← Chapters

ဘယ်သူမှဒုက္ခမကင်း

Vol. 3 Ch. 36

ဘယ်သူမှဒုက္ခမကင်း

Vol. 3 Ch. 36

“ကျုပ်ရဲ့စီနီယာက တည်ငြိမ်တယ်ထင်ရပေမယ့် တကယ်တော့ စိတ်အပြောင်းအလဲ သိပ်မြန်တာ။ ဒါပေမယ့် သူ့ခံစားချက်ကို မျက်နှာပေါ်မှာ မပြဘူး။ သခင်တစ်ယောက်ကို ခစားရတာ ကျားနဲ့အတူနေရသလိုပဲဆိုတဲ့ စကားရှိတယ်။ သူနဲ့နေရတာ တကယ်ရက်စက်တဲ့ကျားတစ်ကောင်နဲ့ အတူနေရသလိုပါပဲ။

“သူက တကယ့်ရှားပါးအလှပိုင်ရှင်ပါ။ ကျုပ်မြင်ဖူးသမျှမိန်းကလေးထဲမှာ အလှဆုံးလို့တောင် ပြောလို့ရတယ်။ ဒါပေမယ့် ..အမလေး...ရုပ်ရည်ဆိုတာ အတော်လှည့်စားနိုင်တဲ့အရာပဲ။ စဉ်းစားကြည့်ပါ... ကျုပ်ကို သားရဲအလောင်းတွေ ဆေးပင်”အလောင်း”တွေ စားခိုင်းတယ်။ ညာဉ့်သန်းခေါင်းအချိန်မှာ ဆေးအလောင်းတွေဖြည့်ထားတဲ့ ရေစည်ထဲမှာ စိမ်ခိုင်းတယ်။ ကျုပ်ခန္ဓာကိုယ် သန်မာလာအောင်လို့တဲ့လေ။

“ခရီးသွားရင်း အဆင်ပြေဖို့ လေဟာနယ်မှော်ပညာကို ကျုပ်လေ့လာချင်တယ်ဆိုတော့လည်း သူကကျုပ်ကို ခန္ဓာကိုယ်ချုံ့တဲ့ပညာ သင်ပေးတယ်လေ။ ကျုပ်ခန္ဓာကိုယ် ကျုံ့သွားတော့ သူ့လက်ဝါးထဲထည့်ပြီး အရုပ်လိုကစားတယ်”

ယွမ်ကျိအနိုင်ကျင့်ခဲ့သည့် လုပ်ရပ်များကို နာနာကျည်းကျည်းပြောနေသဖြင့် ဆေးဘုရင်များ လုယန်ကို သနားသွားကြသည်။

ဂျင်ဆင်းဘုရင်က

“ဒီလိုဆိုရင် အတွင်းနဲ့အပြင် လက်တွဲလုပ်ကြမယ်လေ။ မင်းက ငါတို့ရဲ့ ငါတို့ရဲ့အတွင်းလူပေ့ါ။ ငါတို့က အပြင်ကနေ ထောက်ပံ့ပေးမယ်။ အဲဒီ့နတ်ဆိုးမကို အခုချက်ချင်း သွားဆွဲချရအောင်”

လုယန် ထိတ်လန့်သွားပြီး အမြန်ဖျောင်းဖျသည်။

“အဲလိုလုပ်လို့တော့ လုံးဝမဖြစ်ဘူး။ ကျုပ်တို့ဒါကို သေချာစီစဉ်မှဖြစ်မယ်။ စီနီယာအမက တာအိုလမ်းစဉ်ဂိုဏ်းမှာ ထိပ်ဆုံးဂိုဏ်းတပည့်ပဲ။ ကျင့်စဉ်စွမ်းအားက မခန့်မှန်းနိုင်လောက်အောင် မြင့်မားတယ်။ ကျုပ်တို့လူနည်းစုနဲ့ သူ့ကိုယှဉ်ဖို့မလွယ်ဘူး”

သူသေချာသုံးသပ်ပြသည်။

“အန္တရာယ်ကင်း‌အောင် ကျုပ်ကူးဖြတ်ခြင်းအဆင့်ရောက်တဲ့အထိစောင့်တာ ပိုကောင်းပါတယ်။ ဒါမှ ကျုပ်တို့ဘက်က အခွင့်အရေးသာမှာ။ အဲဒီ့အချိန်ကျရင် အတူပူးပေါင်းလှုပ်ရှားပြီး စီနီယာအမကို တိုက်ခိုက်မယ်။ တစ်ချီတည်းနဲ့ အောင်မြင်အောင်လုပ်မယ်။

