ကျွဲရိုင်းဆယ်ကောာင်အားဆေး
Vol. 4 Ch. 46
သူတို့သုံးယောက် မင်သက်မိနေစဉ် မိုးရေကြားမှ သစ်ပင်လဲကျသံများကြားရသည်။ တစ်စုံတစ်ခု မိုးရေကိုဖြတ်၍ အတင်းတိုးဝှေ့လာသည့် အသံမျိုးဖြစ်သည်။
“ဘုန်း”
ကြီးမားလေးလံသည့်အရာတစ်ခု အရှိန်ပြင်းပြင်းဖြင့် ဘုံကျောင်းနံရံကို တိုက်ရိုက်ထိုးခွဲ၍ ဝင်လာသည်။ ဘုံကျောင်းတစ်ခုလုံး ပြိုကျတော့မလို ဖြစ်သွားသည်။
မူလကျားနတ်ဆိုးထက် အရွယ်အစား နည်းနည်းပိုသေးငယ်သည့် ရောင်စုံကျားရဲတစ်ကောင် လုယန်တို့သုံးယောက်ရှေ့တွင် ရပ်နေသည်။ အရွယ်အစားငယ်သော်လည်း ပို၍ကြမ်းတမ်းရက်စက်ပုံရသည်။
တောင်တန်းပေါ်တွင် ကျားထီးကျားမနှစ်ကောင် ရှိနေသည်။
ဘယ်သူမှ ထင်မှတ်မထားသည့်ကိစ္စ။
စုန့်တောင်တန်းမှ သားရဲများအကြောင်း သိပ်မသိကြ။ ထိုကျားရဲနှစ်ကောင်ကို မဆိုထားနှင့်။ ဤတောင်တန်းပေါ်တွင် နတ်ဆိုးမျိုးနွယ်တစ်ခုခု ပုန်းအောင်းနေထိုင်ခဲ့လျှင်ပင် သိကြမည်မထင်။
“မိန်းမ၊ အတူပေါင်းတိုက်ကြမယ်”
ကျားထီးက ပြောသည်။ သူ့ထက် နည်းနည်းသာစွမ်းအားပိုနိမ့်သည့် အခြေတည်အဆင့်ကျားမ ရောက်လာသဖြင့် လူသားသုံးယောက်ကို ရင်ဆိုင်ဖို့ ယုံကြည်ချက်ပိုရှိလာသည်။
“အသုံးကိုမကျဘူး”
ကျားမက ဆူပူငေါက်ငမ်းလိုက်သည်။ ကျားထီး ရှက်သွားသည်။
ကျားနှစ်ကောင်ဖြစ်လာသဖြင့် လုယန်တို့သုံးယောက် အကြပ်ရိုက်သွားကြသည်။
“ဓားကိုင်တဲ့ကောင်ကို တိုက်မယ်။ ဒီကောင်က ရင်ဆိုင်ရအခက်ဆုံးပဲ”
ကျားထီနတ်ဆိုး မကျေမချမ်းလေသံဖြင့် ပြောသည်။
သူ့စကားကြောင့် မုန်ကျင်းကျိုး မကျေမနပ်ဖြစ်သွားသည်။ စော်ကားခံရသလို ထင်မိသည်။
“မင်းဘာစကားပြောတာလဲကွ။ ငါက သူ့ထက်ပိုညံ့တယ်ပေါ့။ မင်းက နတ်ဆိုးမို့ ခွဲခြားသုံးသပ်နိုင်စွမ်းလေး နည်းနည်းရှိမယ်ထင်ထားတာ။ အခုတော့ မိန်းမကို ကြောက်ရတဲ့အပြင် ရန်သူရဲ့စွမ်းအားကိုလည်း အကဲမဖြတ်တတ်ဘူးပဲ။ ဒါနဲ့များ ကိုယ့်ကိုယ်ကို တောင်တန်းဘုရင်လို့ ပြောရဲသေးတယ်။ ငါ့ရဲ့ရွှေခန္ဓာကို ကြည့်စမ်းပါ။ ငါနဲ့အဆင့်တူတွေထဲမှာ ဘယ်သူမှမယှဉ်နိုင်လောက်အောင် မာကျောတယ်။ ငါ့ခန္ဓာကိုယ်ကို မင်းဖျက်ဆီးနိုင်လို့လား...”
