← Chapters

တော်ဝင်ဂိုဏ်း

Vol. 3 Ch. 39

တော်ဝင်ဂိုဏ်း

Vol. 3 Ch. 39

“အားလုံးကိုတော့ မစ်ရှင်လို့ သတ်မှတ်လို့မရဘူးပေါ့။ အခုငါပြောခဲ့တဲ့ မစ်ရှင်သုံးမျိုးမှာ ဘုံသတ်မှတ်ချက်တစ်ခု ရှိတယ်။ တော်ဝင်လမ်းစဉ်ကို ထိန်းသိမ်းကာကွယ်ဖို့ပဲ။

“အခုလည်း တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ အရိုးရိုင်းက အတော်သိမ်မွေ့တဲ့ မစ်ရှင်တစ်ခု တွေ့ထားတယ်။ တစ်ယောက်တည်း ကိုင်တွယ်ဖြေရှင်းဖို့ ခက်ခဲလို့ ငါတို့နှစ်ယောက်ကို ခေါ်ချင်နေတာ”

အရိုးရိုင်း ခေါင်းငြိမ့်ပြသည်။ သူသည် စကားသိပ်မပြော။ တည်ငြိမ်သည့် လူရည်သန့်တစ်‌ယောက်၏ ဟန်ပန်မျိုးရှိနေသည်။

“ဘယ်အချိန် စထွက်မှာလဲ”

လုယန် မေးလိုက်သည်။

“မနက်ဖြန်မနက်စောစောလောက်ထွက်ရင် ဘယ်လိုလဲ”

မုန်ကျင်းကျိုး အကြံပြုသည်။

လုယန်လိုချင်သည်နှင့် ကွက်တိဖြစ်သည်။ သူခရီးမထွက်မီ မစ်ရှင်ခန်းမတွင် ပစ္စည်းတစ်ချို့ ဝယ်ချင်သေးသည်။ ရထားသည့် ကျိုးဆောင်မှတ်များကိုသုံးရန် လက်ယားနေသည်။

…

“ရေခဲဘူးသီးခြောက်။ အထဲကို ရေထည့်ရင် ချက်ချင်းအေးသွားတယ်။ လတ်လတ်ဆတ်ဆတ် သောက်လို့ရတယ်။ ရေအေးကြိုက်တဲ့လူတွေအတွက် အဆင်ပြေတယ်။ ကျိုးဆောင်မှတ် သုံးမှတ်”

“ဘက်စုံသုံးဓားသော့တွဲ။ နားကလော်တံ၊ လက်သည်းညှပ်၊ မင်တံ၊ သံလိုက်အိမ်မြှောင်နဲ့ တစ်ခြားပစ္စည်းတွေပါတယ်။ အပြင်လောကထဲ သွားလာလှုပ်ရှားတဲ့အခါ မရှိမဖြစ်လိုတယ်။ ကျိုးဆောင်မှတ် ဆယ်မှတ်”

“ဝါဇရနဂါးသွေးဓား။ အရင်က နတ်ဆိုးကျင့်ကြံသူတစ်ယောက်ရဲ့ ရတနာလက်နက်။ သွေးဆာတဲ့စရိုက်ဗီဇကို မြှင့်တင်ဖို့ နဂါးသွေးကို သုံးခဲ့တယ်။ နောက်ပိုင်းမှာ ဗုဒ္ဓဝါဇရကျင့်စဉ်စွမ်းအားနဲ့ ဓားရဲ့ ကြမ်းတမ်းတဲ့ဖီဇတွေကို နှိပ်ကွပ်ခဲ့တယ်။ အရိုးအသားတွေကို အလွယ်တကူ ထိုးခွဲခုတ်ပိုင်းနိုင်တယ်။ အခု နတ်ဆိုးစွမ်းအင်ရောင်ကို အပြည့်အဝ ဖျက်ဆီးထားပြီး ကြမ်းတမ်းတဲ့ဗီဇကိုလည်း နှိပ်ကွပ်ထားတယ်။ ထက်မြက်မှု နည်းနည်းတော့ လျော့သွားတယ်။ ကျိုးဆောင်မှတ် သုံးရာ။

