← Chapters

တစ်ခုမေ့ခဲ့သည်

Vol. 4 Ch. 51

တစ်ခုမေ့ခဲ့သည်

Vol. 4 Ch. 51

သရဲမုဆိုးကို ချီဝူစတွေ့ချိန်တွင် အနီးအနား၌ အိမ်သုံးလေးလုံးရှိသည်။ ပုံမှန်ဟုထင်ရသော်လည်း အားလုံးကို ကျားနတ်ဆိုးက သရဲကျွန်အဖြစ် ပြောင်းလဲထားပြီးဖြစ်သည်။ ကျားနတ်ဆိုးသေသွားချိန်တွင် ထိုသရဲကျွန်များ ဘာလုပ်ရမှန်းမသိ ဖြစ်ကုန်သည်။ တစ်ချို့က တောင်ပေါ်မှဆင်းလိုကြသည်။ တစ်ချို့က ဆက်၍ပုန်းအောင်းနေလိုကြသည်။ ငြင်းကြခုန်ကြရင်း ဆုံးဖြတ်ချက်မချနိုင်အောင် ဖြစ်နေသည်။ ထိုအချိန်တွင် လုယန်တို့သုံးယောက် ရောက်လာပြီး အားလုံးကို ဖမ်းဆီးလိုက်သည်။ မုန်ကျင်းကျိုးက သန့်စင်ယန်စွမ်းအင်တစ်ချို့ ထုတ်လွှတ်လိုက်သည်နှင့် သရဲကျွန်များ နာကျင်စွာအော်ညည်း၍ မြေပေါ်တွင် လူးလှိမ့်နေရသည်။

“ဒီလောက်အများကြီး ထိန်းသိမ်းထားဖို့မလိုဘူး။ နတ်ဆိုးကျင့်ကြံသူအဖြစ်ဟန်ဆောင်ဖို့ နှစ်ယောက်ဆိုရင် လုံလောက်တယ်”

လုယန် အေးစက်စက်လေသံဖြင့်ပြောသည်။ ကျားနတ်ဆိုးကို ကူညီခဲ့သည့် ထိုသရဲကျွန်များကို သူလုံးဝမသနား။ မည်သို့ဆိုစေ ကျားနတ်ဆိုးတောင်းဆိုချက်ကိုလက်မခံလျှင် သူတို့သည် သရဲကျွန်ဖြစ်လာမည်မဟုတ်။

သူတို့ သေသင့်သည်။

လုယန် ကျိုးစားကြည့်သည်။ သို့သော် သရဲကျွန်များကို သူမဆင့်ခေါ်နိုင်။ သူ့ဝိညာဉ်သာ ခန္ဓာကိုယ်ထဲမှ ထွက်လာသည်။

“အရိုးရိုင်း၊ မင်းကိုပဲ အားကိုးရတော့မယ်”

အရိုးရိုင်း တုံ့ဆိုင်းခြင်းမရှိ။ ခရီးသည်သရဲကျွန်နှစ်ယောက်ကို ချန်ထားပြီး ကျန်သည့်သရဲအားလုံး ရှင်းပစ်လိုက်သည်။ မုဆိုးသရဲကျွန်များကိုသုံးလျှင် နတ်ဆိုးဂိုဏ်းက အလွယ်တကူ သတိထားမိသွားနိုင်သည်။ နတ်ဆိုးကျားကို သူတို့သတ်ခဲ့ကြောင်း ရိပ်မိနိုင်သည်။ ခရီးသွားသရဲကျွန်ကိုသုံးခြင်းက ပို၍စိတ်ချရသည်။

“လာစမ်း”

အရိုးရိုင်းက ခရီးသွား သရဲထီးသရဲမနှစ်ယောက်ကို ခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်သည်။ သရဲကျွန်ထိန်းချုပ်ပညာထဲမှ နည်းလမ်းတစ်ခုဖြစ်သည်။ တိုက်ပွဲအတွက်လိုအပ်လျှင်လည်း သူတို့ကို ဆင့်ခေါ်နိုင်သည်။

ယန်ကျန်းသို့ သွားသည့်လမ်းတွင် တောအုပ်ထဲ လမ်းပျောက်နေသည့် ချီဝူတို့အဖွဲ့နှင့်တွေ့သည်။ အဆက်မပြတ်ရွာနေသည့်မိုးနှင့် မရင်းနှီးသည့်နယ်မြေဖြစ်နေသောကြောင့် တောင်ဆင်းလမ်းကို သူတို့မရှာတတ်ကြ။

