← Chapters

လေ့လာရေး

Vol. 3 Ch. 31

လေ့လာရေး

Vol. 3 Ch. 31

ယွမ်ကျိ လုယန်၏အင်္ကျီကော်လာကို လက်နှစ်ချောင်းဖြင့် ညှပ်ယူ၍ မျက်စိရှေ့တွင်ကပ်ပြီး လှုပ်ခါကြည့်သည်။ အဖြစ်အပျက်ကို နားမလည်နိုင်သေး။ ထို့နောက် မြေပေါ်ပြန်ချပေးလိုက်သည်။

လုယန်ကိုယ်တိုင်လည်း နားမလည်ပေ။ မန္တာန်နှင့်နည်းလမ်းကို ယွမ်ကျိသင်သည့်အတိုင်း လိုက်လုပ်ခဲ့သည်။ ဘာကြောင့် မှော်စွမ်းအင်မျိုးကွဲနှစ်ခုအဖြစ် ပြောင်းသွားသည်။

“ဒါကတော့ သိပ်မဟုတ်သေးဘူး။ ငါမင်းကို နောက်တစ်ခါ သရုပ်ပြပေးမယ်”

ယွမ်ကျိသည် တာဝန်အလွန်ကျေပွန်သည့် ဆရာကောင်းဖြစ်သည်။ သူ့သင်ကြားနိုင်စွမ်းက သာမန်သာဖြစ်သော်လည်း စိတ်ရှည်သည်။

သဲနာရီတစ်ခုထုတ်၍ မြေပေါ်တွင် ဇောက်ထိုးထားသည်။ ထို့နောက် လုယန်ပုခုံးကိုကိုင်၍ လေဟာနယ်ထဲသို့ အတူခုန်ချလိုက်သည်။

လုယန်မျက်လုံးထဲ လျှပ်စီးရောင်လို မြင်လိုက်ရပြီး ထူးဆန်းသည့် လေဟာနယ်သို့ရောက်သွားသည်။ ဘေးနှစ်ဘက်တွင် ရောင်စုံအလင်းများစီးဆင်းနေသည်။

ထိုအလင်းကိုထိကိုင်ကြည့်ရန် အလိုလို လက်လှမ်းမိသည်။ ယွမ်ကျိက တားသည်။

“ဒါ လေဟာနယ်တွန့်ခေါက်ထားလို့ဖြစ်လာတဲ့ မြင်ကွင်းပဲ။ သွားထိဖို့မစဉ်းစားနဲ့။ နတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတောင် တစ်စစီဖြစ်သွားနိုင်တယ်”

လုယန် လန့်သွားပြီး လက်ကိုအမြန်ပြန်ရုတ်သည်။

နှစ်ယောက်သား ထိုလေဟာနယ်မှ ထွက်သည်။ ကြီးမားသည့်မြွေဖြူတစ်ကောင် တောင်တန်းကို ရစ်ခွေ၍ နေလစွမ်းအင်များ ရှူသွင်း၍ မိုးမြေသန္ဓေ သန့်စင်နေသည်ကို မြင်ရသည်။ မျက်လုံးများက ကြည်လင်သည်။ သူတို့နှစ်ယောက် မြွေပါးစပ်ထဲ ခြေချမိသည်။ ထို့နောက် ဝမ်းဗိုက်ထဲဝင်သွားသည်။ ဝမ်းတွင်းအစာချေရည်များ ကျလာခါနီးတွင် ယွမ်ကျိ နောက်ထပ် ခြေတစ်လှမ်းတိုးလိုက်သည်။ ထူးဆန်းသည့် လေဟာနယ်သို့ ပြန်ရောက်သွားသည်။

ယွမ်ကျိနှင့်အတူ လိုက်လာရင်း ထူးဆန်းသည့်မြင်ကွင်းမျိုးစုံ လုယန် မြင်ရသည်။ ချော်ရည်ပင်လယ်တစ်ခု၊ ကောင်းကင်ဆင်းရဲဖြတ်ကျော်နေသည့် စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်၊ ထူထဲလေးလံသည့် ဓားတစ်လက်ကိုင်ထားသည့် ဓားသမားတစ်ယောက်....

