← Chapters

ဂျုံမုန့်ချောင်းလက်နက်

Vol. 3 Ch. 45

ဂျုံမုန့်ချောင်းလက်နက်

Vol. 3 Ch. 45

လုယန် ဓားကိုလက်တစ်ဘက်ဖြင့် ကိုင်ထားပြီး ကျန်တစ်ဘက်က ချီဝူကိုဆွဲ၍ နောက်ဘက်သို့ လွှင့်ပစ်လိုက်သည်။

“နောက်ဘက်တံခါးဆီ ပြေးတော့”

ချီဝူ နောက်ဘက်သို့ သုံးလေးမီတာခန့် လွင့်ထွက်သွားသည်။ သို့သော် မြေပြင်ပေါ်ကျခါနီးတွင် မမြင်နိုင်သည့် စွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်ကို ထိန်းထားသည်။ မတ်တပ်ရပ်လျက်သား တည်ငြိမ်စွာကျလာသည်။

“ကျုပ်ကိုကယ်တင်ခဲ့တာ ကျေးဇူးတင်ပါတယ် မသေမျိုးသခင်”

သူတုံ့ဆိုင်းမနေတော့ဘဲ အားယွဲ့တို့နှင့်အတူ ဘုံကျောင်းအပြင်ဘက်သို့ ပြေးထွက်သွားသည်။

လုယန်နှင့်ကျားနတ်ဆိုးတို့၏ ကျင့်စဉ်အဆင့်ကို သူသေချာမသိ။ ကျင့်ကြံသူများတိုက်ခိုက်လျှင် မည်သည့်ရလာဒ်ထွက်လာသည်ဖြစ်စေ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုတော့ ရှိသည်။ သေမျိုးခန္ဓာကိုယ်များ ထိုသက်ရောက်မှုခံရလျှင် တစ်သက်လုံး ဒုက္ခိတဘဝဖြင့် နေသွားရနိုင်သည်။ သို့မဟုတ် သေသွားနိုင်သည်။

ကျားနတ်ဆိုး၏အမွှေးများ ထောင်ထလာသည်။ နဖူးမှ “ဘုရင်”ဟူသည့် စာလုံးက အ‌ရောင်တောက်လာသည်။ လုယန်ကို တစ်စစီကိုက်ဖြတ်ပစ်ရန် အသင့်ပြင်ထားသည်။

“ငါတို့မင်းကို ကူမယ်”

တစ်ခြားနတ်ဘုရားရုပ်ထုနှစ်ခုလည်း အသံထွက်လာသည်။ စာအုပ်ကိုင်ထားသည့် နတ်ရုပ်မှ တော်ဝင်ချီများ ထွက်လာသည်။ မဖျက်ဆီးနိုင်သည့် ရွှေခန္ဓာပိုင်ရှင် စွမ်းအားမြင့်ဘုန်းကြီးတစ်ပါးနှင့် တူသည်။

လက်ထဲမှစာအုပ်က ပေါ့လွန်းနေသလို အရိုင်းရိုင်း ခံစားရသည်။ ထိုစာအုပ်ကိုသိမ်းပြီး “ရှားနိုင်ငံအဘိဓာန်” မိတ္တူစာအုပ်ကြီးနှစ်အုပ် အင်္ကျီရင်ဘတ်ထဲမှ ထုတ်လိုက်သည်။

“အဲဒါမှ အဆင်ပြေတာ”

အရိုင်းမျိုးနွယ်သည် စစ်သည်တော်များဖြစ်ပြီး အသုံးပြုသည့်လက်နက် အထူးတလည်ရွေးချယ်စရာမလိုဟု ငယ်ကတည်းက သူသင်ယူခဲ့ရသည်။ ဘယ်ပစ္စည်းမဆို လက်နက်အဖြစ်သုံးနိုင်သည်။ အဆင်ပြေရာ သုံးနိုင်သည်။

