← Chapters

တောင်တန်းနတ်ဘုရားဘိုးဘေး

Vol. 3 Ch. 43

တောင်တန်းနတ်ဘုရားဘိုးဘေး

Vol. 3 Ch. 43

“ဒါဆို တာအိုလမ်းပြဂိုဏ်းက အတော်စွမ်းအားကြီးတယ်ပေါ့”

လောင်စွန်းကမေးသည်။

“လမ်းပြဂိုဏ်းမဟုတ်ဘူး။ လမ်းစဉ်ဂိုဏ်းပါ”

ချီဝူ အမှန်ပြင်ပေးလိုက်သည်။

“မနက်ဖြန် ချင်ဟွိုက်ကိုရောက်ရင် မသေမျိုးငါးဂိုဏ်းကို ကျုပ်တို့ စာတစ်ဆောင်ရေးပို့ပြီး အကူအညီတောင်းမယ်”

တိုင်ပုဖန်နှင့် သူတစ်ကြိမ်ဆုံခဲ့သည်။ နယ်မြေခံအရာရှိများက ကျင့်စဉ်အဆင့်သိပ်မမြင့်ဘဲ မောက်မာထောင်လွှားနေကြပြီး လူသားလောကထဲ ပါဝင်ပတ်သက်ခြင်းမရှိသည့် တာအိုလမ်းစဉ်ဂိုဏ်းတပည့်များက ဆက်ဆံရပိုလွယ်ကူသည်ဟု ထိုစဉ်က သူတွေးခဲ့သည်။

သို့သော် တာအိုလမ်းစဉ်ဂိုဏ်းတွင် တိုင်ပုဖန် ဘယ်လိုအဆင့်အတန်းရှိသည် ဘာကျင့်စဉ်အဆင့်ရှိသည်ကို သူမသိ။ ပုံမှန်မသေမျိုးဂိုဏ်းတပည့်တစ်ယောက်လိုသာ သူဆက်ဆံခဲ့သည်။

တိုင်ပုဖန်အဆင့်အတန်းကို သိခဲ့လျှင် သူ့ခံစားချက်က တွေးရုံသက်သက်ထက် ပိုခဲ့ပေလိမ့်မည်။

မုဆိုးလောင်စွန်း ဝမ်းသာသွားပြီး ချီဝူတို့ကို ကျေးဇူးတင်ကြောင်းပြောသည်။ ကျားနတ်ဆိုးပြဿနာကို ဖြေရှင်းနိုင်လျှင် လမ်းပြခမယူပါဟုပင် ပြောသေးသည်။ ထိုသို့လုပ်ဖို့မလိုကြောင်း ချီဝူအမြန်တားလိုက်ရသည်။

ငွေမနှမျော၍တော့မဟုတ်။ ထိုမုဆိုးအိုစကားက ယဉ်ကျေးမှုအရပြောခြင်းလား စိတ်ရင်းနှင့်ပြောခြင်းလား သေချာမသိသောကြောင့်ဖြစ်သည်။

“ခွင့်ပြုပါရှင်၊ ခရီးထွက်လာရင်း အပြင်မှာမိုးသည်းနေလို့ ဒီညဒီမှာ တည်းခိုလို့ရမလား”

လှပသည့်သဏ္ဌာန်တစ်ခု မိုးရေများကြားမှ ထိုးထွက်လာသည်။ အစိမ်းကြောင်ကြာပွင့်ဂါဝန်ဝတ်ထားသည်။ အခက်အခဲကြုံနေ၍ထင်သည်။ မျက်ခုံးနှစ်ခု အနည်းငယ်ကျုံ့နေသည်။ ထိုပုံစံလေးကပင် သူ့တောင်းဆိုချက်ကို အလိုလိုလက်ခံချင်အောင် ဆွဲဆောင်နေသည်။ အားလုံးက အားယွဲ့ကို လှည့်ကြည့်ကြသည်။ သရဲမတောင့်တနေခဲ့သူထံ သရဲမက ရောက်လာသည်။ အတော်နှုတ်စီးသည်ဟု တွေးမိကြသည်။

“မရဘူး”

