← Chapters

ဆေးဘုရင်ဝိညာဉ်ရည်

Vol. 3 Ch. 37

ဆေးဘုရင်ဝိညာဉ်ရည်

Vol. 3 Ch. 37

တောက်ပသည့် ညကောင်းကင်‌အောက်တွင် သစ်ဘုရင်၏ ခံ့ညားသည့်ကိုယ်ထည်က လရောင်အလင်းကို ပိတ်ဆို့ထားသည်။ ဆေးဘုရင်များ ရေစည်ထဲတွင် ကူးခတ်ကစားနေသည်။ လုယန်လည်း ပါဝင်လာသဖြင့် အတော်အတွဲညီသွားသည်။

ဆေးဘုရင်များ ပျော်ရွှင်စွာ ရေကစားပြီး‌နောက် မြေပြင်ပေါ်တစ်ချို့ သစ်သားအိမ်ခေါင်မိုးပေါ်တစ်ချို့ လဲလျောင်းလျက် နှစ်ခြိုက်စွာ အိပ်ပျော်သွားကြသည်။

သစ်ဘုရင်က အအားမနေ။ ဆေးဘုရင်များအိပ်ပျော်ချိန်တွင် ရေစည်နှင့် သူတို့ချိုးထားသည့်ရေများကို သိမ်းဆည်နေသည်။ လုယန် နားမလည်နိုင်အောင်ဖြစ်သွားသည်။

“ခင်ဗျားဘာလုပ်နေတာလဲ”

သစ်ဘုရင်က ခပ်‌အေးအေးလေသံဖြင့်

“ဪ...ဒါက လောင်ပါးအတွက်လေ။ ဒီချိုးရေတွေက အတော်တန်ဖိုးရှိတယ်လို့ သူပြောတယ်။ တာအိုလမ်းစဉ်ဂိုဏ်းတပည့်တွေ အသုံးပြုချင်ကြတယ်တဲ့”

သစ်ဘုရင်က ခြုံနွယ်နှင့်တူသည် သူသစ်ကိုင်းများကို လှုပ်ပြလိုက်သည်။ ပုခုံးတွန့်ပြသည့်သဘောသည်။ ထူးဆန်းသည့် လူသားမျိုးနွယ်တို့လုပ်ရပ်များကို နားမလည်သဖြင့် စိတ်ပျက်သည့်အမူအရာမျိုးဖြစ်သည်။ ဥပမာ လူသားများသည် သူတို့ “ဆံပင်” သို့မဟုတ် ထိပ်ပိုင်းမှ သစ်ရွက်များကို လက်ဖက်ရည်ဖျော်ရာတွင် သုံးသည်။ “အရေပြား” သို့မဟုတ် အခေါက်များကို ဟင်းချက်ရာတွင်သုံးသည်။ ဟင်းခတ်အမွှေးအကြိုင် သစ်ဂျပိုးခေါက်ဟုခေါ်သည်။

“အင်း..ဒါနဲ့လေ... လောင်ပါးက ဒီချိုးရေကိုလည်း စိတ်ကူးယဉ်ဆန်ဆန် နာမည်တစ်ခု ပေးထားတယ်။ ဆေးဘုရင်ဝိညာဉ်ရည်တဲ့။ လူသားတွေက စာပေအသိ ပိုတိုးတက်ကြတယ်လေ။ သူတို့နာမည်ပေးတဲ့စွမ်းရည်က ငါတို့ထက်အများကြီး ပိုသာတယ်”

“ဆေးဘုရင်ဝိညာဉ်ရည်”

လုယန် ခပ်တိုးတိုးရေရွတ်လိုက်သည်။ အတော်ရင်းနှီးသည့် နာမည်ဖြစ်သည်။ သူမှတ်မိလာသည်။ ကျိုးဆောင်မှတ်များနှင့် ဝယ်ယူလဲလှယ်နိုင်သည့် ဂိုဏ်းတွင်းပစ္စည်းစာရင်းတွင် အလွန်နာမည်ကြီးသည်။ ယခုမှ ဝိညာဉ်ရည်ထုတ်လုပ်နည်းကို သူလက်တွေ့သိလိုက်ရသည်။

