← Chapters

လွမ်းမောဖွယ်နှုတ်ဆက်ခြင်း

Vol. 3 Ch. 38

လွမ်းမောဖွယ်နှုတ်ဆက်ခြင်း

Vol. 3 Ch. 38

စာရိတ္တကျင့်ဝတ်နှင့် အတွေးအခေါ်ကို ဆန့်ကျင်သည့်နည်းလမ်းမျိုးဖြစ်၍ စိတ်ထဲမှခံစားချက်ကို စကားလုံးဖြင့်ဖော်ပြဖို့ လုယန် အခက်တွေ့နေသည်။

“ပြဿနာရှင်းသွားရင် ကောင်းတာပါပဲလေ”

နောက်ဆုံးတွင် ထိုစကားသာ ထွက်လာသည်။

လောင်ပါးလည်း ထိုသို့ပင်တွေးပါသည်။ အထူးသဖြင့် ထိုကိစ္စက သူ့စနစ်မကင်းသောကြောင့်ဖြစ်သည်။

လောင်ပါး လုယန်ပုခုံးကို ပုတ်လိုက်သည်။

“ဆေးဘုရင်လေးတွေက အတော်ဉာဏ်နီဉာဏ်နက်များတယ်။ မင်းအခုရက်ပိုင်း အတော်ပင်ပန်းခဲ့တာပဲ။ မင်းရဲ့ ကျောက်စိမ်းတံဆိပ် ထုတ်လိုက်ပါ”

လုယန် ကျောက်စိမ်းတံဆိပ် ထုတ်သည်။ လောင်ပါးက တံဆိပ်ကို လက်ဖြင့်တို့လိုက်သည်။

“ဒီအလုပ်အတွက် ဆုကြေး ကျိုးဆောင်မှတ် ၃၀၀ အခု မင်းတံဆိပ်ထဲ ရောက်သွားပြီ”

ကြိုးစားအားထုတ်လျှင် ဆုလာဒ်ရသည်။ အမှတ် ၃၀၀ သည် လုယန်အတွက် အတော်များသည့် ပမာဏဖြစ်သည်။

များသည်ဆိုသော်လည်း ဆေးဘုရင်များ၏ ခြေဆေးရေကိုပင် ဝယ်နိုင်ဦးမည်မထင်။

ဂိုဏ်းပစ္စည်းအရောင်းအဝယ်စာရင်းတွင် ရှင်းလင်းစွာဖော်ပြထာသည်။ ဆေးဘုရင်ဝိညာဉ်ရည်သည် သာမန်အဆင့်နှင့် ထိပ်တန်းအဆင့် နှစ်မျိုးလာသည်။

လုယန်နားလည်သလောက် သာမန်အဆင့်ဆိုသည်မှာ ဆေးဘုရင်များ၏ ခြေဆေးရေဖြစ်သည်။ ထိပ်တန်းအဆင့်သည် သူတို့‌‌ ချိုးရေဖြစ်သည်။

“ဆေးဘုရင်လေးတွေကို သွားနှုတ်ဆက်လိုက်ဦး။ ဆေးစိုက်ခင်းထဲဝင်နိုင်ခွင့်ဆိုတာ ရှားပါးတယ်။ နောက်တစ်ကြိမ် မင်းလာခွင့်ဆိုတာ ရချင်မှ....”

လောင်ပါး စကားတစ်ပိုင်းတစ်စဖြင့် ရပ်သွားသည်။ လုယန်လာသည်မှာ ယွမ်ကျိ လွှတ်လိုက်သောကြောင့်ဖြစ်သည်။ သူဝင်ခွင့်ပေးရမည်။ လုံးဝမတားဆီးရဲ။

“အဟွတ်..ဘာပဲဖြစ်ဖြစ်ပေါ့လေ.. သွားနှုတ်ဆက်လိုက်ပါဦး”