ချီဝူက ချက်ချင်းငြင်းလိုက်သည်။

ဘယ်ရွာဘယ်ဆိုင်မှ မနီးသည် ယခုလိုတောင်တန်းပေါ်တွင် ထိုမျှလှပသည့်မိန်းကလေးမျိုး ပေါ်လာသည်။ မုဆိုးလောင်စွန်းပြောသည့်စကားကို ပြန်သတိရလာပြီး ချီဝူ သင်္ကာမကင်းဖြစ်နေသည်။

ထို့ထက်ထူးခြားသည်မှာ မိန်းကလေး၏ဝတ်စုံက လုံးဝရေမစို။

သည်းထန်သည့်မိုးရေကြားမှ မိုးရေမစိုဘဲ ဘယ်လိုရောက်လာနိုင်မည်နည်း

ဝတ်ရုံစိမ်းမိန်းကလေး နည်းနည်းဒေါသထွက်သွားဟန်ရှိသည်။ ပညာတတ်ဖြစ်ပုံရသည့် ဤယောက်ျားရင့်မာကြီးများ အတော်ရိုင်းသည်ဟု ထင်သွားသောကြောင့်ဖြစ်မည်။

“ရှင်တို့အတော်တရားလွန်ပါလား။ ဒီဘုံကျောင်းကလည်း ပိုင်ရှင်မရှိပါဘူး။ ရှင်တို့လည်း မိုးခိုနေတဲ့လူတွေပါပဲ။ အပြင်မှာ မိုးဒီလောက်သည်းနေတာ။ မိုးရေကာကွယ်ဖို့ ကျွန်မစွမ်းအားကို ဆက်သုံးနေရမှာလား”

“စွမ်းအား...ဟုတ်လား။ မင်းက ကျင့်ကြံသူလား”

ချီဝူ ရင်ထိတ်သွားသည်။ ကျင့်ကြံသူအများစုက သေမျိုးများအပေါ် ငဲ့ညှာကြသည်။ သို့သော် သွားစော်ကားမိလျှင် မည်သို့တုံ့ပြန်လာမည်မသိ။

သူချီတုံချတုံဖြစ်နေသည်။

သို့သော် မုဆိုးလောင်စွမ်းက ပြတ်သားသည်။ နှစ်ပေါင်းများစွာ တောင်တန်းပေါ်နေထိုင်ခဲ့သည့် သူ့အတွေ့အကြုံအရ ထိုမိန်းကလေး တစ်ခုခုမူမမှန်ကြောင်း ရိပ်မိသည်။ သို့သော် သူ့လေသံက ပို၍ယဉ်ကျေးလာသည်။

“မိန်းကလေး၊ မင်းက ကျင့်ကြံသူဖြစ်ဖြစ် သာမန်မိန်းကလေးဖြစ်ဖြစ်ပါ။ ကျုပ်တို့လိုယောက်ျားရှစ်ယောက်နဲ့ ဘုံကျောင်းတစ်ခုတည်းမှာ အတူနေဖို့ မသင့်တော်ပါဘူး။

“ဒီတော့ ဒီလိုလုပ်ပါ။ ဒီလမ်းအတိုင်း မြောက်ဘက်ကိုဆက်သွားရင် တောင်စောင်းမှာ မုဆိုးတွေဆောက်ထားတဲ့ တဲတစ်လုံးရှိတယ်။ မင်းလိုလူတစ်ယောက်အတွက် အဲဒီကိုရောက်ဖို့ သိပ်မကြာနိုင်ပါဘူး”

သူလိမ်နေခြင်းမဟုတ်။ တဲတစ်လုံး တကယ်ရှိသည်။ သို့သော် တဲက ငယ်လွန်းသဖြင့် သူတို့လူစု မနေလောက်။ ထို့ကြောင့် အားလုံးကို ဤဘုံကျောင်းသို့ ခေါ်လာခြင်းဖြစ်သည်။