“အောင်မြင်သွားရင် ရန်ကြွေးရှိတဲ့လူက ရန်ကြွေးချေမယ်။ မတရားခံခဲ့ရတဲ့လူက တရားမျှတမှုယူမယ်။ အဲဒါ ပိုမကောင်းဘူးလား”

ဆေးဘုရင်များ သူ့ကိုအတော်လေးစားသွားကြသည်။

“မင်းကို ငါတို့ထက် ဉာဏ်ရည်နည်းနည်းနိမ့်တယ်လို့ ထင်ခဲ့တာ။ အခုတော့ မင်းမှာ တကယ်ပိရိတဲ့ အစီအစဉ်မျိုး ရှိနေတာပဲ။ ငါတို့နဲ့ ဉာဏ်ရည်တူလောက်ရှိပါတယ်လေ”

ဘုံရန်သူတစ်ယောက်ရှိနေသည်ဖြစ်၍ လုယန်နှင့် ဆေးဘုရင်တို့ ချက်ချင်းစည်းလုံးသွားကြသည်။ နတ်ဆိုးမကို အနိုင်ယူမည်ဟု ကြွေးကြော်ကြသည်။

လုယန်ပါဝင်လာသဖြင့် သူတို့အဖွဲ့ ကျားတစ်ကောင် အတောင်ပေါက်လာသလို ခံစားရသည်။ အလွယ်တကူ အောင်မြင်မှုရမည်ဟု ယုံကြည်နေကြသည်။

ဆေးစိုက်ခင်းဂိတ်တံခါးမှ လောင်ပါးက သူတို့အဖြစ်ကို ရေမှန်မှတစ်ဆင့်ကြည့်ရင်း သက်ပြင်းချနေသည်။

ဆေးစိုက်ခင်းတွင် လုယန်ကိုစောင့်ကြည့်ရန် ယွမ်ကျိကသူ့ကို အထူးတလည်ညွှန်ကြားထားသည်။ မတော်တဆမှုများ မဖြစ်အောင် ကာကွယ်ခိုင်းထားသည်။ မူမမှန်သည့်ကိစ္စမျိုး ဖြစ်လာသည်နှင့် ချက်ချင်းအကြောင်းကြားရန် မှာထားသည်။

ယခုအခြေအနေကို မူမမှန်ဟု စဉ်းစားရမည်လား သူမသိ။ မူမှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ ယွမ်ကျိကို ပြောလိုက်လျှင် ပြဿနာတစ်ချို့တော့ ပေါ်လာနိုင်သည်။

“ဒီနေ့ခတ်လူငယ်တွေ ဘာလို့များ ပြဿနာကို မီးထွန်းရှာချင်ကြတာလဲကွာ”

..............

“ကဲ စကားပြောလို့တော့ကောင်းတယ်။ ကျုပ်တတ်ထားတဲ့ပညာ ခင်ဗျားတို့ကို မပြရသေးဘူး”

လုယန် သွေးပူလေ့ကျင့်ခန်းစလုပ်ပြီး မြေလျှိုးပညာ သို့မဟုတ် မြေအောင်းပညာကို စတင်သရုပ်ပြသည်။ ရေပြင်ပေါ် ဒိုက်ထိုးသကဲ့သို့ မြေကြီးထဲ ခုန်ဝင်သွားသည်။

ယွမ်ကျိအံ့ဩခဲ့သလိုပင် သစ်ဘုရင်လည်း အံ့ဩသွားသည်။ သူ့သက်တမ်းမနည်းတော့။ သို့သော် ထိုပညာမျိုး တစ်ခါမှ မမြင်ဖူး။

အပေါ်ယံကြည့်လျှင် လေဟာနယ်မှော်ပညာတစ်မျိုးဖြစ်သည့် မြေချုံ့ပညာနှင့်တူသယောင်ရှိသည်။ သို့သော် တကယ့်လက်တွေ့တွင် ဓာတ်ငါးမျိုးပညာနှင့်တူသည်။

