← Chapters

သူတော်စင်ကဘာပြောခဲ့ပါလိမ့်

Vol. 4 Ch. 50

သူတော်စင်ကဘာပြောခဲ့ပါလိမ့်

Vol. 4 Ch. 50

နောက်ထပ် ကျားရေခွံတစ်ခု မုန်ကျင်းကျိုး တွေ့သည်။ နှစ်တစ်ရာကျော်သက်တမ်းရှိနေသကဲ့သို့ အလွန်တရာဟောင်းနွမ်းနေသည်။ သို့သော် မပျက်စီးသေး။ ထင်ရှားရှင်းလင်းသည့် အက္ခရာများပါသည်။ လုယန်နှင့်မုန်ကျင်းကျိုးတို့ လည်ဆန့်၍လှမ်းကြည့်သည်။ သူတို့မသိ။

“ဒါက နတ်ဆိုးဘာသာစကားပါ။ နတ်ဆိုးမျိုးနွယ်အချင်းချင်းဆက်သွယ်တဲ့ ဘာသာစကားပေါ့”

မုန်ကျင်းကျိုးက ရှင်းပြသည်။

ပင်ကိုယ်ဗီဇအရ ရာဂကြီးမားကြသည့် မြေခွေးမျိုးနွယ်များက သူတို့ရေးသည့်စာအုပ်များ၊ အထူးသဖြင့် “ကျန်းမာရေးနှင့်မညီညွတ်”သည့်စာအုပ်များတွင် ထိုဘာသာစကားဖြင့် ဖော်ပြသည်။ တစ်ယောက်ယောက်က ဖော်ပြ၍မသင့်တော်သည့်အရာတစ်ခုခု လုပ်လို၍ ထိုစာအုပ်ကို လိုချင်လျှင် စာရေးသူက ယန်စွမ်းအင် အနည်းငယ်ရနိုင်သည်။

အလယ်ပိုင်းတိုက်နယ်တွင် ထုတ်ဝေသည့် ကျန်းမာရေးနှင်မညီညွတ်သည့် စာအုပ်အများစုသည် မြေခွေးမျိုးနွယ်များ ရေးသားခြင်းဖြစ်သည်။ ထိုစာအုပ်များ အန္တရာယ်များကြောင်း အရာရှိများက သတိပေးထုတ်ပြန်ကြေညာသည်။ စာအုပ်ဖျက်ဆီးရေးလှုပ်ရှားမှုများ မကြာခဏလုပ်ကြသည်။ သို့သော် မှောင်ခိုဈေးကွက်တွင် ဆက်လက်ထုတ်ဝေနေဆဲသာဖြစ်သည်။ လျော့ပါးမသွား။

လူငယ်တစ်ယောက်ဖြစ်သည့် မုန်ကျင်းကျိုးက ထိုစာအုပ်များကို အတော်စွဲလန်းသည်။ ဖော်ပြရန်မသင့်သည့် ကိစ္စများကို သူနားမလည်။ စာအုပ်များကိုသာ စိတ်ဝင်စားခြင်းဖြစ်သည်။ ထို့ကြောင့် မူရင်းအကြောင်းအရာများကို ဖတ်ရှုနိုင်ရန် နတ်ဆိုးဘာသာစကားကို သီးခြားလေ့လာထားခြင်းဖြစ်သည်။

“မင်းက လေ့လာအားအတော်ကောင်းတာပဲ”

လုယန်နှင့် မုန်ကျင်းကျိုးတို့ အံ့အားသင့်သွားသည်။ ကျင့်ကြံမှုသည် မှတ်ဉာဏ်စွမ်းအားကို တိုးတက်စေနိုင်သည်။ ထို့ကြောင့် ဘာသာစကားတစ်ခုကို လျင်မြန်စွာ တတ်မြောက်နိုင်သည်။

သို့သော် ကျင့်စဉ်လမ်းမစမီကပင် မုန်ကျင်းကျိုး နတ်ဆိုးဘာသာစကားကို လေ့လာထားခဲ့သည်။ အတော်လေးစားစရာကောင်းသည်။

မုန်ကျင်းကျိုး ဆက်ရှင်းပြရန် နောက်တွန့်နေသည်။ နတ်ဆိုးစာပေကို သာမန်စိတ်ဝင်စားခြင်းသာဖြစ်ကြောင်း ပြောသည်။

မုန်ကျင်းကျိုး၏ နှိမ်ချတတ်သည့်စိတ်ဓာတ်နှင့် မကြွားမဝါဘဲ စိတ်နှစ်လေ့လာတတ်သည့်စရိုက်ကို အရိုးရိုင်းသဘောကျသွားသည်။ အတုယူထိုက်သည့် စိတ်ဓာတ်စရိုက်ဟု မြင်မိသည်။