ထိုမြင်ကွင်းများကို လုယန် မမြင်ဖူး။ မကြားဖူး။ စိတ်ကူးပင်မယဉ်ဖူး။

နောက်ဆုံးတွင် မူလစမှတ်သို့ ပြန်ရောက်လာသည်။ လုယန် မောဟိုက်နေသည်။ အံ့ဩစိတ်မပြေသေး။

“ငါမင်းကိုခေါ်သွားတဲ့နေရာတွေက တာအိုလမ်းစဉ်ဂိုဏ်းနယ်မြေအတွင်းမှာပဲ ရှိတယ်။ နောက်ဆို မင်းဘာသာ သွားလည်လို့ရပါတယ်”

ဂိုဏ်းနယ်မြေက အလွန်ကျယ်ပြန့်သည်။ အဓိကတောင်တန်းကိုးခုအလွန်မှနေရာများကို လုယန်မသိသေး။

“မှော်စွမ်းအား နောက်တကြိမ်သုံးကြည့်ပါ”

ဤတစ်ကြိမ် ထူးခြားလာမည်ဟု ယွမ်ကျိယူဆသည်။

စိတ်အားထက်သန်သည့် သူ့အကြည့်ကြောင့် လုယန် သတ္တိမွေး၍ နောက်တစ်ကြိမ်မှော်စွမ်းအား ထုတ်သုံးသည်။

မှော်စွမ်းအားနှစ်မျိုး တစ်နေကုန်လေ့ကျင့်ပြီးနောက် မြေ‌အောက်ပတ်ဝန်းကျင်ကို အာရုံခံနိုင်လာသည်။ မြေလျှိုးပြီး ပိတ်မိမနေအောင် လုပ်နိုင်လာသည်။

မြေချုံ့ပညာကိုတော့ တစ်ကြိမ်တစ်ခါပင် အောင်မြင်အောင်မလုပ်နိုင်ခဲ့။ မြေလျှိုးခြင်း ကိုယ်ကျုံ့ခြင်းနှစ်မျိုးကိုတော့ အကြိမ်တိုင်းအောင်မြင်သည်။ ပိုကျွမ်းကျင်လာသည်။

နောက်ပိုင်းတွင် မန္တာန်ရွတ်နေစရာပင် မလိုတော့ပါ။ အတွေးတစ်ချက်ဖြင့် မှော်စွမ်းအားထုတ်သုံးနိုင်လာသည်။ လချီနှစ်ချီ လေ့ကျင့်ခဲ့သလို ကျွမ်းကျင်လာသည်။

လုယန် မြေချုံ့ပညာသင်သည့် မူလရည်ရွယ်ချက်က ခရီးသွားဖို့ဖြစ်သည်။ ယခု မြေလျှိုးသည့်ပညာသည် သူ့ရည်ရွယ်ချက်နှင့် ကိုက်ညီပါသည်။

လိုအပ်ချက်နည်းနည်းသာ ရှိသည်။ သွားနိုင်သည့်နှုန်းက နည်းနည်းနှေးသည်။

ခန္ဓာကိုယ်ချုံ့၍ မြေကြီးထဲ ဝင်လိုက်ထွက်လိုက်လုပ်နေသည့် သူ့ကိုကြည့်၍ ယွမ်ကျိကမေးသည်။

“ဂျူနီယာမောင်လေး၊ မစ်ရှင်ခန်းမထဲမှာ မင်းအတွက် အလုပ်ရှာဖို့ အတော်ခက်တယ်လို့ကြားတယ်”

“ဟုတ်တယ်၊ မစ်ရှင်အများစုက ရွှေသန္ဓေအဆင့်နဲ့အထက်လူတွေအတွက်ပဲရှိတာ။ ကျုပ်အတွက်သင့်တော်တဲ့မစ်ရှင် ရှားပါတယ်”