ဂိုဏ်းပစ္စည်းစာရင်းတွင် ဖော်ပြထားသည့် ထူးဆန်းသည့်ပစ္စည်းများ၏ မူလရင်းမြစ်အကြောင်း သူစတင်စဉ်းစားမိလာသည်။ ဖော်ပြထားသည့်အချက်အလက်များက ကောင်းသည့်ပုံရှိသည်။ သို့သော် ရရှိလာသည့်နည်းလမ်းက ကောင်းသည်ဟုတော့ မဆိုလိုပေ။

…

နောက်ရက်များတွင် လုယန် မနားမနေ မြေဆွသည်။ ဆေးဘုရင်လေးများက ဆေးအသိပညာများအကြောင်း အဆက်မပြတ် ပြောပြကြသည်။ သူ့တစ်နေ့တာဘဝက ပြည့်စုံနေသည်။

“ရှေ့မှာ ရတနာရှစ်ပါးကြာပွင့်တွေ စိုက်ထားတဲ့နေရာရှိတယ်။ အတော်လှပြီး နူးညံ့တယ်။ မင်းမြေအောင်းပြီး သွားကြည့်ချင်လား”

နောက်မှလိုက်လာသည့် ဂျင်ဆင်းက လုယန်ကိုအကြံပြုသည်။

“ကြာပန်းဆိုတာ ရေကန်ထဲမှာပေါက်တာ မဟုတ်ဘူးလား”

“ဟုတ်တယ်လေ”

ဂျင်ဆင်း ခေါင်းငြိမ့်သည်။

“ဒါဆို ကျုပ်မြေအောင်းပြီးသွားရင် ရေကန်ထဲရောက်သွားမှာပေါ့”

“အိုး..ဟုတ်သားပဲ။ မင်းပြောတာ မှန်တယ်”

ဂျင်ဆင်း သတိပြုမိသွားသည်။

“…”

ဂျင်ဆင်းဘုရင် လမ်းညွှန်ရာသို့ လုယန်လိုက်သွားသည်။ မြေထဲမှထွက်လာချိန်တွင် လှပသည့် ရတနာရှစ်ပါးကြာပွင့်ကို တွေ့လိုက်ရသည်။ မနက်ခင်းနှင်းများ ပွင့်ချပ်တို့တွင် တွဲလဲခို၍ ကန်ထဲသို့ တစက်စက်ကျနေသည်။ ရတနာရှစ်ပါးကြာပွင့်သည် အပူငြိမ်းစေခြင်း၊ စိုထိုင်းမှု ပျောက်ကွယ်စေခြင်း၊ အဆိပ်ပြေစေခြင်း၊ နှလုံးကိုအားကောင်းစေခြင်း အာနိသင်တို့ကြောင့် နာမည်ကျော်သည်။ ဆေးဖော်စပ်ရာတွင် သုံးကြသည်။

“ဒီကြာပန်းကို ဘာလို့ ရတနာရှစ်ပါးလို့ နာမည်ပေးထားလဲဆိုတာတော့ ကျုပ်မသိဘူး”

စာအုပ်ထဲတွင် ဖတ်ခဲ့သည့်အကြောင်းအရာများကို လုယန် ပြန်စဉ်းစားနေသည်။

ဆေးပညာရှင်များကြားတွင် ရှိနေသည့် ပုစ္ဆာတစ်ပုဒ်ဖြစ်သည်။ ကျမ်းစာအမျိုးမျိုးတွင် ထိုနာမည်တွင်ရခြင်းနှင့် ပတ်သက်၍ သုံးသပ်ချက်မျိုးစုံ ဖော်ပြထားသည်။ အာနိသင်ရှစ်မျိုးရှိသောကြောင့်ဟု တစ်ချို့က ဆိုသည်။ တစ်ချို့ကလည်း ထိုနာမည်သည် တာအိုဝါဒ ရှစ်မြှောင့်တြိဂံကို အစွဲပြုထားသည်ဟု ဆိုသည်။ လူသားခန္ဓာကိုယ်၏ သွေးကြောမရှစ်ခုကို အစွဲပြုထားခြင်းဖြစ်သည်ဟုလည်း ဆိုကြသည်။ ပုံမှန်စားသုံးလျှင် ထိုသွေးကြောများ ပွင့်လာနိုင်သည်။