“မိုရှားနှလုံးကျင့်စဉ်အစိတ်အပိုင်း။ ကိုယ့်ကိုယ်ကို ယာဇ်ပူဇော်ခဲ့တဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်ရဲ့ နှလုံးကျင့်စဉ်။ သူကိုယ်တိုင်တီထွင်ခဲ့တဲ့ ကျင့်စဉ်လို့ ယူဆကြတယ်။ ကျင့်စဉ်အပြည့်အစုံကိုတော့ ရှာမတွေ့ဘူး။ ဒီကျင့်စဉ်တစ်စိတ်တစ်ပိုင်းက လှုပ်ရှားနေတဲ့စိတ်ကို ထိန်းချုပ်ပြီး ချက်ချင်းသမာဓိထူထောင်နိုင်အောင် ကူညီပေးတယ်။ ကျိုးဆောင်မှတ် ထောင့်ငါးရာ။

လုယန် ပစ္စည်းအတော်များများ စစ်ဆေးကြည့်သည်။ သူ့အကြိုက် တစ်ခုမှမတွေ့။ ထို့ကြောင့် တာဝန်ကျစီနီယာအကိုကို အကြံတောင်းသည်။

“အကို၊ မနက်ဖြန်ကျုပ် မစ်ရှင်သွားရတော့မှာ။ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တဲ့ ပစ္စည်းတစ်ချို့ လိုချင်တယ်။ အကို အကြံပေးပါဦး”

စီနီယာအကိုက ထောင်ထောင်မောင်းမောင်းဖြစ်ပြီး မျက်နှာတွင် ကန့်လန့်ဖြတ်အမာရွတ်များ ရှိသည်။ ကလေးများမြင်လျှင် ကြောက်လန့်သွားနိုင်သည်။ တော်ဝင်သူရဲကောင်းများ တိုက်ခိုက်ချင်သည့် လူဆိုးပုံစံဖြစ်သည်။

ထိုလူ လုယန်ကို တစ်ချက်ကြည့်သည်။ လုယန်သည် ဂိုဏ်းဝင်သစ်ဂျူနီယာတစ်ယောက်ဖြစ်ကြောင်း ရိပ်မိသွားသည်။

စီနီယာအကိုဟု အခေါ်ခံရသဖြင် သူ့မျက်နှာ နည်းနည်းပျော့ပျောင်းသွားသည်။

နှစ်အတော်များများ ကြာပြီးနောက် ယခု သူသည် အဆင့်နိမ့်ဆုံး ဂိုဏ်းတပည့်ဘဝမှ ကျော်လွန်နိုင်ခဲ့ပြီဖြစ်သည်။

“ကျိုးဆောင်မှတ်နဲ့ ဝိညာဉ်ကျောက် ဘယ်လောက်သုံးဖို့ မင်းရည်ရွယ်ထားလဲ”

“ကျိုးဆောင်မှတ်သုံးရာပါ။ ဝိညာဉ်ကျောက်မပါဘူး”

“ငါ့နာမည် လီတန်ပါ။ အကိုလီလို့ပဲ ခေါ်ပါ။ မင်းက အခြေတည်အစောပိုင်းအဆင့်ဆိုတော့ မင်းသုံးနိုင်တဲ့ ပစ္စည်းတွေက သိပ်အဆင့်မမြင့်ဘူး။ ကျိုးဆောင်မှတ် များများကုန်မှာမဟုတ်ပါဘူး”

လီတန်သည် ရုပ်ကြမ်းသော်လည်း အတော်သဘောကောင်းသူဖြစ်သည်။ ပစ္စည်းစာရင်းကို စစ်ဆေးကြည့်ပြီး အကာအကွယ်ပစ္စည်း အတော်များများ မိတ်ဆက်ပေးသည်။

“စစ်ပွဲတစ်ရာနှလုံးကာကြေးမုံ၊ ရင်ဘတ်မှာဝတ်ထားရင် အခြေတည်ထိပ်ဆုံးအဆင့် ကျင့်ကြံသူရဲ့ အင်အားအပြည့်တိုက်ခိုက်မှုကို တစ်ချက်ခုခံနိုင်တယ်။ ကျိုးဆောင်မှတ် နှစ်ရာတည်းပါ”

