက်သည်။ “ကျွန်မ ရှင့်ကို ချစ်လို့ပေါ့”
ဤစကားသည် ပိုမိုကာ တိုက်ရိုက်ဆန်လွန်းလှ၏။ သူတို့ နှစ်ယောက်သည် အစောကြီးကတည်းက လက်ထပ်ပြီးသား ဖြစ်၏။ ရင်ထဲမှာရှိသည့် ခံစားချက်များကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုသည် ဆိုသည်မှာ ထူးခြားလှသည့်ကိစ္စတော့ မဟုတ်ချေ။
“ကျုပ်က တကယ့်ကို မိန်းမတွေ အရမ်းများတဲ့လူ။ ဒီတော့ မိန်းမတစ်ယောက်ရဲ့ တကယ့် အစစ်အမှန်ချစ်ခြင်းနဲ့ မထိုက်တန်ပါဘူး” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
နှင်းဆီဧကရီက သံသယနှင့် ပြန်ကြည့်လိုက်သည်။ “ရှင်က တကယ် မိန်းကလေးတွေကို ကစားတတ်တဲ့လူတစ်ယောက်ပေါ့ ဟုတ်လား။ ဘယ်လိုလို့ ဖြစ်နိုင်မှာလဲ။ ရှင်က လူပျိုပဲ ရှိသေးတာကို”
“လူပျို ဟုတ်လား”
ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “ဒါက ဘာကိုဆိုလိုတာလဲ”
နှင်းဆီဧကရီက ပြောလိုက်၏။ “ကျွန်မတို့ ဝိညာဉ်မျိုးနွယ် ကုန်းမြေတိုက်က လူတွေရဲ့ ဝိညာဉ်က သက်ရှိတွေကို ဝင်ရောက်ခိုလှုံပြီးတဲ့အချိန်မှာ သူတို့က လူပျိုစစ်လား၊ အပျိုစစ်လား ဆိုတာကို တစ်ခါတည်း သိရှိနိုင်တယ်”
“........”
ကျွင်းချောင်ရှောင်း၏ အမူအရာများသည် စိတ်ဝင်စားမှုများ ဖြစ်တည်လာခဲ့၏။
နှင်းဆီဧကရီသည် မျက်လုံးကို ပေကလပ် ပေကလပ်လုပ်၍ ပြုံးကာ ပြောလိုက်၏။ “ကျွန်မက ပြောရုံပါပဲ။ ရှင့်ရဲ့ အမူအရာကို ကြည့်ရတာ တစ်ခါတည်း အဖြေကို တန်းဖော်ပြနေသလိုပဲ”
“ခင်ဗျား …”
ကျွင်းချောင်ရှောင်းသည် ထ၍ ခုန်လုမတတ် ဖြစ်သွား၏။ “ခင်ဗျားကျုပ်ကို လှည့်စားခဲ့တာပဲ”
နှင်းဆီဧကရီသည် ဓားအား ဓားအိမ်ထဲသို့ ထည့်ကာ လှည့်ထွက်သွားသည်။ “ရှင့်အနေနဲ့ ကြယ်ကြွေကုန်းမြေ တိုက်ကြီးမှာ ဘယ်လောက် မိန်းမတွေများများ၊ ရည်းစားတွေများများကိစ္စ မရှိဘူး။ ဝိညာဉ်မျိုးနွယ်ကုန်းမြေ တိုက်ကြီးမှာတော့ ရှင်က ကျွန်မရဲ့ ယောက်ျား၊ ကျွန်မရဲ့လင်ပဲ။ ဒီတော့ ရှင်အားပြီဆိုရင် ကျွန်မဆီကို ရံဖန်ရံခါ လာလည်ပါ”
သူမသည် အလွန်တရာ မောပန်းနေခဲ့ပြီဖြစ်၏။ သူ့ကို အနားတွင် ဆက်လက်၍ မထိန်းသိမ်းနိုင်ကြောင်း လက်ခံလိုက်မိ၏။ ထို့ကြောင့် လင်မယား ဖြစ်တည်မှုကို ထိန်းသိမ်းထားပြီး သူမ၏ နှလုံးသားထဲ၌ အရေးပါလှသော အမှတ်တရ များကို သိမ်းဆည်းသွားရန်သာ ဆုံးဖြတ်လိုက်တော့သည်။
“.........”
ထိုအမျိုးသမီး ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ ရင်ထဲတွင် နာကျင်မှုများ ခံစားလာရ၏။
သူသည် အခွင့်အရေးကို အရယူပြီးသည့်နောက် သူတို့နှစ်ယောက်ကြားတွင်ရှိသော ပတ်သက်မှုများ အားလုံးကို ရှင်းလင်းသွားအောင် ပြုလုပ်မည်ဟု ဆုံးဖြတ်ချက် ချခဲ့သည်။ သို့ပေမဲ့ အဘယ်ကြောင့် ပိုမို၍ ရှုပ်ထွေးသွားသည်ဟု ခံစားနေရသနည်း။
“လက်ခံသူ .. လွတ်လပ်မှုကို လိုချင်ရင် ကိုယ့်မိန်းမကိုယ် သတ်ပစ်လိုက်လေ”
“တော်စမ်း”
..................
