လူကောင်းဟူသည်
Vol. 4 Ch. 52
စားသောက်ဆိုင်လေးတစ်ခုထဲတွင် စားသောက်သူတစ်ယောက်က အမူအရာအမျိုးမျိုးဖြင့် ဟန်ပါပါ စကားပြောနေသည်။ အတော်များများ သူ့ကို စိတ်ဝင်စားနေသည်။
“ကြားဖူးကြလား။ ကျုပ်တို့ကောင်တီက ဖြောင့်မတ်တဲ့ သူရဲကောင်တစ်ယောက် မွေးထုတ်နိုင်ခဲ့ပြီဗျ။ နာမည်က ချီယွမ်ဟောင်တဲ့။ သူ့လုပ်ရပ်တွေကို မသေမျိုးဂိုဏ်းကြီးငါးဂိုဏ်းကလူတွေတောင် လေးစားရတယ်”
လုယန်မျက်လုံးများက စိတ်လှုပ်ရှားမှုအရိပ်တို့ဖြင့် တောက်ပနေသည်။ နှုတ်ခမ်းပေါ်တွင် တွန့်ပြုံးတစ်ခု ပေါ်နေသည်။ စိတ်ဝင်စားစရာ အတင်းအဖျင်းတစ်ခု ကြားလာပြီး အားလုံးကို ပြန်ပြောနေသည့်ပုံမျိုးဖြစ်သည်။
“ဟုတ်လား၊ ငါတို့ ယန်ကျန်းမှာ ဒီနာမည်မျိုး တစ်ခါမှမကြားဖူးပါဘူး”
“ငါတော့ ကြားဖူးသလိုလိုပဲ။ ဒါပေမယ့် သူက လူကောင်းတော့ ဟုတ်မယ်မထင်ဘူး”
“အားလုံး တိတ်တိတ်နေကြပါ။ ဟိုလူငယ်လေး ဆက်ပြောပါစေ။..ချင်ယွမ်ဟောင်က ဘာတွေဖြစ်ခဲ့လို့လဲ”
လုယန် စကားခဏရပ်နေပြီးမှ ဆက်ပြောသည်။
“ဒီသူရဲကောင်းချင်ယွမ်ဟောင်က အခြေတည်ကျင့်စဉ်အဆင့်ထိ ရောက်နေရုံသာမကဘူး။ စိတ်ဓာတ်ဖြောင့်မတ်မှုနဲ့ မိတ်ဆွေအပေါင်းအသင်းများတဲ့နေရာမှာလည်း နာမည်ကြီးတယ်။ သူ့အကြောင်းသိတဲ့လူတွေက သူ့ကို လိုလိုချင်ချင်နဲ့ “အကိုကြီး”လို့ တလေးတစားခေါ်ကြတယ်”
ချင်ယွမ်ဟောင် အခြေတည်အဆင့်ရောက်နေသူဖြစ်ကြောင်း ကြားပြီးနောက် စားသောက်နေသူတို့၏မျက်လုံးများ အရောင်လက်လာသည်။ အတော်ထူးခြားသည့်သတင်းဟု မြင်လာကြသည်။
ပုံမှန်အားဖြင့် သူတို့ပြောကြသည် သိုင်းလောကဒဏ္ဍာရီများသည် သိုင်းပညာအဆင့်မြင့်မားပြီး သည်းထိတ်ရင်ဖို အတွေ့အကြုံများကြောင့် အထင်ကြီးလေးစားစရာ ကောင်းသလိုရှိသည်။ သို့သော် သေချာပြန်တွေးကြည့်လျှင် ထိုထိပ်တန်းသိုင်းသမားတို့၏ အင်အားအစစ်သည် သိပ်မမြင့်လှကြောင်း သူတို့နားလည်သည်။
