← Chapters

ဖြောင့်မတ်သူတို့သည် မိမိလက်နက်များကို ကိုယ်ထဲတွင် ဝှက်ထားကြသည်

Vol. 3 Ch. 44

ဖြောင့်မတ်သူတို့သည် မိမိလက်နက်များကို ကိုယ်ထဲတွင် ဝှက်ထားကြသည်

Vol. 3 Ch. 44

ချီဝူတို့လူစု မှင်သက်မိနေကြသည်။ တောင်တန်းနတ်ဘုရားရုပ်ထုက အသက်ဝင်လာသည်။ ဓားတစ်ချောင်းကိုင်၍ နတ်ဆိုးကို တိုက်ထုတ်သည်။

“တောင်တန်းနတ်ဘုရားဝိညာဉ် ဆင်းလာပြီပေါ့”

အားယွဲ့ တအံ့တဩရေရွတ်လိုက်သည်။

ချီဝူ ချက်ချင်း သဘောပေါက်သည်။

“မဟုတ်ဘူး။ နတ်ရုပ်ထဲမှာ လူတစ်ယောက်ဝင်ပုန်းနေတာကွ”

မှန်သည်။ ဓားကိုင်နတ်ဘုရားက နတ်ဆိုးနှင့် တိုက်ခိုက်ချိန်တွင် မြေသားစိုင်များ ကွာကျသွားသည်။ ပုန်းနေသူ၏ မျက်နှာအစစ်ပေါ်လာသည်။

လုယန်။

“သောက်လခွမ်းပဲ။ မင်းကို ငါးရက်တောင် စောင့်ခဲ့ရတာကွ။ အခုတော့ ငါးရက်လုံးလုံး နတ်ရုပ်လိုဟန်ဆောင်ခဲ့ရတာ အလဟဿမဖြစ်တော့ဘူးပေါ့။င ငါ့ဓားစွမ်းကို မြည်းကြည့်စမ်း”

လုယန် ခပ်တင်းတင်းအော်ဟစ်၍ ခုန်ထွက်လာသည်။

သူ့လို ဉာဏ်သွက်ပြီး အငြိမ်မနေတတ်သူအတွက် ကျားနတ်ဆိုးအာရုံမခံနိုင်စေရန် နတ်ရုပ်ထဲတွင် ငါးရက်ကြာ မလှုပ်မယှက်နေရသည့်ဘဝက အလွန်တရာပင်ပန်းလှသည်။

အားလုံး အံ့ဩနေစဉ်မှာပင် စာပေနှင့်သိုင်းပညာနတ်ဘုရားရုပ်ထုများလည်း အသက်ဝင်လာသည်။

“လုယန်၊ ငါတို့မင်းကို ကူပေးမယ်”

မုန်ကျင်းကျိုးနှင့် အရိုးရိုင်းတို့ မြေသားနတ်ရုပ်ခွံထဲမှ ဖောက်ထွက်လာသည်။ ကျားနတ်ဆိုးကိုရင်ဆိုင်ရန် မှော်စွမ်းအားကိုယ်စီ ထုတ်လိုက်ကြသည်။

...................

လွန်ခဲ့သည့်ငါးရက်က ဤဘုံကျောင်းသို့ ဧည့်သည်သုံးယောက် ရောက်လာသည်။ အဆာခံဥပုသ်ဆေးများ သောက်သည်။ နတ်ရုပ်များကို အခေါင်းထွင်း၍ အထဲသို့ဝင်သည်။

နတ်ရုပ်များက သာမန်လူအရွယ်အစားထက် များစွာ ကြီးမားသဖြင့် လူတစ်ယောက် အလွယ်တကူဝင်ပုန်းနိုင်သည်။

“ဒါအလုပ်ဖြစ်မှာ သေချာရဲ့လား”

မုန်ကျင်းကျိုးနှင့် အရိုးရိုင်းတို့ လုယန်ကို သံသယမျက်လုံးများဖြင့် ကြည့်ကြသည်။

“အရိုးရိုင်းပြောတဲ့ အချက်အလက်တွေအရဆို့ ကျားနတ်ဆိုးရောက်အလာကို ဒီထဲမှာဝင်ပုန်းပြီး စောင့်နေဖို့ပဲရှိတယ်။ အထဲကို အရင်ဝင်ကြတာပေါ့”

