နတ်ဆိုးမ
Vol. 3 Ch. 35
ချီလင်မသေမျိုးဆေးပင်ဟု ကြားသည်နှင့် လုယန် မျက်လုံးပြူးသွားသည်။ ချီလင်များကို မျိုးတုံးပြီဟု ယူဆထားသည်။ မသေမျိုးချီလင်ဆေးပင်ဟူ၍ မကြားဖူး။ သမိုင်းတလျှောက် ထိုဆေးပင်မျိုး မကြားဖူးသလောက်ပင်ဖြစ်သည်။ တစ်ချို့ကလည်း တစ်လောကလုံးတွင် ချီလင်မသေမျိုးဆေးပင် တစ်ပင်သာရှိသည်ဟုပြောသည်။
ချီလင်ပြန်ဝင်စားသည့် မသေမျိုးဆေးပင်ဖြစ်သည်။
လောကတွင် ချီလင်အစစ်မရှိ။ စိတ်ကူးယဉ်သားရဲသာဖြစ်သည်ဟု ရှေးခေတ်သူတော်စင်တစ်ယောက်က သုံးသပ်ခဲ့သည်။ ချီလင်ကို မြင်ရသည် ဆိုခြင်းမှာ ချီလင်မသေမျိုးဆေးပင်ကို မြင်ရခြင်းသာဖြစ်သည်ဟူ၏။
ကောင်းကင်မျက်လုံးစွမ်းအားမရှိလျှင် ယခု လုယန်ကြုံနေရသလို ချီလင်မသေမျိုးဆေးပင်ကို ချီလင်အစစ်နှင့် အမှတ်မှားနိုင်စရာရှိသည်။
“လောင်ပါးက မြေဆွဖို့အတွက် ကျုပ်ကိုလွှတ်လိုက်တာပါ”
လုယန် ရှင်းပြသည်။
“ဪ...မင်းက မြေဆွဖို့ ရောက်လာတာပေါ့။ ဓာတ်းငါးမျိုးမှော်ပညာကို မင်းနားလည်လို့လား”
သူ့စကားကြောင့် ဆေးဘုရင်များ ပျော်သွားကြသည်။
အလုပ်လုပ်ဖို့ ရောက်လာသူသာဖြစ်သည်။ (ဆေးပင်နှုတ်မည့်လူမဟုတ်)
လုယန်မျက်နှာတွင် ဒွိဟဖြစ်နေသည့်အရိပ်များ ပေါ်လာသည်။
“ကျွန်တော် ကျွမ်းကျင်တယ်လို့တော့ မဟုတ်ပါဘူး။ အမှတ်မထင် တတ်ခဲ့တာပါ။ ဒါက ဓာတ်ငါးမျိုးမှော်ပညာလားဘာလားတော့ မသိဘူး။ ဒါပေမယ့် ကျုပ်မြေလျှိုးနိုင်ပါတယ်”
ဤမှော်ပညာသည် လေဟာနယ်မှော်ပညာထက်ပိုသည်ဟု လုယန်ထင်သည်။ ဓာတ်ငါးမျိုးမှော်ပညာနှင့် လက္ခဏာချင်းသာတူသည်။
“ဓာတ်ငါးမျိုးမှော်ပညာဟုတ်မဟုတ် အရေးမကြီးပါဘူး။ မင်းမြေလျှိုးနိုင်ရင် ပြီးတာပါပဲ”
ကမ္ဘာပျက်ဆေးဘုရင်က ပုံမှန်လေသံဖြင့်ပြေသည်။ တီကောင်လင်မယား ထွက်သွားကတည်းက ဆေးပင်များထံမှ မြေဆီလွှာအလွန်တင်းမာနေကြောင်း လေလုံလောက်အောင်မရကြောင်း ညည်းတွားသံများ ကြားနေရသည်။ အမြစ်ကိုမြေပေါ်ကြွ၍ လေရှူချင်ကြသည်။ နေရောင်ခံချင်ကြသည်။ ထိုကိစ္စက ဆေးဘုရင်များအတွက် ခေါင်းခဲစရာဖြစ်လာသည်။