ကျားထီး ခဏရပ်သွားသည်။
“ဒီရွှေခန္ဓာကောင်ကို အရင်တိုက်ခိုက်မယ်။ ဒီကောင်က စိတ်ရှုပ်စရာအကောင်းဆုံးပဲ”
ကျားနှစ်ကောင် အတူဝင်တိုက်ကြသည်။ မုန်ကျင်းကျိုးလွင့်ထွက်သွားပြီး နံရံကိုတိုက်မိသည်။
ကျားနတ်ဆိုးများ မျက်မှောင်ကျုံ့သွားသည်။ သူတို့လက်ဝါးချက်များ၏ အထိအတွေ့က နည်းနည်းမူမမှန်ဟု ခံစားရသည်။
မုန်ကျင်းကျိုးရင်ဘတ်နေရာတွင် နှမ်းပျစ်ဘန်းမုန့်တစ်ခု ပေါ်လာသည်။ လေးစိပ်ကွဲနေသည်။ တစ်စိတ်က မရှိတော့။ မုန်ကျင်းကျိုးကိုယ်တိုင် စားလိုက်ခြင်းဖြစ်သည်။
အရိုးသားဆုံးပြောရလျှင် အရသာအတော်ကောင်းသည်။
မုန်ကျင်းကျိုး တန်ပြန်တိုက်စစ်ဆင်ရန် ပြင်နေစဉ် အစိမ်းရောင်အရိပ်တစ်ခု ဘုံကျောင်းထဲသို့ ဖျတ်ခနဲဝင်လာသည်။ သရဲမုဆိုးကို လည်ပင်းမှ ချုပ်ကိုင်လာသည်။ ပြန်လည်မွေးဖွားခြင်းမန္တာန်ကို အမြန်ရွတ်ဆိုလိုက်သည်။ အန္တရာယ်များသည့် မုဆိုးသရဲကို အသုံးသတ်လိုက်သည်။
ဘုံကျောင်းသို့ မိုးခိုရန်လာခဲ့သည့် ဝတ်ရုံစိမ်းမိန်းကလေးပင်ဖြစ်သည်။
တိုက်ခိုက်ရန်တာစူနေသည့် ကျားနတ်ဆိုးများနှင့် နံရံထဲ မြုပ်ဝင်နေသည့် မုန်ကျင်းကျိုးကိုကြည့်၍ နည်းနည်းအံ့ဩသွားသည်။
တိုက်ခိုက်သံများကြား၍ အခြေအနေကြည့်ရန် သူအမြန်ပြေးလာခြင်းဖြစ်သည်။ လမ်းတွင် မုဆိုးအိုကို မူလသရဲပုံစံအစစ်နှင့် တွေ့ခဲ့သည်။
နှစ်ခါပြန်မစဉ်းစားတော့ဘဲ မုဆိုးသရဲကိုဖမ်းပြီး ဤနေရာသို့ ပြေးလာခဲ့သည်။ ထိုမျှပွဲစည်နေမည်ဟု မထင်ခဲ့။
မုဆိုးသရဲက ကျားကို ကူညီခဲ့ခြင်းဖြစ်မည်။
မုဆိုးသရဲနှင့် ကျားနတ်ဆိုးအကြောင်းကို ဆက်စပ်စဉ်းစားကြည့်သည်။
“တာအိုလမ်းစဉ်ဂိုဏ်းက လုယန်ပါ”
လုယန် အမြန်မိတ်ဆက်သည်။
“သံလွင်မသေမျိုးနန်းတောက လန်ထင်ပါ”
လုယန်နှင့်ဝတ်ရုံစိမ်း အကြည့်ချင်းဖလှယ်၍ နာမည်ကိုယ်စီမိတ်ဆက်ပြီးနောက် ပူးပေါင်းတိုက်ခိုက်ရန် အာရုံပြောင်းလိုက်ကြသည်။
မသေမျိုးငါးဂိုဏ်းထဲမှ ဂိုဏ်းနှစ်ခုဖြစ်၍ အချင်းချင်းကူညီရန် တာဝန်ရှိသည်။
လန်ထင်၏လှုပ်ရှားမှုက ကြွရွလှပသည်။ သူ့လက်မောင်းတွင် ဖဲကြိုးဖြူတစ်ခု ရစ်ပတ်ထားပြီး သူ့နောက်ဘက်တွင် လူ့လွန့်ဝဲပျံနေသည်။ သူပေါ့ပါးစွာ လှုပ်ရှားလိုက်သည်။ လမင်းထဲတွင် ကနေသည့် နတ်သမီးတပါးလို ကြည့်ကောင်းလှသည်။
