ထွက်ခွာခြင်း
Vol. 3 Ch. 41
လုယန် ဘန်းမုန့်ရောင်းသည့်ဆိုင်သို့ နောက်တစ်ကြိမ် ရောက်ပြန်သည်။
ဆိုင်ရှင်က စီနီယာအမတစ်ယောက်ဖြစ်သည်။ ဂျုံမှုန့်အချဉ်ဖောက်ခြင်း၊ ကြိတ်ခြင်း၊ ပုံသွင်းခြင်းပညာရပ်ကို ကျွမ်းကျင်သည်။ ထိုသို့ကျွမ်းကျင်အောင် နာရီပေါင်းများစွာ လေ့ကျင့်ထားသူဖြစ်သည်။
ဂျုံသားလုံးလေးများကို ဆွဲယူ၍ လက်ဝါး၊လက်ကောက်ဝတ်၊ လက်မောင်း တစ်ကိုယ်လုံးမှ စွမ်းအားများကိုသုံးပြီး ကြေညက်အောင်နယ်သည်။
သူ့လှုပ်ရှားမှုများတွင် စနစ်တစ်မျိုးပါနေသည်။ ဂျုံ့မုန့်နယ်ရုံသာမဟုတ်။ ခန္ဓာကိုယ်အနေအထားကို သိုင်းကွက်ပုံစံဖြင့် လေ့ကျင့်နည်းတစ်မျိုးလည်းဖြစ်သည်။
ဘန်းမုန့်အကြမ်းထည်များကို ပုံသွင်းစားပွဲပေါ်ချ၍ တူကြီးတစ်လက်ဖြင့် ခပ်ပြင်းပြင်းထုရိုက်သည်။ မီးပွားများ လွင့်စင်ထွက်လာပြီး မြေပြင်ပေါ်ကျချိန်တွင် မီးလောင်ကျွမ်း၍ တွင်းငယ်လေးများ ဖြစ်ပေါ်လာသည်။
မုန့်များကို ရေစည်ထဲထည့်၍ အအေးခံသည်။ ရေအေးများ ချက်ချင်းဆူပွက်လာသည်။ ထို့နောက် မကြာမီ အသားဘန်းမုန့်တစ်ခု အသင့်ဖြစ်လာသည်။ သန့်စင်မှုတစ်ရာ(ပိုင်လျန်)တောင်ထိပ်၏ အစားအသောက်ဖန်တီးသည့်ပညာနှင့် လက်နက်သွန်းသည့်ပညာကို ချောမွေ့စွာပေါင်းစပ်နိုင်ပုံက တကယ်လက်ဖျားခါလောက်သည်။။
“ကျုပ်ကို အသားဘန်းမုန့်တစ်ခုပေးပါ”
စားသောက်ဆိုင်တန်းမှ ပစ္စည်းများက တကယ်ဈေးချိုသည်။ သဘောကျသည့် ပစ္စည်းအတော်များများ လုယန်တွေ့သည်။ ကျိုးဆောင်မှတ်သာ များများရှိလျှင် အားလုံးကို ဝယ်ပစ်ချင်သည်။
..............
နောက်တစ်နေ့မနက် ကြိုတင်စီစဉ်ထားသည့်အတိုင်း မုန်ကျင်းကျိုးတို့နှစ်ယောက်နှင့် ဂိုဏ်း၏ဂိတ်တံခါးတွင် လုယန်တွေ့သည်။
“မင်းကိုစောင့်နေတာကွ”
မုန်ကျင်းကျိုး သူ့ကို လက်ယမ်းပြသည်။ ပထမဆုံး တာအိုလမ်းစဉ်ဂိုဏ်းသို့လာစဉ်က စီးခဲ့သည့် မြင်းရထားဘေးတွင်ရပ်နေသည်။ မြင်းကလည်း ထိုစဉ်ကဆွဲသည့် မြင်းအိုဖြစ်သည်။
ကွာခြားသည်က ရထားစီးမည့် တတိယလူသည် ယွမ်ကျိမှ အရိုးရိုင်းသို့ ပြောင်းလဲသွားခြင်းဖြစ်သည်။
လေ့လာမှုဇွဲကောင်းသည့် အရိုးရိုင်းက စောင့်ဆိုင်းနေချိန်မှာပင် စာဖတ်နေသည်။ ကြီးမားသည့် ကွန်ဖြူးရှပ်ဝတ်စုံက သူ့ကြွက်သားများကို ဖုံးအုပ်ထားသည်။ အရပ်မြင့်မြင့်စာပေသမားတစ်ယောက်ဟန်ပန်မျိုး ရှိသည်။