လုယန် ခေါင်းငြိမ့်သည်။ လောင်ပါး ထပ်ပြောချင်သည့်စကားများရှိမှန်းတော့ သူရိပ်မိသည်။

လုယန်ထွက်သွားတော့မည်ဖြစ်၍ ဆေးဘုရင်လေးများ နည်းနည်းစိတ်မကောင်းဖြစ်နေကြသည်။

“ငါတို့က အတော်ကြာအောင် မိတ်ဆွေဖြစ်ခဲ့တာဆိုတော့ ငါ့ရဲ့သက်တမ်းရင့် ဂျင်ဆင်းနှုတ်ခမ်းမွှေးလေး ယူသွားကွာ။ ...အိုး...နေဦး၊ ဒါက တန်ဖိုးကြီးလွန်းတယ်ကွ။ ငါပေးလို့မဖြစ်ဘူး။

“ဂျင်ဆင်းအရေခွံကျတော့လည်း....အင်း...ငါအတော်နာမှာကွ။ ထားလိုက်ပါတော့လေ။ ငါ့မှာ အဖိုးတန်တာ ဘာမှမရှိပါဘူး။ စကားနဲ့ပဲ နှုတ်ဆက်ပါတယ်”

ဂျင်ဆင်းဘုရင် လုယန်ကို နှုတ်ဆက်သည်။

နှုတ်ဆက်လက်ဆောင်တော့ ဘာတစ်ခုမှမပေး။

“ငါတို့အားလုံး ကျင့်ကြံသူတွေပါပဲ။ တစ်လဆိုတာ သိပ်မကြာပါဘူး။ နှုတ်ဆက်စကား ပြောနေစရာလိုလို့လားကွာ”

သုံးရွက်ကြယ်မြက်၏ စကားသံကလည်း ဝမ်းနည်းရိပ်သန်းနေသည်။

“ငါ့ရဲ့နွယ်တွေအရွက်တွေက အားကောင်းလွန်းတယ်။ မင်းယူသွားရင် ခန္ဓာကိုယ်မှာ ထူးဆန်းတဲ့အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်။ မင်းကိုမပေးလိုက်တာက ပိုဘေးကင်းပါတယ်လေ”

အတူနေစဉ်အတွင်း ချီလင်မသေမျိုးဆေးပင်၏ ပုံစံအစစ်သည် မြစိမ်းရောင်ပင်တစ်မျိုးဖြစ်မှန်း လုယန် သိခဲ့ရသည်။

ချီလင်ဆေးဘုရင်ပြောသည့်စကား မှန်ပါသည်။ အတူရှိနေခဲ့သည့် လပိုင်းအတွင်း ဆေးဘုရင်များသည် လုယန်ဒုက္ခဖြစ်မည်စိုး၍ သူတို့အသက်ဓာတ်များ ထိန်းချုပ်ထားခဲ့ကြသည်။

လုယန်ကို သူတို့ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခု ပေးမည်ဆိုလျှင်ပင် မှော်တံဆိပ်တစ်ဒါဇင်လောက်ဖြင့် ချိတ်ပိတ်ထားဖို့လိုသည်။ လုယန် အသုံးပြုရဲမည်မဟုတ်။

“မင်းက ငါတို့ကို ဘာလက်‌ဆောင်မှမပေးဘဲ ထွက်သွားတော့မလို့လား”

ကမ္ဘာပျက်ပန်းက ပြုံးရယ်လျက် လုယန်ထံမှ လက်ဆောင်တောင်းသည်။

အားလုံး ဝမ်းနည်းစွာနှုတ်ဆက်နေကြသဖြင့် လုယန်လည်း မျက်ရည်ဝဲလာသည်။

“ဟုတ်ကဲ့ပါဗျာ...ခဏနေရင် ကျုပ်ရဲ့စီနီယာအမကို ခင်ဗျားတို့ဆီလာလည်ဖို့ ကျုပ်သေချာတောင်းဆိုပေးပါ့မယ်ဗျာ”

ဆေးဘုရင်များ လုယန်ကို စိုက်ခင်းတံခါးဝသို့ ချက်ချင်းလိုက်ပို့ကြသည်။

နှုတ်ဆက်ပွဲက အတော်လေးအလျင်စလိုနိုင်လွန်းသည်။

.........................