ယခု ထိုပြဿနာ ဖြေရှင်းနိုင်တော့မည်။
ဆေးဘုရင်များရှိကြောင်း သိသူရှားလှသည်။ လုယန်လည်း အရင်က သူတို့အကြောင်းမသိခဲ့။ ထိုဆေးဘုရင်လေးများသည် အံ့ဩဖွယ် ဆေးအာနိသင်များ ပိုင်ဆိုင်သည်။ အပြင်လောကသို့ရောက်သွားလျှင် ကျင့်ကြံသူများ အရူးအမူးလိုချင်ကြပေလိမ့်မည်။
လုယန်သိသည့် အပင်တစ်မျိုးတော့ရှိသည်။
ကမ္ဘာပျက်ပန်းဘုရင်ကိုင်ထားသည့် နေကြာပန်းဖြစ်သည်။ ကမ္ဘာပျက်ပန်းက သူ့ပွင့်ချပ်များကို ပိတ်လိုက်ဖွင့်လိုက် လုပ်နေသည်။ နေကြာပန်း၏ အနက်ရောင်မျက်နှာပြင်က အဖြူသားများပေါ်လာသည်။ ကမ္ဘာပျက်ပန်းဆေးဘုရင် နေကြာစေ့စားနေခြင်းဖြစ်သည်။ မြေပြင်ပေါ်တွင်လည်း နေကြာစေ့ခွံများ ပြန့်ကျဲနေသည်။
ဇာတ်တူသားချင်းစားသည်ဟု သတ်မှတ်ရမလားမသိ။
“ဪ...ဒါက နေကြာပန်းလို့ခေါ်တယ်”
လုယန်စိုက်ကြည့်နေသဖြင့် ကမ္ဘာပျက်ပန်းက ပြောပြသည်။
လုယန်လည်း သိပါသည်။
ဆေးဘုရင်များအားလုံး အရွယ်အစားငယ်ကြသည်။ နေကြာစေ့အခွံခွာစားသည်ဟု ပြောသည်ထက် နေကြာတစ်စေ့ချင်းကိုပွေ့ဖက်၍ နည်းနည်းစီမြုံ့၍စားခြင်းဖြစ်သည်။ ကမ္ဘာပျက်ဆေးဘုရင်က သူစားနေသည့်အစာကို အတော်သဘောကျဟန်ရှိသည်။
“ကမ္ဘာပျက်ဘုရင်၊ မင်းအမှိုက်တွေလျှောက်ဖွနေပြန်ပြီလား။ ငါမင်းကို ဘယ်နှခါပြောရမလဲ။ ငါတို့က အပင်တွေကွ။ လူတွေကိုအတုခိုးပြီး နေကြာစေ့ချည်းမစားနဲ့။ အခွံတွေလည်း စားလို့ရတယ်ကွ”
ချီလင်မသေမျိုးဆေးဘုရင်က မာန်မဲသည်။
ကမ္ဘာပျက်ဆေးဘုရင်က အရေးမစိုက်။
“ဒီနေကြာပန်းကို ငါ့ဘာသာစိုက်ထားတာ။ ငါဘယ်လိုစားစားပေါ့။ မင်းအပူပါလို့လား။ ဖွီး”
ချီလင်ဒေါသထွက်သွားပြီး ကမ္ဘာပျက်ပန်းဆီ ခုန်ပျံရောက်ရှိလာသည်။ ဆေးဘုရင်နှစ်ယောက် ရန်ဖြစ်ကြသည်။ လက်တံအစစ်မရှိသဖြင့် တစ်ယောက်ပေါ် တစ်ယောက်ဆင့်၍ လုံးထွေးသတ်ပုတ်ကြသည်။