“လှေပျံစီးကြမှာ မဟုတ်လား”
လုယန် လှေပျံစီးဖို့ ပြင်ဆင်ထားသည်။ လေဟာနယ်မှော်ပညာက သူနည်းနည်းတတ်ကျွမ်းနေပြီဖြစ်သော်လည်း ပျံသန်းသည်လောက် မမြန်သေး။
လောလောဆယ် ထိုပညာကို သူဆက်မလေ့လာတော့ဘဲ ခရီးတိုများကို ကောင်းကောင်းထိန်းချုပ်သွားလာနိုင်ဖို့သာ လေ့ကျင့်နေသည်။
မုန်ကျင်းကျိုးက ရထားလုံးကိုပုတ်၍ ဝင့်ကြွားသည့်လေသံဖြင့်
“ဒီရထားက ရတနာတစ်မျိုးပါ။ လေဟာနယ်မှော်စက်ဝန်းတစ်ခုပါတယ်။ အထဲမှာထိုင်တဲ့လူတွေအတွက် နှေးတယ်လို့ ထင်ရပေမယ့် အပြင်ကကြည့်ရင် လှေပျံတွေလောက်ကို မြန်ပါတယ်”
ပြန်တွေးကြည့်လျှင်လည်း နန်းမြို့တော်မှ တာအိုလမ်းစဉ်ဂိုဏ်းသို့လာသည့် မုန်ကျင်းကျိုး၏ ခရီးစဉ်တွင် ဤမြင်းအို ခြေတစ်လှမ်းချင်းလျှောက်ခဲ့ခြင်းမဖြစ်နိုင်။ ထိုသို့လျှောက်လျှင် ဂိုဏ်းသို့ရောက်ရန် တစ်နှစ်ခန့်ကြာပေလိမ့်မည်။
လမ်းတွင် မှော်စက်ဝန်းကိုသုံး၍ အရှိန်မြှင့်ခဲ့ပြီး ဂိုဏ်းနားသို့ ရောက်လာမှ လေးစားသည့်အနေဖြင့် အရှိန်လျှော့ခဲ့ခြင်းဖြစ်မည်။
အရှိန်လျှော့လိုက်သည့်အချိန်တွင် လုယန်မြင်ခဲ့ခြင်းဖြစ်မည်။
သုံးယောက်သား မြင်းရထားပေါ်တက်ကြသည်။ အတွင်းပိုင်းက အရင်လိုပင် ကျယ်ကျယ်ပြန့်ပြန့်ရှိသည်။ ယနေ့မှ ထိုရထားလုံး၏ တန်ဖိုးအစစ်ကို လုယန်နားလည်သည်။
“ဒါနဲ့၊ ငါတို့ဘယ်ကိုသွားမှာလဲ။ မစ်ရှင်ကဘာလဲ”
“အဲ...ဟုတ်တယ်။ ငါမင်းကိုမပြောရသေးဘူးပဲ။ ချင်ဟွိုက်ကောင်တီကိုသွားမှာကွ။ အသေးစိတ်ကိုတော့ မစ်ရှင်တွေ့ခဲ့တဲ့ အရိုးရိုင်းက ရှင်းပြလိမ့်မယ်”
အရိုးရိုင်း စာအုပ်ထဲမှ ဖတ်လက်စ စာမျက်နှာကိုခေါက်ချိုးမှတ်ပြီး စာအုပ်ကိုပိတ်သည်။
“မစ်ရှင်တစ်ခုထွက်ရင်းနဲ့ ဒီကိစ္စကို ကြားခဲ့တာပါ။ သာမန်လူတွေထက် အသိပညာနှံ့စပ်တဲ့ ကုန်သည်ခေါင်းဆောင်တစ်ယောက်က ကုန်သည်အသိုင်းအဝိုင်းမှာ ပျံ့နှံ့နေတဲ့ သတင်းတစ်ပုဒ်ပြောပြတယ်။ တကယ်ယုံကြည်ရလောက်ပါတယ်။
“ချင်ဟွိုက်ကောင်တီနဲ့ ယန်ကျန်းကောင်တီကြားမှာ ကျယ်ပြန့်တဲ့တောင်တန်းတွေရှိတယ်။ ကုန်သည်တွေ ဖြတ်သွားချင်ရင် ဒေသခံမုဆိုးတွေကို လမ်းပြခေါ်ရတယ်။
“တောအုပ်တွေထဲမှာ ကြောက်စရာကောင်းတဲ့ ဝိညာဉ်တစ်ခု ပေါ်လာတယ်။ မုဆိုးတွေတောင့် သူတို့အသက်မွေးဝမ်းကြောင်းအလုပ်ကို စွန့်လွှတ်လိုက်ရတယ်တဲ့”
................
