စားသောက်ဆိုင်တန်း
Vol. 3 Ch. 40
ကျိုးလုလုက စိတ်ပျက်နေသည့်အမူအရာဖြင့် ရှင်းပြသည်။
“ကျွန်မက စာဖတ်ရတာ သဘောကျတယ်။ စတုတ္ထုအကြီးအကဲလက်အောက်မှာ ကွန်ဖြူးရှပ်စာပေကျင့်စဉ်လမ်းကို လိုက်ချင်တာ။ ဒါပေမယ့် ကျွန်မအဖေက သန့်စင်မှုတစ်ရာတောင်ထိပ်ကိုပဲ ရွေးချယ်ခိုင်းတယ်။ စတုတ္ထအကြီးအကဲက စာဖတ်ရင်းနဲ့ ရူးနေပြီတဲ့။ သူ့နောက်ကိုလိုက်ဖို့ မထိုက်တန်ဘူးလို့ပြောတယ်”
“အမရဲ့အဖေဆိုတာက...”
“ပဥ္စမအကြီးအကဲ ကျိုးရှင်းပါ”
လုယန် ပေါက်သွားသည်။ သန့်စင်မှုတစ်ရာတောင်ထိပ်ပိုင်ရှင်သည် ကျိုးမိသားစုဖြစ်သည်။ သူ့အဖေက ထိုတောင်ထိပ်ကိုသာ ရွေးချယ်စေချင်ပေလိမ့်မည်။
သန့်စင်မှုတစ်ရာတောင်တန်း၏ အဓိကတောင်ထိပ်သည် ကြက်သွေးရောင်သန်းနေသည့် တောင်ထိပ်တစ်ခုဖြစ်သည်။ တိမ်ကြားထဲသို့ ပေါက်ကွဲထိုးထွက်နေသည့် မီးတောင်တစ်လုံးနှင့်တူလှသည်။
အချိန်ကြာမြင့်စွာ လက်နက်သွန်းလုပ်ခဲ့ခြင်းကြောင့်လား သန့်စင်မှုတစ်ရာတောင်ထိပ်၏ ပင်ကိုယ်သဘာဝကြောင့်လားမသိ။ ဤနေရာသည် တစ်ခြားနေရာများထက် အပူချိန် နည်းနည်းမြင့်သည်။
ယခုလို နွေဦးအစောပိုင်းမှာပင် နွေခေါင်းခေါင်လို ခံစားရသည်။
လုယန် အရေပြားများ အပ်နှင့်ထိုးခံရသလို ဖြစ်လာသည်။ သူ့ကိုယ်ထဲသို့ တစ်စုံတစ်ခု တိုးဝင်ရန် ကြိုးစားနေသလိုထင်ရသည်။ အလိုလို ကျင့်စဉ်စွမ်းအားကို လည်ပတ်လိုက်မိသည်။ ပါးလွှာသည့် အကာအကွယ်အလင်းတစ်ခု သူ့ဘေးပတ်လည်တွင် ပေါ်လာသည်။
ကျိုးလုလုက ရှင်းပြသည်။
“ဂျူနီယာလု၊ ရှင်အခုခံစားနေရတာက သတ္တုဓာတ်နှင့်မြေဓာတ်ချီတွေပါ။ ဒီတောင်ထိပ်မှာ သန့်စင်ထားတဲ့ရတနာတွေများတော့ လေထုက ဒီလိုချီစွမ်းအင်မျိုးတွေ ပြည့်နေတယ်။ ကျင့်ကြံသူတွေအတွက် အန္တရာယ်မရှိပါဘူး။ ရှင်နေသားကျသွားမှာပါ။ ....ဒါပေမယ့် ဂျူနီယာလုရဲ့ တုံ့ပြန်ပုံက အတော်မြန်တာပဲ။ အဲလောက် တုံ့ပြန်အားကောင်းတဲ့လူရှားတယ်”
လုယန်ပြုံးလိုက်သည်။
“ကျုပ်ရဲ့ကျင့်စဉ်နည်းက အတော်အကျိုးရှိပါတယ်”
သတ္တုရိုက်ခတ်သံများ လုယန်ကြားရသည်။ စီနီယာတစ်ယောက် နီရဲနေသည့် သံပူတစ်ခုကို တူဖြင့်ထုရိုက်နေပြီး မီးပွားများလွင့်စင်ထွက်၍ သံမဏိသွန်းလုပ်နေသည့်ပုံစံကို သူ့စိတ်ကူးထဲ မြင်ယောင်လာသည်။
အသံကြားရာသို့ လိုက်သွားရင်း စားသောက်ဆိုင်တန်း အပြင်ဘက်သို့ ရောက်လာသည်။
“အင်း..”