ဆေးဘုရင်ဝိညာဉ်ရည်နှင့်စာလျှင် လုယန်လို အခြေတည်အဆင့်တစ်ယောက်အနေဖြင့် ကျိုးဆောင်မှတ် ၃၀၀ က တကယ်မနည်းလှပါ။

ပစ္စည်းကောင်းတစ်ချို့ဝယ်ရန် စိတ်အားထက်သန်စွာဖြင့် မစ်ရှင်ခန်းမသို့ သူသွားသည်။

စီနီယာယွမ်ကျိ‌၏ ထောက်ပံ့မှုကိုချည်း သူအားကိုးနေ၍မရ။ သူ့ဘာသာကြိုးစား၍ ငွေရှာဖို့လိုသည်။

“အဲ..ငါက အခုပဲ ကောင်းကင်ဂိတ်တောင်ထိပ်မှာ မင်းကိုလာရှာတော့မလို့ပဲ”

ဆေးစိုက်ခင်းမှပြန်လာသည့် လုယန်ကို တွေ့လိုက်ရသဖြင့် မုန်ကျင်းကျိုး အံ့အားသင့်သွားသည်။ လုယန်သည် ယွမ်ကျိ၏ ဂျူနီယာဖြစ်၍ ဆေးစိုက်ခင်းသို့ သွားခွင့်ရသည်မှ မထူ’ဆန်းလှဟု သူထင်သည်။

မုန်ကျင်းကျိုးဘေးတွင် စာပေပညာရှင်ဝတ်စုံနှင့် လူတစ်ယောက် ပါလာသည်။ တည်ကြည်ခံ့ညား၍ စွမ်းအားကြီးပုံရသည်။

ထိုစာပေဝတ်ရုံရှင်က ဦးညွှတ်နှုတ်ဆက်သည်။

“အကိုလု၊ အတော်ကြာသွားပြီနော်။ အခုမှပဲ ကျုပ်တို့ချင်း တိုက်ရိုက်ဆုံဖူးတော့တယ်”

“အရိုးရိုင်း၊ မင်းက စတုတ္ထုအကြီးအကဲဆီ တပည့်ခံခဲ့တာ အံ့ဩစရာပဲ”

လုယန် ပြုံး၍ ပြန်နှုတ်ဆက်သည်။ ထို့နောက် မုန်ကျင်းကျိုးကို လှည့်မေးသည်။

“ငါ့ကိုတွေ့ချင်တာ ကိစ္စတစ်ခုခုရှိလို့လား”

“ကိစ္စမရှိရင် မင်းကိုလာတွေ့လို့မရတော့ဘူးလားကွ”

မုန်ကျင်းကျိုးက ဒေါသထွက်ချင်ဟန်‌ဆောင်၍ ပြောသည်။

“ကဲ...လာပါ၊ လက်ဖက်ရည်သောက်ရင်း စကားပြောရအောင်”

မုန်ကျင်းကျိုးက လက်ဖက်ရည်ဆောင်တစ်ခုသို့ ဦးဆောင်ခေါ်သွားသည်။

မုန်မိသားစုဓလေ့က ကိစ္စတစ်ခုခုရှိလျှင် စားရင်းသောက်ရင်း ဆွေးနွေးသည်။ ဆွေးနွေးသည့်ကိစ္စကို စိတ်ကျေနပ်လျှင် မုန်မိသားစုက ငွေရှင်းသည်။ မကျေနပ်လျှင် စားသောက်စရိတ် တစ်ဝက်စီရှင်းရသည်။

“ဘာသောက်ကြမလဲဗျ။ ကျုပ်တို့ လက်ဖက်ရည်ဆောင်မှာ လက်ဖက်ရည်အမျိုးမျိုးရှိပါတယ်”