“ကျေးဇူးရှင်”

လုယန်တို့ကို မြင်လိုက်ရသဖြင့် ချီဝူတို့ အတော်ဝမ်းသာသွားကြသည်။

“ကျေးဇူးရှင်တို့။ ခင်ဗျားတို့ကျေးဇူးကို ကျုပ်တို့ တစ်သက်လုံးမမေ့ပါဘူးဗျာ”

“တောင်တန်းနတ်ဘုရားက ကရုဏာကြီးမားတာပဲ”

“သခင်လေးတို့ကျေးဇူးကို ကျုပ်တို့အမြဲမှတ်ထားပါ့မယ်”

စိတ်ရင်းနှင့်ပြောနေသည့် ကျေးဇူးတင်စကားကြောင့် လုယန်တို့သုံးယောက် ကြည်နူးမိကြသည်။

လုယန်၏စိတ်များလည်း ပြန်လည်ကြည်လင်လာသည်။ ကျားဂူထဲမှ အရိုးများအကြောင်း သူဆက်မတွေးမိတော့။

“ကျုပ်တို့က ကျင့်ကြံသူတွေအနေနဲ့ တော်ဝင်လမ်းစဉ်အတိုင်း လျှောက်ကြတာပါ။ ကျေးဇူးတင်ဖို့မလိုပါဘူး”

မုန်ကျင်းကျိုး တည်ကြည်သည့်မျက်နှာဖြင့် ပြောသည်။ လူကယ်သည့်အလုပ်က ကျေးဇူးတင်စရာမလိုဘဲ သူတို့တာဝန်ဖြစ်သည်ဟူသည့် သဘောမျိုးဖြစ်သည်။

မုန်ကျင်းကျိုး၏ ဖြောင့်မတ်တည်ကြည်သည့် အပြုအမူကြောင့် တကယ်စံထားသင့်သည့်လူဟု အရိုးရိုင်း ခံစားမိလာသည်။ သို့သော် မုန်ကျင်းကျိုးသည် အပေါ်ယံဟန်လုပ်နေခြင်းသာဖြစ်ပြီး ကျေးဇူးတင်ခံရသည့်အဖြစ်ကို ကျိတ်၍ကျေနပ်နေကြောင်း လုယန် လှည့်ကြည့်စရာမလိုဘဲ သိသည်။

ကုန်သည်အဖွဲ့ကို ယန်ကျန်းကောင်တီသို့ လိုက်ပို့ပေးပြီးချန်တွင် မိုးညကိုလွန်၍ အရုဏ်အလင်းပေါ်လာသည်။ ခပ်မှိန်မှိန် သက်တန့်တစ်ခု ကောင်းကင်မှ ထိုးကျနေသည်။

“ငါတို့ တစ်ခုခုများ မေ့လာသလား”

တစ်ခုခုလိုနေသလို မုန်ကျင်းကျိုး ခံစားရသည်။

“ဘာမှမေ့မလာဘူးမဟုတ်လား”

လုယန် လူကိုရေတွက်ကြည့်သည်။ သုံးယောက်ပြည့်သည်။ ထို့ကြောင့် ဘာမှမေ့မကျန်ခဲ့ဟု ကောက်ချက်ချလိုက်သည်။

“ငါတို့တစ်ခုခု လိုနေသလို ခံစားရလို့ပါ။ ဘာရယ်မဟုတ်ပါဘူး။ စိတ်ထဲ ထားမနေနဲ့တော့”

.........................

ချင်ဟွိုက်ကောင်တီ၏ စားသောက်ဆိုင်တစ်ခုနောက်ဖေးတွင် မြင်းရထားတစ်စီး ထိုးရပ်ထားသည်။ မြင်းအိုတစ်ကောင်က မုန်ကျင်းကျိုး ချန်ထားခဲ့သည့်အစာများကို စားနေသည်။

“မုန်မိသားစုကကောင်လေး ဘယ်အချိန်ကျမှ ငါ့ကိုလာခေါ်မှာလဲ။ အစားအသောက်တွေက သိပ်ကြာကြာခံတော့မှာမဟုတ်ဘူး။ မစ်ရှင်က ငါးရက်ခြောက်ရက်လောက်ဆို ပြီးရတော့မှာမဟုတ်လား”