သူနည်းနည်းလက်ခံနိုင်ပါသည်။
ထိုအဖြစ်မျိုးကြုံရသည်ကို သူအသားကျနေပြီဖြစ်သည်။
စားသောက်ဆိုင်တန်း ဂိတ်တံခါးက ဝင်ထွက်သွားလာနေသည့်လူများ အစားအသောက်မျိုးစုံကိုင်၍ ရယ်မောပြောဆိုနေသူများဖြင့် စည်ကားနေသည်။ ဓားလှံကိုင်၍ တိုက်ခိုက်ရန် အသင့်ဖြစ်နေသည့် သူရဲကောင်းများနှင့် တူသယောင်ရှိသည်။
အတန်းချိန်ပြီး၍ အစားအသောက်လာစားသည့် ကျောင်းသားများနှင့်တူသလို စစ်ချီတော့မည့် စစ်သားများနှင်လည်းတူသည်။
“လီဟော်ရန် ဒီမှာရှိလား”
မီးဝိညာဉ်မြစ် လီဟော်ရန်သည် ပဥ္စမအကြီအကဲတပည့်ဖြစ်သည်။ ယခုချိန် သူနှင့်ကျင့်စဉ်အဆင့်တူလောက် ရှိပေတော့မည်။ လီဟော်ရန်၏ကျင့်စဉ်စွမ်းအား တိုးတက်မှုကို သူသိချင်သည်။
ကျိုးလုလု ခေါင်းခါသည်။
“ဂျူနီယာလီက တံခါးပိတ်ကျင့်ရာကနေ မထွက်ရသေးဘူး။ စားသောက်ဆိုင်တန်းမှာ ဈေးရောင်းဖို့ အရည်အချင်းမမီသေးဘူး။ အဖေကပြောတယ်။ လီဟော်ရန်က အလားအလာသိပ်ကောင်းတယ်တဲ့။ သူပိုပြီးတိုးတက်မှုရအောင် ချော်ရည်ထဲမှာ အချိန်ကြာကြာထပ်စိမ်ဖို့လိုတယ်လို့ပြောတယ်။
“အစက ဂျူနီယာလီ ချော်ရည်ပူထဲမှ အော်ဟစ်နေတဲ့အသံတွေ ကြားတယ်။ နောက်တော့ အသံတိတ်သွားတယ်။ သူအသားကျသွားပြီထင်ပါတယ်။
“အသားမကျဘဲ အသားကျက်သွားတာမျိုးရော ဖြစ်နိုင်ခြေရှိလား”
“ဘယ်လို”
သူစိမ်ခဲ့ရသည့် ရေနွေးပူကို ဆိုးလှပြီဟု လုယန် ထင်ခဲ့သည်။ ယခု ကြည့်ရသည်မှာ စီနီယာယွမ်ကျိက သူ့အပေါ် အတော်ညှာတာခဲ့ပုံရသည်။
လီဟော်ရန်နှင့် တွေ့ခွင့်မရသဖြင့် သူနည်းနည်းစိတ်ပျက်မိသည်။ တွေ့ဖြစ်လျှင် ရေစိမ်ရသည့် အတွေ့အကြုံချင်း ဆွေးနွေးဖလှယ်နိုင်လိမ့်မည်။
ဆူညံနေသည့် ဈေးဆိုင်တန်းသို့ရောက်သည်နှင့် အရှက်အကြောက်ကြီးသည့် ကျိုးလုလု၏ စိတ်အားထက်သန်သည့်အမူအရာများ တစ်စမကျန် ပျောက်ကွယ်သွားသည်။ ခြေလှမ်းသွက်သွက်ဖြင့် နောက်ဆုတ်သွားပြီး စကားကို သေနတ်ပစ်သလို ဆက်တိုက်ပြောသွားသည်။
“ဂျူနီယာလု၊ စားသောက်ဆိုင်က ပစ္စည်းတွေက အရည်အသွေးမြင့်ပြီး တန်ဖိုးရှိတယ်။ ကိုယ့်ဘာသာပဲ ဝယ်ပါတော့”
ထိုသို့ပြောပြီးနောက် ကျိုးလုလု မြင်ကွင်းမှ ပျောက်သွားသည်။ ဘယ်လိုထွက်သွားမှန်းပင် မသိလိုက်။
လုယန် သက်ပြင်းချသည်။ ကိုယ့်ကိုယ်ကိုသာ အားကိုးရတော့မည်။
“လတ်လတ်ဆတ်ဆတ်ပေါင်းထားတဲ့ ငါးရိုးတွေနော်။ သစ်ပင်ခုတ်ဖို့ လူတွေခုတ်ဖို့ လုံးဝကွက်တိပဲ။ လူတွေအများကြီး စမ်းသုံးကြည့်ပြီးသားပါခင်ဗျ...”