လက်ဖက်ရည် အဖျော်ဆရာက မေးသည်။

ထိုအဖျော်ဆရာ၏ ကျင့်စဉ်စွမ်းအားအဆင့်ကို လုယန် ခန့်မှန်းမရ။ ထို့ကြောင့် အရိုးရိုင်းကို တိုးတိုးကပ်မေးလိုက်သည်။

“ဒီအဖျော်ဆရာရဲ့ ကျင့်စဉ်အဆင့်ကို မင်းခန့်မှန်းနိုင်လား”

အရိုးရိုင်းက တီးတိုးပြန်ပြောသည်။

“ငါသိသလောက်တော့ ငါတို့လို လူသစ်တွေက ဒီဂိုဏ်းမှာ အားအနည်းဆုံးပဲ။ ‌တောင်တန်းပေါ်ကကြက်တွေတောင် ငါတို့ထက် ကျင့်စဉ်စွမ်းအားပိုမြင့်တယ်”

မုန်ကျင်းကျိုး နာမည်ကျော်လက်ဖက်ရည်တစ်မျိုး မှာလိုက်သည်။

“ရင်သားနို့လက်ဖက်ရည်ပေးပါ”

အဖျော်ဆရာက မုန်ကျင်းကျိုး တမင်တကာ ပြဿနာရှာနေသည်ဟု ထင်သွားသည်။

“အိုး...မဟုတ်ဘူး မဟုတ်ဘူး။ ကျုပ်စကားမှားသွားတာ။ နို့လက်ဖက်ရည်အိုးလို့ ပြောတာပါ။ မြောက်ပိုင်းမှာ နာမည်ကြီးတဲ့ လက်ဖက်ရည်လေ”

မုန်ကျင်းကျိုး စကားအမြန်ပြင်ပြောသည်။ သူ့မျက်နှာတွင် စော်ကားလို့သည့် အရိပ်မျိုးမရှိ။

အဖျော်ဆရာသဘောပေါက်သွားသည်။ မုန်ကျင်းကျိုးမှာသည်က လတ်လတ်ဆတ်ဆတ်ဖျော်ထားသည့် ဆားနို့လက်ဖက်ရည်ဖြစ်သည်။

မကြာမီ အဖျော်ဆရာက မီးသွေးဖိုသံအိုးကင်းတစ်ခုနှင့် ဆန်လှော်၊ ထောဘတ်၊ အမဲခြောက်၊ မလိုင်ဖတ်တို့ ယူလာသည်။ ထို့နောက် နို့လက်ဖက်ရည်တစ်အိုး ယူလာသည်။

လုယန်နှင့် အရိုးရိုင်းတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြသည်။ ဘယ်လိုလုပ်ရမှန်းမသိကြ။ မုန်ကျင်းကျိုးကိုသာ ကြည့်နေသည်။

မုန်ကျင်းကျိုးက ပထမဦးစွာ ပါဝင်ပစ္စည်းများကို သံအိုးကင်းထဲတွင် ဖြေးဖြေးချင်းလှော်သည်။ ဆံလှော်များ အဝါရောင်သန်းလာပြီး တဖျောက်ဖျောက် အသံမြည်လာသည်။ ထို့နောက် နို့လက်ဖက်ရည်ကို သံအိုးကင်းထဲထည့်သည်။ တရှဲရှဲအသံမြည်လာသည်နှင့် လက်ဖက်ရည်နံ့က သင်းပျံ့လာလေသည်။

လုယန် တစ်ငုံသောက်ကြည့်ပြီး လျှာကိုသပ်လိုက်သည်။ ဆားငန်သော်လည်း အရသာက ထူးခြားသည်။

အရိုးရိုင်းကတော့ တစ်ငုံသောက်ကြည့်ပြီးနောက် တစ်ခွက်လုံး မျိုချလိုက်သည်။

“အခုလောလောဆယ် မင်းမှာ မစ်ရှင်ရှိလား”