သူတစ်ခါမှမမြင်ဖူးသည့် မှော်ပညာမျိုး လုယန်က ငယ်ငယ်ရွယ်ရွယ်နှင့် သုံးနိုင်သည်။ အမှန်တကယ် မှော်ပညာပါရမီထူးသည်။

ယခု လုယန် မြေလျှိုးပညာကို အတော်ကျွမ်းကျင်နေသည်။ မြေထဲတွင် ရေကူးသကဲ့သို့ ပက်လက်ကူး၊ လိပ်ပြာတောင်ပံခတ်၊ ဖရီးစတိုင် နည်းမျိုးစုံ လှုပ်ရှားနိုင်သည်။

လုယန် မြေလျှိုးပညာကို ကျွမ်းကျင်စွာ ဆက်၍သရုပ်ပြသည်။ မြေပြင်ကို ရေပြင်ဟုထင်ရလောက်အောင် ကျင်လည်သည်။ မြေထဲတွင် သက်တောင့်သက်သာ လှုပ်ရှားနိုင်သည်။ မြေထဲသို့ ဝင်လိုက်ထွက်လိုက် လွယ်ကူစွာ လှုပ်ရှားနိုင်သည်။

လုံးထွေးသတ်ပုတ်၍ မောသွားကြသည့် ချီလင်နှင့်ကမ္ဘာပျက်ပန်းတို့ကိုလည်း ဂျင်ဆင်းဘုရင်နှင့်ကြယ်မြက်တို့က နတ်ဆိုးမ ညှင်းဆဲခံရသည့် လုယန်၏ ဝမ်းနည်းဖွယ်အတွေ့အကြုံများအကြောင်း ပြန်ပြောပြသည်။ သူတို့လည်း ထိုဇာတ်လမ်းကြောင့် စိတ်လှုပ်ရှားလာကြသည်။

“နောက်ဆုံးတော့ လူသားမျိုးနွယ်ထဲမှာ ငါတို့အဖွဲ့ဝင်တစ်ယောက် ရှိလာပြီပေါ့”

ဆေးဘုရင်လေးယာက် သစ်ဘုရင်၏ ပင်စည်ပေါ်ထိုင်၍ လက်ခုပ်တီး၍ အားပေးနေသည်။ လုယန်၏ စွမ်းရည်ကို သဘောကျနေသည်။

လုယန်က ကြွားလုံးထုတ်လိုသဖြင့် လေထဲသို့ ခုန်တက်သွားသည်။ ခြေလက်များကို ကန့်လန့်အနေအထား ဘေးသို့ဖြန့်ကားထားသည်။ လေထဲတွင် လေးငါးပတ်လှည့်သည်။ သို့သော် ပြန်ကျလာချိန်တွင် ဟန်ချက်ပျက်ပြီး မြေပြင်ပေါ် ခေါင်းစိုက်ကျသွားသည်။ ခန္ဓာကိုယ် လေးငါးပတ်လှည့်လိုက်ရသဖြင့် ခေါင်းမူးသွားသောကြောင့်ဖြစ်သည်။

ကြွားလုံးထုတ်သည့်ကိစ္စ မအောင်မြင်တော့။

ဆေးဘုရင်များ သူ့ဆီအမြန်ပြေးသွားပြီး သယ်မကြသည်။ အခြေတည်အဆင့်တစ်ယောက်အတွက် ထိုဒဏ်ရာများက စာမဖွဲ့လောက်ပါ။ ချက်ချင်းသက်သာပျောက်ကင်းနိုင်သည်။

လုယန် မြေဆွနိုင်စွမ်းရှိကြောင်း သိပြီးနောက် ဆေးဘုရင်များက ဆေးစိုက်ခင်းမြေပုံကို ထုတ်ပြသည်။ အစီစဉ်တကျ မြေဆွနိုင်ရန် ညွှန်ကြားသည်။

“ဒီနေရာက ဆေးပင်တွေက အမြစ်ရှည်တယ်။ မြေအောက်ကို သုံးမီတာလောက်ထိရောက်တယ်။ ဒီတော့ အမြစ်ကိုမထိအောင် သေချာသတိထားပါ။ မြေအောက်သုံးမီတာနဲ့ ငါးမီတာကြားမှာပဲ မြေဆွပါ။ ဒါမှစိတ်ချရမယ်။

“တစ်ခြားနေရာက ဆေးပင်တွေရဲ့အမြစ်ကတော့ တစ်မီတာခွဲလောက်ပဲရှိတယ်။ ဒီတော့ နှစ်မီတာအောက်ဘက်ကို မြေဆွရုံပဲ”

“အမြစ်ကိုထိရင် ဘာဖြစ်နိုင်လဲ”

လုယန် စပ်စုလိုက်သည်။

“မင်းမှာ ခြေထောက်ကို အာသာစွဲလန်းတဲ့စိတ်မျိုးရှိတယ်လို့ ငါတို့ယူဆမိလိမ့်မယ်”

ဂျင်ဆင်းက အလေးအနက်ပြောသည်။

“....”