လုယန် ဝယ်သင့်မဝယ်သင့် စဉ်းစားနေစဉ် မဝံ့မရဲစကားသံတစ်ခု ကြားလိုက်ရသည်။

“ဂျူနီယာလု၊ တကယ်တော့လေ။ ဒီက နှလုံးကာကြေးမုံကို ဝယ်စရာမလိုပါဘူး။ စားသောက်ဆိုင်ဈေးတန်းက နှမ်းပျစ်မုန့်လည်း အခြေတည်ထိပ်ဆုံးအဆင့် တိုက်ခိုက်မှုတစ်ချက်ကို ခုခံနိုင်ပါတယ်။ ဒီထက်လည်း ပိုပြီးဈေးချိုတယ်”

စကားသံက ပြောနေရင်းမှာပင် ပို၍တိုးညှင်းသွားသည်။ ခြင်အော်သံလို ဖြစ်လာသည်။ လုယန်သာ အခြေတည်အဆင့် အကြားအာရုံမရှိလျှင် ထိုစကားသံကို ကြားနိုင်မည်မဟုတ်။

“အမကျိုးလုလု”

ထိုမိန်းကလေးကို ဤနေရာတွင် တွေ့လိုက်ရသဖြင့် လုယန် အံ့အားသင့်သွားသည်။

ဂိုဏ်းဝင်စ ပထမလတွင် ကျမ်းစာဆောင်တွင် သူအချိန်ကုန်ခဲ့သည်။ ကျိုးလုလုကို အစားအသောက်ရှိမည့်နေရာ မေးမြန်းအကူအညီတောင်းခဲ့ရသည်။ ယွမ်ကျိသူ့ကို ကောင်းကင်ဂိတ်တောင်ထိပ်သို့ ခေါ်သွားပြီးနောက် တစ်နှစ်ကြာသည်အထိ ကျိုးလုလုနှင့် ထပ်မတွေ့ရတော့။

“စီနီယာအမ”

လီတန်သည် လုယန်ထက် အဆင့်တစ်ဆင့်သာမြင့်သည်။ ထို့ကြောင့် ကျိုးလုလုကို စီနီယာဟု ခေါ်သည်။

“ဟုတ်တယ်၊ ကျွန်မပါ”

ကျိုးလုလု အရှက်အကြောက်ကြီးသည့်ပုံစံက ထင်ရှားလွန်းသည်။ သူ့မစ်ရှင်တစ်ခု ပြီးဆုံး၍ ဆုကြေးလာထုတ်ရင်း လုယန်နှင့် ဆုံရခြင်းဖြစ်သည်။

“ရှင်တို့ပဲ ဆက်ပြောကြပါ။ ကျွန်မက အကြံပေးရုံပါပဲ။ ဘာရယ်မဟုတ်ပါဘူး”

ကျိုးလုလု စကားဖော့သွားသည်။ လုယန် ပစ္စည်းလဲလှယ်ပြီးသည်ထိစောင့်မည်ဟု တွေးသည်။

ယောက်ျားနှစ်ယောက် ကျိုးလုလုကို လျစ်လျူရှုလိုက်ကြသည်။

“ဒါက တောင်ဖျက်တူပါ။ တစ်ချက်ရိုက်ရုံနဲ့ စွမ်းအင်လှိုင်းတုန်ခါမှု ဖြစ်စေတယ်။ မှော်စက်ဝန်း၊ မှော်အဆောင်ကျင့်ကြံသူတွေကို စိတ်တည်ငြိမ်မှုပျက်အောင် နှောက်ယှက်နိုင်တယ်။ အဲလိုကျင့်ကြံသူတွေနဲ့ရင်ဆိုင်တဲ့အခါ နည်းနည်းအကျိုးရှိတယ်။ ဒါပေမယ့် အဲလိုလူတွေက ကျင့်ကြံမှုသက်တမ်းရင့်နေရင် စိတ်ဓာတ်ခိုင်မာကြတယ်။ အနှောက်အယှက်ကြားမှာ စိတ်တည်ငြိမ်အောင် လိုသလိုထိန်းညှိနိုင်စွမ်းရှိတယ်။ အဲလိုဆိုရင်တော့ ဒီတူရဲ့သက်ရောက်မှုက နည်းနည်းလျော့သွားမယ်။ ကျိုးဆောင်မှတ် နှစ်ရာ့ခုနစ်ဆယ်ပါ”

