← Chapters

ကျားဂူ

Vol. 4 Ch. 48

ကျားဂူ

Vol. 4 Ch. 48

တိုက်ပွဲပြီးဆုံးသွားပြီဖြစ်၍ နောက်ထပ်မလိုအပ်တော့သဖြင့် ကျွဲရိုင်းဆယ်ကောင် လေထဲတွင် ပျောက်ကွယ်သွားသည်။ ဝိညာဉ်စိုက်ခင်းများဆီ ပြန်သွားကြသည်။

“မင်းဘယ်လိုနေသေးလဲ။ ထရပ်နိုင်ရဲ့လား”

အရိုးရိုင်း စိုးရိမ်တကြီး ရှေ့တိုးလာသည်။ လုယန်၏ ပြတ်သားသည့် ချင်ဖုန်းဓားချက်ကြောင့် တိုက်ပွဲအခြေအနေ ပြောင်းလဲနိုင်ခဲ့သဖြင့် သူအတော်လေးစားမိသည်။

သူနှင့်မုန်ကျင်းကျိုးင်းကျိုးတို့ ကျားနတ်ဆို ဒဏ်ရာရအောင် ကူညီနိုင်ခဲ့ပါသည်။ သို့သော် သူတို့အကူအညီမပါလျှင်ပင် လုယန်၏ ဓားစွမ်းအားတစ်ခုတည်းဖြင့် ကျားနတ်ဆိုးကို သတ်ဖြတ်နိုင်လောက်သည်ဟု သူယူဆသည်။

လုယန် ချီအားဖြည့်ဆေးမှုန်တစ်ထုပ် စားလိုက်သည်။ အသက်ရှူနှုန်း ပုံမှန်ပြန်ဖြစ်လာသည်။ စွမ်းအင်လည်း တဖြေးဖြေးပြန်ပြည့်လာသည်။ ထိုချီအားဖြည့်ဆေးမှုန့်၏ အာနိသင်က ပုံမှန်အားဖြည့်ဆေးများထက် များစွာပိုထက်မြက်သည်။

“အဲလိုမှန်းသိခဲ့ရင် ချီအားဖြည့်ဆေးလုံးကို ဝယ်ခဲ့ပါတယ်ကွာ။ ဒီဆေးမှုန့်က အတော်အာခြောက်တာပဲ”

လူယန် ညည်းလိုက်သည်။ ရေဓာတ်စုဖွဲ့နည်းကျင့်စဉ်စွမ်းအားကို လက်ချောင်းထိပ်တွင် စုစည်းလိုက်သည်။ လက်နှစ်လုံးခန့် ရေစီးတစ်ခု သူ့ပါးစပ်ထဲ စီးဝင်သွားသည်။

“ခုနက မင်းသုံးလိုက်တာ အရွယ်အစားထိန်းချုပ်တဲ့ မှော်ပညာလား”

မုန်ကျင်းကျိုးကမေးသည်။ လုယန် ရုတ်တရက် ကိုယ်ချုံ့ပြီး မူလအရွယ်အစား ပြန်ပြောင်းခဲ့သည်ကို သူသတိထားမိသည်။ ထိုမှော်ပညာနှင့် သူရင်းနှီးသလိုလိုရှိသည်။ သူ့မိသားစုမှ ဦးလေးတစ်ယောက်သုံးသည့် အရွယ်အစားထိန်းချုပ်ပညာနှင့်တူသည်။

သို့သော် သူသိထားသလောက် ထိုမှော်စွမ်းအားမျိုးကျွမ်းကျင်ဖို့ အတော်ခက်ခဲသည်။ အနည်းဆုံး ရွှေသန္ဓေအဆင့်ရောက်မှသာ အသုံးပြုနိုင်သည်။

“အဲလိုဟာမျိုးပါပဲ။ ငါက “ချုံ့”တဲ့မှော်ပညာသုံးလိုက်တာ”

“ချုံ့တဲ့မှော်ပညာ”

မုန်ကျင်းကျိုး တွေးမရအောင် ဖြစ်သွားသည်။ မုန်မိသားစုသိထားသမျှ မှော်ပညာအားလုံးကို သူသိသည်။ သို့သော် ချုံ့သည့်မှော်ပညာဟု သူလုံးဝမကြားမိ။