အများလက်ခံထားကြသည်မှာ သိုင်းလောကထိပ်တန်းသိုင်းပညာရှင်များသည် ချီကျင့်ကြံမှု နဝမအဆင့်နှင့် တန်းတူဖြစ်သည်။ ထိုအဆင့်သည် သိုင်းသမားများအတွက် အမြင့်ဆုံးဖြစ်သည်။
ယခု အခြေတည်အဆင့်ကျင့်ကြံသူဟု ကြားလိုက်ရသဖြင့် အားလုံး နားစွင့်နေကြသည်။ နောင်တစ်ချိန် ထိုအကြောင်း ပြန်ထုတ်ကြွားနိုင်ဖို့ အသင့်ပြင်ထားသည်။
“တစ်နေ့မှာ ချင်ယွမ်ဟောင်နဲ့ သူ့မိတ်ဆွေရင်းတစ်ယောက် လေလံပွဲတစ်ခုတက်တယ်။ သူ့မိတ်ဆွေက ရတနာတစ်ခုကို သဘောကျလို့ ချင်ယွမ်ဟောင်ဆီကနေ အဆင့်နိမ့်ဝိညာဉ်ကျောက် လေးငါးထောင်လောက်ချေးပါလို့ ပြောတယ်။ ချင်ယွမ်ဟောင်က တဟားဟားအော်ရယ်တယ်။ “မင်းနဲ့ငါ့ကြားမှာ ငွေအကြောင်းပြောရင် ငါတို့ခင်မင်ရင်းနှီးမှု တန်ဖိုးကျပါတယ်ကွာ...ရော့..မင်းအတွက် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးရှစ်ထောင်. ငါ့ကိုပြန်ပေးစရာမလိုဘူး”တဲ့။ သူ့မိတ်ဆွေ ရင်ထဲအတော်ထိသွားတာပေါ့”
“အဆင့်နိမ့်ဝိညာဉ်ကျောက်ရှစ်ထောင်တဲ့လား”
ဘေးမှ ရပ်ကြည့်နေသည့် မုန်ကျင်းကျိုး တအံ့တဩလေသံဖြင့် အော်ဟစ်လိုက်သည်။
“ဝိညာဉ်ကျောက်တုံးဆိုတာ ကျင့်ကြံသူလောကရဲ့ အမာခံငွေကြေးပဲ။ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးရှစ်ထောင်ဆိုတာ ကောင်တီဗဟိုမှာရှိတဲ့ အိမ်ကြီးအိမ်ကောင်းတစ်လုံး ဝယ်လို့ရတယ်။ တစ်သက်လုံးပြုစုဖို့ နတ်သမီးလိုလှတဲ့ အစေခံတစ်ယောက် ခေါ်ထားလို့ရတယ်”
မုန်ကျင်းကျိုးရှင်းပြလိုက်သဖြင့် ဆိုင်ထဲမှ ဖောက်သည်များ ဝိညာဉ်ကျောက်တန်ဖိုးကို နားလည်သွားကြသည်။
ထိုချင်ယွမ်ဟောင်သည မယုံနိုင်လောက်အောင် ရက်ရောလှသည်။ ဝိညာဉ်ကျောက်ရှစ်ထောင်ကို အလွယ်တကူ ပေးလိုက်သည်။