အရိုးရိုင်းစဉ်းစားသည်။ ကျမ်းစာများထဲမှ “ရိုးဖြောင့်သူတို့သည် မိမိလက်နက်များကို ကိုယ်ထဲတွင်ဝှက်ထားကြသည်” ဆိုသည့်စကားသည် ယခုလိုအဖြစ်ကို ဆိုလိုသလားမသိ။

“..ဟုတ်တယ်၊ ဒါပဲ။ ဒီအဓိပ္ပါယ်ပဲ ဖြစ်ရမယ်။ စာအုပ်တစ်သောင်းဖတ်ပြီးရင် မိုင်တစ်သောင်းခရီးထွက်ရမယ်ဆိုတာ တကယ်မှန်တာပဲ”

အရိုးရိုင်း ဝမ်းသာသွားသည်။ ထိုစကား၏အဓိပ္ပါယ်ကို အစက သူနားမလည်ခဲ့။ လုယန်တို့နှင့် မစ်ရှင်အတူထွက်လာမှ ဉာဏ်အလင်းရခြင်းဖြစ်သည်။

ဆရာသင်ပြသည့်စကား မှန်သည်။ ကောင်းကောင်းသင်ယူနိုင်ဖို့ စံပြအဖော်မွန်တစ်ယောက် အရင်ရှာရမည်။

သုံးယောက်လုံး ရုပ်ထုကိုယ်စီရွေး၍ အထဲသို့ဝင်ကြသည်။ ရုပ်ထုကိုယ်ဟန်အတိုင်း ထိန်း၍နေကြသည်။ မျက်လုံးများသာ ပေါ်နေသည်။

“ဟေး၊ မင်းငါ့ပြောတာ ကြားရလား”

လုယန် စိတ်အတွေးလှိုင်းမှ လှမ်းဆက်သွယ်သည်။

သိစိတ်အာရုံဆက်သွယ်နည်းကို လမ်းတွင် သူတို့လေ့လာခဲ့သည်။ အနီးကပ်ရှိနေလျှင် ဝိညာဉ်စွမ်းအင်မလို။ စိတ်ကိုနည်းနည်း ထိန်းချုပ်တတ်ရုံဖြင့် အလွယ်တကူ ဆက်သွယ်နိုင်သည်။

“ကြားပါတယ်”

မုန်ကျင်းကျိုးနှင့် အရိုးရိုင်းတို့ သံပြိုင်ဖြေသည်။

“ငါ့မြင်းရထားက အဆင်ပြေပါ့မလား”

မုန်ကျင်းကျိုး သူ့မြင်းနှင့် ရထားလုံးအတွက် စိုးရိမ်နေသည်။

ကျားနတ်ဆိုး သတိမထားမိစေရန် မြင်းရထားကို ယန်ကျန်းကောင်တီမှ တည်းခိုခန်းတွင် ထားခဲ့ရသည်။

“ကျားနတ်ဆိုးအကြောင်း ငါတို့သိပ်မသိဘူး။ သေချာတာကတော့ အခြေတည်အစောပိုင်းအဆင့်နဲ့ ရွှေသန္ဓေအဆင့်ကြားမှာပဲ။ ပါးနပ်တယ်။ သတိရှိတယ်။ ကျင့်ကြံသူတွေကိုထိရင် ဒုက္ခရောက်နိုင်တယ်ဆိုတာသိလို့ သေမျိုးတွေကိုပဲ ပစ်မှတ်ထားတယ်။ ကျင့်ကြံသူတွေ တောင်တန်းပေါ် လာရှာရင် သူကပုန်းနေတယ်။ ရှာတွေ့ဖို့မဖြစ်နိုင်ဘူး။ တစ်နည်းပြောရရင် ကျင့်ကြံသူတွေနဲ့ လုံးဝပြဿနာမဖြစ်အောင် ရှောင်နေတာ”