စီနီယာယွမ်ကျိ တီထွင်ခဲ့သည့် ထူးခြားမှော်ပညာမျိုး ဖြစ်မည်။ ထိုသို့ဆိုလျှင်တော့ သိပ်မဆန်းလှပါ။

“တာအိုရှင်သုံးယောက်ကို လန်ထင် ဂါရဝပြုပါတယ်”

လန်ထင် ကြွကြွရွရွ လျှောက်လှမ်းလာသည်။

“ငါတို့က တာအိုလမ်းစဉ်ဂိုဏ်းတပည့်တွေပါ။ ဒါက မုန်ကျင်းကျိုး၊ ဒါက အရိုးရိုင်းပါ”

လုယန်မိတ်ဆက်ပေးသည်။ ခုနက အရေးပေါ်အခြေအနေဖြစ်၍ သူ့ကိုယ်သူသာ မိတ်ဆက်နိုင်ခဲ့သည်။

“ဪ၊ ဟုတ်ကဲ့ပါရှင်”

လန်ထင်သည် အတော်လိမ္မာရေးခြားရှိသည်။ လူတိုင်းကို ယဉ်ယဉ်ကျေးကျေးဆက်ဆံသည်။ ဘုံကျောင်းသို့ မိုးခိုရန် ရောက်လာစဉ်ကလည်း ချီဝူတို့ သူ့ကို ခပ်တင်းတင်းဆက်ဆံသည့်တိုင် သူမောင်းမထုတ်ခဲ့။

“အခုလို ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးပါ လန်ထင်။ မင်းသာဝင်မကူရင် ကျားနတ်ဆိုးနှစ်ကောင်ကို ရင်ဆိုင်ဖို့ အတော်ဒုက္ခများခဲ့မှာ။ ငါတို့မစ်ရှင်တောင် ကျရှုံးသွားနိုင်တယ်”

လုယန် ကျေးဇူးတင်စကားဆိုသည်။ ယဉ်ကျေးမှုအရ နည်းနည်းချဲ့ကား၍ ပြောလိုက်ခြင်းဖြစ်သည်။ အမှန်တော့ သူတို့ထံတွင် ဝှက်ဖဲများ ရှိပါသေးသည်။

“ဪ ဒါက ရှင်တို့မစ်ရှင်လား”

လန်ထင် ထိုထက်ပိုမပြော။ သူလည်း လျှို့ဝှစ်မစ်ရှင်တစ်ခုရှိ၍ တောင်ပေါ်မှဆင်းလာခြင်းဖြစ်သည်။

နေရာပတ်ဝန်းကျင်ကို မရင်းနှီးသဖြင့် နေ့ခင်းဘက် မလာခဲ့။ မိုးရွာသည့်ညနှင့် ကြုံရသဖြင့် မိုးခိုစရာရှာရင်း ဤအဖြစ်အပျက်နှင့် အမှတ်မထင် ဝင်တိုးခြင်းဖြစ်သည်။

“ကျွန်မ မှော်ပညာတစ်ချို့ လေ့လာထားတယ်။ ဒီကျားအရေခွံတွေက အတော်ကောင်းမယ့်ပုံပဲ။ ကျွန်မ ယူသွားလို့မလား”

“ရတာပေါ့။ တစ်ခြားလိုချင်တာရှိရင်လည်း ယူသွားပါ။ အားမနာပါနဲ့”

လုယန် ပြုံး၍ ပြောလိုက်သည်။

ကျားရေခွံများက တန်ဖိုးရှိသော်လည်း လန်ထင်ပေးခဲ့သည့် အကူအညီနှင့်ယှဉ်လျှင် ဘာမှမပြောပလောက်။

လန်ထင်က ခေါင်းခါသည်။ တစ်ခြားဘာမှ ထပ်မတောင်းဆိုပေ။

မိဘများနှင့်အတူ တောနက်ထဲတွင် ကြီးပြင်းခဲ့သည့် အရိုးရိုင်းက သားကောင်အရေဆုတ်သည့်အလုပ်ကို ကောင်းကောင်းကျွမ်းကျင်သည်။ သားသတ်သမားဓားလို ထက်မြက်သည့် သူ့လက်ချောင်းများကို ခပ်သွက်သွက်လှုပ်ရှားလိုက်ပြီးနောက် ကျားရေခွံနှစ်ခု ပုံမပျက်ရလာသည်။