“သူ့မိတ်ဆွေ လေလံအောင်တော့ ရတနာကို ရသွားတယ်။ ဒါပေမယ့် လေလံပွဲမှာရှိနေခဲ့တဲ့ နတ်ဆိုးကျင့်ကြံသူတစ်ယောက်က သူ့ကိုပစ်မှတ်ထားလာတယ်။ အဲဒီနတ်ဆိုးကျင့်ကြံသူက ချင်ယွမ်ဟောင်နဲ့သူ့မိတ်ဆွေကို အငိုက်ဖမ်းပြီး လုပ်ကြံတိုက်ခိုက်တယ်။ ပစ္စည်းကို လက်မလွှတ်ချင်တော့ သူ့မိတ်ဆွေက အတင်းခုခံတယ်။ နတ်ဆိုးကျင့်ကြံသူက သူ့မိတ်ဆွေကိုသတ်ပြီး ရတနာကို ယူသွားတယ်။ ချင်ယွမ်ဟောင် နောက်ကလိုက်ဖမ်းဖို့ ကြိုးစားတယ်။ ဒါပေမယ့် နတ်ဆိုးကျင့်ကြံသူက လွတ်သွားတယ်လေ”
ထိုအချိန်တွင် လုယန်က သူ့လည်ပင်းသူ လက်ညှိုးထိုးပြသည်။ ဆိုင်ထဲမှဖောက်သည်များ သူပြောလိုသည့်အဓိပ္ပါယ်ကို နားလည်သည်။ အရက်များ ဖောဖောသီသီ ပေးကြသည်။
လုယန်က ဆန်အရက်တစ်ခွက်တောင်းပြီး တစ်ငုံသောက်၍ ခံတွင်းရှင်းသည်။ ထို့နောက် ဆက်ပြောသည်။
“သေခါနီးမှာ သူ့မိတ်ဆွေက သူ့မိန်းမနဲ့သမီးကို စောင့်ရှောက်ဖို့ ချင်ယွမ်ဟောင်ကို မှာတယ်။ ချင်ယွမ်ဟောင်ကလည်း မျက်ရည်စက်လက်နဲ့ သူတို့သားအမိကို စောင့်ရှောက်ပါ့မယ်လို့ ကတိပေးတယ်။
“အဲဒီ့သားအမိနှစ်ယောက်လုံးက ရှားပါးအလှပိုင်ရှင်တွေဗျ။ မိန်းမဖြစ်တဲ့သူက အရွယ်တင်အောင် ထိန်းသိမ်းတတ်တော့ ကျက်သရေရှိပြီး ရင့်ကျက်တဲ့ အလှမျိုး။ သမီးလေးကျတော့ ငယ်မူငယ်သွေးကြွယ်ပြီး ချစ်စရာကောင်းတဲ့ အလှမျိုးပေါ့။ ဒီလိုမိန်းမလှတွေနဲ့တွေ့ပေမယ့် ချင်ယွမ်ဟောင် စိတ်မယိုင်ခဲ့ဘူး။
“ဘာအထောက်အပံ့မှ မရှိတော့တဲ့ သားအမိနှစ်ယောက်က သူတို့ဘဝအတွက် ယုံယုံကြည်ကြည် အပ်နှံလို့ရတဲ့ ချင်ယွမ်ဟောင်ကို သူတို့အလှနဲ့ဆွဲဆောင်ဖို့ ကြိုးစားကြတယ်။ ချင်ယွမ်ဟောင်က ပွင့်ပွင့်လင်းလင်းပဲပြောတယ်။ သူ့ကျင့်ကြံမှုတစ်စိတ်တစ်ပိုင်းအနေနဲ့ ဗြဟ္မစရိယအကျင့်ကို ကျင့်ပါတယ်တဲ့။ သူ့အကျင့်သီလကို မဖောက်ဖျက်နိုင်ပါဘူးတဲ့လေ။
“ချင်ယွမ်ဟောင်က ပေးထားတဲ့ ကတိကိုလည်း တည်တယ်။ သားအမိနှစ်ယောက်ကို ဝတ္တရားမပျက် စောင့်ရှောက်ခဲ့တယ်။ နောက်ဆုံးတော့ သူတို့သားအမိကို လက်ခံနိုင်မယ့် လူကောင်းတစ်ယောက် ရှာပေးခဲ့တယ်”
