← Chapters

ထိုးခွဲဓားပညာ

Vol. 4 Ch. 47

ထိုးခွဲဓားပညာ

Vol. 4 Ch. 47

ဆေးအိုးတောင်ထိပ်။

“ဆေးပညာရှင်အနေနဲ့ ငါတို့ရဲ့ အရေးကြီးဆုံးတာဝန်က ငါတို့ရဲ့အတွေးအခေါ်အကန့်အသတ်တွေကို ချိုးဖျက်နိုင်အောင် သင်ယူဖို့ပဲ။ ဆေးလုံးဆိုတာ စားတဲ့လူရဲ့ခွန်အားကို မဖြစ်မနေ တိုးမြှင့်ပေးနိုင်ရမယ်လို့ မဆိုလိုဘူး။ ငါဖန်တီးထားတဲ့ ဒီကျွဲရိုင်းဆယ်ကောင်အားဆေးလိုပေါ့”

ဝူမိန်က ဆေးအိုးတောင်သင်တန်းကျောင်းတွင် ဆေးပညာတပည့်များကို နားလည်လွယ်သည့်စကားလုံးသုံး၍ သင်ကြားနေသည်။

အောက်ဘက်မှ တပည့်များက အလျင်အမြန် ရေးမှတ်ကြသည်။ ထိုကဲ့သို့ အဖိုးတန်ဆေးပညာအသိများက အပြင်လောကတွင် ကြားရခဲသည်။

အပြင်လောကဆေးပညာရှင်များက ပညာအမွေကို အလေးထားသည်။ တပည့်တစ်ယောက်ကို အလုံးစုံသင်ကြားပေးလျှင် ဆရာထမင်းငတ်တတ်သည်ဟူသည့် စည်းမျဉ်းကို လက်ကိုင်ထားကြသည်။ ထို့ကြောင့် အပြင်လောကတွင် ဆေးပညာသဘောတရားများ သင်ယူဖို့ ခက်ခဲသည်။

ဆေးအိုးတောင်ထိပ်က ထိုသို့မဟုတ်။ သူတို့သိထားသမျှ ညီငယ်ညီမငယ် လူသစ်များကို သင်ကြားပေးချင်ကြသည်။

အပြင်လောကဆေးပညာရှင်များက ရိုးရာကိုစွဲသည်။ ရှေးထုံးနည်းနာများကို မပယ်ရှားသင့်ဟူသည့်စကားကို ယုံကြည်ကြသည်။ ထို့ကြောင့် ဆေးအိုးတောင်၏ ဆေးပညာသဘောတရားများကို နားလည်နိုင်ဖို့ ခက်ခဲသည်။

စိတ်ဝင်တစားနားထောင်နေကြသည့် ညီငယ်ညီမငယ်များကိုကြည့်၍ ဝူမိန် ဂုဏ်ယူမိသည်။

ယခုနှစ်တွင် တာအိုလမ်းစဉ်ဂိုဏ်းသည် လုယန်၊ မုန်ကျင်းကျိုးင်းကျိုး၊ အရိုးရိုင်း၊ ထောင်ယော်ယဲ့နှင့် လီဟိုယန်တို့လို ထူးခြားပါရမီရှင်များကိုသာ လက်ခံခဲ့သည်မဟုတ်။ သူတို့အရိပ်ဩဇာက တစ်ခြားတပည့်သစ်များအပေါ် လွှမ်းမိုးနေသဖြင့် တစ်ခြားတပည့်ကောင်းများ ရှိနေသေးသည့်အဖြစ်ကို အလွယ်တကူ မျက်စိရှန်းသွားနိုင်သည်။

ယခုဆေးပညာသင်တန်း တက်နေသည့် တပည့်သစ်များသည် ဆေးအိုးတောင်ထိပ်တွင် ပညာလေ့လာရန် ရွေးချယ်ခဲ့သူများဖြစ်သည်။

သိမ်မွေ့သည့် ဆေးပညာအသိများကို တစ်နှစ်ကျော်လေ့လာခဲ့ကြသည်။

“ကျင့်ကြံသူအများစုက တိုက်ပွဲမှာ ကိုယ်ပိုင်စွမ်းအားထက် လေးငါးဆပိုတဲ့ အင်အားမျိုးရချင်လို့ ဆေးလုံးတွေ စားကြတာပဲ။ ပြိုင်ဘက်ကို အငိုက်ဖမ်းပြီး အနိုင်ယူနိုင်အောင်လုပ်တယ်။