စုန့်တောင်ပေါ်တွင် အချိန်အတော်ကြာ ရှာမရဖြစ်နေခြင်းမှာ ကျားနတ်ဆိုးက ထိပ်တိုက်ရင်မဆိုင်သည့်နည်းကို သုံးခဲ့သောကြောင့်ဖြစ်သည်။

“ငါတို့ ကြိုပုန်းနေပြီး သူပေါ်လာတော့မှ အပြတ်ရှင်းမယ်။ ကျားနတ်ဆိုးက ဝိညာဉ်စွမ်းအင်ကို အာရုံခံနိုင်တယ်။ စောင့်နေတဲ့အချိန်အတွင်း ငါတို့စွမ်းအင်လုံးဝသုံးလို့မဖြစ်ဘူး”

ထို့ကြောင့် အတွေးဆက်သွယ်နည်းကို သုံးကြသည်။

ငါးရက်ကြာပြီးနောက်တွင်

“ဟား၊ ရက်အတော်ကြာအောင်စောင့်ခဲ့ရတာ။ အခု လာလည်တဲ့လူ ရှိပြီပေါ့”

“ကုန်သည်တွေထင်တယ်”

“နေပါဦး၊ ဘာလို့ မုဆိုးအိုတစ်ယောက် ပါလာတာလဲ။ ကျားနတ်ဆိုးကြောင့် မုဆိုးအားလုံး စုန့်တောင်က ထွက်သွားပြီလို့ ပြောကြတယ်မဟုတ်လား”

စုန့်တောင်အကြောင်း သူတို့သေချာစုံစမ်းခဲ့သည်။ မုဆိုးများထွက်သွားပြီမှာကြာပြီဖြစ်ကြောင်း တောကောင်အရေခွံများရောင်းချရန် တောင်အောက်သို့ ဆင်းမလာကြတော့ကြောင်း ဒေသခံများက ပြောသည်။

သို့ဆိုလျှင် ဖြစ်နိုင်စရာတစ်ခုသာရှိသည်။

သရဲ။

သူတို့သုံးယောက် အတွေးဖြင့် ဆက်သွယ်ရင်း ကောက်ချက်ချလိုက်ကြသည်။ ထိုမုဆိုးသည် လမ်းပြမဟုတ်။ ကုန်သည်များကို မျှားခေါ်လာသည့် သရဲတစ်ကောင်သာဖြစ်မည်။

အစက ကျားနတ်ဆိုးရှိမရှိ မသေချာသေး။ ယခု သရဲကို တွေ့နေရသည်ဖြစ်၍ ကျားနတ်ဆိုး ဤတောင်တန်းပေါ် ရှိနေကြောင်း သေချာသွားသည်။

“မုဆိုးအိုပြောတာကြားလား။ သူက တစ်ခြားမုဆိုးတွေနဲ့ အတူနေတာတဲ့။ ကုန်သည်ခေါင်းဆောင်က သူ့ကိုဒီမှာတွေ့တာ။ ဒီတော့ သူလိမ်တာတော့ မဖြစ်နိုင်ဘူး။ ဟိုမုဆိုးတွေလည်း သရဲဖြစ်ကုန်ပြီထင်တယ်။ သာမန်ခရီးသွားတွေကိုလှည့်စားဖို့ သူတို့အကြောင်း ယုံကြည်လောက်အောင်ပြောပြီး သရဲမှန်းမရိပ်မိအောင်လုပ်နေတာဖြစ်မယ်”

“အခု ဒီသရဲကိုရှင်းပစ်ကြမလား”

မုန်ကျင်းကျိုး စိတ်အားထက်သန်နေသည်။

လုယန် မုန်ကျင်းကျိုးကို တားသည်။

“မြွေကိုသွားမခြောက်နဲ့လေ။ မသေမျိုးဂိုဏ်းငါးဂိုဏ်းကနေ အကူအညီတောင်းမယ်လို့ ချီဝူပြောနေတယ်မဟုတ်လား။ ကျားနတ်ဆိုးရဲ့ အကင်းပါးပုံမျိုးနဲ့ဆို ဒီလူတွေကို သူသေချာပေါက် လာရှင်းပစ်မှာသေချာတယ်။ စောင့်သေးတာပေါ့။ ကျားနတ်ဆိုးလာရင် ငါလှုပ်ရှားမယ်။ မင်းတို့က ကူပေး။ ဒီကုန်သည်တွေကိုလည်း ဒီထဲကနေ ကယ်ထုတ်ရမယ်”

