ဒဏ္ဍာရီနှင့်အမှန်တရားကြားက အက်ကြောင်း
Vol. 3 Ch. 42
တောင်တန်းနတ်ဘုရားကို ပူဇော်ပြီးနောက် ချီဝူက လူအားလုံးကို ချက်ချင်းစုစည်းသည်။
မိုးရေစိုနေသဖြင့် အေးစိမ့်သည့်လေကြောင့် အားလုံးတုန်ရင်နေကြသည်။
“ဒီအတိုင်းဆက်သွားရင်တော့ ငါတို့ဖျားလိမ့်မယ်”
မုဆိုးက ထောင့်တစ်နေရာသို့သွားသည်။ ထင်းတစ်ချို့ယူလာပြီး သွားဖြဲပြုံးပြသည်။
“ငါတို့မုဆိုးတွေက တစ်ခါတစ်လေ ဒီမှာလာပြီး မိုးခိုရတယ်။ ဒီလိုအချိန်မျိုးအတွက် ထင်းနည်းနည်းကြိုသိမ်းထားတာလေ”
ချီဝူ ဝမ်းသာသွားသည်။
“ဒါဆိုရင်တော့ ကျုပ်တို့ ကျေးဇူးကြွေး အများကြီး တင်သွားပြီဗျာ”
မုဆိုးက လက်ဝှေ့ယမ်းလျက်
“ကိစ္စမရှိပါဘူး။ တောင်တန်းပေါ်မှာနေတယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် ကူညီဖေးမရတာပါပဲ။ မနက်ဖြန် မိုးစဲသွားရင် နောက်ထပ်ထင်းနည်းနည်းထပ်ရှာပြီး ဒီမှာပြန်သိမ်းထားလိုက်ရုံပေါ့”
မြေပြင်ပေါ်မှ ယခင်မီးဖိုပြီးသားနေရာတွင် ထင်းများကိုစုပုံသည်။ ချီဝူက သစ်ကိုင်းခြောက်တစ်ခုကို မီးမှော်အဆောင်ဖြင့် မီးပျိုးလိုက်သည်။ သစ်ကိုင်းခြောက် ချက်ချင်းမီးစွဲသွားသည်။
မီးတောက်များ မြင့်တက်လာပြီးနောက် အနွေးဓာတ်ကိုခံစားလိုက်ရသဖြင့် လူတစ်ယောက်က သက်ပြင်းချသည်။
“နောက်ဆုံးတော့ အသက်ရှင်ခွင့် ပြန်ရလာပြီပဲ။ အကိုချီ၊ ဆန်မုန့်အဝါယူမလား အဖြူယူမလား”
“တစ်ယောက်တစ်ခုစီလား”
ပါလာသည့် ရိက္ခာခြောက်ကို ဝေမျှ၍ မီးပုံဖြင့် အပူပေးကြသည်။ အနံ့သင်းလာချိန်တွင် အားယွဲ့က အချဉ်ရည်တစ်ပုလင်းထုတ်ပြီး ဆန်မုန့်များပေါ်သုတ်လိမ်းသည်။ ကိုက်ဝါးချိန်တွင် ချဉ်ငံသည့်အရသာ သူတို့အာခံတွင်းထဲ ပြည့်လျှံသွားသည်။
“အားယွဲ့၊ မင်းအချဉ်ရည်လုပ်တာ သိပ်ကောင်းတာပဲ။ ငါတို့ ကုန်သည်တွေနောက်ကို မလိုက်ဘဲ အချဉ်ရည်ဆိုင် ဖွင့်သင့်တာကွ”
အားယွဲ့ ပြုံး၍သာနေသည်။ ဘာမှမပြော။