ညအချိန်ဖြစ်သည်။ အရွယ်လွန်သစ်ကိုင်းများက လရောင်ကို ပိတ်ဆို့ထားသည်။ မိုးခြုန်းသံများ အော်မြည်၍ မိုးက သည်းသည်းမည်းမည်း ရွာသွန်းနေသည်။ မြေသားလမ်းက ဗွက်ထ၍ချော်နေသည်။ အရှေ့အနောက်တောင်မြောက် ခန့်မှန်းဖို့မလွယ်ကူလှ။
ခြေချော်ကျပြီး လူကွဲမသွားစေရန် လူခုနစ်ယောက်ရှစ်ယောက် ခါးတွင် ကြိုးတစ်ချောင်းဖြင့် တွဲချည်ထားကြသည်။
မိုးသံကြောင့် တစ်ယောက်ယောက်ပြုတ်ကျသွားလျှင် ကြားနိုင်ဖို့ ခက်ခဲသည်။
မိုးကာဝတ်ရုံများဝတ်၍ ခြင်းများသယ်လာကြသဖြင့် ခြေလှမ်းကိုဂရုစိုက်ရသည်။ ချောက်ထဲသို့ အချိန်မရွေး လိမ့်ကျသွားနိုင်သည်။
အေးစိမ့်သည့်မိုးကြောင့် အားလုံးကြွက်စုတ်လို ဖြစ်နေသည်။ တောင်တက်လမ်းဆီ မော့ကြည့်ကြသည်။ သည်းထန်သည့်မိုးကြောင့် မြင်ကွင်း ဝေဝါးနေသည်။ ထို့ကြောင့် ဝါရင့်မုဆိုး၏ ဦးဆောင်မှုနောက်သို့သာ လိုက်ကြရသည်။
“သတိထားပါ။ တောင်ပေါ်လမ်းတွေက မိုးရွာရင်ချော်တယ်။ မင်းတို့ မောနေရင်တောင် နားလို့မဖြစ်ဘူး။ အားတင်းထားပါ။ နားလိုက်တာနဲ့ ထပ်လျှောက်နိုင်ဖို့ ပိုခက်သွားလိမ့်မယ်”
“မ...မရတော့ဘူး...ကယ်ကြပါဦး။ ငါပြုတ်ကျပြီ”
လူတစ်ယောက် ခြေချော်သွားသည်။ ကိုင်စရာ အားပြုစရာမရှိဘဲ ချောက်ကမ်းပါးဆီ လျှောကျသွားသည်။
ကြိုးတစ်ဘက်စွန်တွင် လူတစ်ယောက်ပျောက်သွားသည်ကို သတိထားမိသဖြင့် အားလုံးချက်ချင်းခြေလှမ်းရပ်၍ ထိုလူကို အတင်းဆွဲတင်ကြသည်။
“အားယွဲ့၊ တောင့်ထားပါ။... အတူဆွဲတင်ကြမယ်ဟေ့”
“ငါ..ငါအားမရှိတော့ဘူး”
အားယွဲ့ ကျောက်ကမ်းပါးအစွန်တွင် တွဲခိုနေသည်။ သူ့ခါးတွင်ချည်ထားသည့် ကြိုးကြောင့်သာ အသက်ရှင်နေခြင်းဖြစ်သည်။
ပင်ပန်း၍ဆာလောင်နေသဖြင့် အင်အားလုံးဝမထုတ်နိုင်တော့။ တွယ်တက်ဖို့ မကြိုးစားနိုင်တော့။
ဝါရင့်မုဆိုးက တည်တည်ငြိမ်ငြိမ်ဖြင့် သူ့ကိုကယ်တင်ဖို့ ဦးဆောင်ညွှန်ကြားသည်။ ဆွဲတင်နိုင်ရန် ကိုယ်တိုင်ကူညီသည်။
“ကြိုးကိုသစ်ပင်နဲ့ချည်ထား။ ဒါမှ ငါတို့လိမ့်ပါမသွားမှာ။ ကျန်တဲ့လူတွေက ကြိုးကို လက်ကောက်ဝတ်မှာချည်ထားကြ။ ငါသုံးအထိရေမယ်၊ ပြိုင်တူဆွဲတင်မယ်”
“တစ်...နှစ်...သုံး....ဆွဲ”
“တစ်....နှစ်....သုံး....ဆွဲ”
အတော်ပင်ပင်ပန်းပန်းကြိုးစားပြီးနောက် အားယွဲ့ကို ဆွဲတင်နိုင်ခဲ့သည်။ လူအားလုံး မတ်တပ်မရပ်ချင်လောက်အောင် ပင်ပန်းသွားသည်။
မုဆိုးက မနားသေး။ အားယွဲ့၏ဒဏ်ရာများကို စစ်ဆေးသည်။