သုံးသပ်ချက်အမျိုးမျိုးရှိသည်။

ပထမဆုံးသုံးသပ်ချက်သည်သာ အဖြစ်နိုင်ဆုံးဟု လုယန် ထင်မိသည်။

“ဪ..အဲဒီ့ကိစ္စလား။ ငါသိပါတယ်ကွာ”

ဂျင်ဆင်းဘုရင်က ပြောသည်။

“ခင်ဗျားသိတယ်ပေါ့”

ဂျင်ဆင်းဘုရင်က တင်ပါးပေါ် လက်ထောက်၍ ဝင့်ကြွားသည့်ဟန်ဖြင့်

“သိတာပေါ့။ ရတနာရှစ်ပါးကြာပွင့်ကို အိမ်ထောင်ရှင်ရှေးဟောင်းလ ရှာတွေ့ခဲ့တာ။ အဲဒီတုန်းက ငါတို့နှစ်ယောက် ဘယ်သူမှမသိသေးတဲ့ လျှို့ဝှက်နေမြေတစ်ခုကို အမှတ်မထင် တွေ့ခဲ့တယ်။ ငါတို့ကျင့်စဉ်အဆင့်က မြင့်နေလို့ ကံကောင်းထောက်မပြီး အန္တရာယ်ကင်းကင်း ဝင်နိုင်ခဲ့တာပါ။

“အဲဒီ့နယ်မြေမှာ ငါတို့ လွတ်လွတ်လပ်လပ် ကစားကြတယ်။ မောလာရင် အနားယူပြီး စားသောက်ကြတယ်။ စိတ်ပြေလက်ပျောက်သဘောပါပဲ။

“ငါတို့စားသောက်နေတုန်း ရှေးဟောင်းလက ငါတို့တစ်ခါမှမမြင်ဖူးသေးတဲ့ ပန်းရောင်ကြာပွင့်တွေကို အမှတ်မထင် တွေ့သွားတယ်။ အဲဒီ့ကြာပန်းတွေကို ဘာနာမည်ပေးချင်လဲလို့ ငါသူ့ကိုမေးတယ်။ သူက လက်ထဲမှာကိုင်ထားတဲ့ ရတနာရှစ်ပါးဆန်ပြုတ်ကိုကြည့်ပြီး “ရတနာရှစ်ပါးကြာပွင့်လို့ ခေါ်ကြတာပေါ့”တဲ့လေ။

နောက်တော့ ကြာပင်လေးငါးခုလောက် သူယူလာတယ်။ အပြင်ရောက်တော့ အများကြီးမျိုးပွားလာပြီး ဒီနေ့လို အခြေအနေဖြစ်လာတာပါပဲ”

“…”

ရှေးဟောင်းလအကြောင်း ဇာတ်လမ်းများကို လုယန် ပထမဆုံးအကြိမ် ကြားဖူးခြင်းမဟုတ်။ ကြားရတိုင်းလည်း မျှော်လင့်မထားသည့် အဆုံးသတ်မျိုး ကြုံရလေ့ရှိသည်။

တစ်ခြားဆေးဘုရင်များလည်း တောင်တန်းမြစ်ချောင်းများစွာ ခရီးဆန့်ခဲ့ကြပါသည်။ အတွေ့အကြုံများစွာရှိသည်။ သို့သ်ော ဂျင်ဆင်းဘုရင်၏ အတွေ့အကြုံများလောက် စိတ်ဝင်စားစရာမကောင်း။

‌ဆေးဘုရင်များနှင့် သိကျွမ်းရှင်းနှီးပြီးနောက် လုယန်ကို သူတို့တဖြေးဖြေးလက်ခံလာကြသည်။ မူလအရွယ်အစားသို့ ပြန်ပြောင်းချိန်မှာပင် မကန့်ကွက်ကြတော့။ မြင့်မားသည့် သူ့ကိုယ်ဟန်ကို သဘောကျလာကြသည်။

တစ်လဟူသည့်အချိန်က လျင်မြန်စွာ ကုန်လွန်သွားသည်။ ထိုအချိန်အတွင်း လောင်ပါးက စွမ်းအင်ကုန်နေသည့် ဝိညာဉ်ကျောက်များနှင့် ဆေးဘုရင်တို့၏ “ချိုးရေ”ကို ယူသွားသည်။ အဆင့်မြင့်ဝိညာဉ်ကျောက်များစွာ ပြန်ယူလာသည်။ မူလဝိညာဉ်ကျောက်များနေရာတွင် အစားထိုးမြှုပ်သည်။

.