အစောပိုင်းက အဖြစ်အပျက်ကို သတိရလာသဖြင့် ချီဝူက မေးသည်။
“မုဆိုးလောင်စွန်း၊ ခုနက အားယွဲ့ကို တစ်ယောက်ယောက်တွန်းချသလားလို့ ဘာလို့မေးတာလဲ”
ချီဝူတို့အဖွဲ့ ချင်ဟွိုက်ကောင်တီတွင် ကုန်ပစ္စည်းများရောင်းချရန်အတွက် ပထမဆုံးအကြိမ် တောင်တန်းများပေါ် ဖြတ်သန်းလာကြခြင်းဖြစ်သည်။ အတော်ကြာအောင်ရှာဖွေပြီးမှ ဒေသခံလမ်းပြမုဆိုးတစ်ယောက်တွေ့သည်။
မုဆိုးလောင်စွန်းအမူအရာ တည်ကြည်လေးနက်သွားသည်။
“နာကျည်းသရဲဆိုတာ မင်းတို့ကြားဖူးလား”
ချီဝူတို့လည်း မျက်နှာတည်သွားသည်။ ခရီးစုံနှံ့ခဲ့သူများဖြစ်၍ သရဲအကြောင်းများကြားဖူးသည်။
“ကျားတွေကိုကူညီနေတဲ့ နာကျည်းသရဲဆိုတာလား”
တစ်ယောက်ကမေးသည်။
မုဆိုး ခေါင်းငြိမ့်သည်။
“ဒီတောင်တန်းကို စုန့်တောင်တန်းလို့ခေါ်တယ်။ လွန်ခဲ့တဲ့ဆယ်နှစ်က မုဆိုးတစ်ယောက် အမဲလိုက်ထွက်ရင်း ပျောက်သွားတယ်။ သူ့ဖိနပ်တစ်ဘက်ပဲ ကျန်ခဲ့တယ်။ နောက်ပိုင်းတော့ ကျားနတ်ဆိုးတစ်ကောင်က သူ့ကိုစားလိုက်တာလို့ လူတွေပြောလာကြတယ်။
“အစကတော့ သိပ်မယုံကြသေးဘူး။ သူတို့ဘိုးဘေးစဉ်ဆက်နေလာတဲ့နေရာမှာ ကျားနတ်ဆိုးက ဘယ်လိုပေါ်လာတာလဲပေါ့။
“အချိန်ကြာလာတော့ မုဆိုးတစ်ယောက်က သူ့အတွေ့အကြုံကို ပြောပြတယ်။ တော့ထဲမှာ သူ့အမဲလိုက်ခွေးက တစ်နေရာကိုကြည့်ပြီး ဒေါသတကြီးထိုးဟောင်နေတယ်တဲ့။ အဲဒီ့ဘက်ကို လှမ်းကြည့်လိုက်တော့ သူလန့်သွားတယ်။
“လေးမီတာမြင့်တဲ့ ကျားကြီးတစ်ကောင်ကိုတွေ့တယ်။ အဲဒီကျားက အမဲလိုက်ခွေးကို ခုန်အုပ်လိုက်တယ်။ သူလည်း အသက်လုပြီးထွက်ပြေးခဲ့တယ်။ ကံကောင်းလို့ ကျားလက်ကလွတ်လာခဲ့တာတဲ့။
“ပြီးတော့ တစ်ခြားခရီးသွားတွေလည်း မကြာခဏ ပျောက်သွားတာကို လူတွေသတိထားမိလာကြတယ်။ ဒီတော့ ဒီကိစ္စ ချင်ဟွိုက်ကောင်တီကို သတင်းပို့တယ်။ ချင်ဟွိုက်အရာရှိတွေက ငါ့ကို ယန်ကျန်းကောင်တီကိုသွားဖို့ ပြောတယ်။ စုန့်တောင်တန်းက ယန်ကျန်းနဲ့အနီးဆုံးဆိုတော့ ငါတို့ရတဲ့သားကောင်တွေကို အဲဒီမှာပဲ ရောင်းရတာလေ။ ဒီတော့ ဒီကိစ္စဟာ ယန်ကျန်းကောင်တီနဲ့ပဲ သက်ဆိုင်တယ်တဲ့။