ယခု သူ့အတွက် အဆင်ပြေဆုံးပစ္စည်းက စာအုပ်ဖြစ်သည်။

“အသိပညာဆိုတာ စွမ်းအားပဲ”

စာအုပ်နှစ်အုပ်ကို အုတ်ခဲများကဲ့သို့ ဆုပ်ကိုင်၍ ကျားနတ်ဆိုးနဖူးပြင်ကို ထုရိုက်သည်။ ကျားနတ်ဆိုး မင်သက်မိသွားသည်။ ထိုလက်နက်မျိုး သူတစ်ခါမှမမြင်ဖူး။

မုန်ကျင်းကျိုးက ဘာလက်နက်မှမလို။ သူ့ခန္ဓာကိုယ်သည် အကောင်းဆုံးလက်နက်ဖြစ်သည်။ ရွှေကိုယ်ထည်အသွင်ပြောင်း၍ ကျားနတ်ဆိုးဆီ ပြေးဝင်သွားသည်။ ကျားနတ်ဆိုးနောက်မှ မုဆိုးသရဲ စူးရှစွာအော်ဟစ်ရင်း မီးခိုးငွေ့အဖြစ် အသွင်ပြောင်းသွားသည်။

သန့်စင်ယန်ဝိညာဉ်မြစ်သည် သရဲများအပေါ် ပို၍အကျိုးသက်ရောက်မှုရှိသည်။

ထိတ်လန့်ကြောက်ရွံ့နေသဖြင့် သရဲမုဆိုးက ကျားနတ်ဆိုးအမိန့်ကို မနာခံတော့ဘဲ ဘုံကျောင်းထဲအပြင်သို့ ထွက်ပြေးသွားပြီး မိုးရေများကြား ပျောက်ကွယ်သွားလေသည်။

ကျားနတ်ဆိုး ယနေ့လောက် တစ်ခါမှ ဒေါသမထွက်ခဲ့ဖူး။

ကျင့်ကြံသူများနှင့် ပြဿနာမဖြစ်ချင်သော်လည်း ကြောက်လန့်နေသည်တော့မဟုတ်။ ထိုကဲ့သို့ မသိနားမလည်သည့် လူသစ်လေးများကို အလွယ်တကူ တစ်စစီဆုတ်ဖြဲ၍ ဘယ်သူမှ ရှာမတွေ့နိုင်သည့် တစ်ခြားတစ်နေရာသို့ သူထွက်ပြေးနိုင်သည်။

စုန့်တောင်တန်းလို ဖုန်းရွှေရတနာမြေကို စွန့်ခွာရသည်က နှမျောစရာတော့ကောင်းသည်။

ဆုံးဖြတ်ချက်ချပြီးနောက် ကျားနတ်ဆိုး လုံးဝမညှာတော့။ အမြီးကို လုယန်ဆီ ဝှေ့ယမ်းလိုက်သည်။ လေထဲတွင် ဝှီးခနဲမြည်သွားသည်။ လုယန်ရင်ဆိုင်တိုက်ခိုက်လျှင် သေချာပေါက် ဒဏ်ရာအပြင်းအထန် ရပေလိမ့်မည်။ လုယန် စက္ကန့်ပိုင်းအတွင်း ဆုံးဖြတ်ချက်ချ၍ ဓားကိုသိမ်းပြီး ခုန်ဆုတ်သည်။ ကျားမြီးက မြေပြင်ပေါ် ပြင်းထန်စွာ ကျလာသည်။ ဘုံကျောင်းတစ်ခုလုံး တုန်ခါသွားသည်။

သုံးယောက်လုံး မျက်နှာပျက်သွားကြသည်။

“ဒီကျားက ရွှေသန္ဓေပုံရိပ် ဖန်တီးပြီးပြီပဲ”

ရွှေသန္ဓေအဆင့်ရောက်လျှင် ရွှေသန္ဓေအစစ်တစ်ခု ရလာသည်။ အဆင့်မတက်မီ ရွှေသန္ဓေပုံရိပ် အရင်ပေါ်လာသည်။ အခြေတည်အဆင့် ပြည့်စုံသည့် အနေအထားဖြစ်သည်