ရှားပါးနတ်ဆိုးသားရဲဖြစ်သည့် ဤမြင်းအိုသည် သာမန်မြင်းစာများကို မစားနိုင်။ အရည်အသွေးမြင့် ဝိညာဉ်စွမ်းအင်ပေါင်းစပ်ထားသည့် မြင်းစာများကို မုန်ကျင်းကျိုးက ဈေးကြီးပေးဝယ်၍ သေချာပြင်ဆင်ပေးထားခဲ့သည်။ မြင်းအို နှာခေါင်းရှုံ့၍ စုတ်တစ်ချက်သပ်လိုက်သည်။ သူ့အခြေအနေက အတော်ပျင်းစရာကောင်းလှသည်။ ထို့ကြောင့် သူ့ဘေးဘက် မြင်းစောင်းထဲမှ အဖြူရောင်မြင်းမလေးတစ်ကောင်ကို မကြာခဏ လှမ်းကြည့်သည်။

........................

မြို့တော်ထဲဝင်ပြီးနောက် သူတို့သုံးယောက် လက်ဖက်ရည်ဆိုင်တစ်ခုသို့ ဝင်ကြသည်။ လက်ဖက်ရည်တစ်အိုးနှင့် စားစရာတစ်ချို့မှာသည်။ ဆက်လုပ်မည့်အစီအစဉ်များကို ဆွေးနွေးသည်။

“ဒီလောက်ကျယ်တဲ့ ယန်ကျန်းကောင်တီမှာ ချင်ယွမ်ဟောင်ဆိုတဲ့လူကို ငါတို့ဘယ်လိုရှာမှာလဲ။ ဒေါသခံ အာဏာပိုင်တွေကို အကူအညီတောင်းကြမလား”

အရိုးရိုင်း မျက်မှောင်ကျုံ့နေသည်။ ယန်ကျန်းကောင်တီသည် ကျင့်ကြံသူများအတွက် အဓိကကျသည့်နေရာတစ်ခုမဟုတ်ပါ။ တစ်ခြားကောင်တီများနှင့်ယှဉ်လျှင် မထင်မရှားကောင်တီလေးသာဖြစ်သည်။ လမ်းညွှန်မြေပုံပေါ်မှာပင် အမှတ်အသားပြမထား။ သို့တိုင်အောင် လူဦးရေနှစ်သန်းနေထိုင်သည့် နေရာဖြစ်သည်။ ထိုနေရာမျိုးတွင် လူတစ်ယောက်ကို ရှာဖို့ဆိုသည်မှာ ကောက်ရိုးပုံထဲ အပ်‌ပျောက်ရှာသလိုသာဖြစ်သည်။

လုယန် အရိုးရိုင်းစိတ်ကူးကို လက်မခံ။

“အဲလိုလုပ်လို့ အဆင်မပြေဘူး။ နတ်ဆိုးဂိုဏ်း ဒီမှာပုန်းခိုနေတာ ဘယ်လောက်ကြာပြီမှန်းမသိဘူး။ ဂိုဏ်းနောက်ကွယ်က ရှုပ်ထွေးတဲ့အင်အားစုတွေထဲမှာ ဒေသခံအာဏာပိုင်တွေလည်း ပါနေနိုင်တယ်”

လုယန်စကားကို အရိုးရိုင်း နားမလည်။

“နတ်ဆိုးဂိုဏ်းဝင်တွေကို လူတိုင်းက ဆန့်ကျင်ကြတာမဟုတ်လား။ ဘာလို့ အာဏာပိုင်တွေက သူတို့ကို ကူညီမှာလဲ”

ထိုကိစ္စမျိုးနှင့် ပိုအကျွမ်းတဝင်ရှိသည့် မုန်ကျင်းကျိုးက ရှင်းပြသည်။

“အဲလို အားလုံးက ဆန့်ကျင်နေကြလို့ပဲပေါ့။ မဟာရှားနိုင်ငံက အရာရှိတစ်ယောက်ရဲ့စွမ်းဆောင်ရည်ကို “နတ်ဆိုးသုတ်သင်တဲ့အရေအတွက်”စံနှုန်းနဲ့ သတ်မှတ်တယ်။ နတ်ဆိုးများများသုတ်သင်နိုင်လေ...အထူးသဖြင့် ကျင့်စဉ်အဆင့်မြင့်တဲ့ နတ်ဆိုးတွေသတ်နိုင်လေ...သူတို့စွမ်းဆောင်ရည် ပိုကောင်းတယ်လို့ စဉ်းစားလေပဲ။