“လောကမှာ ဒီလောက်ဖြောင့်မတ်တဲ့ သူရဲကောင်းမျိုး ရှိနေတယ်ပေါ့။ ချမ်းသာပေမယ့် လောဘမကြီးတဲ့ အလှအပတွေ့ပေမယ့် စိတ်မယိုင်တဲ့လူမျိုးလေ”
မုန်ကျင်းကျိုး၏ ရေရွတ်သံက ဘေးပတ်လည်မှလူများ၏ ခံစားချက်နှင့် တစ်ထပ်တည်းကျသွားသည်။
“ချင်ယွမ်ဟောင်ဟ တကယ်မြင့်မြတ်တဲ့လူပဲ”
“ချင်ယွမ်ဟောင်နဲ့ သိခွင့်မရတာ ဆိုးတာပဲ။ သိခွင့်ရရင် ဝိညာဉ်ကျောက်နည်းနည်းလောက် ငါချေးလို့ရမှာ”
“မိန်းမလှတွေရဲ့ ဆွဲဆောင်မှုကို သူရဲကောင်းတွေ မလွန်ဆန်နိုင်ဘူးလို့ ဘယ်သူပြောလဲ။ အခု ချင်ယွမ်ဟောင် လုပ်ပြခဲ့ပြီမဟုတ်လား”
ဆိုင်ထောင့်တစ်နေရာမှ အရိုးရိုင်းက စကားပြောကျင်လည်သည့် လုယန်နှင့် စကားထောက်ကောင်းသည့် မုန်ကျင်းကျိုးတို့ကိုကြည့်၍ အတော်လေးစားမိသည်။ ဇာတ်လမ်းတစ်ပုဒ်ကို ဇာတ်ညွှန်းမလိုဘဲ လက်တမ်းဖန်တီးနိုင်ကြသည်။
သူဘယ်တော့မှ ထိုပါရမီမျိုး ပိုင်ဆိုင်နိုင်မည်မသိ။
ဆိုင်ထဲတွင် စားသောက်နေသည့်လူများသည် ကြွားလုံးထုတ်ရသည်ကို သဘောကျသည်။ အထူးသဖြင့် သူများမသိသေးသည့် အကြောင်းများ ဖောက်သည်ချရသည်ကို ကြိုက်သည်။
လုယန်၏ဇာတ်လမ်းကို နားထောင်ရင်း အတော်များများသောက်မိကြသည်။ အသေးစိတ်အချက်အလက်များကို သေချာမမှတ်မိတော့ကြောင်း နောက်ပိုင်း အရက်သောက်ရင်း ပြန်ဖောက်သည်ချသည့်အချိန်ကျမှ သူတို့ကိုယ်သူတို့ သတိထားမိသည်။
သို့သော် သူတို့ ဇာတ်လမ်းမေ့သွားသည့်အဖြစ်ကို ဝန်မခံလိုကျ။ ထို့ကြောင့် ကိုယ်ပိုင်စိတ်ကူးစိတ်သန်းဖြင့် ထပ်ဖြည့်၍ ဆက်ပြောကြသည်။
တစ်ယောက်နှင့်တစ်ယောက် ဇာတ်လမ်းမေ့သည့်နေရာချင်းလည်း မတူကြ။ ထပ်ဖြည့်သည့် အကြောင်းအရာများကလည်း ကွဲပြားသွားသည်။
ထို့ကြောင့် ချင်ယွမ်ဟောင်အကြောင်း ကောလဟာလမျိုးစုံ ပေါ်လာလေသည်။
.......................