ကျားရေခွံများယူပြီးနောက် လန်ထင် ယဉ်ကျေးစွာနှုတ်ဆက်၍ တောအုပ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

သူစီနီယာအမများက သူ့စိတ်ဓာတ်စွမ်းအား လုံလောက်အောင် မခိုင်မာသေးသ၍ တာအိုလမ်းစဉ်ဂိုဏ်းဝင်များနှင့် သိပ်အရောမဝင်ရန် သတိပေးထားသည်။ လှည့်စားခံရမည် စိုးသောကြောင့်ဖြစ်သည်။

“ကျင်းကျိုး၊ ကျားရိုးနဲ့ကျားမြီး မင်းယူမလား”

“ဘာလုပ်ဖို့လဲ”

မုန်ကျင်းကျိုး နားမလည်။

“ယောက်ျားအားတိုးဆေးဖော်ဖို့လေ”

လုယန် မပွင့်တပွင့်ပြုံး၍ စနောက်လိုက်သည်။

“တော်စမ်းပါကွာ”

သန့်စင်ယန်ဝိညာဉ်မြစ်ပိုင်ရှင်အတွက် ဘာအားတိုးဆေးမှမလိုပါ။ ထိုထက်ပို၍ ဟော်မုန်းအားတိုးလာလျှင် သူခံနိုင်ရည်ရှိမည်မဟုတ်။

“ဒီကျားနတ်ဆိုးနှစ်ကောင်ကို သေချာသိမ်းထားရအောင်။ ဒါတွေက ငါတို့မစ်ရှင်ပြီးမြောက်တဲ့ သက်သေပဲ”

လုယန် ကျောက်စိမ်းတံဆိပ်ထုတ်၍ လက်မဖြင့် ပွတ်ဆွဲလိုက်သည်။ ကျားနှစ်ကောင်အလောင်းကို တံဆိပ်ထဲ သိမ်းဆည်းသည်။

ကျောက်စိမ်းတံဆိပ်ကို မှော်လက်စွပ်တစ်ခုအနေနှင့်လည်း အသုံးပြုနိုင်သည်။

“သွားစို့၊ ကျားနတ်ဆိုးမက အတော်လေးဝုန်းဒိုင်းကျဲပြီး ဒီကိုရောက်လာတာ။ သစ်ပင်အတော်များများ ရိုက်ချိုးခဲ့တယ်။ အဲဒီ့လမ်းကြောင်းအတိုင်းလိုက်သွားရင် သူတို့နေတဲ့လှိုဏ်ဂူကို တွေ့မှာပဲ”

ထိုကျားနှစ်ကောင်သည် နှစ်အတော်ကြာအောင် စုန့်တောင်တန်းပေါ် နေထိုင်ခဲ့သည်။ ကျားဂူတစ်ခုရှိနေမည်မှာ သေချာသည်။

သည်းထန်သည့်မိုးက သူတို့သုံးယောက်အပေါ် သက်ရောက်နိုင်စွမ်းမရှိ။ မိုးရေကာကွယ်သည့် အခြေခံမှော်ပညာတစ်ခုခုသုံးထားလျှင် မိုးရေမစိုနိုင်။

လဲကျနေသည့် သစ်ပင်များ၊ ကွဲအက်နေသည့် ကျောက်ဆောင်များတွေ့ရာ လမ်းကြောင်းအတိုင်း သူတို့လိုက်သွားသည်။ သိပ်မကြာမီ ကျားနတ်ဆိုးများ၏ လှိုဏ်ဂူကိုတွေ့သည်။

သုံးမီတာခန့်မြင့်သည့် ဂူတစ်လုံးဖြစ်သည်။ အတော်လးမှောင်မဲနေသည်။ အတွင်းဘက်သို့ မမြင်ရ။

“မီးတုတ် ပါသလား”