“ဟောဒီမှာ လတ်လတ်ဆတ်ဆတ်လုပ်ဖုတ်ထားတဲ့ မုန့်ပေါင်းတွေနော်။ မာတာကတော့ ခြေနဲ့ကန်ကန် လက်သီးနဲ့ထိုးထိုး လုံးဝမကျိုးမပဲ့စေရဘူး”
“လာကြည့်ပါ လာကြည့်ပါ။ စတီးချောင်းထက်မာတဲ့ ခေါက်ဆွဲနော်။ လူတွေကို ချည်ဖို့တုပ်ဖို့ သိပ်ကောင်းဗျာ။ အခုချက်ချင်း ဝယ်လိုက်ပါ။ ချည်နည်းတုပ်နည်း လက်တွေ့သင်ပေးမယ်”
အပြင်လောက ဈေးတန်းလိုပင်ဖြစ်သည်။ ဆိုင်ရှင်များ သူတို့အစားအသောက်ကို အော်ဟစ်ရောင်းချနေသည်။ ကွာခြားသည်က သာမန်ဈေးထက် ပို၍ဆူညံနေခြင်းဖြစ်သည်။ ဈေးသည်များသည် ကျင့်ကြံသူများဖြစ်၍ အသံပါဝါ အားကောင်းလှသည်။
ငါးရိုးပေါင်းတစ်ခုကိုင်ထားသည် စီနီယာတစ်ယောက်ကို လုယန်မြင်ရသည်။ ငါးရိုးများက ဓားသွားလို ထက်မြက်သည်။ ထိုငါးရိုးဖြင့်ရိုက်လျှင် ငါးမန်းကိုက်သည့်ဒဏ်ရာမျိုး ဖြစ်ကျန်ခဲ့ပေလိမ့်မည်။
လုယန်ကြည့်နေသဖြင့် ထိုစီနီယာ စိတ်အားထက်သန်စွာ ကမ်းလှမ်းသည်။
“ညီလေး၊ ငါးရိုးတစ်ချောင်းလောက် ဝယ်ပါလား။ဒါတွေက ပိုပါအိုင်ထဲက နတ်ဆိုးငါးတွေရဲ့ အရိုးပါ။ အသက်ရှင်တုန်းကတော့ အခြေတည်ထိပ်ဆုံးအဆင့်ပေါ့။ သူတို့အရိုးတွေက အရမ်းမာတယ်။ ဒီအရိုးတွေကို အချိန်အကြာကြီး သန့်စင်ထားရတာ။ တိုက်ပွဲမှာလည်း လက်နက်အဖြစ်သုံးလို့ရတယ်။ ဗိုက်ဆာရင်လည်း စားလို့ရတယ်”
ထိုသို့ပြောပြီးနောက် ငါးရိုးကို သူကိုက်လိုက်သည်။ အထူးသန့်စင်ထားသည့် သူ့သွားများကို ထုတ်ပြသည်။
အသုံးဝင်သည့်ငါးရိုးကိုကြည့်၍ လုယန် ဈေးမေးကြည့်သည်။
သူမတတ်နိုင်သည့် ဈေးမျိုးဖြစ်နေသည်။
လုယန် အားနာပြုံးပြုံးနေသည်ကို မြင်ရသဖြင့်၍ ထိုစီနီယာက ဆက်မတိုက်တွန်းတော့ဘဲ တစ်ခြားလူများကို ဆက်ရောင်းသည်။
ဂျုံမုန့်ချောင်းကြော်တစ်ခု ဆီပူအိုးထဲမှထုတ်ပြီး ဆီကျန်များစစ်နေသည့် နောက်ထပ်စီနီယာတစ်ယောက် တွေ့ရပြန်သည်။