“စေတနာရှင် ချင်ယွမ်ဟောင်အကြောင်း မင်းကြားပြီးပြီလား”
“ဝိညာဉ်မိုင်းတွင်းတစ်ခု အမှတ်မထင်ရှာတွေ့လို့ သူ့ပြည်နယ်မှာ နေ့ချင်းညချင်း အချမ်းသာဆုံးကျင့်ကြံသူ ဖြစ်သွားတယ်ဆိုတဲ့လူလား။ ငွေချေးပြီး ပြန်မတောင်းတဲ့ ချင်ယွမ်ဟောင်လေ”
“သူပဲဖြစ်မယ်။ ဒါပေမယ့် ငါကြားတာတော့ ချင်ယွမ်ဟောင်က မိန်းမတွေကို စိတ်မဝင်စားဘူး။ ယောက်ျားတွေကိုပဲ ကြိုက်တာတဲ့”
“ဟုတ်လား။..ဪ...ဗြဟ္မစရိယကျင့်တယ်ဆို အဲလိုမျိုးလား။ ..ဗြဟ္မစရိယကျင့်ရင် ကြက်သားစားရတယ်လို့ ပြေကြတယ်။ အဲဒါ ဟုတ်လား”
“မင်းတို့မှားနေပြီ။ ငါကြားတာတော့ ချင်ယွမ်ဟောင်က ဒဏ္ဍာရီထဲမှာပြောတဲ့ ကုသိုလ်မှတ်စုရတနာကို မထင်မှတ်ဘဲ ရခဲ့တယ်တဲ့။ အဲဒီ့ကုသိုလ်မှတ်စုရဲ့ ပိုင်ရှင်အစစ်ဖြစ်လာတယ်။ သူကောင်းတာတွေ များများလုပ်လေ ကုသိုလ်ပိုစုစည်းမိလေပဲ။ သူစုဆောင်းထားတဲ့ ကုသိုလ်တွေကို ဆုလာဒ်တွေနဲ့ လဲလှယ်လို့ရတယ်။ ဝိညာဉ်ရတနာတို့၊ မသေမျိုလက်နက်တို့ပေါ့။ ကျင့်စဉ်အဆင့်တောင် မြှင့်လို့ရတယ်တဲ့”
“ငါလည်းကြားဖူးတယ်။ သူက ငရဲကိုးထပ်ရဲ့သခင်ဖြစ်လာမယ့်လူတဲ့။ သေခြင်းရှင်ခြင်းနဲ့ ကုသိုလ်ကို ထိန်းချုပ်နိုင်တယ်။ လက်ရှိ သူ့စွမ်းအား နိမ့်နေတာကိုကြည့်ပြီး အထင်မသေးနဲ့။ စွမ်းအားတွေ လျှို့ဝှက်စုစည်းနေတာတဲ့။ ကောင်းကင်ကိုတက်ပြီး မသေမျိုးဘိုးဘေးဖြစ်လာဖို့ အချိန်ကောင်းကို စောင့်နေတာလို့ပြောကြတယ်”
သူနတ်ဆိုးဂိုဏ်းကိုဝင်ပြီး အရှက်ကွဲတာကို သည်းခံတယ်။ ကြီးလေးတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို သည်းခံတယ်။ နတ်ဆိုးဂိုဏ်းမှာ အဆင့်မြင့်ရာထူးရအောင်လုပ်ပြီး နတ်ဆိုးဂိုဏ်းကို ဖြိုချဖို့ ရည်ရွယ်ထားတာ။ ဒီအလုပ်ကို သူ့ကိုယ်ပိုင် ကုသိုလ်ရင်းမြစ်လို့ ခံယူထားတာတဲ့”
နတ်ဆိုးဂိုဏ်းကို သူ့လက်ထဲမှာ ဆုပ်ကိုင်ရမယ့်အရာလို့ သဘောထားတယ်ပေါ့။ တကယ် ရဲရင့်တဲ့စိတ်ဓာတ်ပဲ”
.................................