“ယန်ကျန်းကောင်တီက အရာရှိတွေကျတော့လည်း စုန့်တောင်ဟာ ချင်ဟွိုက်နယ်မြေထဲမှာလို့ ပြောပြန်တယ်။
“ဒီလိုနဲ့ နှစ်ဦးနှစ်ဘက် အပြန်အလှန် တာဝန်လွှဲပြီးတဲ့နောက်မှာ စုန့်တောင်ပေါ်က ကျားနတ်ဆိုးကိုရှာဖို့ ကောင်တစ်နှစ်ခုက ဘုန်းကြီးနှစ်ယောက်လွှတ်တယ်။ ဆယ်ရက်ကြာတဲ့အထိ ကျားဆံပင်မွှေးတစ်ချောင်းတောင် မတွေ့ဘူး။ ဒီတော့ ငါတို့က သက်သက်အရူးလုပ်တာလို့ ဘုန်းကြီးတွေက ထင်ကြတယ်။ ငါတို့ကရှင်းပြပါတယ်။ သူတို့ရှိလို့ ကျားနတ်ဆိုးက ပုန်းနေတာဖြစ်မှာပါလို့လေ ။ ဒါပေမယ့် သူတို့က ငါတို့စကားကိုလက်မခံဘဲ ပြန်သွားကြတယ်။
“နောက်ထပ် ကောင်တီအရာရှိတွေဆီ ပြန်သွားတော့လည်း ဘယ်သူမှ ငါတို့ကို အရေးမစိုက်ကြတော့ဘူး။
“ရွေးချယ်စရာမရှိတော့ လူအများစုက စုန့်တောင်ကိုခွာပြီး အသက်ရှင်နေထိုင်ဖို့ တစ်ခြားနည်းလမ်းရှာကြရတာပေါ့။ ငါတို့လို အမဲလိုက်တာကလွဲလို့ တစ်ခြားဘာမှမလုပ်တတ်တဲ့ အဘိုးကြီးတစ်ချို့ပဲ ဒီမှာကျန်ခဲ့တာ။
“နောက်တော့ အမဲလိုက်ရင်း အဲဒီ့ပျောက်သွားတဲ့ ခရီးသည်တွေကို ငါတို့တွေ့တယ်။ သူတို့က ပေါ်လာလိုက် ပျောက်သွားလိုက်ပဲ။ ခန့်မှန်းလို့မရဘူး။ တစ်ခါတစ်လေ ငါတို့ကို ချောက်ထဲတွန်းချတတ်တယ်။
“တစ်ခါကဆို လမ်းပြအနေနဲ့ လူတစ်စုကိုဦးဆောင်ပြီး တောင်တန်းပေါ်ကို ငါခေါ်လာတယ်။ အဲဒီပျောက်သွားတဲ့လူတွေက ငါတို့နဲ့ အမှတ်မထင်တွေ့သလိုဟန်ဆောင်ပြီး သွားမယ့်ခရီးချင်းအတူတူမို့ အတူလိုက်ပါရစေလို့ပြောတယ်။ ငါဘယ်လိုလုပ် လက်ခံနိုင်မှာလဲ။ ငါ့လူတွေကို ငါအမြန်ခေါ်ထုတ်ပြီး ထွက်လာခဲ့ရတယ်။
“လောကမှာ နာကျည်းသရဲဆိုတာ ရှိတယ်လို့ လူကြီးတွေ ပြောစမှတ်ရှိတယ်။ ဒီလူတွေကလည်း ကျားနတ်ဆိုးအသတ်ခံရပြီး အဲလိုဘဝမျိုးရောက်သွားတာ ဖြစ်မှာပေါ့။ သူတို့က ကျားနတ်ဆိုးအတွက် သားကောင်ရှာဖို့ ကူညီတယ်။ လူတွေကို မျှားခေါ်တယ်။ နောက်ထပ် နာကျည်းသရဲအသစ်တွေ တိုးလာဖို့ပေါ့။