အရိုးရိုင်းက မေးသည်။ မှောင်မဲနေသည့် ဂူထဲတွင် လျှို့ဝှက်ထောင်ချောက်များ ရှိနေနိုင်သည်။ ထိုကဲ့သို့ စိတ်မသတီစရာ ဂူများသည် ထောင်ချောက်ဆင်ရန် အကောင်းဆုံးဖြစ်ကြောင်း စာအုပ်များထဲတွင် သူဖတ်ဖူးသည်။ အုတ်ခဲတစ်လုံး မတော်တဆနင်းမိ၍ နံရံမှ မြားတံများလွင့်ပျံလာပြီး တစ်ကိုယ်လုံး ဆန်ကာပေါက်ဖြစ်သွားခြင်း၊ အဆိပ်ငွေ့များ ရုတ်တရက်ထွက်လာခြင်း၊ ကျောက်တုံးကြီးတစ်ခု လိမ့်ကျလာပြီး ခန္ဓာကိုယ်ကို ကြိတ်ချေသွားခြင်းမျိုး ကြုံရနိုင်သည်။

“ဒီကျားတွေက ကိုယ်နေတဲ့နေရာကို ဘယ်သူက ဒီလောက်ထောင်ချောက်တွအများကြီး ဆင်ထားမှာလဲ။ နေထိုင်ရတာ အဆင်ပြေလွန်းမှာ စိုးရိမ်နေတဲ့သူရယ်လို့ ရှိပါ့မလား”

လုယန် မှတ်ချက်ပေးသည်။ အရိုးရိုင်း၏အတွေးမျိုးက ထူးဆန်းသည့်နေရာများကို သွားမှသာ ဖြစ်နိုင်ခြေရှိသည်။ ထိုနေရာများတွင် မီးတုတ်တစ်ခုပါသည်က ရှာရဖွေရ အမှန်တကယ် လွယ်ကူစေပါသည်။

“အပြင်ထွက်လာတဲ့အချိန်မှာ ဘယ်သူကမီးတုတ်သယ်လာပါ့မလဲ”

မုန်ကျင်းကျိုး နှာခေါင်းရှုံ့သည်။ သူတို့အားလုံး ကျင့်ကြံသူများဖြစ်၍ မီးတုတ်အစား မီးတောက်မှော်ပညာများ ထုတ်သုံးနိုင်သည်။

“တစ်ခြားနည်းလမ်း စဉ်းစားကြည့်တာပေါ့”

လုယန် မုန်ချောင်းတစ်ခု ဆွဲထုတ်လိုက်သည်။ မီးပွားတစ်ခုဖြင့် မီးပျိုးသည်။ မကြာမီ မုန့်ချောင်းတစ်ခုလုံး မီးအလင်းများတောက်ပလာသည်။ အချိန်ကြာမြင့်စွာ လောင်ကျွမ်းနေခဲ့ပုံမျိုးဖြစ်သည်။

လုယန် မီးတောက်မုန့်ချောင်းကိုကိုင်ရင်း အတော်ကျေနပ်နေသည်။ မီးလောင်ခံရမည်ကိုလည်း ကြောက်စရာမလို။

ဈေးဆိုင်တန်းတွင်ရောင်းသည့် ပစ္စည်းများက အမှန်တကယ်အသုံးတည့်သည်။ အစာအဖြစ် လက်နက်အဖြစ်သာမက မီးတုတ်အဖြစ်ပါ သုံးလို့ရသည်။

လုယန်ထံမှ များစွာသင်ယူလေ့လာရဦးမည်ဟု အရိုးရိုင်းတွေးနေသည်။

မီးတောက်မုန့်ချောင်းကိုင်၍ လုယန် ရှေ့ဆုံးမှ ဦးဆောင်သွားသည်။ အရိုးရိုင်းနှင့် မုန်ကျင်းကျိုးတို့ နောက်မှကပ်လိုက်သွားကြသည်။

အရိုးရိုင်းထင်ခဲ့သလို ထောင်ချောက်များ ရှိမနေပါ။ ရိုးရိုးသားရဲဂူတစ်ခုသာ ဖြစ်သည်။

ကုန်သည်တို့၏ရတနာများ၊ စာပေပညာရှင်တို့၏ ဂန္တဝင်နှင့်သမိုင်းစာအုပ်များ၊ စစ်သည်တော်တို့၏ လျှို့ဝှက်သိုင်းကျမ်းများ... စသဖြင့်ရှိသည်။

ထိုပစ္စည်းများကို သူတို့ ဂိုဏ်းသို့အပ်နှံစရာမလို။ တိုက်ပွဲမှရသည့် ကိုယ်ပိုင်အကျိုးခံစားခွင့်ဟုသာ သတ်မှတ်ထားသည်။

“ကျောက်မျက်နဲ့ရှေးဟောင်းပစ္စည်းတွေ...”