“ဟန်ရေးပြတာက များနေတယ်”
ကျားမက လန်ထင်၏လှုပ်ရှားပုံကိုကြည့်၍ နှာခေါင်းရှုံ့သည်။ မာယာများသည့်လူသားကို တစ်စစီဆွဲဖြဲရန် ပြေးဝင်သွားသည်။
လန်ထင်က စကားပြန်မပြော။ ခြေထောက်နှင့်လက်ချောင်းများကို ပေါ့ပါးစွာတွဲဖက်လှုပ်ရှားသည်။ ကျားမဆီ လက်ညှိုးညွှန်လိုက်သည်။ ဖဲကြိုးဖြူက ဓားတစ်ချောင်းလို တောင့်တင်းသွားပြီး ကျားဦးခေါင်းကို တိုက်ရိုက်ထိသည်။
ကျားမ အတော်အထိနာသွားသော်လည်း ကြောက်လန့်ခြင်းမရှိ။ မခိုးမခန့်လေသံဖြင့်
“အခြေတည်အစောပိုင်းအဆင့်လေးပဲ”
ထိုသို့ပြောနေသော်လည်း သူမပေါ့ဆရဲ။ ဂိုဏ်းကြီးတစ်ဂိုဏ်းမှ ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။ တစ်ချက်မှားသည်နှင့် အသက်ပါသွားနိုင်သည်။
လန်ထင် ကျားမကို အနိုင်မယူနိုင်လောက်ပါ။ သို့သော် ခဏတော့ ထိန်းထားနိုင်သည်။
ထိုအချိန်တွင် လုယန်တို့သုံးယောက်နှင့် ကျားထီးနတ်ဆိုးတို့ နောက်တစ်ကြိမ် ပြန်လည်တိုက်ခိုက်ကြသည်။
လုယန်၏ ဓားပညာက လှည့်စားမှုအလွန်များပြားသည်။ ကျားနတ်ဆိုး ကောင်းကောင်းမကာကွယ်နိုင်အောင် ဖြစ်နေသည်။
အရိုးရိုင်းက မုန်ကျင်းကျိုးကို နံရံထဲမှ ဆွဲခွာပြီး သူ့ခန္ဓာကိုယ်ဖြင့် ကျားနတ်ဆိုးကို အဆက်မပြတ် ဖိ၍တိုက်ခိုက်သည်။
ခန္ဓာကိုယ်ကို လက်နက်အဖြစ် အသုံးချခံနေရသော်လည်း မုန်ကျင်းကျိုး စိတ်မဆိုးပါ။
ထိုအဖြစ်ကိုကြည့်၍ ကျားနတ်ဆိုးနဖူးမှ “ဘုရင်”စာလုံးက အရောင်ပိုတောက်လာသည်။ သူ့ကိုယ်ထဲတွင် ပုန်းကွယ်နေသည့် ဒဏ္ဍာရီချုံးချီ(ကျားပျံ) သွေးဆက် နိုးထလာသည်။ အစွယ်နှင့်လက်သဲများ ရှည်ထွက်လာသည်။ ပို၍ကြောက်စရာကောင်းလာသည်။
“ကံဆိုးလှချည်လားကွာ။ ချုန်းချီသွေးဆက်ရှိနေတယ်ပေါ့”
လုယန် နည်းနည်းစိတ်ပျက်သွားသည်။
သူတို့ကံဆိုးခြင်းလား သို့မဟုတ် နတ်ဆိုးများအားလုံး ထိုသို့ပင် စွမ်းအားကြီးကြသည်လားတော့မသိ။
ယွမ်ကျိပြောခဲ့သည့် မဟာကပ်အကြောင်း သူပြန်တွေးမိလာသည်။
မဟာကပ်ရောက်လာသည်နှင့် နတ်ဆိုးနှင့်သရဲမျိုးစုံတို့ အလယ်ပိုင်းတိုက်နယ်ကို စိုးမိုးရန် ပေါ်ထွက်လာမည်။