“ကျားရေခွံပေါ်မှာ ဘာတွေရေးထားတာလဲ”

“ငါဖတ်ကြည့်မယ်...သရဲတွေ ဝိညာဉ်တွေရဲ့ သဘာဝ၊ အရိပ်ထဲမှာ လှုပ်ရှားတယ်၊ နေရောင်ခြည်ကို ရှောင်တယ်တဲ့။...ဒါက သရဲကျွန်တွေကို ထိန်းချုပ်တဲ့ ကျင့်စဉ်နည်းလမ်းပဲ”

မုန်ကျင်းကျိုး စာသားများကို အမြန်ဖတ်သည်။ စိတ်ထဲတွင် အဓိပ္ပါယ်ကို တွက်ချက်စဉ်းစားသည်။ မကြာမီ ထိုကျင့်စဉ်၏ လုပ်ဆောင်ပုံကို သဘောပေါက်လာသည်။

“သရဲမုဆိုးကို ဒီနည်းလမ်းနဲ့ သန့်စင်ခဲ့တာဖြစ်မယ်။ သရဲဝိညာဉ်တွေကို သန့်စင်တဲ့နေရာမှာ လိုအပ်ချက်တွေရှိတယ်။ အနည်းဆုံး ကိုယ်သန့်စင်မယ့် သရဲဝိညာဉ်ထက် ကျင့်စဉ်အဆင့်ကြီးနှစ်ဆင့် ပိုမြင့်နေမှရတယ်။ သေမျိုးတွေကိုတော့ ချီကျင့်ကြံမှု သတ္တမအဆင့်လောက်ဆို သန့်စင်နိုင်တယ်”

သရဲကျွန်များကို ထိန်းချုပ်သည့်ပညာသည် ကန့်သတ်ချက် အတော်များပုံရသည်။ ကိုယ့်ထက် အဆင့်နှစ်ဆင့်နိမ့်သည့် ဖြစ်တည်မှုများကိုသာ သန့်စင်နိုင်သည်။ သန့်စင်ထားပြီးလျှင်ပင် သရဲကျွန်ကို တိုက်ပွဲဝင်ခိုင်း၍ ရမရ သိပ်မသေချာလှ။

ဥပမာ ကျားနတ်ဆိုးနှင့်တိုက်ပွဲတွင် သရဲကျွန်တစ်ယောက် ပေါ်လာလျှင်လည်း စတေးခံအဖြစ်သုံးရုံမှလွဲ၍ သိပ်အသုံးမဝင်နိုင်။ ထိရောက်မှုမရှိနိုင်။

“ဒီကျင့်စဉ်တစ်ခုလုံးကို ငါဘာသာပြန်ပေးရမလား။ မျိုးနွယ်ကန့်သတ်ချက်တော့ မရှိဘူးထင်တယ်။ လူသားတွေလည်း ဒါကို လေ့ကျင့်လို့ရတယ်။ ကျားနတ်ဆိုးလို နတ်ဆိုးတွေလေ့ကျင့်ရင်တော့ ထိရောက်မှုအရှိဆုံးပဲ”

ထိုနည်းလမ်း အသုံးဝင်မဝင် အရိုးရိုင်း ပြန်မေးရန်ပြင်နေစဉ် လုယန်က တွေးတွေးဆဆပြောသည်။

“ငါတို့က နတ်ဆိုးဂိုဏ်းကို ဝင်မှာဆိုတော့ နတ်ဆိုးကျင့်စဉ်တွေကို မဖြစ်မနေတတ်ထားမှရမယ်။ မုဆိုးသရဲနေတဲ့နေရာမှာ သရဲကျွန်တွေ အသင့်ရှိနေပြီးသားပဲ။ ကျားရေခွံပေါ်ကကျင့်စဉ်ကို ဘာသာပြန်လိုက်ပါ။ အတူလေ့လာကြတာပေါ့”

အစက ကျန်နေသည့် သရဲကျွန်များကို တစ်ခါတည်းအပြတ်ရှင်းရန် လုယန်တွေးခဲ့သည်။ သို့သော် ယခုပေါ်လာသည့် အခြေအနေအရ သရဲကျွန်များကို အသုံးချပြီးမှ ဝိညာဉ်ဖျက်ဆီးလျှင်လည်း သိပ်နောက်မကျနိုင်ဟု သူယူဆသည်။