သုံးယောက်ထဲတွင် အတွေ့အကြုံအများဆုံးဖြစ်သည့် မုန်ကျင်းကျိုးက ထိုပစ္စည်းများကို တာဝန်ယူ၍အကဲဖြတ်နေသည်။

“နှစ်တစ်ရာသက်တမ်းရှိတဲ့ လက်ဖက်ရည်ခွက်။...သိပ်တန်ဖိုးမရှိပါဘူး”

ကျင့်ကြံသူများအတွက် ရာစုနှစ်တစ်ခုဆိုသည်မှာ မျက်တောင်တစ်ခတ်စာမျှသာ ဖြစ်သည်။ ထိုမျက်တောင်တစ်ခတ်အတွင်း မည်သည့်အိမ်သုံးပစ္စည်းမဆို နှစ်တစ်ရာကျော်သက်တမ်းရှိသွားနိုင်သည်။

ကျင့်ကြံသူလောကတွင် ရှေးဟောင်းပစ္စည်းများသည် တန်ဖိုးအနည်းဆုံးဖြစ်သည်။ သေမျိုးများကသာ မက်မောကြသည်။

“သံချေးတက်နေတဲ့ သံမဏိဓား.... ကျားနတ်ဆိုးတွေက ဒါကို ဘာအတွက် သိမ်းထားတာလဲ။ အစွယ်သွေးဖို့လား”

မုန်ကျင်းကျိုး ခေါင်းခါသည်။

သံချေးတက်နေသည့်ဓားတစ်ချောင်းကို အထင်မသေးသင့်ဟု လုယန်တွေးနေသည်။ ပြတ်ရှရာတစ်ခု ရသွားလျှင် မေးခိုင်ပိုးဝင်နိုင်သည်။

“အရိပ်တုလက်သီး...ဒါက သာမန်လူတွေဆီကလာတဲ့ သိုင်းပညာတစ်ခုမဟုတ်လား။ တိရစ္ဆာန်တွေကို အတုခိုးပြီး လေ့ကျင့်တာလေ”

မုန်ကျင်းကျိုး စာမျက်နှာသုံးလေးခု လှန်ကြည့်ပြီးနောက် စိတ်မဝင်စားသဖြင့် လုယန်ဆီ ပစ်ပေးလိုက်သည်။

လုယန်က နည်းနည်းစိတ်ဝင်စားသည်။ အချိန်ရလျှင် လေ့ကျင့်မည်ဟု တွေးလိုက်သည်။

“သူတော်စင်အဆိုအမိန့်များတဲ့...။ ဒီသားရဲနှစ်ကောင်က သူတော်စင်အဆိုအမိန့်တွေကို ဘယ်နေရာမှာ သွားသုံးမှာလဲ။ သူတို့က နတ်ဆိုးသားရဲတွေပဲမဟုတ်လား”

သူတော်စင်အဆိုအမိန့်စာအုပ်သည် ကျွန်ဖြူးရှပ်ကျင့်ကြံသူများအတွက် အခြေခံစာအုပ်ဖြစ်သည်။ သူတော်စင်တို့၏ မွန်မြတ်သည့် အဆုံးအမများ ပါသည်။ အရိုးရိုင်း ထိုစာအုပ်ကို အလွတ်ရပြီးဖြစ်သလို အဆိုအမိန့်များကိုလည်း လေးလေးနက်နက် နားလည်သည်။

သူတော်စင်အဆိုအမိန့်စာအုပ်ကို အရိုးရိုင်း ယူလိုက်သည်။ ထူးထူးခြားခြား တန်ဖိုးရှိ၍တော့မဟုတ်။ လူသားတို့ လေးစားထိုက်သည့် ဆုံးမဩဝါဒများ ပါသောကြောင့်ဖြစ်သည်။

သူတော်စင်များကို ကြည်ညိုလေးစား၍ စာအုပ်ကို သိမ်းထားခြင်းဖြစ်သည်။

“အဲ...ဒီမှာ စာတစ်စောင်ပဲ။ ကျားနတ်ဆိုးဆီ လိပ်စာတပ်ပြီး ပို့ထားတဲ့စာ”

*********************************************************

All Chapters