ဤကျားနတ်ဆိုး၏ စွမ်းရည်များက မဟာကပ်လှုပ်ရှားမှုတွင် ပါဝင်နိုင်ဖို့ အဆင့်မမီသေးပါ။ သို့သော် သူပေါ်ထွက်လာခြင်းသည် မဟာကပ်ရောက်လာခြင်း၏ သင်္ကေတတစ်ခုဖြစ်သည်။
ချုန်းချီသွေးဆက် နိုးထလာပြီးနောက် ကျားနတ်ဆိုး သိစိတ်လုံးဝပျောက်သွားသည်။ တိုက်ခိုက်လိုသည့် ဗီဇစိတ်ကိုသာ အားကိုးသည်။ မျက်လုံးများ သွေးနီရောင်သန်းပြီး ရူးသွပ်သလို ဖြစ်လာသည်။ သို့သာ် သူတိုက်ခိုက်မှုစွမ်းအားက သိသိသာသာတိုးတက်လာသည်။
အရိုးရိုင်း၏ အရိုင်းသွေးဆက်လည်း နိုးထလာဟန်ရှိသည်။ မုန်ကျင်းကျိုးခန္ဓာကိုယ်ကို လွှဲယမ်းတိုက်ခိုက်နေသည့်အင်အား တဖြေးဖြေးတိုးလာသည်။
“-ဒီလို အချိန်ထပ်ဆွဲနေလို့မဖြစ်တော့ဘူး-“
လုယန် တွေးလိုက်သည်။ ကျားနတ်ဆိုး နောက်ထပ်ဘယ်လိုစွမ်းရည်မျိုး ထုတ်သုံးဦးမည်မသိနိုင်။ တိုက်ပွဲကို မြန်မြန်အဆုံးသတ်နိုင်မှ တော်ကာကျမည်။
သူလက်ဝါးကို ဖြတ်ခနဲလှုပ်ရှားလိုက်သည်။ ရွှေရောင်ဆေးလုံးတစ်ခု ပေါ်လာသည်။
အရေပြားသရဲမစ်ရှင်မှ ရလာသည့် ကျိုးဆောင်မှတ်များဖြင့် ဝယ်ယူထားသည့် ကျွဲရိုင်းဆယ်ကောင်အားဆေးဖြစ်သည်။
(**အစောပိုင်းအခန်းများတွင် နွားရိုင်းဟု ရေးပါသည်။ နောက်ပိုင်းတွင် ကျွဲရိုင်းဟု သုံးနှုန်းလာသဖြင့် ထိုအတိုင်းဘာသာပြန်ပါသည်)
ဤကျွဲရိုင်းဆယ်ကောင်အားဆေးကို သူစားမှဖြစ်တော့မည်။
ဆေးအိုးတောင်ထိပ်မှလူများသည် မယုံကြည်ရ။ အဆိပ်နှင့်ဆေး မှားယွင်းဖော်စပ်လေ့ရှိသည်။ သို့သော် သူတို့ဆေးလုံးများ၏ အာနိသင်ကတော့ လွဲမှားသည်ဟူ၍ မရှိခဲ့ဖူး။
ဤဆေးလုံးသည် အားဆေးများထဲတွင် ထိပ်တန်းဆေးတစ်မျိုးဖြစ်သည်မှာ သံသယဖြစ်စရာမလို။
ကျွဲရိုင်းဆယ်ကောင်အားဆေးကို သူ့ဓားရေးနှင့်ပေါင်းစပ်လိုက်လျှင် ချုန်းချီသွေးဆက်နည်းနည်းပါသည့် ကျားနတ်ဆိုးကို မဆိုထားနှင့်။ ချုန်းချီသွေးဆက်စစ်စစ်ကိုပင် တိုက်ခိုက်ရဲသည်။
အရိုးရိုင်းနှင့် မုန်ကျင်းကျိုးတို့ ကျားနတ်ဆိုးအား ထိန်းထားသည့် အခြေအနေကို အခွင့်အကောင်းယူ၍ လုယန် ဆေးလုံးကို သောက်လိုက်သည်။