သူ့အတွက် သင့်တော်သည့်အလုပ်တွေ့ဖို့ မစ်ရှင်ခန်းမတွင် သုံးလေးရက်လောက် ထိုင်၍ရှာရသည်။

“ဒါဆို အတော်တိုက်ဆိုင်တာပဲ။ ပြီးခဲ့တဲ့ရက်ပိုင်းက အကြီးအကဲတွေနဲ့ ငါတွေ့ခဲ့တယ်။ ဆေးစိုက်ခင်းမှာ ပြဿနာတက်နေတယ်တဲ့။ မစ်ရှင်ခန်းမမှာလည်း တင်ထားတယ်။ ဒါပေမယ့် ဘယ်သူမှ မလုပ်ကြဘူး။ မင်းနဲ့သင့်တော်မယ်ထင်တယ်။ ဆေးစိုက်ခင်းကို သွားစုံစမ်းကြည့်ပါလား”

ဂိုဏ်းချုပ် တံခါးပိတ်ကျင့်ကတည်းက ယွမ်ကျိသာ ဂိုဏ်းကိစ္စများကို ဦးစီးစီမံနေကြောင်း လုယန်သိသည်။

“ဘယ်လိုတာဝန်မျိုးလဲ”

လုယန် စိတ်ဝင်စားသွားသည်။ ဂိုဏ်းတွင် သူ့စွမ်းရည်က မထင်ရှားသေး။ ဘယ်တာဝန်မျိုးမှန်း သူမသိ။ အထူးသဖြင့် ဆေးစိုက်ခင်းနှင့်ပတ်သက်၍ သူဘာမှမသိ။

ဆေးပင်များကိုပင် သူကောင်းကောင်းမခွဲခြားတတ်။

“ဟိုရောက်ရင် မင်းသိရမှာပါ”

ယွမ်ကျိက ပြောမပြ။

.......

လုယန်အမြင်အရ တာအိုလမ်းစဉ်ဂိုဏ်းသည် ကျင့်ကြံမှုကမ္ဘာငယ်လေးဖြစ်သည်။ ဂိတ်တံခါးမှမထွက်ရဘဲ ဆေးပညာ၊ လက်နက်သန့်စင်ခြင်း၊ မှော်စက်ဝန်းတည်ဆောက်ခြင်းများနှင့် ပတ်သက်၍ တစ်ယောက်ယောက်ကို အကူအညီတောင်း၍ရသည်။ အများစုက ဂိုဏ်းတွင်းမှာပင် ရနိုင်သည်။

ဆေးဖော်ဖို့အတွက် ဆေးမြစ်များလိုသည်။ သူတို့ဂိုဏ်းတွင် ဆေးမြစ်အတော်များများ လိုအပ်သည်။ အမြဲတမ်း အပြင်မှ ဝယ်ယူနေ၍မရ။

ဆေးပင်လိုအပ်ချက်အတွက် ဂိုဏ်းထဲတွင် ကျယ်ပြန့်သည့် ဆေးစိုက်ခင်းတစ်ခု ဖန်တီးထားသည်။ ဆေးပင်စိုက်ပျိုးရာတွင် ကူညီရသည့် အလုပ်များလည်း မစ်ရှင်ခန်းမတွင် ဖော်ပြထားသည်။

ဆေးစိုက်ပျိုးခြင်းသည် အဆင့်မြင့်အသိပညာလိုအပ်သည်။ လုယန်က ဘာမှမသိ။ ဆေးပင်အမျိုးအမည်လည်း သူခွဲခြားမသိ။ သူနေ့တိုင်းစားသောက်နေသည့် ဝိညာဉ်သားရဲကောင်များအကြောင်းလည်း မသိ။ ဆေးစိုက်ဖို့ဆိုလျှင် တွေးစရာပင်မလိုတော့။