ရက်အနည်းငယ် ကြာပြီးသည့်နောက်မှာတော့ ဖြူမဲညီနောင် တို့သည် ၎င်းတို့၏ ဒဏ်ရာများမှ ပြန်လည်ကောင်းမွန်လာခဲ့ကြ၏။
ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီသို့ သွားသည့် တည်နေရာနှင့် အချိန်လမ်းကြောင်းမှာတော့ နှင်းဆီဧကရီသည် သူမ၏ ယောက်ျားအား ကိုယ်တိုင်ကိုယ်ကျ လိုက်ပါပို့ဆောင်သည်။
”ကျွန်မ ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ထဲမှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်။ ဒီတော့ ရှင်ကလည်း ရှင့်ဂိုဏ်းကို သွားပြီးတော့ လုပ်စရာရှိတာတွေကို လုပ်ပါ။ တခြား မိန်းမလှလေးတွေနဲ့ ပတ်သက်ပြီး ရှင့်ရဲ့စိတ်ကို ယိမ်းယိုင်စေလို့ မဖြစ်ဘူး။ ပြီးတော့ အိမ်ပြန်ရောက်ရင် ကျွန်မအကြောင်းကို အမြဲ စဉ်းစားနေပါ
“..........”
ကျွင်းချောင်ရှောင်းသည် ဘာတစ်ခုမှ မပြောဘဲ လှည့်ထွက်သွားချင်စိတ်ရှိ၏။ သို့ပေမဲ့ အချိန်နှင့်တည်နေရာ လှိုဏ်ခေါင်းထဲသို့ ရောက်ရှိသည့်အချိန်မှာတော့ သူသည် ခဏရပ်တန့်လိုက်ပြီး ကြိုးစားကာဖြင့် ခက်ခက်ခဲခဲ ပြောလိုက်မိသည်။ “ကျုပ်... ကျုပ်သွားတော့မယ်”
“ယောက်ျား … သတိထားပါ” နှင်းဆီဧကရီက ပြောလိုက်၏။
ဝှစ် … ဝှစ် ….
၎င်းတို့ သုံးယောက်သည် တည်နေရာလမ်းကြောင်းထဲသို့ လျှောက်ဝင်လိုက်ကြသည်။
စွေ့ဟွာသည် တည်နေရာလမ်းကြောင်းအား ဝါးမြိုရင်း ရှေ့မှ ဦးဆောင်သွားလျက်၏။
စွေ့ဟွာ တည်နေရာ လမ်းကြောင်းကို ပြန်လည် စည်းခတ်ပြီး ထွက်ခွာသွားချိန်မှာပဲ ဝိညာဉ်မျိုးနွယ် ကုန်းမြေတိုက်၏ ထိပ်တန်းစွမ်းအားမြင့် ကျင့်ကြံသူ အဘိုးအို တစ်ယောက်သည် အလန့်တကြားဖြင့် လာရောက်ကာ သတင်းပို့တော့သည်။
“အရှင်မ..... အထက်နယ်မြေဆီက သတင်းစကားရောက်လာတယ်။ ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးက ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးဆီ ဝင်ရောက်ဖို့ အလှည့်ကျတယ်တဲ့”
“ဘာ” နှင်းဆီဧကရီက မျက်မှောင်ကုတ်သွား၏။
အဘိုးအိုက ပြောလိုက်သည်။ “အသစ်ဝင်လာတဲ့ ဂြိုဟ်တစ်ခုရဲ့ သခင်ဖြစ်တဲ့ ဂိုဏ်းချုပ် တစ်ယောက် က အထက် နယ်မြေရဲ့ စည်းမျဉ်းစည်းကမ်းတွေ ဖောက်ဖျက်ခဲ့တယ်တဲ့။ ဒါကြောင့် သူတို့ကို ပြစ်ဒဏ်ချမှတ်တဲ့ အနေနဲ့ အထက်နယ်မြေက ဖယ်ရှားလိုက်တယ်။ အဲတော့ သူတို့နေရာမှာ ကျုပ်တို့ ဝိညာဉ်မျိုးနွယ် ကုန်းမြေတိုက်ကြီးက ဆက်ခံပြီးတော့ အလှည့်ကျဝင်ရောက် ပေးရမယ်လို့ ပြောတယ်”
“.........”
နှင်းဆီဧကရီသည် အလွန်တရာ ဒေါသထွက်သွားတော့သည်။ “ဘယ်လိုဂိုဏ်းချုပ်မျိုးမလို့ ငြိမ်ငြိမ်သက်သက် မနေဘဲ စည်းကမ်းတွေ လျှောက်ဖောက်ဖျက်ရတာလဲ။ နေရင်းထိုင်ရင်း ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးက အလှည့်ကျ ဝင်ပေးရအုံးမယ်။ အဲဒီ ဂိုဏ်းချုပ်ဆိုတဲ့ ပြဿနာကောင် ….. ငါနဲ့ တွေ့လိုက်ချင်တယ်”
(စာဖတ်သူများအား ဆန့်ငင်ဆန့်ငင်ဖြစ်စေချင်သော စိတ်စေသနာဖြင့် ကောင်းခန်းရောက်တဲ့အထိ ၁၆ ပိုင်း ထည့်ပေးထားပါတယ်။ စာစဉ် (၇၈) မှာ ၁၄ ပိုင်းပဲ ပါပါတော့မယ်။)