ကျားနတ်ဆိုး၏က ပုံရိပ်ဖန်တီးထားသည့်အဆင့်ဖြစ်သည်။ သူ့စွမ်းအားက သာမန်မဟုတ်တော့။

“ငါက ရွှေသန္ဓေပုံရိပ်အဆင့် ကျင့်ကြံသူပဲ။ အခြေတည်အဆင့်ပဲရှိတဲ့ မင်းတို့လိုကောင်လေးတွေက ငါ့ကိုတိုက်ခိုက်ရဲတယ်ပေါ့”

“ရွှေသန္ဓေပုံရိပ်အဆင့်တဲ့လား”

လုယန် မုန်ကျင်းကျိုးကို လှမ်းကြည့်သည်။ ထိုအခေါ်အဝေါ်မျိုး သတစ်ခါမှ မကြားဖူး။

မုန်ကျင်းကျိုးက နားလည်လွယ်မည့် စကားလုံးဖြင့် ရှင်းပြသည်။

“ရွှေသန္ဓမတည်ဆောက်နိုင်သေးဘဲ ကိုယ့်ကိုယ်ကို အထင်ကြီးနေတဲ့လူတွေရဲ့ အသုံးအနှုန်းပါကွာ။ အခြေတည်အဆင့်မှာပဲရှိပေမယ့် ရွှေသန္ဓေအဆင့်ကို ရောက်ချင်ဇောနဲ့ သတ်မှတ်ထားတဲ့ အဆင့်ပေါ့။ ရွှေသန္ဓေကျင့်ကြံသူအစစ်တွေက သူတို့ကို မျက်လုံးထဲတောင် မထည့်ပါဘူး။ အတော်သနားစရာ‌ကောင်းပါတယ်”

သဘောကောင်းသည့် အရိုးရိုင်းကလည်း ထပ်ပြောသည်။

“အကိုလုမသိတာလည်း မဆန်းပါဘူး။ ငါတို့ ဂိုဏ်းအကြီးအကဲတွေက ဒီအသုံးအနှုန်းကို စက်ဆုပ်ကြတယ်လေ။ ရွှေသန္ဓေတည်ဆောက်တာက ပုံရိပ်အဆင့်ကနေ အစစ်အမှန်ကို ပြောင်းဖို့မလိုဘူး။ အဆင့်မမီတဲ့လူတွေပဲ ဒါမျိုးလုပ်ရတာ။ ဂိုဏ်းဝင်တွေကျတော့ သန္ဓေအစစ်ကို တိုက်ရိုက်တည်ဆောက်တာပါ။

“တကယ်သနားစရာပါလား”

ရိုးသားသည့်လုယန်ကလည်း စိတ်မကောင်းဟန်ဖြင့် ပြောသည်။

ကျားနတ်ဆိုး ပို၍ဒေါသထွက်သွားသည်။ မျက်လုံးများ သွေးနီရောင်သန်းလာသည်။ သူဂုဏ်ယူရသည့် ကျင့်စဉ်စွမ်းအားကို လူငယ်သုံးယောက်က အထင်သေးအမြင်သေး ပြောနေသည်။

ပိုဆိုးသည်က သနားကရုဏာသက်သည့် လေသံမျိုးဖြင့် ပြောနေခြင်းဖြစ်သည်။

ကျားနတ်ဆိုး စွမ်းအင်ဖိအားကို ထုတ်လွှတ်လိုက်သည်။ ထိုသုံးယောက်ကို နှိပ်ကွပ်ရန် ကြိုးသားသည်။

သို့သော် အံ့ဩစရာကောင်းသည်။ သူ့ဖိအားက လူသုံးယောက်အပေါ် သက်ရောက်မှုမရှိ။ လုယန်နှင့်မုန်ကျင်းကျိုးက မခိုးမခန့် နှာခေါင်းရှုံ့၍ပင် နေကြသေးသည်။