မိန်းကလေး ခဏစဉ်းစားပြီးနောက် မုဆိုးအို၏စကား ကျိုးကြောင်းသင့်သည်ဟု ယူဆလိုက်သည်။ အပြင်လောကထဲသွားလာချိန်တွင် လူသားဓလေ့ထုံးတမ်းများကို သူအရေးမစိုက်သော်လည်း ရွေးချယ်စရာရှိလျှင်တော့ လေးဘက်လေးတန် ဟောင်းလောင်းပေါက်ဖြစ်နေသည့် ဤဘုံကျောင်းမျိုးတွင် သူမနေချင်ပေ။

မိန်းကလေးထွက်သွားပြီးနောက် အားလုံး သက်ပြင်းချလိုက်ကြသည်။ ထိုမိန်းကလေး ကျားအသွင်ပြောင်း၍ ကိုက်စားမည်ကို စိုးရိမ်နေခဲ့ရသည်။

“ကဲ၊ အိပ်ကြစို့၊ မနက်စောစောထပြီး ခရီးဆက်မှဖြစ်မယ်။ ဒီလို ကြောက်စရာကောင်းတဲ့နေရာမျိုးကို ငါနောက်တစ်ခေါက် တကယ်ထပ်မလာချင်တော့ဘူးကွာ”

ချီဝူက သမ်းဝေရင်းပြောလိုက်သည်။ မျက်ခွံများက အတော်လေးလာသည်။

အစက နတ်ရုပ်များဘက်သို့ မျက်နှာလှည့်အိပ်ရန် သူစဉ်းစားခဲ့သည်။ သို့သော် ဤနတ်ရုပ်များ တစ်ခုခုမူမမှန်ဟု ခံစားရသဖြင့် အနားသို့ သိပ်မကပ်လိုတော့။ထို့ကြောင့် အားလုံး တံခါးဘက်သို့ ခေါင်းလှည့်အိပ်နိုင်အောင် နေရာချသည်။

ညပိုင်းကင်းစောင့်ရန် လူနှစ်ယောက်ကို တာဝန်ပေးသည်။ ကျန်သည့်လူအားလုံး အိပ်ပျော်သွားကြသည်။

သူတို့အိပ်ပျော်ပြီးနောက် နတ်ဘုရားရုပ်ထုတို့၏မျက်လုံးများ။ လှုပ်ရှားလာသည်။ အိပ်ပျော်နေသူများကို ငုံ့ကြည့်သည်။

သို့သော် ဘယ်သူမှ သတိမထားမိကြတော့။

.............................

အားယွဲ့ သမ်းဝေလိုက်သည်။ မျက်လုံးများ မှေးစင်းလာသည်။ ချက်ချင်းအိပ်ပျော်သွားတော့မလို ဖြစ်နေသည်။ သူနှင့်တစ်ခြားလူတစ်ယောက် ညဦးပိုင်း ကင်းစောင့်တာဝန်ကျသည်။

“အိပ်ချင်တယ်ကွာ။ တကယ်အိပ်ချင်နေပြီ”

“နည်းနည်းဆက်ပြီးထိန်းထားပါဦး။ မင်းလည်းကြားသားပဲ။ ဒီတောင်တန်းတွေပေါ်မှာက စိတ်မချရဘူးလေ...”

“ဟုတ်တယ်၊ အိပ်လို့မဖြစ်ဘူး။ သရဲမတစ်ယောက်လောက် ငါ့ဆီ တိတ်တိတ်လေးရောက်လာမလားဆိုတာ စောင့်ကြည့်ရဦးမယ်”

“မင်းရုပ်ရည်က သာမန်ပါပဲ။ စာအုပ်တွေထဲမှာ မဖတ်ဖူးဘူးလား။ သရဲမတွေက ရုပ်ချောတဲ့ယောက်ျားတွကိုပဲ ပိုသဘောကျတာလေ။ တကယ်လို့လာခဲ့ရင်တောင် ငါ့ဆီပဲ လာမှာပေါ့”

“သရဲမတွေက စာပေသမားတွေကို သဘောကျတာကွ။ မင်းက ပေါပေါပဲပဲစာတွေပဲ ဖတ်ဖူးတာပါ။ ငါ့လို ဂန္တဝင်စာပေဖတ်တဲ့လူကို ပိုသဘောကျမှာပေါ့”