မုန်ကျင်းကျိုးကမေးသည်။

လုယန် ခေါင်းခါသည်။ ယခုမှ စိုက်ခင်းတာဝန်ပြီးစဖြစ်၍ မစ်ရှင်အသစ်မရွေးရသေး။

“ငါတို့နဲ့သင့်တော်တဲ့မစ်ရှင် များများစားစားမရှိဘူး။ မစ်ရှင်ခန်းမထဲကတာဝန်တွေကို ငါတို့မလုပ်နိုင်ဘူး။ ဒီတော့ အရင်မျိုးဆက်တပည့်တွေ ဘယ်လိုလုပ်ကြသလဲလို့ စီနီယာအကိုတွေ အမတွေကို ငါမေးကြည့်တယ်။ အတွင်းသတင်းတစ်ခု သိခဲ့ရတယ်”

“ဘာသတင်းလဲ”

“မစ်ရှင်ခန်းမထဲက အလုပ်တွေတင်မဟုတ်ဘဲ ကိုယ့်ဘာသာမစ်ရှင်ရှာပြီး ‌အောင်မြင်အောင်လုပ်နိုင်ရင်လည်း ကျိုးဆောင်မှတ်တွေ ရတယ်တဲ့။ အောင်မြင်ခဲ့တာတွေကို ဂိုဏ်းမှာ အစီရင်ခံရတယ်။ ရလာဒ်တွေက အစစ်အမှန်လို့ အတည်ပြုပြီးရင် ထိုက်သင့်တဲ့ဆုကြေးရတယ်။...မစ်ရှင်ခန်းမထဲက အလုပ်တွေ ဘယ်လိုပေါ်လာတာလဲသိလား”

“ဘယ်လိုပေါ်လာတာလဲ”

“အခြေအနေ သုံးမျိုးရှိတယ်။ ပထမတစ်မျိုးက မသေမျိုးငါးဂိုဏ်းနဲ့ ရှားနိုင်ငံကြားက တော်ဝင်လမ်းအပြန်အလှန်ကူညီရေး သဘောတူညီချက်ပဲ။ ရှားနိုင်ငံက ကျင့်ကြံသူတွေလိုအပ်ပြီး လူအင်အားနည်းတဲ့အခါ ငါတို့ကို အကူအညီတောင်းတယ်။ ဒါပေမယ့် ဒါက ရှားတယ်။

“ငါတို့အားလုံး လူသားမျိုးနွယ် တော်ဝင်လမ်းစဉ်သမားဆိုပေမယ့် နှစ်တစ်သောင်းသက်တမ်းရှိတဲ့ နိုင်ငံတစ်ခုအနေနဲ့ ရှားနန်းတော်က ဂိုဏ်းတစ်ဂိုဏ်းကနေ အကူအညီတောင်းဖို့ကို ရှက်ကြတယ်တယ်လေ။

“ဒုတိယတစ်မျိုးက ဂိုဏ်းငါးဂိုဏ်းဆီ တစ်ယောက်ယောက်က တရားမျှတမှုရှာပေးဖို့ အကူအညီတောင်းတာ။ ရှားနိုင်ငံကလည်း ဝင်မစွက်ချင်တဲ့ကိစ္စမျိုးပေါ့။ မင်းရဲ့ ကြက်တူရွေးဖမ်းတဲ့ မစ်ရှင်မျိုး။

“တတိယအမျိုးအစားက အပြင်ကိုခရီးထွက်ရင်း ငါတို့ဂိုဏ်းက ပြဿနာတစ်ခုခုနဲ့ ပတ်သက်ပြီး သဲလွန်စ တွေ့လာတာမျိုးပါ။ အဲဒီ့ကိစ္စတွေက မစ်ရှင်ခန်းမရဲ့ မစ်ရှင်တွေဖြစ်လာတယ်။ သက်ဆိုင်ရာဆုကြေးတွေကို ဂိုဏ်းက သတ်မှတ်ပေးတယ်။ အဲဒီ့တတိယအမျိုးအစားက ငါတို့အတွက် မျှော်လင့်ချက်ပဲ”

**************************************************

All Chapters