လုယန် ခေါင်းငြိမ့်သည်။ ထိုပစ္စည်း အသုံးဝင်လောက်သည်။ မှော်စက်ဝန်း၊မှော်အဆောင်ကျင့်ကြံသူများနှင့်လည်း တွေ့ကြုံနိုင်ခြေရှိသည်။

ထိုမှော်စွမ်းအားများကို နှစ်ဆယ်ချီကျင့်ကြံထားသူများမှလွဲလျှင် ထိုတောင်ဖျက်တူစွမ်းအားက အကျိုးသက်ရောက်မှုရှိသည်။

ကျိုးလုလု ခပ်တိုးတိုးပြောပြန်သည်။

“စားသောက်ဆိုင်တန်းက ဂျုံမုန့်ချောင်းတွေလည်း အဲလိုအစွမ်းမျိုးရှိပါတယ်”

လုယန်တို့နှစ်ယောက် မကြားချင်ယောင် ဆောင်နေသည်။

“အကိုလီ၊ အလစ်တိုက်ခိုက်ဖို့ သင့်တော်တဲ့ ပစ္စည်းမျိုး မရှိဘူးလား”

လီတန်မျက်နှာ တည်သွားသည်။

“ဂျူနီယာလု၊ ငါတို့ဂိုဏ်းဟာ လမ်းမှန်ဂိုဏ်းဆိုတာ မင်းသိတယ်မဟုတ်လား”

“အဲဒီတော့...”

“အဲလိုမေးခွန်းမျိုးဆိုရင် တိုးတိုးကပ်မေးသင့်တယ်”

လုယန် အထားပေါက်သွားပြီး ခေါင်းငြိမ့်လိုက်သည်။

လီတန် ပစ္စည်းစာရင်းပေါ် လက်ထောက်၍ အမြန်စစ်ဆေးသည်။ ကွက်တိကျသည့် ရွေးချယ်စရာပစ္စည်းတစ်ခုကို မိတ်ဆက်ပေးသည်။

“ဒါက ကျောက်စိမ်းခွဲအပ်ပဲ။ နွားအမွှေးလောက်ပဲရှိတယ်။ ဝိညာဉ်စွမ်းအင်သွင်းလိုက်တာနဲ့ အရမ်းထက်မြက်လာတယ်။ အကာအကွယ်တွေကို ထိုးဖောက်နိုင်တယ်။ ဒါပေမယ့် ကျွမ်းကျင်အောင်သုံးနိုင်ဖို့ခက်တယ်။ ဈေးကြီးတယ်”

“ဒါက ချီမန်စူးချွန်၊ အင်အားကြီးရန်သူနဲ့ ရင်ဆိုင်ရတဲ့အခါ လက်တစ်ဆုပ်စာလောက်ယူပြီး သူတို့ရဲ့ ဒွာရခုနစ်မျိုးဆီ လျှပ်တပြက် ပစ်လွှတ်တိုက်ခိုက်လို့ရတယ်။ အသုံးပြုရတာလွယ်တယ်။ ဈေးနှုန်းလည်းသင့်တယ်”

လုယန် ခေါင်းငြိမ့်သည်။ ထိုပစ္စည်းသည် တကယ်ဈေးသင့်သည်။ ဝယ်သုံးသင့်သည်။

“စားသောက်ဆိုင်တန်းက ဆန်စေ့က ဒီထက်ပိုပြီး အသုံးဝင်ပါတယ်”