ဆေးစိုက်ခင်းမှ ဆေးနံ့များကို အဝေးမှပင် ရှူရှိုက်မိသည်။ တစ်ခါတစ်ရံ အဆိပ်နံ့များ လွှမ်းခြုံနေသည့် ဆေးအိုးတောင်ထိပ်နှင့်မတူ။ သန့်စင်သည့် ဆေးနံ့မျိုးဖြစ်သည်။ သာမန်လူများ အချိန်အတော်ကြာ ရှူရှိုက်နေလျှင် အသက်ရှည်၍အနာကင်းစေနိုင်သည်ဟု ဆိုကြသည်။

ဆေးစိုက်ခင်းအဝင်ဂိတ်တွင် အဘိုးအိုတစ်ယောက် မျက်နှာကိုယပ်တောင်ဖုံးလျက် ပက်လက်ကုလားထိုင်ပေါ်လဲလျောင်း၍ ဇိမ်ပြေနပြေ အိပ်နေသည်။

“အဘိုး၊ ဒါ ဆေးစိုက်ခင်းလား”

အဘိုးအို ပျင်းရိပျင်းတွဲ မျက်လုံးတစ်ဘက်ဖွင့်ကြည့်သည်။

“မင်းကဘယ်သူလဲ”

“လုယန်”

“နာမည်မေးတာမဟုတ်ဘူး။ ဘယ်သူ့တပည့်လဲလို့မေးတာ”

“ဂိုဏ်းချုပ်ရဲ့ လေးယောက်မြောက်တပည့်၊ အမယွမ်ကျိရဲ့ ဂျူနီယာပါ”

ဂိုဏ်းချုပ်ပျောက်နေသည်မှာ ဆယ်နှစ်ကြာပြီဖြစ်၍ အဘိုးအိုသိပ်အရေးမစိုက်။ သို့သော် ယွမ်ကျိ၏ဂျူနီယာဟု ကြားသည်နှင့် ချက်ချင်းထရပ်လာသည်။ သူ့ခန္ဓာကိုယ်လှုပ်ရှားမှုက လုယန်ထက်ပင် ပိုမြန်သေးသည်။

ကျင့်ကြံသူလောကတွင် လူတစ်ယောက်၏စွမ်းရည်နှင့်သက်တမ်းကို ရုပ်ရည်ကြည့်ပြီး ဆုံးဖြတ်၍မရ။ သက်တမ်းရင့်ဘိုးဘေးလား မျိုးဆက်သစ်လူငယ်လား ခွဲခြားဖို့ခက်သည်။

ကြီးသူကိုရိုသေ ငယ်သူကိုလေးစားရမည်ဟူသည့်စကားသည် အကျုံးမဝင်လှ။ ကြီးကြီးငယ်ငယ် ကိုယ့်ထက်ပို၍စွမ်းအားကြီးနေနိုင်သည်။

“ဒါဆိုမင်းကို ယွမ်ကျိက လမ်းညွှန်လိုက်တာပေါ့။ အစောကြီးကတည်းက ပြောရောပေါ့ကွာ”

အဘိုးအိုလေသံက ညီအကိုရင်းများပမာ ဖော်ဖော်ရွေရွေဖြစ်လာသည်။

“ငါတို့နှစ်ယောက်လုံး တာအိုလမ်းစဉ်ဂိုဏ်းသားတွေပဲလေ။ ငါ့ကို လောင်ပါးလို့ပဲခေါ်ပါ။ ဒီဆေးစိုက်ခင်းလေးကို ငါတာဝန်ယူထားရတာကွ”

ဤလောင်ပါးသည် သူ့ကိုအသုံးချ၍ တစ်ခုခုအကျိုးအမြတ်ယူလိုသည်ဟု လုယန် သံသယဖြစ်မိသည်။ သို့သော် သက်သေအထောက်အထားမရှိ။

“ယွမ်ကျိက မင်းကို ဘာအတွက်လွှတ်လိုက်တာလဲ။ ဆေးပင်လိုချင်လို့လား။ သက်တမ်းဘယ်လောက်ရှိတာလိုချင်တာလဲ။ တစ်ထောင်လား နှစ်ထောင်လား”