“ညီလေး၊ တစ်ခုယူမလား။ အခြေတည်အဆင့်တွေအတွက်ရှိတယ်။ ရွှေသန္ဓေအဆင့်အတွက်လည်းရှိတယ်။ အခြေတည်အဆင့်ဂျုံမုန့်ချောင်းတွေက ကျိုးဆောင်မှတ် တစ်ရာ့ငါးဆယ်တည်းပါ”
မစ်ရှင်ခန်းမရှိ ပစ္စည်းစာရင်းထဲမှ တောင်ဖျက်တူထက် အမှန်ပင် ဈေးချိုသည်။ တောင်ဖျက်တူက ကျိုးဆောင်မှတ် နှစ်ရာ့ခုနစ်ဆယ်ဖြစ်သည်။ ဂျုံမုန့်ချောင်းများက တစ်ဝက်နီးပါး ဈေးချိုသည်။
“အကို့ရဲ့ မုန့်ချောင်းတွေက မာရုံတင်မဟုတ်ဘူးနော်။ အထဲမှာ အားသုံးဆ ဝှက်ထားတယ်။ မင်းရိုက်လိုက်တာနဲ့ အားသုံးမျိုး ပြိုင်တူထွက်လာမှာ။ အံ့မခန်းစွမ်းအားမျိုးနဲ့ ရန်သူကို အငိုက်ဖမ်းတိုက်ခိုက်လို့ရတယ်။
“မင်းဗိုက်ဆာလို့ စားချင်ရင်လည်း အဆင်ပြေတယ်။ ဒီကောင်တွေက သက်တမ်းရင့်တွေကွ”
ထိုသို့ပြောပြီးနောက် ထိုစီနီယာက ဂျုံမုန့်ချောင်းကို ကိုက်ပြသည်။ အားသုံးခု သူ့ပါးစပ်ထဲ ပေါက်ကွဲသွားသည်။ ပါးနှစ်ဘက် နည်းနည်းဖောင်းကားလာရုံမှလွဲ၍ ဘာမှမဖြစ်။
“အကို၊ ကျုပ်က လူသစ်ပါ။ တစ်ချို့ဟာတွေကို နားမလည်ဘူး။ ဘာလို့ ဒီမုန်ချောင်းတွေကို လက်နက်အနေနဲ့ရော စားစရာအနေနဲ့ပါ သုံးတာလဲ။ ကျုပ်တို့ ဒါတွေကို တကယ်စားလို့ရလား”
ထိုစီနီယာ လုယန်၏ကျင့်စဉ်အဆင့်ကို သတိထားမိသွားသည်။ အခြေတည်အဆင့်လူသစ်များအတွက် ထိုမေးခွန်းမျိုးမေးသည်မှာ မဆန်းလှ။
“ဒါက လူတစ်ယောက်ရဲ ရုပ်ခန္ဓာကို လေ့ကျင့်စမ်းသပ်တဲ့နည်းတစ်မျိုးပါ။
“ရုပ်ခန္ဓာကျင့်ကြံတဲ့အခါ အတွင်းပိုင်း ကလီစာနဲ့ အရိုးတွေကျင့်ကြံတာ၊ အပြင်ပိုင်း အရေပြားနဲ့ ဒွာရပေါက်တွေ လေ့ကျင့်တာဆိုပြီး နှစ်မျိုးရှိတယ်။ ဒါမှ ခန္ဓာကျင့်ကြံသူအစစ်လို့ သတ်မှတ်လို့ရမယ်။ ပြီးတော့ သွားတွေကလည်း အရေးကြီးတဲ့အစိတ်အပိုင်းပဲ”