ပူလွန်းလှသည်။ မီးခဲမျိုချရသလိုပင်ဖြစ်သည်။ ဝမ်းဗိုက်ထဲတွင် ပြင်းထန်သည့်အပူဓာတ်ကို ခံစားနေရသည်။
လုယန် မျက်လုံးမှိတ်၍ စွမ်းအင်ဗဟိုတွင် အပူချိန်တက်လာသည်ကို ခံစားနေသည်။ အဆုံးစမဲ့အင်အားများ ပေါ်ထွက်လာသည်။ ခန္ဓာကိုယ်ပေါ်တွင် အနီရောင်အရေးအကြောင်းများ ပေါ်လာသည်။
အရိုးရိုင်းက သူ့အဖြစ်ကိုကြည့်၍ စာအုပ်ထဲတွင်မြင်ဖူးသည့် မိုးမြေကို စိန်ခေါ်တိုက်ခိုက်သည့် အရိုင်းစစ်သည်များ၏ပုံကို ပြန်သတိရလာသည်။
“အတော်စွမ်းအားကြီးတာပဲ”
အခြေတည်အဆင့် ကျင့်ကြံသူများကြားတွင် ပြိုင်ဘက်မရှိသည့် စွမ်းအားမျိုးဖြစ်သည်။
ကျားနတ်ဆိုးက လုယန်အသွင်ပြောင်းနေသည်ကို တားဆီးရန် ကြိုးစားသော်လည်း အရိုးရိုင်းနှင့်မုန်ကျင်းကျိုးတို့က အတူပူးပေါင်း၍ ထိန်းထားကြသည်။
လုယန် မျက်လုံးပွင့်လာသည်။ သူ့မျက်လုံးတွင် ဒွိဟရိပ်မျိုး ပေါ်နေသည်။ စွမ်းအားက တကယ်ထွက်လာပါသည်။ သို့သော် အားလုံးက အပြင်သို့စီးထွက်သွားသည်။ သူ့ကိုယ်ထဲတွင် နည်းနည်းသာကျန်ခဲ့သည်။
သူ့ကိုယ်မှ အနီရောင်အရေးအကြောင်းများ မြေပြင်ပေါ်သို့ ပျံ့နှံ့သွားပြီး ထူးဆန်းသည့် စက်ဝန်းပုံအမှတ်အသား ပေါ်လာသည်။
ထူထဲသည့်မြူငွေ့များ မြေပြင်မှထိုးထွက်လာသဖြင့် မြင်ကွင်းတစ်ခုလုံး ဝေဝါးသွားသည်။ ထို့နောက် မြူငွေ့များ ချက်ချင်း ပြန်လည်ပျောက်ကွယ်သွားသည်။ ကျွဲရိုင်းဆယ်ကောင် အားလုံးမျက်စိရှေ့တွင် ပေါ်လာသည်။
ဆယ်ကောင်လုံး အခြေတည်အဆင့်များဖြစ်သည်။
ထင်မှတ်မထားသည့် အပြောင်းအလဲကြောင့် လုယန်နှင့် ကျားနတ်ဆိုးအပါအဝင် ရှိနေသူအားလုံး မှင်သက်မိနေကြသည်။ ဘာဖြစ်သွားမှန်း သေချာနားမလည်ကြ။
“သောက်လခွမ်း....ကျွဲရိုင်းဆယ်ကောင်အားဆေးဆိုတာ ဒါမျိုးလား”
ဆေးစားသူ၏ စွမ်းအားကို တိုးမြှင့်ပေးသည့် ဆေးလုံး လုံးဝမဟုတ်။ ဆင့်ခေါ်မှော်အင်းတစ်မျိုး ထည့်သွင်းထားသည့် ဆေးလုံးဖြစ်နေသည်။
ကျွဲရိုင်းဆယ်ကောင်က ဆင့်ခေါ်သူလုယန်၏ ရည်ရွယ်ချက်ကို သိနေဟန်ဖြင့် မြေပြင်ကို ခွာဖြင့်ရှပ်၍ နီရဲနေသည့် မျက်လုံးများဖြင့် ကျားနတ်ဆိုးဆီ ဦးတည်ပြေးဝင်သွားကြလေသည်။
***********************************************