(**ခြေထောက်ဖြင့် လိင်အာသာဖြေသည်ကိုစွဲလမ်းစိတ် foot fetish ကို ဆိုလိုခြင်းဖြစ်သည်)

ကမ္ဘာပျက်ပန်းက စကားဖြတ်ပြောသည်။

“မင်းတို့လူသားတွေထဲမှာ အရက်သောက်ရင်း ငါတို့အပင်တွေရဲ့ခြေထောက်ကို ဝါးရတာကိုကြိုက်တဲ့ နှာဘူးတွေ အများကြီးရှိတယ်လေ။ အရသာရှိပြီး အရက်နဲ့လိုက်ဖက်တယ်ဆိုပဲ။ အဲလိုရည်ရွယ်ချက်မျိုးနဲ့ ငါတို့လို့ဆေးပင်တွေ အများကြီးစိုက်ထားကြတဲ့လူတွေတောင်ရှိတယ်”

“ဘယ်အပင်မျိုးကို ပြောတာလဲ”

“မြေပဲပါ”

ဆေးဘုရင်တို့၏ အတွေးကို လုယန် လိုက်မမီနိုင်အောင် ဖြစ်ရသည်။

သို့သော် ထိုကိစ္စကို သူသိပ်မတွေးတော့။ ဂျင်ဆင်းဘုရင်ပေးသည့် လမ်းကြောင်းအတိုင်း စတင်မြေဆွသည်။

တီကောင်လင်မယားမြေတူးသည်ကို ငြီးငွေ့လောက်အောင် မြင်ခဲ့ရသည့် ဂျင်ဆင်းဘုရင်က ယခု လူသားတစ်ယောက် မြေတူးသည်ကို မြင်ရသဖြင့် အတော်သဘောကျနေသည်။ သူတို့အားလုံး လုယန်နောက်မှ လိုက်သွားကြသည်။

ဆေးဘုရင်များလည်း မြေအောင်းနိုင်စွမ်းရှိပါသည်။ သို့သော် သူတို့နည်းလမ်းက မြေဆီနှင့်ပေါင်းစပ်ရသည်။ လုယန်မြေဖွသည့်နည်းလမ်းနှင့် ကွာခြားသည်။

လုယန်ဖြတ်သန်းရာလမ်းကြောင်းတလျှောက်မှ မြေသားများ ပွတက်လာသဖြင့် ဆေးဘုရင်များအတွက် နောက်မှလိုက်ကြည့်၍ အဆင်ပြေသည်။

ပျော်ရွှင်စွာ လှုပ်ရှားနေသည့် ဆေးဘုရင်များအဖြစ်ကိုကြည့်နေရင်း သစ်ဘုရင် သက်ပြင်းချသည်။ သူကသစ်ပင်ကြီးအမျိုးအစားဖြစ်၍ မြေအောင်းနိုင်စွမ်းမရှိ။

ကောင်းကင်မှနေကို သူမော့ကြည့်သည်။ ကြမ်းတမ်းသည့်အပူဓာတ်ကြောင့် သူသက်ပြင်းချပြန်သည်။

“ငါဘာလို့ဒီလောက်အရပ်ရှည်ရတာလဲ။ အရိပ်ခိုစရာ နေရာတစ်ခုလောက်တောင် မရှာနိုင်ဘူး”

သူ့အဖြစ်သူ သစ်ဘုရင် မကျေမနပ်ဖြစ်မိသည်။

ဆေးဘုရင်‌လေးများက လုယန်နောက်မှလိုက်၍ တစ်နေကုန် ကစားကြသည်။ အပြန်လမ်းတွင် အချင်းချင်းတွန်းထိုး ရယ်မော၍ လိုက်လာသည်။