“ရှေးနဂါးသွေးဆက်ပါတဲ့ နတ်ဝိညာဉ်အဆင့် မဟာနတ်ဆိုးရဲ့ ဖိအားကိုတောင် ငါတို့ခုခံလာတာပါ။ မင်းရဲ့စွမ်းအင်ရောင်လောက်နဲ့ ဘယ်လိုဖိနှိပ်နိုင်မှာလဲ”

အရိုရိုင်းလည်း ရှေးဟောင်းအရိုင်းမျိုးဆက်သွေးပါသူဖြစ်၍ စွမ်းအင်ဖိအားကိုမကြောက်။ အရိုင်းမျိုးနွယ်တို့သည် ဘာကိုမှ ကြောက်ရွံ့တတ်သူမဟုတ်။

အရိုင်းဆန်သည့်စိတ်ဓာတ်မျိုးရှိသည်။

လူသားဟန်ပန်ဖြင့် ခြေနှစ်ချောင်းရပ်နေရာမှ ကျားနတ်ဆိုး ပုံစံပြောင်းလိုက်သည်။ ရှေ့လက်နှစ်ချောင်း မြေပေါ်ကျသွားသည်။ မေးရိုးကို မြေပြင်နှင့်ကပ်၍ လုယန်တို့သုံးယောက်ကို စိုက်ကြည့်နေသည်။

“ဘုန်း”

နောက်ခြေနှစ်ချောင်းကို အားကုန်ကန်ထုတ်လိုက်သည်။ ရှေ့သို့ အရှိန်ပြင်းစွာ ခုန်ဝင်သွားသည်။ လုယန်က ဓားဖြင့် ကျားလက်သည်းကုတ်ချက်ကို အမြန်ကာကွယ်သည်။

ထို့နောက် ခန္ဓာကိုယ်တစ်ပတ်လှည့်၍ ခုန်ဆုတ်သည်။ ကျားနတ်ဆိုး၏ လက်သည်းချက်အားလှိုင်း လျော့ပါးသွားသည်။

အရေပြားသရဲကို ရင်ဆိုင်ရသည်နှင့်မတူ။ အရေပြားသရဲက လှည့်စားမှုကိုသာ အဓိကထားသည်။ တိုက်ခိုက်အား သိပ်မကောင်း။ ထို့ကြောင့် သူ့သရုပ်မှန်ကိုသိသည်နှင့် အလွယ်တကူ အနိုင်ယူနိုင်သည်။

ကျားနတ်ဆိုးက ထိုသို့မဟုတ်။ နတ်ဆိုးများသည် ရုပ်ခန္ဓာစွမ်းအား အားကောင်းသည်။ ကျားနတ်ဆိုး၏ ကျင့်စည်စွမ်းအားကလည်း သုံးယောက်လုံးထက် အဆင့်ကြီးတစ်ဆင့်နီးပါး ပိုမြင့်သည်။ လုယန် သူ့တိုက်ခိုက်မှုကို ဒဏ်ရာမရအောင် ကာကွယ်နိုင်သည်ကပင် ချီးကျူးစရာကောင်းနေသည်။

မုန်ကျင်းကျိုးနှင့် အရိုးရိုင်းတို့က ဘေးမှညှပ်တိုက်ကြသည်။ ကျားနတ်ဆိုး၏ သွေးစွမ်းအင်ရောင်များ တောက်ပလာသည်။ လေပြင်းတစ်ခုအသွင်ဖြင့် သူတို့ဦးခေါင်ထက်သို့ ပျံတက်ပြီး ပြင်းထန်စွာ ရိုက်ချသည်။