“အနိုင်ရတာကတော့ ကောင်းပါရဲ့။ ဒါပေမယ့် ဒီနည်းလမ်းက ဆတိုးနှုန်းနဲ့ရလာတဲ့ အင်အားကို သွေးကြောတွေထဲလည်ပတ်ရတယ်။ သွေးကြောတွေဆိုတာ သူ့ခံနိုင်ရည်အကန့်အသတ်ရှိတယ်။ အလွန်အကျွံဖိအားပေးရင် ထိခိုက်ပျက်စီးမှုတွေ ဖြစ်လာနိုင်တယ်။ ကျင့်စဉ်အခြေခံစွမ်းအားကိုတောင် ထိခိုက်နိုင်တယ်။ အဲလိုဆိုရင် ကျင့်စဉ်လမ်းအတွက် အဟန့်အတားဖြစ်လာနိုင်တယ်။

“ဆေးပညာရှင်အနေနဲ့ ငါတို့အလုပ်က လူတွေကို ကုသကယ်တင်ဖို့ပဲ။ ဒီလိုဆိုးကြိုးတွေ ဖြစ်မလာအောင် တတ်နိုင်သမျှ တားဆီးဖို့ပဲ။

“ဒါကြောင့် ဆင့်ခေါ်မှော်အင်းပညာကျွမ်းကျင်တဲ့ အိမ်နီးချင်းမိတ်ဆွေတစ်ယောက်ဆီ ငါသွားလည်ပြီး ကြိုးစားလေ့လာခဲ့တယ်။ နောက်ဆုံးတော့ ဒီကျွဲရိုင်းဆယ်ကောင်အားဆေးကို တီထွင်နိုင်ခဲ့တယ်။

“ဒီဆေးလုံးမှာ ဆင့်ခေါ်မှော်အင်း အသေးစားလေးတစ်ခုပါတယ်။ စားလိုက်တာနဲ့ ခန္ဓာကိုယ်ကို ကြားခံအနေသုံးပြီး တိုက်ပွဲအတွက် ကျွဲရိုင်းဆယ်ကောင်ကို ဆင့်ခေါ်လို့ရတယ်”

“အကိုဝူ၊ ဆင့်ခေါ်လိုက်တဲ့ ကျွဲရိုင်းတွေက ဘယ်ကရောက်လာတာလဲ”

ထက်မြက်ပြီး ချစ်စရာကောင်းသည့် ဂိုဏ်းတူညီမတစ်ယောက်က မေးသည်။

ဝူမိန် ပြုံး၍ပြန်ဖြေသည်။

“ဝိညာဉ်စိုက်ခင်းတွေကပေါ့”

စားသောက်ဆိုင်တန်းမှ အစားအသောက်များသည် အများအားဖြင့် ဂိုဏ်းပိုင်ဝိညာဉ်စိုက်ခင်းများမှ ရခြင်းဖြစ်သည်။

ထိုမျှအရည်အသွေးမြင့်သည့် သီးနှံ့များ အစားအသောက်များ စိုက်ပျိုးနိုင်ဖို့ အဆင့်မြင့်သည့် မြေဆီ၊ မြေဩဇာနှင့် စိုက်ပျိုးနည်းများ လိုအပ်သည်။

ဝိညာဉ်စိုက်ခင်းတွင် ကြိုးစားပမ်းစား အလုပ်လုပ်နေသည်က မျက်လုံးပြာကျွဲရိုင်းများဖြစ်သည်။ ကြီးမားသည့်ခွန်အားရှိသည်။ ချီသန့်စင်ခြင်းအဆင့်မှ နတ်ဝိညာဉ်အဆင့်ထိ ကျင့်စဉ်စွမ်းအားရှိကြသည်။ ဝိညာဉ်ပြောင်းအဆင့် သက်တမ်းရင့် ကျွဲရိုင်းဘုရင်တစ်ကောင်လည်းရှိသည်။ အမှန်တကယ်စွမ်းအားကြီးသည်။

တတိယအကြီးအကဲသည် ငယ်ရွယ်စဉ်က ကျွဲရိုင်းများကို ဘေးဖယ်ထားပြီး စိုက်ခင်းများကို တစ်ညလုံး ကိုယ်တိုင်ထွန်ယက်ခဲ့သည်။ စိုက်ခင်းထဲမှ ကျွဲရိုင်းများသည် မျက်လုံးပြာကျွဲရိုင်းမျိုးနွယ်ဝင်များဖြစ်သည်။