“ဒါပေမယ့် ဒီနာကျည်းသရဲတွေနဲ့ ရင်ဆိုင်ဖြေရှင်းဖို့နည်းလမ်းက ရှင်းရှင်းလေးပါ။ သူတို့တောင်းဆိုတာကို လက်မခံနဲ့။ ဒါဆို သူတို့ ဘာမှဒုက္ခမပေးနိုင်ဘူး”
ထိုမျှကျယ်ပြန့်သည့် တောင်တန်းနယ်မြေအတွင်း လမ်းပြမုဆိုးရှာဖို့ အဘယ်ကြောင့် ထိုမျှခက်ခဲခဲ့သည်ကို အားယွဲ့ နှင့်ချီဝူတို့ နားလည်လာကြသည်။ ကျားနတ်ဆိုးကြောင့် မုဆိုးများ ထွက်သွားကြခြင်းဖြစ်လိမ့်မည်။
အားယွဲ့မျက်နှာက မဝံ့မရဲဖြစ်နေသည်ကိုကြည့်၍ မေးချင်တာရှိလျှင် မေးဖို့ ချီဝူ တိုက်တွန်းသည်။
အားယွဲ့က တုံ့ဆိုင်းဆိုင်းလေသံဖြင့်
“အဲဒီ့နာကျည်းသရဲတွေမှာ သရဲမတွေရောရှိလား။ အဲဒီ့သရဲမတွေက ရုပ်ချောလား။ ယောက်ျားတွေကို သွေးဆောင်တာမျိုး ယန်စွမ်းအင်စုပ်ယူတာမျိုးရှိလား။ ကျားနတ်ဆိုးလက်က လွတ်အောင်ရှောင်ရင်း သရဲမနဲ့အတူ ဒီလောကကြီးထဲ လျှောက်သွားချင်ပြီး လျှို့ဝှက်အချစ်ဇာတ်လမ်းလေးတစ်ခု ကျုပ်ဖန်တီးနိုင်မလားလို့ပါ”
မုဆိုးလောင်စွန်းအပါအဝင် လူအားလုံး၏ခေါင်းထဲတွင် သူ့မေးခွန်းတစ်ခုကြားတိုင်း ပုစ္ဆာတစ်ပုဒ်ဖြစ်လာသည်။
အားလုံး၏အမူအရာကိုကြည့်၍ အားယွဲ့ ရှက်လာသည်။ ခေါင်းကိုကုတ်လျက်
“ဒီလိုဇာတ်လမ်းမျိုး ဝတ္ထုတွေထဲမှာ ဖတ်ဖူးလို့ပါ။ “တရုတ်သရဲပုံပြင်”လို စာအုပ်မျိုးပေါ့။ လူသားနဲ့သရဲမတို့ကြားက မပြည့်စုံခဲ့တဲ့ အချစ်ဇာတ်လမ်းမျိုးပေါ့”
ခဏအသံတိတ်နေပြီးနောက် ချီဝူက အားယွဲ့ပုခုံးကို ပုတ်လိုက်သည်။
“မင်း စာလျှော့ဖတ်သင့်တယ်ထင်တယ်”
ထို့နောက် လောင်စွန်းကိုလှည့်မေးသည်။
“လောင်စွန်း၊ မသေမျိုးဂိုဏ်းငါးဂိုဏ်းကို ဒီအကြောင်း ဘာလို့သတင်းမပို့တာလဲ။ သူတို့က တရားမျှတမှုကို လက်ကိုင်ထားပါတယ်။ ဒီကိစ္စကို လျစ်လျူရှုထားမှာမဟုတ်ပါဘူး”
“မသေမျိုးဂိုဏ်းငါးဂိုဏ်း...”