ကျားနတ်ဆိုးစကားအရ သရဲကျွန်များသည် သေဆုံးပြီးနောက် ကိုယ်ပိုင်သဘောဆန္ဒအရ ကျွန်အဖြစ်အလုပ်အကျွေးပြု၍ ခရီးသွားများကို ဒုက္ခပေးခဲ့ခြင်းဖြစ်သည်။

သူတို့အားလုံး သေသင့်သည်။

“ကောင်းပြီလေ”

မုန်ကျင်းကျိုး ခေါင်းငြိမ့်လိုက်သည်။ စက္ကူတစ်ရွက်ဖြန့်၍ မင်ရည်ပြင်ဆင်သည်။ သူ့စုတ်ချက်များက မြန်ဆန်သွက်လက်သည်။ သရဲကျွန် ထိန်းချုပ်ပညာကို အမြန်ဘာသာပြန်သည်။

“ငါတော့ဒါကို မလေ့ကျင့်ဘူး။ သန့်စင်ယန်ဝိညာဉ်မြစ်ဆိုတော့ ငါ့ကိုမြင်တာနဲ့ သရဲတွေက ထွက်ပြေးကြတာ။ ဒီလို ယင်ဓာတ်သီးသန့်ကျင့်စဉ်မျိုးကို ငါလေ့ကျင့်လို့မဖြစ်ဘူး”

လုယန်နှင့် အရိုးရိုင်းတို့လည်း မကန့်ကွက်ပါ။ သူတို့ဘာသာ လေ့ကျင့်ကြသည်။

မကြာမီ အေးစိမ့်သည့်လေပြေတစ်ခု ဂူထဲတွင် ပြည့်နက်သွားသည်။ သရဲညည်းသံများ ခပ်သဲ့သဲ့ထွက်ပေါ်လာသည်။ ကျောရိုးစိမ့်ချင်စရာပင်ဖြစ်သည်။

လုယန်တစ်ကိုယ်လုံး ပေါ့ပါးလာသည်။ လွင့်မျောနေသလို ခံစားရသည်။ သူ့စိတ်များ ထူးထူးခြားခြား ကြည်လင်နေသည်။ အာရုံခံနိုင်စွမ်း ထက်မြက်လာသည်။ သူ့ဘေးပတ်လည်မှ အရာအားလုံးကို အနုစိတ်မြင်နိုင်သည်။ မုန်ကျင်းကျိုးကို ငရဲမီးတောက်ကြီးတစ်ခုပမာ ခံစားမိသည်။ အလွန်တရာပူပြင်းသည်။

“-ဘာတွေဖြစ်နေတာလဲ-“

ထူးဆန်းနေသည့်အဖြစ်ကို သိလိုဇောဖြင့် အောက်သို့ ငုံ့ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်က တင်ပျဉ်ခွေအနေအထားမှာပင် ရှိနေသေးသည်။

“မဟုတ်သေးဘူး။ ငါလေထဲကို ပျံတက်လာတာမဟုတ်ဘူး။ ငါ့ဝိညာဉ် ခန္ဓာကိုယ်ထဲက ထွက်လာတာပဲ”

မုန်ကျင်းကျိုးလည်း လုယန်၏အဖြစ်ကို သတိထားမိသဖြင့် အံ့အားသင့်သွားသည်။

“နတ်ဝိညာဉ်အဆင့်ကလူတွေပဲ ဝိညာဉ်ကို ခန္ဓာကိုယ်ကနေ ခွဲထုတ်ပြီး မိုင်ပေါင်းထောင်ချီ လျှောက်သွားနိုင်တာပါ။ အခုမင်းက ဘယ်လိုလုပ်နိုင်သွားတာလဲ။ ခန္ဓာကိုယ်ထဲကို မြန်မြန်ဝင်တော့။ မင်းက အခြေတည်အဆင့်မှာပဲ ရှိသေးတယ်။ ဝိညာဉ်ကို မကျင့်ကြံရသေးဘူး။ မင်းဝိညာဉ် အလွယ်တကူ ထိခိုက်သွားနိုင်တယ်။ ထိခိုက်ရင် ပြန်ပြင်ဖို့မလွယ်တော့ဘူး”

လုယန်လည်း ထိုပြဿနာကို နားလည်သည်။ သရဲထိန်းမန္တာန်ကို စတင်ရွတ်ဆို၍ သူ့ဝိညာဉ်ကို ပုံမှန်နေရာပြန်ရောက်အောင် ကြိုးစားသည်။

“မင်းဘယ်လိုလုပ်ခဲ့တာလဲ”