မျက်လုံးပြာကျွဲရိုင်းမျိုးနွယ်သည် ဦးချိုချင်းဆိုင်၍ အားချင်းယှဉ်ရသည်ကို သဘောကျသည်။ ဝူမိန်က ထိုကျွဲရိုင်းများနှင့် ဆက်သွယ်ပြီး တိုက်ပွဲများအတွက် ဆင့်ခေါ်ဖို့ သွားညှိနှိုင်းသည်။ ကျွဲရိုင်းမျိုးနွယ်များ ဝမ်းမြောက်ဝမ်းသာ လက်ခံကြသည်။

“ဆေးပညာရှင်တွေအနေနဲ့ မင်းတို့လည်း ငါတွေးသလို တွေးခေါ်ရမယ်။ ဆေးသုံးသူတွေရဲ့အမြင်နဲ့ တွေးကြည့်ရမယ်။ သူတို့ဘာလို့ ဆေးလုံးစားကြတာလဲ၊ ဘေးထွက်ဆိုးကျိုး ဘာတွေရှိလဲ။ ပိုကောင်းတဲ့ ဖြေရှင်းနည်းမျိုးရှိလားဆိုတာ စဉ်းစားရမယ်”

ဝူမင်သည် ကျွဲရိုင်းဆယ်ကောင်အားဆေးဖန်တီးမှုအတွက် ကျမ်းတစ်ဆောင်ရေးပြီး ‌ဆေးပညာကျမ်းစာ ထုတ်ဝေရေးဌာနသို့ ပို့ခဲ့သည်။ ကျမ်းစာတည်းဖြတ်သူက သမရိုးကျမဟုတ်သည့် သူ့စိတ်ကူးကြောင့် အံ့အားသင့်သွားပြီး ဆင့်ခေါ်မှော်ပညာနယ်ပယ်မှ ကျမ်းစာထုတ်ဝေရေး တာဝန်ခံဆီ တင်သွင်းခဲ့သည်။

ယခု ထိုကျမ်းစာကို အောင်မြင်စွာ ထုတ်ဝေနိုင်ခဲ့ပြီဖြစ်သည်။

သူစိတ်ကူးများ ခေတ်ရှေ့ပြေးနေမှန်း ဝူမိန်သိသည်။ ကျင့်ကြံသူများ အသားကျလာဖို့ အချိန်နည်းနည်းပေးရမည်မှန်းသိသည်။ ထို့ကြောင့် အခြေတည်အဆင့် ကျွဲရိုင်းဆယ်ကောင်အားဆေး၏ ဈေးနှုန်းကို အတော်လေးလျှော့ထားခဲ့သည်။ ကျိုးဆောင်မှတ်တစ်ရာသာ သတ်မှတ်ထားသည်။

ဈေးနှုန်းအရကြည့်လျှင် စားသောက်ဆိုင်ဈေးတန်းမှ ဂျုံမုန့်ချောင်း (ယွီထောင်)သည်ပင် ကျိုးဆောင်မှတ် တစ်ရာငါးဆယ်ပေးရသည်။

ဂိုဏ်းပစ္စည်းလဲလှယ်မှုစာရင်းတွင်လည်း သူ့ဆေးလုံး၏အာနိသင်ကို သေချာစဉ်းစား၍ “ကျွဲရိုင်းဆယ်ကောင်အင်အားကို ပေးနိုင်သည်”ဟု ရှင်းလင်းစွာ ဖော်ပြထားသည်။

.............

လုယန် အတွေးနစ်နေသည်။

ဆေးလုံးကို အတုဟု ပြောရမည်လည်းမဟုတ်။ ကျွဲရိုင်းဆယ်ကောင်အင်အား တကယ်ရသည်။ ဆေးအာနိသင် ဖော်ပြချက်နှင့် ကိုက်ညီနေသည်။ အပိုအလိုမရှိ။

ဆေးလုံးအစစ်ဟု ပြောရမည်ကလည်း တစ်နည်းတစ်ဖုံ လွဲမှားနေသည်။

ဘာလွဲမှားနေသည်ကို အဖြေရှာဖို့ခက်လှသည်။

တောင့်တင်းသန်မာသည့် အခြေတည်အဆင့်ကျွဲရိုင်းဆယ်ကောင်က ကျားနတ်ဆိုးထံ ပြင်းထန်သည့်အရှိအဟုန်ဖြင့် ပြေးဝင်သွားသည်။