လောင်စွန်းမျက်နှာ ကြောင်တက်တက်ဖြစ်သွားသည်။ ထိုနာမည်ကို သူမရင်းနှီး။
“တာအိုလမ်းစဉ်ဂိုဏ်း၊ ရွှမ်ခုန်(စွန်စီး)ဘုံကျောင်းနဲ့ တစ်ခြားတော်ဝင်ဂိုဏ်းသုံးခုကိုပြောတာပါ။ သူတို့က ဒီတိုက်နယ်မှာ အင်အားအကြီးဆုံးပဲလေ”
“နာမည်ကိုတော့ ကြားဖူးသလိုလိုပဲ”
မုဆိုးလောင်စွန်းစိတ်ထဲ ဝိုးတဝါးဖြစ်နေသည်။ တောင်ခြေလက်ဖက်ရည်ဆောင်တွင် ကြားဖူးခြင်းလား၊ ခရီးသွားတစ်ယောက်ဆီကလား၊ ငယ်တုန်းကလား၊ အသက်ကြီးကြီးပြီးမှလား သူမမှတ်မိတော့။
သာမန်လူတို့သည် ကျင့်ကြံသူများအကြောင်း သိပ်မသိ။ နာမည်ကိုသာ စိတ်ဝင်စားကြခြင်းဖြစ်သည်။
ထို့ပြင် တစ်ဆင့်စကားဖြင့် လက်ဆင့်ကမ်းလာသည့် ဇာတ်လမ်းများကလည်း သာမန်လူတို့ထံ ရောက်လာချိန်တွင် မူလအမှန်တရားနှင့် လုံးလုံးကွဲပြားသွားလေ့ရှိသည်။ ယုံကြည်ကိုးစား၍မရ။
ဥပမာ တာအိုလမ်းစဉ်ဂိုဏ်း၏နာမည်သည် မသေမျိုးလမ်းစဉ်၏ ကျယ်ပြန့်နက်နဲသည့်အဖြစ်ကို သွယ်ဝိုက်ရည်ညွှန်းသည်ဟု ချီဝူကြားဖူးသည်။ ကျင့်ကြံမှုဆိုသည်ကလည်း စိတ်နှလုံးကို ကျင့်ကြံခြင်းဖြစ်သည်။ ကိုယ့်လမ်းစဉ်ကိုယ် ရှာဖွေရသည်။ တော်ဝင်လမ်းဖြစ်စေ နတ်ဆိုးလမ်းဖြစ်စေ တာအိုသဘာဝက ပြောင်းလဲခြင်းမရှိ။
တစ်ခါက တိုင်ပုဖန်ဟူသည့် တာအိုလမ်းစဉ်ဂိုဏ်းသားတစ်ယောက်နှင့် ချီဝူဆုံဖူးသည်။ တာအိုလမ်းစဉ်ဂိုဏ်းနာမည်၏ အဓိပ္ပါယ်ကို မေးကြည့်ခဲ့သည်။ တိုင်ပုဖန် ပြန်ဖြေသည့်စကားကို သူမမေ့သေး။
“အဲဒါလား၊ ဒါက ငါတို့ဂိုဏ်းတည်ဘိုးဘေး မူလတာအိုရှင်နဲ့ ပတ်သက်နေတယ်။ ဖုန်းရွှေရတနာမြေတစ်ခုကိုရှာဖို့ ကောင်းကင်ပဟေဠိဂိုဏ်းသားတစ်ယောက်ကို တန်ဖိုးကြီးကြီးပေးပြီး တည်နေရာတွက်ချက်ခိုင်းတယ်။ အရပ်ရှစ်မျက်နှာလုံး ဖုန်းရွှေဓာတ်ပြည့်နေတဲ့ နေရာတစ်ခုတွေ့တယ်။ ကောင်းကင်ပဟေဠိဂိုဏ်းပညာရှင်က ဂိုဏ်းတည်ထောင်ဖို့ တိကျတဲ့ အချိန်နဲ့နေရာကို မြေပုံပေါ်မှာ မှတ်သားပေးလိုက်တယ်။
“ဒါပေမယ့် ငါတို့ဘိုးဘေးက အရပ်မျက်နှာတွေကို သိပ်မခွဲခြားတတ်ဘူး။ မြေပုံအမှတ်အသားနဲ့ လာရှာပေမယ့် ရတနာမြေကိုမတွေ့တော့ ဒေသခံလယ်သမားတစ်ယောက်ကို တည်နေရာမေးရတယ်။ အဲဒီကျမှ ငါတို့အခုလက်ရှိဂိုဏ်းနေရာကို ချောချောမွေ့မွေ့တွေ့တယ်။
“ဒါကြောင့် လမ်းပြလိုက်တဲ့ အဲဒီ့လယ်သမားကို ကျေးဇူးတင်တဲ့အနေနဲ့ ဂိုဏ်းနာမည်ကို တာအိုလမ်းစဉ်ဂိုဏ်းလို့ နာမည်ပေးခဲ့တာ”
(**E ဘာသာပြန်တိုက်ရိုက်က “တာအိုရှာဂိုဏ်း” သို့မဟုတ် “လမ်းရှာဂိုဏ်း” ဖြစ်သည်)
**********************************************************