အခြေတည်အဆင့် ဝိညာဉ်လွှင့်နိုင်သည်ဟု မုန်ကျင်းကျိုး တစ်ခါမှမကြားဖူး။

ထိုသို့လုပ်နိုင်သည့် နည်းလမ်းမျိုးလည်းမရှိ။

လုယန်လည်း စဉ်းစားမရဖြစ်နေသည်။

“ငါလည်း မင်းရေးချထားတဲ့ သရဲထိန်းကျင့်စဉ်အတိုင်း လုပ်လိုက်တာပဲ။ ကျင့်စဉ်ကိုလည်း နားလည်ပါတယ်။ မူမမှန်တာလည်း ရှာမတွေ့ဘူး။ အခြေအနေသိချင်လို့ စမ်းကြည့်လိုက်တာ အခုလိုဖြစ်သွားတာပဲ”

မုန်ကျင်းကျိုးက သူ့ကို ထူးဆန်းသည့်အကြည့်ဖြင့် စိုက်ကြည့်နေသည်။

“မင်းဝိညာဉ်ကို သရဲကျွန်လိုသဘောထားပြီး ကိုယ့်ကိုယ်ကို အမိန့်ပေးလိုက်တာများလား”

ထိုကျင့်စဉ်နည်းလမ်းမျိုး မကြားဖူးပါ။ လက်ရှိအခြေအနေအရ ဖြစ်နိုင်စရာက ထိုတစ်နည်းသာရှိသည်။

လုယန် ပြန်စဉ်းစားသည်။ သူလည်း တစ်ခြားဖြစ်နိုင်ခြေကို တွေးမရ။

လုယန်က မုန်ကျင်းကျိုးကို ခပ်ဝေးဝေးနေရန်ပြောပြီး နောက်ထပ်သုံးလေးကြိမ် ထပ်စမ်းကြည့်သည်။ အကြိမ်တိုင်း သူ့ဝိညာဉ်က ခန္ဓာကိုယ်မှ ခွဲထွက်သွားသည်။

သူတို့နှစ်ယောက် မစဉ်းစားတတ်တော့။ အရိုးရိုင်းနိုးထလာချိန်ကိုသာစောင့်ဖို့ ဆုံးဖြတ်လိုက်ကြသည်။ လုယန်လို ကြုံရမလား ကြည့်ချင်ကြသည်။

အရိုးရိုင်း နိုးလာချိန်တွင် လုယန်နှင့်မုန်ကျင်းကျိုးတို့ မျှော်လင့်တကြီးကြည့်နေသည်ကို မြင်ရသဖြင့် အူကြောင်ကြောင်ဖြစ်သွားသည်။

“သရဲကျွန်တွေကို ထိန်းချုပ်တတ်ပြီလား”

မုန်ကျင်းကျိုးက မေးသည်။

“နည်းနည်းတော့ နားလည်ပါပြီ။ သေမျိုးသရဲကျွန် ရှစ်ယောက်လောက်အထိ ထိန်းချုပ်နိုင်ပြီ”

“မင်းကိုယ်မင်း အမိန့်ပေးပြီး မင်းဝိညာဉ်ကို ခန္ဓာကိုယ်ကနေ ခွဲထုတ်နိုင်သလား”

လုယန် စိတ်အားထက်သန်စွာမေးလိုက်သည်။ သူတစ်ယောက်တည်း ကျင့်စဉ်လမ်းချော်ထွက်သွားခြင်းမဟုတ်ဟု သက်သေပြချင်သည်။ အရိုးရိုင်းကို ခေါင်းငြိမ့်စေချင်သည်။

အရိုးရိုင်း ပို၍နားရှုပ်သွားသည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါတွေက သရဲကျွန်တွေကို ထိန်းချုပ်တဲ့ကျင့်စဉ်လေ။ ကိုယ့်ကိုယ်ကိုလည်း သရဲဝိညာဉ်လို အမိန့်ပေးလို့ရတာလား”

လုယန်၏အတွေ့အကြုံကို မုန်ကျင်းကျိုး ရှင်းပြလိုက်သည်။ အရိုးရိုင်း

အတော်လေးစားသွားသည်။

မှော်ပညာလေ့လာရာတွင် လုယန်၏ အတွေးလျင်မြန်ခြင်း ပါရမီမြင့်မားခြင်းက ဘယ်သူမှယှဉ်မရ။ မုန်ကျင်းကျိုးလည်း အသိဗဟုသုတကျယ်ပြန့်ပြီးပါရမီထူးခြားသူဖြစ်သည်။