“ကောင်းပြီလေ”

“ဘုံကျောင်းအပြင်က ခြေသံတွေ မင်းတို့ကြားလား။ ကျားနတ်ဆိုးတော့မဟုတ်လောက်ဘူး”

ဝတ်ရုံစိမ်းနှင့် မိန်းကလေး‌ရောက်လာသည်။ ချီဝူနှင့် မုဆိုးအိုက နှင်ထုတ်ကြသည်။

“တုံးလိုက်တဲ့လူ၊ မိန်းကလေးကျင့်ကြံသူရှိနေရင် ကျားနတ်ဆိုးက သူတို့ကို လာသတ်ရဲမှာမဟုတ်ဘူး။ ဒီကျားက သူရှိနေမှန်းသိသွားမှာကို ကြောက်တယ်။ မိန်းကလေးကိုသတ်ရင် သူ့နောက်ခံဂိုဏ်းက လက်စားလာချေမှာ။ မသတ်ရင်ရင်လည်း သူတို့ဂိုဏ်းက ဒီကိုရောက်လာမှာပဲ။ လွတ်လမ်းလုံးဝမရှိဘူး။ ......အင်း...ဒါကြောင့်လည်း မုဆိုးက နှင်ထုတ်တာဖြစ်မှာပါလေ”

အရိုးရိုင်းက ပြောသည်။

“ဟုတ်တယ်။ သရဲက သူ့ကိုနှင်ထုတ်ရမှာပေါ့”

မုန်ကျင်းကျိုး ထောက်ခံသည်။

“အဲလိုမတွေးနဲ့လေ၊ ဒီမိန်းကလေး ဒီမှာရှိနေရင် ကျားနတ်ဆိုးက ပေါ်လာမှာမဟုတ်ဘူး။ ငါတို့ဘယ်လောက်ကြာအောင်စောင့်နေရဦးမယ်မသိဘူး”

ထိုစဉ် မုန်ကျင်းကျိုးက တအံ့တဩလေသံဖြင့်

“မိန်းကလေးရဲ့ခါးမှာဆွဲထားတဲ့ ကျောက်စိမ်းပြားကို မြင်ကြလား”

“အဲဒါဘာလဲ”

လုယန်နှင့် မုန်ကျင်းကျိုးတို့ ကျောက်စိမ်းပြားအတော်များများ ခွဲခြားသိသည်။ သို့သော် ဤတစ်ခုကို သေချာမသိ။

“သံလွင်မသေမျိုးနန်းတော်ရဲ့ ကျောက်စိမ်းတံဆိပ်ပဲ”

သံလွင်(**)မသေမျိုးနန်းတော်သည် မသေမျိုးဂိုဏ်းငါးဂိုဏ်းတွင် တစ်ဂိုဏ်းအပါအဝင်ဖြစ်သည်။

(**ရှေးခေတ်အိုလံပစ်ကစားပွဲများတွင် အနိုင်ရသူကို ဦးခေါင်းတွင် လော်ရယ်ဟုခေါ်သည့်အပင်တစ်မျိုး၏ သစ်ရွက်သရဖူကို ဆောင်းပေးသည်။ အောင်မြင့်မှုအထိန်းအမှတ်ဖြစ်သည်။ သံလွင်ခက်သရဖူဟုခေါ်ကြောင်း မှတ်သားဖူးပါသည်)

လယ်ပိုင်းတိုက်နယ်နှင့် မြောက်ပိုင်းကြားတွင် အရှေ့အနောက် ဆန့်ထွက်တည်ရှိနေသည့် နှင်းဖုံးတောင်တန်းတစ်ခု ရှိသည်။ တစ်နှစ်ပတ်လုံး နှင်းများဖုံးလွှမ်းနေသည်။ နေရာင်ခြည်ကို မြင်ရခဲသည်။ အလယ်ပိုင်းတိုက်နယ်တွင် အမြင့်ဆုံး၊ လနှင့်အနီးဆုံးတောင်တန်းဟု နာမည်ကျော်သည်။