ထိုကျွဲရိုင်းအုပ်၏အင်အားကို ရွှေသန္ဓေပုံရိပ်အဆင့်ရှိသည့် ကျားနတ်ဆိုးပင် ရင်မဆိုင်ရဲ။

သူမည်မျှစွမ်းအားကြီးသည်ဖြစ်စေ ကျွဲနတ်ဆိုးများ၏ စုပေါင်းအင်အားကို မီနိုင်မည်မဟုတ်။

ဆေးအိုးတောင်ထိပ်သည် သိပ်မယုံကြည်ရသော်လည်း ဆေးအာနိသင်နှင့်ပတ်သက်၍ လုံးဝအမှားအယွင်မရှိဖူး။ ဆင့်ခေါ်ထားသည့် ကျွဲရိုင်းဆယ်ကောင်က ကျားနတ်ဆိုးကို အမှန်တကယ် အနိုင်ယူနိုင်စွမ်းရှိသည်။

ထိုမြင်ကွင်းကိုကြည့်၍ အရိုးရိုင်းနှင့်မုန်ကျင်းကျိုးတို့ အလိုလို စိတ်သက်သာရာရသွားကြသည်။

တိုက်ပွဲရလာဒ်က သေချာနေသည်။ ကျားနတ်ဆိုး ခုခံနိုင်စရာ အကြောင်းမရှိ။

ကျားနတ်ဆိုး၏မျက်လုံးများ ပြူးထွက်လာသည်။ အမွှေးများ ထောင်လာသည်။ ကျွဲရိုင်းဆယ်ကောင်ကို သူနိုင်မည်မဟုတ်တော့။

သို့ဆိုလျှင် သူနှင့်အတူ ရန်သူတစ်ယောက်ကို ငရဲသို့အပါခေါ်သွားမည်။

ထိုခဏမှာပင် ကျယ်လောင်သည့်မြည်ဟိန်းသံနှင့်အတူ ဘုံကျောင်းပြိုကျလာသည်။

အစကတည်းက ပြိုကျလုနီးပါး ဖြစ်နေခဲ့သည်။ ကျွဲဆယ်ကောင် တစ်ချက်တိုက်မိလိုက်ရုံဖြင့် ပြိုကျလာသည်။

ဖုန်မှုန့်များ မိုးရေနှင့် ရောယှက်သွားသည်။ မြင်ကွင်းဝေဝါးသွားသည်။

ထိုအခြေအနေကို အခွင့်ကောင်းယူ၍ ကျားနတ်ဆိုး လေထဲသို့ ခုန်တက်လိုက်သည်။ ကျွဲရိုင်းအုပ်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းရင်း လုယန်ဆီ လျှပ်တပြက် ခုန်အုပ်လိုက်သည်။

ထိုလူသား သေကိုသေရမည်။

ကျွဲရိုင်းများသည် ခန္ဓာကိုယ်တုတ်ခိုင်သဖြင့် အခုန်အပျံ သိပ်ကောင်း။ ရုတ်တရက်အပြောင်းအလဲကြောင့် မှင်သက်မိနေကြသည်။

အရိုးရိုင်းနှင့် မုန်ကျင်းကျိုးတို့ အော်ဟစ်သတိပေးသည်။ သို့သော် လုယန်ကိုကယ်ဖို့ မမီတော့။

အားလုံး ထိတ်လန့်သွားသည်။ လုယန်တစ်ယောက်သာ တည်တည်ငြိမ်ငြိမ်ရှိသည်။

ကျားနတ်ဆိုး မထူးစိတ်မွေး၍ အသေခံတိုက်ခိုက်တော့မည်ကို သူကြိုတွေးထားသည်။

ချောင်ပိတ်မိသည့်သားရဲ၏ တိုက်ခိုက်မှုသည် ကြောက်စရာအကောင်းဆုံးဖြစ်သည်။

လုယန် မရှောင်။ ကိုယ်ချုံ့ပညာသုံး၍ လူရောဓားပါ ချုံ့လိုက်သည်။

ကျားနတ်ဆိုး ပစ်မှတ်ကို လွဲချော်သွားသည်။ လုယန်က ကျားအောက်တည့်တည့်သို့ ရောက်သွားချိန်တွင် မူလအရွယ်အစား ပြန်ပြောင်းလိုက်သည်။ သူ့ဓားပေါ်စီးဆင်းနေသည့် စိမ်းပြာရောင်ဝိညာဉ်အလင်းများက ဓားဦးထိပ်တွင် အားလုံးစုစည်းသွားသည်။

“ထိုးခွဲမယ်”