နှစ်ယောက်သား စိတ်ကူးယဉ် သရဲမအကြောင်း ခပ်တိုးတိုးငြင်းခုန်နေရာမှ အသံပိုကျယ်လာကြသည်။

ထိုစဉ် ရုတ်တရက် မိုးစက်သံ မိုးခြုံးသံများကြားမှ ကျယ်လောင်သည့်ဟိန်းဟောက်သံတစ်ခု ပေါ်လာသည်။ နှစ်ယောက်လုံး ကျောရိုးထဲ စိမ့်သွားကြသည်။

နားကြားမှားခြင်းလားဟု ဒွိဟဖြစ်နေကြစဉ်မှာပင် နောက်ထပ် ဟိန်းဟောက်သံတစ်ခု ပေါ်လာပြန်သည်။ ဤတစ်ကြိမ် ပို၍နီးသည်။

“အဲဒါကျားနတ်ဆိုးလား”

နှစ်ယောက်သား အချင်းချင်းလှမ်းကြည့်ကြသည်။ မျက်လုံးတွင် အကြောက်တရားရိပ်များ စိုးမိုးနေသည်။

“ထကြဟေ့၊ ကျားနတ်ဆိုးလာပြီ”

အားယွဲ့ အမြန်အော်ဟစ်လိုက်သည်။

အားလုံး အိပ်ပျော်နေရာမှ နိုးလာသည်။ လက်နက်များကို ခပ်တင်းတင်းဆုပ်ကိုင်ထားကြသည်။

အရိပ်တစ်ခု မိုးရေကြားမှ ဖြတ်သန်းလာသည်။ အသွင်သဏ္ဌာန် တဖြေးဖြေး ပိုထင်ရှားလာသည်။ အားလုံး၏အကြောက်တရားလည်း ပိုပြင်းထန်လာသည်။

ကြီးမားသည့် ကျားခေါင်းတစ်ခု မိုးစက်များကြားမှ ထိုးထွက်လာပြီး ဘုံကျောင်းဆီ တရွေ့ရွေ့ချဉ်းကပ်လာသည်။ ကျားခေါင်းမှာအမွှေးများကိုပင် တစ်ပင်ချင်း ထင်ထင်ရှားရှားမြင်နေရသည်။

ကျာနတ်ဆိုး ဘုံကျောင်းထဲသို့ ခန္ဓာကိုယ်အပြည့်ဝင်လာသည်။ လေးမီတာမြင့်သည်။ အားလုံး ကြောက်ချွေးပြန်နေသည်။

ကျားနတ်ဆိုးက နောက်ခြေနှစ်ချောင်းဖြင့် လူသားတစ်ယောက်လိုထရပ်လာသည်။

“အခုဘယ်လိုလုပ်ကြမလဲ လောင်စွန်း”

ချီဝူ တိုးတိုးကပ်ပြောသည်။သူတို့ကိုင်ထားသည့် သစ်သားချောင်းများက ကျားနတ်ဆိုးကို လုံးဝခုခံနိုင်မည်မဟုတ်။

ထိုစဉ် ရုတ်တရက် မုဆိုးလောင်စွန်းက ကျားဆီသို့ တည့်တည့်လျှောက်သွားပြီး ဦးညွှတ်အရိုအသေပြုလိုက်သည်။

“သခင့်စားတော်ပွဲကို သုံးဆောင်ပါ သခင်”

ချီဝူ ဒေါသထွက်သွားသည်။ လောင်စွန်းကို တစ်စစီဆုတ်ဖြဲချင်စိတ် ပေါ်လာသည်။

ဝတ်ရုံစိမ်း မိန်းကလေးသည် သရဲမဟုတ်။ သရဲက သူတို့နှင့်တစ်ချိန်လုံး အတူရှိနေခဲ့သည်။

ကျားနတ်ဆိုး လှောင်ပြုံးပြုံးနေသည်။

“အစကတော့ မင်းတို့ကို ငါမစားချင်ပါဘူး။ သေတဲ့လူများလွန်းရင် အပြင်ဘက်က အာရုံစိုက်လာကြမှာလေ။ ဒါပေမယ့် ငါ့အကြောင်း မသေမျိုးငါးဂိုဏ်းကို သတင်းပေးဖို့ မင်းတို့စီစဉ်နေကြတယ်။ ငါ့ကို ဖိအားပေးတယ်။ မင်းတို့ကို အရှင်မထားနိုင်တော့ဘူး”