“ဒါကြောင့် နတ်ဆိုးဂိုဏ်းတွေက နယ်ခံတရားသူကြီးနဲ့ အပေးအယူလုပ်ဖို့ လွယ်ကူသွားတယ်။ နတ်ဆိုးတွေ သူ့လက်ထဲပုံမှန်အပ်မယ်။ ပြီးတော့ အပြန်အလှန်အနေနဲ့ သူတို့ဂိုဏ်းနေရာကို လျှို့ဝှက်ပေးထားဖို့ တောင်းဆိုမယ်လေ”

မုန်ကျင်းကျိုးပြောသည့်စကားက စိတ်ကူးယဉ်သက်သက်မဟုတ်။ သူ့မိသားစုအကြီးအကဲများ ပြောဖူးသည့် ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်သည်။ နတ်ဆိုးဂိုဏ်းကို အမြစ်ပြတ်သုတ်သင်ဖို့ ကြိုးစားကြသော်လည်း ပွတ်ကာသီကာလွတ်မြောက်သွားသူတစ်ချို့ အမြဲရှိနေသည်။ ထိုစွမ်းဆောင်ရည်စံနှုန်းသတ်မှတ်ချက်ကို ပယ်ဖျက်ဆို့ အကြုံပြုခဲ့သူများရှိသည်။ သို့သော် ဝန်ကြီးချုပ်က တစ်ချက်လွှတ်အမိန့်ဖြင့် ပယ်ချခဲ့သည်။ ကိုယ်ပိုင်အကျိုးအမြတ်အတွက် လာဘ်စားသည့် အရာရှိများ ရှိနေသည့်တိုင် ထိုသတ်မှတ်ချက် ရှိနေသဖြင့် အရာရှိအများစုက နတ်ဆိုးကို ဇွဲကောင်းကောင်းဖြင့် တိုက်ခိုက်နေကြသည်။ ထိုသတ်မှတ်ချက်ကို ပယ်ဖျက်လိုက်လျှင် အားကျိုးမာန်တက် တိုက်ခိုက်နေသူများ စိတ်ဓာတ်ကျသွားနိုင်သည်ဟု ဝန်ကြီးချုပ်က ယူဆသည်။

ထိုအကြောင်းများ သိလိုက်ရသဖြင့် အရိုးရိုင်း လောကအကြောင်း ပိုနားလည်လာသလို ခံစားရသည်။ အစက သူထိုသို့မတွေးဖူး။

လုယန် ထပ်ပြောသည်။

“တရားသူကြီးက နတ်ဆိုးဂိုဏ်းနဲ့ပူးပေါင်းနေတာတော့ မဖြစ်နိုင်လောက်ပါဘူး။ ဒါပေမယ့် အဆိုးဆုံးအခြေအနေကို ငါတို့ကြိုတွက်ထားရမယ်။

“နယ်ခံတရားသူကြီးက တကယ်သာ နတ်ဆိုးဂိုဏ်းနဲ့ ပူးပေါင်းနေတယ်ဆိုရင် ငါတို့လာတဲ့ရည်ရွယ်ချက် သူ့ကိုသွားပြောတဲ့အခါ သူ့အဖြစ်မှန်ကို မရိပ်မိအောင် ချင်ယွမ်ဟောင်ကို ထုတ်ပေးမှာပဲ။ ဒါပေမယ့် ငါတို့လုပ်ရပ်ကြောင့် ယန်ကျန်းဂိုဏ်းဂိုဏ်းခွဲတစ်ခုလုံးကို တပ်လှန့်သလို ဖြစ်သွားမယ်။ ရှောင်တိမ်းခွင့် ပေးလိုက်သလို ဖြစ်မယ်။ နတ်ဆိုးဂိုဏ်းထဲကို ထိုးဖောက်ဝင်ရောက်ခွင့် မရနိုင်တော့ဘူး။ ဒီနည်းလမ်းက ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုတွေ ရှိတယ်။ မကောင်းဘူး။

“လောလာဆယ် ငါတို့ မထင်မရှားနေပြီး ချင်ယွမ်ဟောင်ကို ကိုယ့်ဘာသာရှာတာ အကောင်းဆုံးပဲ။ သူ့ကိုရှာမတွေ့မှ ဒေသခံအာဏာပိုင်တွေဆီ အကူအညီတောင်းဖို့ စဉ်းစားတာပေါ့”

အရိုးရိုင်း လုယန်အစီအစဉ်ကို လက်ခံသွားသည်။

“ဒါဆို ချင်ယွမ်ဟောင်ကို ဘယ်လိုမျှားထုတ်မလဲ”