တောင်တန်းပေါ်တွင် ခမ်းနားသည့်မသေမျိုးနန်းတော်တစ်ခုရှိသည်။ သံလွင်မသေမျိုးနန်းတော်ပင်ဖြစ်သည်။

“သူက အခြေတည်အဆင့်ဖြစ်လောက်တယ်။ ကျားနတ်ဆိုးကို ငါတို့တိုက်ခိုက်တဲ့အခါ သူသတိထားမိအောင် တတ်နိုင်သမျှ အသံကျယ်ကျယ်ထွက်အောင် တိုက်ခိုက်ရမယ်။ သူလာကူညီမလားကြည့်ကြတာပေါ့”

ထိုမိန်းကလေးသည် ရွှေသန္ဓေအဆင့်မဟုတ်နိုင်။ ရွှေသန္ဓေအဆင့်ဆိုလျှင် မုဆိုးအိုကို သရဲတစ်ကောင်မှန်း ချက်ချင်းသိလိမ့်မည်။

ခဏကြာပြီးနောက် ချီဝူတို့အဖွဲ့ အိပ်မောကျသွားသည်။ သူတို့ငြိမ်းချမ်းစွာ အနားယူနေရသည်ကိုကြည့်၍ လုယန်တို့ မနာလိုဖြစ်မိကြသည်။

အရိုးရိုင်းက အိပ်ချင်ပြေစေရန် သူတော်စင်အဆိုအမိန့်များကို ရွတ်ဆိုနေသည်။

“သူတော်စင်ကပြောတယ်။ “တစ်နေ့လျှင် ကျွန်ုပ်ကိုယ့်ကိုယ်ကို သုံးကြိမ်စစ်ဆေး၏။ အိပ်ချင်နေသလား။ ကျွန်ုပ်မအိပ်ချင်ပါ။ အိပ်ချင်နေသလား။ ကျွန်ုပ် မအိပ်ချင်ပါ...”

“အသံမထွက်ဘဲ ရွတ်စမ်း။ မင်းကျမ်းစာရွတ်မှ ငါပိုအိပ်ချင်လာတယ်ကွ”

မုန်ကျင်းကျိုး အရိုးရိုင်းကို အသံတိတ်ရွတ်ဆိုရန် ပြောသည်။ သူလည်း သမ်းဝေးနေသည်။

“ဒါပေမယ့် ငါအသံတိတ်ရွတ်နေတာပဲလေ”

မှန်၏။ စိတ်ချင်းဆက်သွယ်နည်းသုံးနေသဖြင့် အရိုးရိုင်း စိတ်ထဲမှရွတ်နေသည်ကို မုန်ကျင်းကျိုး ကြားနေရခြင်းဖြစ်သည်။

“သေချာနားထောင်ကြည့်စမ်း”

သူတို့နှစ်ယောက် ရန်ဖြစ်နေသည်ကိုအရေးမစိုက်ဘဲ လုယန် လှမ်းသတိပေးလိုက်သည်။

“မြက်ခင်းပေါ် လျှောက်လာတဲ့ ခြေသံကြားတယ်။...ကျားနတ်ဆိုး ရောက်လာပြီ”

မုန်ကျင်းကျိုးတို့ စကားများနေသည်ကိုရပ်၍ တိုက်ခိုက်ရန် အသင့်ပြင်ထားကြသည်။

“ဒီသားရဲကောင် နောက်ဆုံးတော့ ပေါ်လာပြီပေါ့”

လုယန် စွမ်းအင်ရောင်ကို ဖုံးကွယ်မထားတော့။ သူ့ခန္ဓာကိုယ် လှုပ်ရှားလာပြီး နတ်ဘုရားရုပ်ထု အစိတ်စိတ်အမွှာမွှာ ကြေမွသွားသည်။ ဓားစိမ်းမှ တောက်ပသည့်ဓားအလင်းများ ဘုံကျောင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

****************************************************

All Chapters