နတ်ဆိုးဂိုဏ်း၏ ယန်ကျန်းဂိုဏ်းခွဲ ပုံမှန်စည်းဝေးပွဲတွင် ဖြစ်သည်။
နတ်ဆိုးများ ရိုရိုသေသေ နှစ်တန်းခွဲ၍ ရပ်နေကြသည်။ ဂိုဏ်းခွဲခေါင်းဆောင်က တစ်တုံးတည်းသော သွေးနီရောင်ကျောက်တုံးဖြင့် ထုဆစ်ထားသည့် လက်တင်ကုလားထိုင်တစ်လုံးပေါ်ထိုင်နေသည်။ နဂါးနှင့်ကျားခေါင်းပံဒများ လက်တင်ခုံတွင် ထွင်းထုထားသည်။ ဂိုဏ်းခွဲခေါင်းဆောင်၏ ဩဇာသင်္ကေတဖြစ်သည်။
ထိုကုလားထိုင်သည် ချင်ယွမ်ဟောင်၏ အလိုက်သိမှုကိုပြသည့် လက်ဆောင်ဖြစ်သည်။
ချင်ယွမ်ဟောင် ယခု စိတ်အခြေအနေမကောင်း။ မျက်နှာက တင်းမာနေသည်။ တစ်ခါတစ်ခါ သူ့နှုတ်ခမ်းများ တွန့်သွားသည်။ သားရဲနှင့်တူသည့်သွားများ ပေါ်လာသည်။
သူ့လုပ်ဖော်ကိုင်ဘက်များက သူ့စိတ်ကို အရေးမစိုက်။ အားလုံးက ကျင့်စဉ်စွမ်းအားနှင့် ရာထူးအဆင့်အတန်းချင်း မတိမ်းမယိမ်းရှိသည်။ သူ့ဒေါသက သူတို့အပေါ် သက်ရောက်နိုင်ခြေမရှိ။
နတ်ဆိုးဂိုဏ်းတွင် ထိုသို့ပင်ဖြစ်သည်။ တစ်ခြားလူများ သေခြင်းရှင်ခြင်း ကံဆိုးခြင်းသည် ကိုယ်နှင့်မသက်ဆိုင်။
ချင်ယွမ်ဟောင် ဒေါသထွက်နေသည်ကလည်း မဆန်းလှပါ။ ဤစည်းဝေးပွဲမစမီ မေးခွန်းများစွာ အမေးခံခဲ့ရသည်။
“ငါ့ကို ဝိညာဉ်ကျောက်နည်းနည်းချေးပါလား။ ပြန်မပေးလည်း အဆင်ပြေမှာပါ။ မင်းမှာ ကိုယ်ပိုင်ဝိညာဉ်ကျောက်မိုင်းတွင်း ရှိနေတယ်ဆိုတော့လေ”
“မင်းနဲ့သိတဲ့ ညီအမစုံတွဲတွေ သားအမိစုံတွဲတွေ မရှိဘူးလား။ ငါနဲ့မိတ်ဆက်ပေးစမ်းပါကွာ”
“ဆောရီးကွာ။ မင်းကို အရင်က သီချင်းနားထောင်ဖို့ ပြည့်တန်ဆာရုံကို ငါခေါ်မသွားခဲ့သင့်ဘူး။ မင်းအတွက် အတော်နာကျင်ရမှာပဲနော်”
“အကိုကြီးချင်၊ ကျုပ်အခုချိန်ကစပြီး အကို့နောက်ကို လိုက်တော့မယ်။ ကုသိုလ်မှတ်စုတွေဘာတွေက အရေးမကြီးပါဘူး။ အရေးကြီးတာက အကို့ကို လူတစ်ယောက်အနေနဲ့ ကျုပ်တန်ဖိုးထားတယ်ဆိုတာပဲ”
“မဟုတ်တဲ့နေရာမှာ ရက်ရောတယ်။ မိန်းမတွေကို စိတ်မဝင်စားဘူး။ ချင်ယွမ်ဟောင်၊ မင်းက ငါတို့နတ်ဆိုးဂိုဏ်းကို အရှက်ခွဲနေတာပဲ။ မင်းက တော်ဝင်ဂိုဏ်းတွေပို့လိုက်တဲ့ သူလျိုတော့ မဟုတ်ပါဘူးနော်”
ချင်ယွမ်ဟောင် အသံမထွက်ဘဲ လက်သီးကိုတင်းတင်းဆုပ်ထားသည်။ သူ့အကြောင်း အပုပ်ချ အတင်းပြောခဲ့သူကို အပိုင်းပိုင်းခုတ်ဖြတ်ပြီး ခွေးစာကျွေးပစ်မည်ဟု ဆုံးဖြတ်လိုက်သည်။
နာမည်ဆိုးဖြင့်ကျော်ကြားသည့် သူ့လိုလူမိုက်တစ်ယောက်ကို လူကောင်းဟု ဘယ်သူက သတ်မှတ်လိုက်သနည်း။
ဘယ်သူ့ကို လူကောင်းဟု သူတို့ ကင်ပွန်းတပ်နေကြသနည်း။
***********************************************