လောင်ပါး၏စကားကြောင့် စီနီယာယွမ်ကျိ ပြင်ဆင်ပေးခဲ့သည့် အစားအသောက်များအကြောင်း လုယန်တွေးမိလာသည်။ အားလုံးက ဤဆေးစိုက်ခင်းမှ ယူခဲ့ခြင်းဖြစ်နိုင်သည်။ နှစ်တစ်ထောင်လား နှစ်‌ထောင်လား သူမပြောတတ်။

နှစ်တစ်ထောင်ဆေးပင်သည် ဟင်းရွက်ကန်စွန်းရွက်မဟုတ်။ ဂိုဏ်းအတွက် အတော်တန်ဖိုးကြီးသည်။

မဟုတ်သေး။ စီနီယာယွမ်ကျိက အတော်လေးချွေတာသည်။။ ဆေးပင်များကို ထိုသို့ဖြုန်းတီးပစ်မည်မဟုတ်။

“စီနီယာက ဆေးစိုက်ခင်းနဲ့ ပတ်သက်လို့ အလုပ်တစ်ခုရှိတယ်လို့ ပြောပါတယ်။ မစ်ရှင်ခန်းမမှာ ဖော်ပြထားတာ ဘယ်သူမှ မလုပ်ကြဘူးတဲ့။ အဲဒါဘာအလုပ်လဲခင်ဗျ”

လုယန် ယဉ်ယဉ်ကျေးကျေး မေးသည်။

လောင်ပါး နားလည်သွားသည်။

“ဪ အဲဒီ့အလုပ်လား။ မင်း ဆေးပင်တွေပြုစုတတ်လား”

“လုံးဝမလုပ်တတ်ပါဘူး”

လုယန် အရိုးသားဆုံးဖြေသည်။

“ငါနည်းနည်းရှင်းပြမယ်။ ဆေးစိုက်တယ်ဆိုတာက အဆင့်တွေအများကြီးရှိတယ်။ အဲဒီ့ထဲမှာ ဆေးပင်တွေ မြေနဲ့လေကနေ ဝိညာဉ်စွမ်းအင်တွေစုပ်ယူနိုင်ဖို့ မြေဆွပေးရတဲ့အလုပ်လည်းပါတယ်။ ပုံမှန်ဆိုရင် ဒီအလုပ်ကို ငွေလက်စွပ်ကောင်းကင်ဘုရင်တီကောင်လင်မယားက တာဝန်ယူတာပါ။

“ဟိုရက်ပိုင်းက သူတို့မှာ မိသားစုပြဿနာတစ်ချို့ ပေါ်လာတယ်။ ဘယ်သူမှ ဒီအလုပ်လုပ်ဖို့ စိတ်မဝင်စားကြတော့ဘူး။ ဒါကြောင့် မြေဆွတဲ့အလုပ်အတွက် မစ်ရှင်ခန်းမမှာ တင်သွင်းခဲ့တာပါ။ ဒီအလုပ်လုပ်ဖို့ ဓာတ်ငါးမျိုးတာအိုထဲက တစ်ခုဖြစ်တဲ့ မြေအောင်းပညာ တတ်ဖို့လိုတယ်။ ဒီပညာတတ်ကျွမ်းတဲ့ လူငယ်တွေက အတော်နည်းတယ်လေ။ ဒီအလုပ်ကို လက်ခံဖို့ ခက်ခဲကြတယ်။ ယွမ်ကျိမင်းကိုလွှတ်လိုက်တာ သိပ်ကောင်းတာ‌ပေါ့”

“ဒါဆို ကျုပ်လုပ်ရမှာက....”

“တီကောင်လို မြေထဲအောင်းပြီး ဆေးစိုက်ခင်းကို မြေဆွပေးရမှာပါ”

လုယန် မှင်သက်မိသွားသည်။

ယွမ်ကျိသူ့ကို ပညာပေးနေသည်ဟု သူသံသယဖြစ်မိသည်။ သို့သော် သက်သေအထောက်အထား မရှိသေး။

***************************************************

All Chapters