“မင်းဘယ်လို ပြုတ်ကျသွားတာလဲ။တစ်ယောက်ယောက်က မင်းကိုတွန်းလိုက်သလို ခံစားရလား”
အားယွဲ့ နားမလည်ဟန်ဖြင့် ခေါင်းကိုခါယမ်းနေသည်။ ဘာကြောင့် ထိုမေးခွန်းမျိုးမေးသည်မသိ။
“ဘာကိုပြောချင်တာလဲ”
သူ့စကား မူမမှန်မှန်းသိသဖြင့် ချီဝူက မေးသည်။
မုဆိုးက ရှေ့မှ ဘုံကျောင်းပျက်တစ်ခုဆီ လက်ညှိုးထိုးပြသည်။
“မြန်မြန်သွားစို့၊ တောင်တန်းနတ်ဘုရားဘုံကျောင်းကိုရောက်မှ ဆက်ပြောကြမယ်”
မိုးသည်းကြားတွင် စကားပြောဖို့ အဆင်မပြေ။ ချီဝူ ခေါင်းငြိမ့်သည်။ အားလုံးကို ဘုံကျောင်းဆီရောက်အောင်သွားဖို့ တိုက်တွန်းသည်။
ဘုံကျောင်းသို့ရောက်ပြီးနောက် မိုးကာဝတ်ရုံများကို ဖယ်ရှား၍ မြေပြင်ပေါ်ထိုင်ပြီး သယ်လာသည့်စ္စည်းများ မိုးရေစိုမစို စစ်ဆေးသည်။ ရေစိုလျှင် လာရသည့်ခရီး အချည်းအနှီးဖြစ်တော့မည်။
“ရေစိုခံအဝတ်နဲ့ သေချာပတ်ထားလို့ တော်သေးတာပေါ့ကွာ။ အကိုချီက တကယ်အမြော်အမြင်ရှိတာပဲ”
ဘုံကျောင်းပျက်ဆိုသော်လည်း နားခိုစရာကောင်းကောင်းပေးနိုင်သေးသည်။ ဘုံကျောင်းအလယ်တွင် ဖုန်တက်နေသည့် တောင်တန်းနတ်ဘုရားရုပ်တုဟောင်း သုံးခုရှိသည်။ ဘေးပတ်လည်တွင် အမှိုက်သရိုက်များ တိရစ္ဆာန်အညစ်အကြေးများ ရှုပ်ပွနေသည်။ နတ်ဘုရားနာမည်ဖော်ပြသည့် ကမ္ဗည်းဘုတ်တိုင်များ မရှိတော့။ ပူဇော်ထားသည့် အစားအသောက်များလည်း တောရိုင်းတိရစ္ဆာန်များ စားသောက်သွားပြီးဖြစ်သည်။ တံခါးပေါက် ပြတင်းပေါက်များ ကျိုးပျက်နေသဖြင့် လေအေးများ ဒလဟောဝင်နေသည်။
ကုန်သည်များ အရေးမစိုက်ကြ။ မိုးခိုစရာရသည်ကိုပင် ကျေနပ်နေသည်။
နားခိုရာပေးသည့်အတွက် ကျေးဇူးတင်သည့်အနေဖြင့် ချီဝူက နတ်ဘုရားရုပ်တုသုံးခုကို အစားအသောက်နည်းနည်းပူဇော်လိုက်သည်။
ရုပ်ထုသုံးခုက လက်ရာသိပ်မကောင်းသော်လည်း ရုပ်သဏ္ဌာန်တော့ ကွဲကွဲပြားပြားသိနိုင်သည်။ အလယ်နတ်ဘုရားရုပ်တုက ဖြောင့်မတ်တည်ကြည်သည့်မျက်နှာထားနှင့် ဓားကိုင်ထားသည်။ ဘေးတစ်ဘက်စီတွင် စာပေသမားဝတ်စုံဖြင့် စာအုပ်တစ်အုပ်ကိုင်ထားသည့်နတ်ဘုရားနှင့် သန့်စင်သည့်ယန်စွမ်းအင်ရောင်များ ထွက်နေသည့် နတ်ဘုရားရုပ်တို့ ရှိသည်။ လေးစားစရာ စာပေအဆင့်အတန်း သိုင်းပညာအဆင့်အတန်းကို ထင်ဟပ်နေသည်။
“ကျုပ်တို့ခရီး ဘေးကင်းအောင် တောင်တန်းနတ်ဘုရားများ စောင့်ရှောက်ပေးတော်မူပါ”
ဤရုပ်ထုများသည် တစ်မျိုးတစ်မည် အသက်ဝင်သလိုဖြစ်နေသည်ဟု ချီဝူခံစားမိသည်။
**************************************************************