တစ်ခါတစ်ရံလည်း ဆေးမြစ်များ နှုတ်ယူသွားပြီး ဆေးအိုးတောင်ထိပ်သို့ ပို့သည်။

…

“အစက အိမ်ထောင်ရှင်ရှေးဟောင်းလဟာ အဲဒီ့နာမည်နဲ့မဟုတ်ဘူး။ သူက ဟူမျိုးရိုးပါ။ သူ့ကိုယ်သူ သခင်ဟူလို့ ခေါ်တယ်။ သူ့လက်ရေးက အတော်လေးညံ့တယ်။ တစ်နေ့တော့ သူ့နာမည် “ဟူ”ဆိုတာကို ခပ်ကျဲကျဲ ရေးမိသွားတယ်။ ဒီတော့ လူတွေက “အိမ်ထောင်ရှင်ရှေးဟောင်းလ”လို့ မှားပြီး အသံထွက်မိတယ်။ သူက ဒါတွေကို သိပ်အရေးမစိုက်တဲ့လူဆိုတော့ ဒီနာမည်နဲ့ပဲ ဆက်သွားတယ်။ လုံးဝမပြောင်းတော့ဘူး”

(“ဟူ”သည် စုတ်ချက်နှစ်မျိုးကို စာတစ်လုံးတည်းအဖြစ် တွဲရေးသည်။ ထိုစုတ်ချက်နှစ်မျိုးကို တစ်ခုစီခွဲလျှင် အိမ်ထောင်ရှင်ရှေးဟောင်းလ ဟူသည့်အဓိပ္ပါယ်ဖြစ်သွားသည်။ တိုက်ရိုက်အဓိပ္ပါယ်ဖြစ်၍ စာလုံးအရေအတွက်များလာပြီး မြန်မာလို ဖတ်ရထောက်နေခြင်းဖြစ်သည်)

ထိုစဉ် လောင်ပါးက လုယန်ဆီ သိစိတ်အာရုံမှ လှမ်းပြောသည်။

“လုယန်၊ အပြင်ကို ခဏထွက်ခဲ့ဦး”

ဆေးစိုက်ခင်းဂိတ်တံခါးသို့ ရောက်ချိန်တွင် အလွန်ချစ်ခင်ကြင်နာကြသည့် စုံတွဲတစ်တွဲ တွေ့ရသည်။ ယောက်ကျားက ယုံကြည်ချက်အပြည့်ရှိသည်ဟန်မျိုးရှိသည်။ မိန်းမက နူးညံ့လှပ၍ ချစ်စရာကောင်းသည်။ သို့သော် ဝတ်ထားသည့် အဝတ်အစားများကို လုယန်မျက်စိထဲ ဘဝင်မကျလှ။

ရေမြှုပ်အင်္ကျီကဲ့သို့ အလွန်တရာ ပွယောင်းနေသည်။ သူတို့နှစ်ယောက် ပင်လယ်ထဲ ကျသွားလျှင်ပင် ရေပေါ်တွင် ပေါလောပေါ်နေလောက်သည်။

သူတို့မျိုးနွယ် ဝတ်ဆင်လေ့ရှိသည့် ရိုးရာဓလေ့ဖြစ်ပေလိမ့်မည်။

“ဒီနှစ်ယောက်က...”