“တစ်ချို့ ခန္ဓာကျင့်ကြံသူတွေက ကြွက်သား၊ အရိုးနဲ့၊ အရေပြားတွေကိုပဲ အစွန်းရောက်တဲ့အထိ လေ့ကျင့်တယ်။ သူတို့တစ်ချက် တိုက်ခိုက်ရုံနဲ့ တောင်တွေကို ဖြိုချနိုင်တယ်။ တကယ်ထူးချွန်ပါတယ်။ ဒါပေမယ့် ဒီလိုလူတွေကို ရှုံးနိမ့်ရတာမကျေနပ်ကြတော့ သူတို့နဲ့ရင်ဆိုင်ဖို့ တစ်ခြားလူတွေက နည်းလမ်းတစ်မျိုးသုံးကြတယ်”
“ဘယ်လိုနည်းလမ်းလဲ”
“ကိုယ်ချုံ့ပညာလို မှော်အစွမ်းနဲ့ ခန္ဓာကျင့်ကြံသူတွေရဲ့ အတွင်းထဲကိုဝင်ပြီး တိုက်ခိုက်တာပါ။ ကိုယ်တွင်းအင်္ဂါတွေကို လေ့ကျင့်မထားတော့ သူတို့ကို အလွယ်တကူ အနိုင်ယူနိုင်တာပေါ့။
“အဲလိုလူတွေကို ရုပ်ခန္ဓာကျင့်ကြံသူအစစ်လို့ မသတ်မှတ်နိုင်ဘူး။ စံမမီတဲ့ ခန္ဓာကျင့်ကြံသူလို့ပဲ ခေါ်သင့်တယ်”
စီနီယာအကိုက သူ့သွားများကိုကြိတ်ပြသည်။ သံချင်းကြိတ်သည့်အသံမျိုး ပေါ်လာသည်။
သူတို့သည် လက်နက်သွန်းသူများဖြစ်၍ ခန္ဓာကျင့်ကြံသူတစ်ဝက်ဟု ဆိုနိုင်သည်။ သူတို့ခန္ဓာကိုယ်က ခန္ဓာကျင့်ကြံသူအစစ်များလောက် စွမ်းအားမကြီးသော်လည်း အတွင်းပိုင်းအပြင်ပိုင်း နှစ်ခုလုံး လေ့ကျင့်ထားသည်။
“သာမန်ကျင့်ကြံသူတွေက မှော်ရတနာတွေကို လက်နက်အဖြစ်သုံးတယ်။ ဒါပေမယ့် ခန္ဓာကျင့်ကြံသူတွေအတွက် သူတို့ခန္ဓာကိုယ်ဟာ အကောင်းဆုံးလက်နက်ပဲ။ ဒီတော့ ဒီလိုမုန့်ချောင်းစားတာမျိုးက သိပ်မခက်လှပါဘူး”
လုယန် နားလည်သွားသည်။ စားသောင်ဆိုင်တန်းမှ အစားအသောက်များက အလွန်တရာ အသုံးတည့်သည်။ နှစ်မျိုးသုံးနိုင်သည်။ ခန္ဓာကျင့်ကြံသူများအတွက် စားစရာအဖြစ်သုံးနိုင်သည်။ ခန္ဓာကျင့်ကြံသူမဟုတ်လျှင် လက်နက်အဖြစ်သုံးနိုင်သည်။
“- မုန်ကျင်းကျိုးဟာ တတိယအကြီးအကဲရဲ့တပည့် ရုပ်ကျင့်ကြံသူအစစ်ပဲ။ သူဆိုရင်တော့ ဒါကိုဝါးစားနိုင်လောက်တယ်-“
ထိုသို့တွေးပြီး ဂျုံမုန့်ချောင်းတစ်ခုဝယ်၍ သုံးလေးကြိမ် ဝှေ့ယမ်းကြည့်သည်။ အတော်လေးလံ၍ စီးစီးပိုင်ပိုင်ရှိသည်။
*************************************************