ထိုးခွဲဓားပညာကို သူသုံးလိုက်သည်။ ချင်ဖုန်း(**)ဓားက ကျားနတ်ဆိုး၏ ထူထဲသည့်အမွှေးများကို အတင်းထိုးခွဲ၍ ဝမ်းဗိုက်ထဲသို့ ဖောက်ဝင်သွားသည်။ သွေးစွန်းနေသည့် ဓားဦးက နောက်ကျောမှ ပေါက်ထွက်လာသည်။

(**လုယန်၏ ဓားနာမည်ကို ဤအခန်းတွင် ချင်ဖုန်းဓားဟု ဖော်ပြပါသည်)

ကောင်းကင်ဂိတ်တောင်ထိပ်တွင် သူလေ့လာခဲ့သည့် ဓားပညာဖြစ်သည်။ ဓားပညာအားလုံးထဲတွင် ထိုဓားပညာသည် ထိုးဖောက်နိုင်စွမ်း အားအကောင်းဆုံးဖြစ်သည်။ သို့သော် ဝိညာဉ်စွမ်းအားများစွာ ကုန်ခမ်းသဖြင့် တော်ရုံတန်ရုံ သူထုတ်မသုံး။

တိုက်ခိုက်နေစဉ်အချိန်အတွင်း ကျားနတ်ဆိုး၏ ပျော့ကွက်ကို သူတွေ့ခဲ့သည်။ ဝမ်ဗိုက်ပိုင်းသည် အားအနည်းဆုံးနေရာဖြစ်သည်။

ဓားချီကို သူထုတ်လွှတ်လိုက်သည်။ နွားမွှေးခန့်အရွယ်သာရှိသည့် စိမ်းပြာရောင် ဓားချီက ကျားနတ်ဆိုးကိုယ်ထဲတွင် ပေါက်ကွဲထွက်သွားသည်။ အပ်ပေါင်းများစွာ ဖောက်ထွက်လာသလိုပင်ဖြစ်သည်။

ကျားနတ်ဆိုးခန္ဓာကိုယ်မှ ဓားစွမ်းအင်များ မီးရှူးမီးပန်းများသဖွယ် ထိုးထွက်လာသည်။ ကျောရိုးမှ ဦးခေါင်းအထိ အက်ကွဲသံများ ပေါ်လာသည်။

ဒွာရခုနစ်ပေါက်မှ သွေးများစီကျလာပြီး မြေပေါ်သို့ ပြိုလဲသွားသည်။

လုယန်က နံရံကိုမှီရင်း အားအင်ကုန်ခမ်း၍ မောပန်းနေသည်။ မုန်ကျင်းကျိုးနှင့် အရိုးရိုင်းကို ကျားမနှင့်တိုက်ခိုက်နေသည့် လင်ထန်ကို သွားကူးရန် အချက်ပြသည်။

ယောက်ျားသေသည်ကို မြင်ရသဖြင့် ကျားနတ်ဆိုးမ ပို၍ကြမ်းတမ်းလာသည်။ အသေခံတိုက်ရန် ဆုံးဖြတ်လိုက်သည်။ လန်ထင်လည်း ထိုကျားမကို မထိန်းချုပ်နိုင်လောက်အောင် ဖြစ်လာသည်။

အရိုးရိုင်းနှင့်မုန်ကျင်းကျိုးတို့ တိုက်ပွဲသစ်ထဲမဝင်မီ ကျွဲရိုင်းဆယ်ကောင်က ကျားနတ်ဆိုးမဆီ ဦးလှည့်လာသည်။

ကျားနတ်ဆိုးမ အချိန်မီ မရှောင်တိမ်းနိုင်တော့ဘဲ ကျွဲရိုင်းများ၏ ခွာချက်အောက်တွင် စိစိညက်ညက်ကြေသွားလေသည်။

တိုက်ပွဲ ပြီးဆုံးသွားသည်။

လန်ထင် ပါးစပ်အဟောင်းသားဖြစ်နေသည်။ တာအိုလမ်းစဉ်ဂိုဏ်းနှင့် ပတ်သက်၍ သူ့ဂိုဏ်းတူအမများပြောသည့် ထူးဆန်းအံ့ဩဖွယ်ရာ ကောလဟာလမျိုးစုံ သူကြားဖူးသည်။ အစက မယုံခဲ့။ ယခု လက်တွေ့မြင်ရပြီဖြစ်၍ ခုနစ်ဆယ်ရာနှုန်းခန့် သူယုံကြည်လာသည်။

*****************************************************

All Chapters