“မင်းကို မိတ်ဆက်ပေးမယ်။ သူတို့က မင်းရဲ့စီနီယာ ငွေလက်စွပ်ကောင်းကင်ဘုရင်တီကောင်တွေပေါ့”

လောင်ပါးက ပြောသည်။

လုယန် နားလည်လိုက်သည်။ အိမ်ထောင်ရေးပြဿနာ ပြန်ပြေလည်သွားကြဟန်တူသည်။ သို့ဆိုလျှင် သူနောက်ထပ် မြေဆွစရာမလိုတော့။

ခံစားချက်ဆိုင်ရာပြဿနာကို တစ်လအတွင်း ဖြေရှင်းနိုင်သည်က အတော်မြန်သည်ဆိုရမည်။ အစက အပိုင်းလေးငါးဆယ်ရှိသည့် ဒရာမာဇာတ်လမ်းမျိုးဖြစ်မည်ဟု လုယန် ထင်ခဲ့သည်။ မိန်းမက မှတ်ဉာဏ်ပျောက်သွားမည်။ ယောက်ျားက မှတ်ဉာဏ်ပြန်ဖော်ပေးမည်။ ပြီးမှ ပျော်ရွှင်စွာပေါင်းဖက်ကြလေသတည်းဟူ၍ ဖြစ်လာမည်။

“သူက လုယန်ပါ။ မင်းတို့လင်မယား သူ့အကြောင်း ကြားဖူးမှာပေါ့။ သူက ဂိုဏ်းချုပ်ရဲ့ လေးယောက်မြောက်တပည့်လေ။ ယွမ်ကျိကိုယ်တိုင် လေ့ကျင့်ပေးခဲ့တာ”

“စီနီယာတို့ကို လုယန်ဂါရဝပြုပါတယ်”

လုယန် ဒူးထောက်အရိုအသေပေးရန် ပြင်လိုက်သည်။ တီကောင်လင်မယား ထိတ်လန့်သွားပြီး လုယန်ကို အမြန်ဆွဲထူသည်။ အရိုအသေပေးသည်ကို လက်မခံကြ။

“မင်းက ယွမ်ကျိရဲ့ ဂျူနီယာမောင်လေးလား။ ငါက လီရင်ပါ။ ငါ့ကို ရှောင်လီလို့ပဲခေါ်ပါ။ ဒါက ငါ့မိန်းမ ရှောင်လိတဲ့”

နတ်ဆိုးမ၏ ဂျူနီယာတပည့်ကို ဂျူနီယာဟု သူတို့သဘောမထားရဲ။

လုယန် နားမလည်တော့။ စီနီယာယွမ်ကျိသည် တစ်ခြားလူများအပေါ် မည်မျှဩဇာညောင်းသည်မသိ။

“ခင်ဗျားတို့နှစ်ယောက်ရဲ့ ပြဿနာတွေကို ဘယ်လိုများဖြေရှင်းလိုက်တာလဲ”

“ဒါက ဘာခက်လို့လဲကွာ”

မြေအောက်မှ စကားသံတစ်ခု ပေါ်လာသည်။

စုံတွဲတစ်တွဲ မြေအောက်မှ ပေါ်လာသည်။ တီကောင်လင်မယာနှင့် ရုပ်ချင်းချွတ်စွပ်တူသည်။

“ငါ့မိန်းမက သူ့ကိုယ်သူ နှစ်ကိုယ်ခွဲပြီး ညီအမနှစ်ယောက် ဖြစ်လာတော့ ငါလည်း နှစ်ကိုယ်ခွဲပြီး ညီအကိုနှစ်ယောက် ဖန်တီးလိုက်တာပေါ့”

ရှောင်လီက ဝင့်ကြွားသည့်လေသံဖြင့် ပြောသည်။

ဒုတိယစုံတွဲကလည်း အချင်းချင်း အလွန်ချစ်ခင်ကြင်နာကြဟန်ရှိသည်။

လောင်ပါး ခေါင်းတငြိမ့်ငြိမ့် ထောက်ခံနေသည်။ ထိုကိစ္စက သူ့စိတ်ကူးကြောင့် စဖြစ်ခဲ့သည်။

သူ့ကြောင့်ဖြစ်သည့် ပြဿနာကို ဖြေရှင်းဖို့ သူ့မှာတာဝန်ရှိနေသောကြောင့်ဖြစ်သည်။

*****************************************************************

All Chapters