အရိုးရိုင်း နည်းလမ်းအမျိုးမျိုးတွေးကြည့်သည်။ အားလုံးက ဟာကွက်များရှိသည်။ အန္တရာယ်များသည်။

အလိုရှိဆိုင်းဘုတ်ကြော်ငြာကပ်မည်။

ပေါ်ပေါ်ထင်ထင်ဖြစ်လွန်းသည်။

မှောင်ခိုဈေးတွင် သတင်းစုံစမ်းမည်။

တစ်ယောက်ယောက် သူ့အကြောင်းစုံစမ်းနေမှန်း ချင်ယွမ်ဟောင်သိသွားလျှင် ပို၍ပင်ရှာမတွေ့နိုင်အောင် ပုန်းအောင်းလိမ့်မည်။ နတ်ဆိုးဂိုဏ်းဝင်များကို ဦးဆောင်၍ သတင်းစုံစမ်းသူများကို အပြတ်ရှင်းရန်ပင် ကြိုးစားလာနိုင်သည်။ အန္တရာယ်များလွန်းသည်။ လက်တွေ့မကျ။

လုယန်နှင့်မုန်ကျင်းကျိုးတို့၏ စိတ်ကူးကို အရိုးရိုင်း သိချင်နေသည်။

တောင်တန်းပေါ်မှ ဆင်းလာသည့်လမ်းခရီးတွင် အကြံတစ်ခု ရခဲ့ပြီးဖြစ်၍ လုယန် ခပ်ညှင်းညှင်းရယ်လိုက်သည်။

“မင်းတို့သိလား၊ ငါတို့လို တော်ဝင်ဂိုဏ်းကလူတွေနဲ့မတူဘူး။ သိုင်းလောကမှာကျင်လည်တဲ့လူတွေက မျက်နှာကို အရမ်းအလေးအနက်ထားကြတယ်။

“အထူးသဖြင့် နတ်ဆိုးဂိုဏ်းက လူတွေပေါ့။ သူတို့အတွက် မျက်နှာပျက်တာဟာ သေတာထက်ဆိုးတယ်။

“ဒီတော့ ငါတို့ ကောလဟာလတွေဖြန့်မယ်။ ချင်ယွမ်ဟောင်ဟာ အလွန်သဘောကောင်းတဲ့လူပါ။ သူ့တာဝန်တွေရှိနေတာတောင် ကောင်းတဲ့အလုပ်တွေ အမြဲလုပ်ပါတယ်လို့လေ။ သူက “လူကောင်း”ပါဆိုတဲ့ ကောလဟာလသတင်း ယန်ကျန်းနယ်မှာ ပြန့်သွားတာနဲ့၊ ပြီးတော့ နတ်ဆိုးဂိုဏ်းဝင်တွေက ချင်ယွမ်ဟောင် နတ်ဆိုးဂိုဏ်းသိက္ခာချတဲ့ကောင်လို့ ယုံကြည်လာတာနဲ့ သူထွက်လာလိမ့်မယ်။ အဲဒီ့အချိန်ကျရင် ငါတို့အတွက် အခွင့်အရေးရလာမယ်”

“ဒါဆို ငါတို့က မဟုတ်တာတွေပြောပြီး ပြဿနာတက်‌အောင် မီးမွှေးပေးရုံပဲပေါ့”

မုန်ကျင်းကျိုး ရိုးရိုးရှင်းရှင်း ကောက်ချက်ချသည်။

ကံကောင်းထောက်မစွာဖြင့် သူသည် ထိုကိစ္စမျိုးတွင် အလွန်ပါရမီထူးသည်။ ထိုနည်းဗျူဟာများကို အကျွမ်းကျင်ဆုံးဖြစ်သည်။

အရိုးရိုင်းလည်း သဘောပေါက်သွားသည်။ ချင်ယွမ်ဟောင်ကို အပြင်ထွက်လာအောင် ဖိအားပေးရန် ထိုနည်းလမ်းက အတော်ကောင်းသည်ဟု ယူဆသည်။

သို့သော် သူတို့ “တော်ဝင်ဂိုဏ်းများ” နှင့် “အပြင်သိုင်းလောကမှ”လူများကြား မျက်နှာကို တန်ဖိုးထားမှုချင်းမတူဟူသည့် စကားက သူ့စိတ်ထဲ တရစ်ဝဲဝဲဖြစ်နေလေသည်။

*********************************************************

All Chapters