ဤခရီးစဉ်က အရိုးရိုင်းအတွက် အတော်အမြင်ကျယ်ရသည်။ သူတော်စင်ပြောခဲ့သည့်စကားနှင့် တစ်ထပ်တည်းပင်ဖြစ်သည်။

သူတော်စဉ်ပြောခဲ့သည့်စကားက ဘာပါလိမ့်။

ဟုတ်သည်။ သူတော်စင်က ပြောသည်။

“လူသုံးယောက်ကြား လမ်းလျှောက်သွားသည်။ အားလုံးက ကျွန်ုပ်၏ဆရာဖြစ်သည်” တဲ့။

(**E ဘာသာပြန်ကိုးကားချက် - မူရင်းကွန်ဖြူးရှပ်အဆိုအမိန့်က ထိုသို့မဟုတ်ပါ။ “လူသုံးယောက်ကြား လမ်းလျှောက်သွားသည်။ ကွန်ုပ်၏ဆရာကို သူတို့ထဲတွင်တွေ့သည်” ဟု ဖြစ်သည်)

“သရဲကျွန်တွေကို သွားရှာရမယ့်အချိန်ရောက်ပြီ”

ဂူထဲတွင် တစ်ခြားတန်ဖိုးရှိသည့်အရာ ဘာမှမကျန်တော့သဖြင့် မုန်ကျင်းကျိုးက သူ့အဖော်နှစ်ယောက်ကို လှမ်းခေါ်သည်။

“မင်းတို့သွားနှင့်ပါ။ ငါလုပ်စရာနည်းနည်းရှိသေးတယ်။ ခဏနေရင် အမီလိုက်ခဲ့မယ်”

လုယန် ပြန်ပြောသည်။

မုန်ကျင်းကျိုးနှင့် အရိုးရိုင်းတို့ သိပ်စဉ်းစားမနေတော့ဘဲ ကျားဂူထဲမှ ထွက်သွားကြသည်။

သူတို့သွားပြီးနောက် လုယန်မျက်နှာမှအပြုံး ပျောက်ကွယ်သွားပြီး လေးနက်တည်ကြည်လာသည်။

ဂူအတွင်းပိုင်းသို့ သူဆက်လျှောက်သွားသည်။ တောင်ကုန်းငယ်တစ်ခုစာခန့်ရှိသည့် အရိုးပုံကို မြင်လိုက်ရသဖြင့် သူသက်ပြင်းချလိုက်သည်။

“ထင်တဲ့အတိုင်းပါပဲလား”

ဂူထဲတွင် ပစ္စည်းမျိုးစုံ တွေ့ခဲ့ရသည်။ ကျားနတ်ဆိုးသည် သတိကြီးသူဖြစ်၍ လူသားများကို စားပြီးနောက် အရိုးများကို အပြင်ဘက်တွင် ချန်မထား။ သူရှိနေသည့်ကိစ္စ ပေါက်ကြားသွားမည်ကို စိုးရိမ်သည်။ ထို့ကြောင့် ကြွင်းကျန်သည့်အရိုးများကို ဂူထဲတွင် သိမ်းထားသည်။

လက်တွေ့မြင်ကွင်းက လုယန်ခန့်မှန်းချက်ကို သက်သေခံနေသည်။

သနားကောင်းသည့် ထိုလူများသည် စုန့်တောင်တန်းကို ဖြတ်သန်းချိန်တွင် လှည့်စားဝါးမျိုခံကြရပြီး ဤဂူလေးထဲတွင် အဆုံးသတ်ကြရသည်။

လုယန် ဘာမှဆက်မပြောတော့။ ဂူနံရံမှ ကျောက်သားအစိတ်အပိုင်းကြီးတစ်ခုကို ဓားဖြင့်ခုတ်ဖြတ်လိုက်သည်။

ကျောက်သားကို ပြင်ညီအောင်ညှိ၍ ကံမကောင်းသည့် ဝိညာည်များအတွက် ပြန်လည်မွေးဖွားခြင်းမန္တာန်ကို အသံတိတ်ရွတ်ဆိုပြီး ထိုနေရာတွင် ခဏငြိမ်၍ရပ်နေသည်။ ထို့နောက် လှည့်ထွက်ခဲ့သည်။

“မင်းတို့စောင့်နေရတဲ့အတွက် အားနာတယ်ကွာ။ သွားကြစို့”

လုယန် သူ့အဖော်နှစ်ယောက်ကိုခေါ်၍ စိတ်ကြည်လင်စရာမကောင်းသည့် ထိုနေရာကို စွန့်ခွာခဲ့သည်။

*********************************************

All Chapters