ထိုသို့ပြောပြီးနောက် မုဆိုးလောင်စွန်းကို လက်ဖဝါးဖြင့် ဖိလိုက်သည်။

“ပြီးတော့ မင်း...ပါးစပ်သရမ်းတဲ့ကောင်။ ဇာတ်လမ်းတွေ လျှောက်ပြောတယ်။ မင်းကြောင့် ငါအရှုပ်တွေရှင်းနေရတာ။ ငါမင်းကို နောက်တစ်ကြိတ် ထပ်သတ်ချင်စိတ်ပေါက်လာအောင် လုပ်နေတာလား”

လောင်စွမ်း အသနားခံနေသည်။ နောက်တစ်ကြိမ်မလုပ်တော့ပါဟု ကတိပေးသည်။

ကျားနတ်ဆိုး နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။

“ဟိုကျင့်ကြံသူမိန်းမကို မင်းနှင်ထုတ်လိုက်လို့ မင်းအပြစ်တွေ ကျေသွားတယ်မှတ်ပါ။ ဒီတစ်ခါတော့ ငါမင်းကို အပြစ်မပေးတော့ဘူး”

ကျားနတ်ဆိုး သူ့သားကောင်များကို ကစားနေဖို့ စိတ်ကူးမရှိ။ ချီဝူကို သေချာအကဲလျက် ဆာလာင်မှုကို ထိန်းချုပ်နေဟန်ဖြင့် တံတွေးတစ်ချက်မျိုလိုက်သည်။

“ဒီထဲမှာ မင်းက ဉာဏ်အထက်ဆုံးပဲ။ မင်းငါနဲ့ပူးပေါင်းမယ်ဆိုရင် သေခြင်းရှင်ခြင်းမရှိတဲ့ သရဲတစ်ကောင်အဖြစ် ပြောင်းပေးမယ်”

ယခု ချီဝူ အကြောက်အရွံ့မရှိတော့။ မုဆိုးအိုကို လက်ညှိုးထိုး၍ ဟားတိုက်ရယ်လိုက်သည်။

“သူ့လို့ တစ်ခြားလူတွေကို ဒုက္ခပေးနေရမှာထက်စာရင်တော့ အသေပဲခံလိုက်မယ်ကွ”

“စေတနာကို တန်ဖိုးမထားတတ်တဲ့ကောင်ပဲ”

ကျားနတ်ဆိုး ထိုကဲ့သို့ တစ်ခါမှ အစော်ကားမခံခဲ့ရဖူးသဖြင့် ဒေါသထွက်သွားသည်။ သူ့ဟိန်းဟောက်သံကြောင့် ဘုံးကျောင်းခေါင်မိုး ပြိုကျမတတ်တုန်ခါသွားသည်။

နောက်ထပ်သွေးဆောင်စည်းရုံးမနေတော့ဘဲ ပါးစပ်ကိုဖြဲ၍ ကုန်သည်လူစုထံ ခုန်ဝင်သွားသည်။ ချီဝူ စိတ်ဒုံးဒုံးချ၍ မျက်လုံးမှိတ်ထားလိုက်သည်။

ထိုစဉ် ဓားရိပ်တစ်ခု ကျားနတ်ဆိုးနှင့် ချီဝူတို့ကြားတွင် ပေါ်လာသည်။ ဓားရောင်က မနက်ခင်းနေမင်းလို တောက်ပနေသည်။ စူးရှသည့်ဓားအလင်းက ကျားနတ်ဆိုး၏ပါးပြင်ဆီ တိုးဝင်လာသည်။

“ဘယ်သူလဲကွ”

ကျားနတ်ဆိုး ဒေါသတကြီးအော်လိုက်သည်။

“မင်းရဲ့ တောင်တန်းနတ်ဘုရားဘိုးဘေးပေါ့ကွာ”

***************************************************

All Chapters