ဂျင်ဆင်းနှင့် သုံးရွက်ကြယ်တို့က ထိုမြင်ကွင်းကို ရိုးအီနေဟန်ဖြင့် လုယန်ကိုသာ မြေလျှိုးပညာ သရုပ်ပြခိုင်းသည်။
“သူတို့ကို အရေးစိုက်မနေနဲ့။ မောရင် ရပ်သွားလိမ့်မယ်”
သစ်သားတဲအပြင်သို့ထွက်လာချိန်တွင် သစ်ပင်ကြီးတစ်ပင်ကို မြင်ရသည်။ သစ်မြစ်များက ခြေတစ်ချောင်းစာခန့်တုတ်သည်။ သိပ်သည်းသည့်သစ်ရွက်များထံမှ ပွတ်တိုက်သံများ ဆူညံနေသည်။
“ဉာဏ်အလင်းသစ်ပင်လား”
လုယန် အံ့အားသင့်သွားသည်။ သူ့ပုံမှန်အရွယ်သို့ ပြန်ပြောင်းလျှင်ပင် ထိုသစ်ပင်အရွယ်အစားက အံ့မခန်းကြီးမားနေဦးမည်သာဖြစ်သည်။ လူဆယ့်နှစ်ယောက်လက်ချင်းဆက်မှ ပင်စည်ကိုဝိုင်းဖက်မိလိမ့်မည်။
ဉာဏ်အလင်းသစ်ပင်မှ တာအိုစွမ်းအင်ရောင်တစ်မျိုး ထွက်ပေါ်နေသည်။ သစ်ရွက်လှုပ်သံများက တာအိုအကြောင်း ဆွေးနွေးနေကြဟန်ရှိသည်။ လောက၏မဟာတာအိုအားလုံး သူ့ထံတွင်စုဝေး၍ သန္ဓေတည်နေသယောင်ရှိသည်။ ထူးဆန်းသည်။ ခံ့ညားသည်။ ထာဝရတည်မြဲသည်။
“ဒါ ငါပြောတဲ့ ဉာဏ်အလင်းသစ်ပင်ဆိုတာပဲ။ ငါတို့ကတော့ သစ်ဘုရင်လို့ခေါ်တယ်။ သူ့တာအိုပါရမီက သာမန်မဟုတ်ဘူးကွ”
ဂျင်ဆင်းဘုရင် ရှင်းပြသည်။
ထိုသစ်ပင်အရွက်များက ဉာဏ်အလင်းရအောင် ကူညီနိုင်သည်။ သစ်ပင်ကိုယ်တိုင်ကလည်း အသိဉာဏ်နိုးထပြီးဖြစ်သည်။ သူ့ကျင့်ကြံမှုပါရမီ မည်မျှနက်ရှိုင်းနေမည်ကို စိတ်ကူးကြည့်နိုင်သည်။ ပုံစံက ကြမ်းတမ်းရင့်ရော်သော်လည်း ဆေးဘုရင်တိုင်း ထူးခြားသည့် အတုမဲ့နတ်စွမ်းရည်ကိုယ်စီ ပိုင်ဆိုင်ကြသည်သာသည်။ အထင်သေး၍မရ။
ကိုယ်တိုင်က အသက်ကယ်စွမ်းရည်မျိုးမရှိဘဲ လူသားတို့ စောင့်ရှောက်မှုတစ်ခုတည်းသာ အားကိုးလျှင် သူတို့ ယခုထိ အသက်ရှင်နေမည်မဟုတ်။
“ဂျင်ဆင်းဘုရင်၊ မင်းငါ့ကို မြှောက်နေပြန်ပြီလား။ ငါ့ပါရမီက ထိပ်ဆုံးအဆင့်ဆိုရင် ဟိုနတ်ဆိုးမရဲ့ပါရမီကို မင်းဘယ်လိုပြောမလဲ”
သစ်ဘုရင်က စနောက်နေသည်။
“နတ်ဆိုးမဆိုတာ ဘယ်သူလဲ”
ဆေးဘုရင်များလေသံအရ ထိုနတ်ဆိုးမသည် အကျင့်သိပ်ကောင်းပုံမပေါ်။