တိမ်များက နဂါးနောက်သို့လိုက်သည်။ လေပြင်းက ကျားနောက်လိုက်သည်။ ကျားနတ်ဆိုးတို့သည် ပင်ကိုယ်ဗီဇစွမ်းရည်အရ လေပြင်းကို ထိန်းချုပ်နိုင်ကြသည်။ သူတို့သွေးဆက်၏ ထူးခြားသည့် ပါရမီစွမ်းရည်ဖြစ်သည်။

မုန်ကျင်းကျိုး လေထဲတွင် ကုတ်အားမရှိသဖြင့် ကျားလက်ဝါးနှင့် ရင်ဆိုင်ရသည်။ အရိုးရိုင်းက ရင်ဘတ်ကို စာအုပ်ဖြင့်ကာကွယ်သည်။ စားအုပ်တစ်ခြမ်းက ကျားလက်သည်းချက်ကြောင့် ပြတ်ထွက်သွားသည်။

လုယန် အခွင့်အရေးကို လက်လွတ်မခံဘဲ ဓားဖြင့် ထိုးလိုက်သည်။ ဓားဦးက လျှပ်စီးရိပ်ကဲ့သို့ ကျားနတ်ဆိုးဆီ ချက်ချင်းတိုးဝင်သွားသည်။ လေးငါးကြိမ် ဓားဖြင့်ထိုးသည်။ သို့သော် ကျားနတ်ဆိုး၏ ထူထဲသည့်အမွှေးများကို သူ့ဓားက မထိုးဖောက်နိုင်ပေ။

ကျားနတ်ဆိုး လုယန်ကို လှောင်ရယ်ရန် ပြင်လိုက်သည်။ ထိုစဉ် လုယန်ဓားဖြင့်ထိုးခဲ့သည့်နေရာမှ ဓားစွမ်းအင်အလင်းများ ထိုးထွက်လာသည်။ ထို့နောက် သွေးများဒလဟော စီးကျလာလေသည်။

လျှို့ဝှက်ဓားစွမ်းအင်။

ဓားဖြင့် ခန္ဓာကိုယ်ကို ထိုးဖောက်နိုင်ဖို့ မလို။ လုယန်၏ ရည်ရွယ်ချက် ဓားစွမ်းအင်များ ထိုးသွင်းဖို့သာဖြစ်သည်။

ထိုအချက်သည် နတ်ဆိုးသားရဲများ ခန္ဓာကျင့်ကြံသူများကို လိုက်မမီသည့် အချက်ဖြစ်သည်။ နတ်ဆိုးသားရဲတို့ အပြင်ပိုင်းခန္ဓာကိုယ်သည် မာကျောပါသည်။ သို့သော် အတွင်းအင်္ဂါနှင့်သွေးများက အလွန်တရာအားနည်းသည်။

ကျားနတ်ဆိုး နောက်ဆုတ်သွားသည်။ လုယန်၏ ဓားချက်ကို နောက်ထပ် ထိပ်တိုက်ရင်မဆိုင်တော့။

သို့သော် လုယန် အလွတ်မပေး။ ကျားနတ်ဆိုးက သူ့ညာလက်မှ ဓားခုတ်ချက်ကိုရှောင်သည်။ သို့သော် လုယန်က ဘယ်လက်မှ ဂျုံမုန့်ချောင်းတစ်ခုထုတ်ပြီး ကျားဦးခေါင်းကို ရိုက်လိုက်သည်။

ကျားနတ်ဆိုး ရှောင်ရန်ပြင်သည်။ သို့သော် မုန့်ချောင်းတစ်ခုဖြစ်နေသည် တွေ့လိုက်ရသဖြင့် သိပ်အရေးမစိုက်ဘဲ ကလေးတစ်ယောက်လို တွေ့ကရာပစ္စည်းသုံး၍ တိုက်ခိုက်နေသည့် လုယန်၏လုပ်ရပ်ကို လှောင်ရယ်လိုက်သည်။