“ရေချိုးဖို့ ရေနည်းနည်းလောက် အပူပေးကြစို့ဟေ့”

သစ်ဘုရင်က စမ်းချောင်းမှဆွဲယူထားသည့်ရေကို သစ်သားစည်တစ်ခုထဲ ဖြည့်ထားသည်။

ချီလင်ဆေးဘုရင်၏ဝမ်ဗိုက်မှ တောက်ပသည့်အလင်းတစ်ခု သူ့ပါးစပ်ဆီတက်လာသည်။ ထို့နောက် ချီလင်မီးတောက်ကို မှုတ်ထုတ်လိုက်သည်။

ရှေးခေတ်လူများ ချီလင်ဆေးပင်ကိုမြင်သည်နှင့် အဘယ်ကြောင့် ချီလင်(မြင်းနဂါး)အစစ်ကိုမြင်သည်ဟု ထင်မှားကြသည်ကို ချီလင်မသေမျိုးဆးဘုရင်က ရှင်းပြသည်။

ချီလင်မီးတောက်၏ အပူဓာတ်သည် အလွန်တရာမြင့်မားသည်။ ရေကို မျက်တောင်တစ်ခတ်အတွင်း ဆူပွက်စေသည်။

ရေပူလာပြီးနောက် ဆေးဘုရင်များ တစ်ယောက်ပြီးတစ်ယောက် ရေစည်ထဲခုန်ဆင်းကြသည်။ ရေပေါ်တွင် ပေါလောဖော်၍ မျက်လုံးမှိတ်ပြီး ဇိမ်ခံနေကြသည်။

ထူးဆန်းသည့်ထိုမြင်ကွင်းကို ရင်းနှီးနေသလို လုယန်ခံစားရသည်။ မီးဖိုချောင်ထဲမှ မြင်ကွင်းမျိုးဖြစ်သည်။

သူသတိရလာသည်။

ဆေးမြစ်ဟင်းဟုခေါ်သည့် ဟင်းလျာတစ်မျိုးနှင့်တူနေသည်။

သို့သော် ဆေးပင်များ ကိုယ့်သဘောနှင့်ကိုယ် အိုးထဲသို့ခုန်ဆင်းကြသည်ကိုတော့ သူမမြင်ဖူးပါ။

မကြာမီ လေထဲတွင် ရနံ့တစ်ခု သင်းပျံ့လာသည်။ လုယန်တစ်ကိုယ်လုံး လန်းဆန်းသွားသည်။ ကျင့်စဉ်စွမ်းအား တိုးပွားလာသလို ထင်ရသည်။

“-ဒါပေါ့လေ၊ ဆေးဘုရင်တွေဆိုတော့ သူတို့ရဲ့ဆေးအာနိသင်က ကြောက်စရာကောင်းလောက်အောင် ထက်မြက်တာပေါ့-”

ရေထဲတွင် ပျော်ရွှင်စွာတွန်းထိုးကစားနေကြသည့် ဆေးဘုရင်များကိုကြည့်၍ လုယန် ပြုံးမိသည်။

မသေမျိုးဘဝသည် အဆိပ်တစ်မျိုးဖြစ်ပြီး လူသားမဆန်သည့် စရိုက်ရှိသူတို့သာ ခံနိုင်ရည်ရှိသည့် ဝေဒနာမျိုးဖြစ်သည်ဟု ယွမ်ကျိက ပြောဖူးသည်။

ဤဆေးဘုရင်လေးများသည် နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်ခဲ့သည်။ သမိုင်းဖြစ်ရပ်မျိုးစုံ လက်တွေ့မြင်ခဲ့ကြသည်။ သမိုင်းမှတ်တမ်းဝင်ပုဂ္ဂိုလ်များ ကွယ်လွန်သွားကြသော်လည်း သူတို့က အသက်ရှင်နေဆဲဖြစ်သည်။

ကလေးတစ်ယောက်လို စရိုက်မျိုးရှိ၍သာ ထိုဆေးဘုရင်များ ထိုမျှအချိန်ကြာအောင် မငြီးမငွေ့ ရှင်သန်နိုင်ခြင်းဖြစ်ပေလိမ့်မည်။

သူတို့သည် ကလေးများလို အလွန်လှည့်စားရလွယ်ကူသည်။

*********************************************

All Chapters