ကျိုးလုလု ခပ်တိုးတိုး လှမ်းပြောပြန်သည်။

လီတန်သည်းမခံနိုင်တော့ဘဲ ဖျတ်ခနဲလှည့်ကြည့်သည်။

ကျိုးလုလု ထိတ်လန့်သွားပြီး ချက်ချင်း ခေါင်းငုံ့လိုက်သည်။ လီတန်၏ အမာရွတ်မျက်နှာကို မကြည့်ရဲတော့။ သူအနှောက်အယှက်ပေးလိုခြင်းမဟုတ်ပါ။ စားသောက်ဆိုင်တန်းမှ ပစ္စည်းများက တကယ်အသုံးဝင်သည်။ လုယန်ကို အကြံပေးချင်သော်လည်း သူရှက်နေသောကြောင့်သာဖြစ်သည်။

ကျိုးလုလု၏စိတ်ကို ရိပ်စားမိသဖြင့် လီတန် လေသံလျှော့၍ပြောသည်။

“စီနီယာကျိုး၊ ခင်ဗျားက သန့်စင်မှုတစ်ရာတောင်ထိပ်ကဆိုတာ ကျုပ်သိပါတယ်။ ဒါပေမယ့် တောင်ထိပ်ရဲ့ စီးပွားရေးအကျိုးအမြတ်အတွက်နဲ့တော့ ဂျူနီယာအသစ်တစ်ယောက်ကို ဒုက္ခမပေးသင့်ဘူး။

“ပြီးတော့ စဉ်းစားကြည့်ပါ ညီလေးလု၊ စားသောက်ဆိုင်တန်းက အစားအစာတွေက ဈေးချိုတာရယ်၊ မာကျောတာရယ်၊ ဘက်စုံသုံးလို့ရတာရယ်၊ လက်နက်အဖြစ်ရော အစားအသောက်အဖြစ်ပါ သုံးလို့ရတာရယ်ကလွဲရင် တစ်ခြားဘာအသုံးဝင်လို့လဲ”

“...”

ထိုအရာများသည် အသုံးဝင်သည့်အရာများပင် မဟုတ်ပါလော။

လီတန် ပြန်စဉ်းစားသည်။ တိုက်ပွဲအတွက် ဒီဇိုင်းထွင်ထားခြင်းမဟုတ်သည်မှလွဲ၍ စားသောက်ဆိုင်တန်းမှ အစားအစာများသည် တကယ်ဘာမှချို့ယွင်းချက်မရှိ။

“ကဲ့...စီနီယာကျိုး၊ ဒါဆိုလည်း ဒီကညီလေးလုကို စားသောက်ဆိုင်တန်းဆီ ခေါ်သွားပေးလိုက်ပါလား”

ကျိုးလုလု မျက်လုံးများ အရောင်လက်လာပြီး လုယန်ကို စားသောက်ဆိုင်များဆီ ဆွဲခေါ်သွားသည်။

ကျိုးလုလုသည် အတော်အားသန်မှန်း လုယန် ယခုမှ သတိထားမိသည်။ ကျိုးလုလုလက်ထဲမှ သူလုံးဝရုန်းထွက်မရ။ ကျိုးလုလု ကျင့်စဉ်အဆင့်မည်မျှရှိမည်ကို သူခန့်မှန်းကြည့်နေသည်။

“အမကျိုးက သန့်စင်မှုတစ်ရာ တောင်ထိပ်ကလား”

ပဥ္စမအကြီးအကဲ လက်အောက်မှ သန့်စင်မှုတစ်ရာတောင်ထိပ်သည် လက်နက်သွန်းသည့်လုပ်ငန်းရော စားသောက်ဆိုင်ဖွင့်သည့်လုပ်ငန်းပါ နှစ်ခုလုပ်သည်။

“ဟုတ်တယ်၊ ကျွန်မက သန့်စင်မှုတစ်ရာတောင်ထိပ်က တပည့်ပါ”

“ဒါပေမယ့် ကျုပ်ခင်ဗျားကို ကျမ်းစာဆောင်မှာ စာဖတ်နေတာပဲ မြင်ဖူးတယ်။ လက်နက်သွန်းနေတာ မမြင်ဖူးဘူး”

လုယန် နားမလည်နိုင်အောင် ဖြစ်နေသည်။ သန့်စင်မှုတစ်ရာတောင်ထိပ်မှ တပည့်များသည် လက်နက်သွန်းသည့်အလုပ်ကိုသာ လေ့လာနေသင့်သည်။

******************************************************

All Chapters