“ဆေးစိုက်ခင်းကိုလာနိုင်တာဆိုလို့ လောင်ပါးပြီးရင် သူပဲရှိတယ်။ သူ့စွမ်းအားက အရမ်းမြင့်တယ်။ ငါတို့သူ့ကို မနိုင်ဘူး။ သူယူချင်တဲ့ဆေးပင်တွေ နှုတ်ယူသွားတာပဲ။ ဘယ်ဆေးဘုရင်မှ မတားနိုင်ဘူး။ ငါ့ဂျင်ဆင်းနှုတ်ခမ်းမွှေးတွေ သူနှုတ်သွားတုန်းက အရမ်းနာလို့ အိပ်ယာထဲမှာ လေးငါးရက်လောက် လှဲနေခဲ့ရတယ်”
ဂျင်ဆင်းက နတ်ဆိုးမ၏ ရိုင်းစိုင်းပုံကို မကျေမနပ်ဖြစ်နေဟန်ဖြင့် ပြန်ပြောပြသည်။
“ငါ့သစ်ရွက်မျက်နှာပြင်ပေါ်က ကြယ်တွေကိုလည်း သူပဲယူသွားပါ။ ဒီမှာကြည့်လေ၊ ဒီကြယ်တွေက တစ်ခြားကြယ်တွေထက် အရောင်မှိန်နေတာ။ သူတို့ပြန်တောက်ပလာဖို့ ဘယ်လောက်ကြာဦးမယ်မသိဘူး”
ကြယ်ဘုရင်ကလည်းပြောသည်။
ဆေးဘုရင်များ၏ ဖော်ပြချက်အရ နတ်ဆိုးမ အနိုင်ကျင့်ခဲ့သည်များက မမှတ်မိနိုင်လောက်အောင်ပင် များလွန်းနေပုံရသည်။ ဆေးဘုရင်တိုင်း သူ့ကို ပြန်ဝဋ်လည်စေချင်ကြသည်။
“ပိုပြီးဒေါသထွက်စရာကောင်းတာက အဲဒါတွေကို ရေချိုးဖို့ ယူသွားတာတဲ့လေ။ တွေးကြည့်စမ်းပါဦး။ သူက ငါတို့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေသုံးပြီး ရေချိုးတာတဲ့။ တရားလွန်လွန်းတယ်ကွာ။ ....ဒါနဲ့ အဲဒီ့နတ်ဆိုးမက မင်းတို့တာအိုလမ်းစဉ်ဂိုဏ်းမှာ ရာထူးမြင့်တယ်လို့ လောင်ပါးကပြောတယ်။ သူ့နာမည်က ယွမ်ကျိတဲ့”
“....”
ထိုစကားကြားရသော်လည်း မအံ့ဩမိသည့်အဖြစ်ကို လုယန်သူ့ဘာသာအံ့ဩမိသည်။ ထိုရေချိုးသည့်ကိစ္စသည် ယွမ်ကျိနှင့်ပတ်သက်သလား သူနှင့်ပတ်သက်သလား သေချာမသိတော့။
လုယန် ဟန်ဆောင်ပန်ဆောင် ရယ်လိုက်သည်။ ဘာဆက်ပြောရမသိ။
“အဲဒီ...အင်း...ခင်ဗျားတို့ပြောတဲ့ နတ်ဆိုးမကို ကျုပ်သိပါတယ်။ အမှန်တော့ သူက ကျုပ်ရဲ့စီနီယာအမပါ”
သစ်ဘုရင်က အရေးမစိုက်သကဲ့သို့ တဟားဟားအော်ရယ်သည်။