ထို့နောက်တွင် သူမင်သက်မိသွားသည်။

ဘယ်လိုမုန့်ချောင်းမျိုးမှန်းမသိ။

ကျားနတ်ဆိုးငေးကြောင်သွားသည့် စက္ကန့်ပိုင်းအချိန်ကို အခွင့်ကောင်းယူ၍ မုန်ကျင်းကျိုးက ခါးပိုင်းနေရာကို နွားသိုးတစ်ကောင်လို ပြေးတိုက်သည်။ ကျားနတ်ဆိုးသည် ပါးနပ်၍ အတွေ့အကြုံရှိသယောင် ထင်ရသော်လည်း ဟာကွက်များပြည့်နေသည်။

ထိပ်တိုက်ရင်ဆိုင်မတိုက်ခိုက်သည့်စည်းမျဉ်းကို သူလက်ကိုထားခဲ့သည်။ တိုက်ခိုက်သည်ထက် ရှောင်တိမ်းခြင်းကို ပိုဦးစားပေးခဲ့သည်။ သူ့ကျင့်ကြံမှု သက်တမ်းတစ်လျှောက် တိုက်ခိုက်ရသည့်အဖြစ်မျိုး မရှိသလောက်ရှားသည်။

ကျားနတ်ဆိုး ခြေလှမ်းရိုင်သွားသည်။ အရိုးရိုင်းက မျက်လုံးကို ဦးတည်တိုက်ခိုက်သည်။ ကျားနတ်ဆိုး ခေါင်းကို အမြန်လှည့်လိုက်သဖြင့် အရိုးရိုင်း၏ ရိုက်ချက်က သူ့ပါးပေါ်ကျလာသည်။ အမွှေးများ အကွက်လိုက် ကျွတ်ထွက်သွားသည်။

ကျားနတ်ဆိုး အမြီးဖြင့် ချက်ချင်းပြန်ရိုက်သည်။ အရိုးရိုင်း ကျင်လည်စွာ ရှောင်တိမ်းလိုက်သဖြင့် ဒဏ်ရာရမသွား။

လုယန် ဓားဖြင့် လေးငါးချက် ဆက်ထိုးသည်။ ဂျုံမုန့်ချောင်းဖြင့်လည်း သုံးလေးချက်ဆင့်ရိုက်သည်။ ကျားနတ်ဆိုး နောက်သို့ ဆုတ်ပြီးရင်းဆုတ်နေရသည်။

လုယန်တို့ဘက်မှ အသာစီးရလာသည်။

ကျားနတ်ဆိုး သဘောပေါက်သွားသည်။ ထိုလူသုံးယောက်သည် အသက်ငယ်ပြီး ကျင့်စဉ်အဆင့်သိပ်မမြင့်သော်လည်း စွမ်းအားအခြေခံခိုင်မာသည်။ အင်အားကြီးနောက်ခံအဖွဲ့အစည်း ရှိကြသည်မှာ သေချာနေသည်။ ထို့ကြောင့် နောက်ဆုတ်ပြေးဖို့ စတင်စဉ်းစားမိလာသည်။

လုယန်တို့ကလည်း အလွတ်မပေးနိုင်။ ယနေ့လွှတ်ပေးလိုက်လျှင် မနက်ဖြန် ကျားနတ်ဆိုးက ပြန်ဒုက္ခပေးလာနိုင်သည်။

လုံးဝအလွတ်မပေးနိုင်။

“ငါ့ကို ဒီလောက်ထိ ဖိအားမပေးနဲ့ကွ”

ကျားနတ်ဆိုး ဒေါသအိုးပေါက်ကွဲသွား။ လုယန်တို့သုံးယောက် ပို၍အားတက်လာသည်။

ကျားနတ်ဆိုး၏မျက်လုံးများ ပြူးကျယ်သွားသည်။ နောက်ဆုံးအားကိုးရာအဖြစ် ဘုံကျောင်းအဝင်တံခါးဆီ လှည့်ကြည့်၍ အော်ဟစ်လိုက်သည်။

“မိန်းမ၊ သူတို့က ငါ့ကိုသတ်တော့မယ်ကွ”

******************************************************

All Chapters