“ကိစ္စမရှိပါဘူးကွာ။ တာအိုလမ်းစဉ်ဂိုဏ်းကတပည့်တွေအားလုံး သူ့ကို စီနီယာအမလို့ ခေါ်ကြတာ သိပြီးသားပါ။ မင်းက သူ့ဂျူနီယာလို့ပြောရုံနဲ့ ငါတို့က မင်းအပေါ်ဒေါသပုံချမယ်လို့ ထင်နေတာလား။ ငါတို့ဆေးဘုရင်တွေ အဲလောက်သဘောထားမသေးပါဘူး။ ငါတို့က နှစ်ပေါင်းမရေမတွက်နိုင်အောင် နေထိုင်ခဲ့တာပါ။ လူသားမျိုးနွယ်လေးတစ်ယောက်ကို ဘာလို့အရေးစိုက်နေမှာလဲ”
လုယန် သက်ပြင်းချလိုက်သည်။
“ကောင်းတာပေါ့ဗျာ၊ ဒါဆို သူနဲ့ကျုပ် ဆရာတူမောင်နှမတွေပါလို့ပြောလည်း သိပ်ကိစ္စမရှိလောက်တော့ဘူးထင်ပါတယ်”
သစ်ဘုရင်၏ရယ်သံ တိခနဲ ပြတ်သွားသည်။ တိုက်ခတ်နေသည့်လေပြေပင် ရပ်တန့်သွားသည်။ သစ်ရွက်များလည်း မလှုပ်ရှားတော့။
ဂျင်ဆင်းဘုရင်၏ မုတ်ဆိတ်မွှေးများ လှုပ်ရှားနေသည်။ တည်ငြိမ်နေသည့်မျက်နှာတွင် အေးစက်စက်အပြုံးရိပ် ပေါ်နေသည်။
သုံးရွက်ကြယ်မြက်၏ သစ်ရွက်မျက်နှာပြင်မှကြယ်များ လှည့်ပတ်လှုပ်ရှားလာသည်။ ပေါက်ကွဲတော့မည့် မီးတောင်ကဲ့သို့ လက်စားချေတိုက်ခိုက်ရန် အသင့်ဖြစ်လာသည်။
ပတ်ဝန်းကျင်တွင် လူသတ်ရိပ်များ ချက်ချင်းဖုံးလွှမ်းသွားသည်။
လုယန်က တည်ငြိမ်သည့်လေသံဖြင့်
“စိတ်လိုက်မာန်ပါ မလုပ်ကြပါနဲ့ဦး။ ကျုပ်က သူ့ဂျူနီယာဆိုတိုင်း သူ့ဘက်ကရပ်တည်မယ်လို့ ခင်ဗျားတို့ထင်နေလား”
ဂျင်ဆင်းကသူ့ကို သံသယမျက်လုံးဖြင့်ကြည့်နေသည်။ မုတ်ဆိတ်မွှေးများ လှုပ်ရှားမှုနှေးသွားသည်။
“အဲလိုမဟုတ်ဘူးပေါ့”
သစ်ဘုရင်နှင့် ကြယ်သုံးရွက်လည်း ဒေါသကို ခဏထိန်းထားကြသည်။
“သိပ်မှားတာပေါ့”
လုယန်လေသံက ပြတ်သားသည်။ လက်သီးနှစ်ဘက်တင်းတင်းဆုပ်၍ မျက်နှာတွင် နာကျည်းနေသည့်အမူအရာမျိုး ပေါ်လွင်နေသည်။
“အဲဒီ့နတ်ဆိုးမရဲ့လုပ်ရပ်တွေက လုံးဝသည်းမခံနိုင်စရာပါ။ ခင်ဗျားတို့ပဲ သူအနိုင်ကျင့်တာ ခံရတာမဟုတ်ဘူး။ ကျုပ်ကိုလည်း အရမ်းဒုက္ခပေးခဲ့တယ်။ အပေါ်ယံကြည့်ရင်တော့ ကျုပ်ဘဝက ခမ်းနားသလိုလိုပါပဲ။ တောက်ပတဲ့ အနာဂတ်နဲ့ပေါ့။ ဒါပေမယ့် ကျုပ်ခံစားခဲ့ရတဲ့ ဆင်းရဲဒုက္ခတွေကို ဘယ်သူသိနိုင်မှာလဲ”
***************************************************