← Chapters

လူသစ်စုစည်းခြင်း

Vol. 4 Ch. 53

လူသစ်စုစည်းခြင်း

Vol. 4 Ch. 53

ပျင်းရိပျင်းတွဲထိုင်နေသည့် ဂိုဏ်းခွဲခေါင်းဆောင် နောက်ဆုံးတွင် စကားစပြောသည်။ သူ့စကားသံက ရှတအက်ကွဲနေသည်။ အတော်ကြာအောင် စကားမပြောခဲ့သူတစ်ယောက်လို ဖြစ်နေသည်။ သူပြောသမျှစကားတိုင်းက အလေးချိန်စီးသည်။

“မီးတွေဘာလို့မဖွင့်တာလဲ”

“ဂိုဏ်းခွဲသခင် မေ့နေလို့ပါ။ ပြီးခဲ့တဲ့ ဆွေးနွေးပွဲမှာတုန်းက သခင်တက်ခဲ့တဲ့ ထိပ်တန်းအဆင့်ဆွေးနွေးပွဲတစ်ခုက ပတ်ဝန်းကျင်အခြေအနေကို ပြောခဲ့ပါတယ်။ ယန်ကျန်းဂိုဏ်းခွဲဟာ နတ်ဆိုးဂိုဏ်းတစ်ဂိုဏ်းရဲ့ စစ်မှန်တဲ့ ပတ်ဝန်းကျင်အခြေအနေမျိုးမရှိဘူးလို့လည်း သခင်ပြောခဲ့ပါတယ်။

“ကျုပ်ပြန်စဉ်းစားကြည့်တော့ သခင့်စကားမှန်တယ်ဆိုတာ နားလည်လာတယ်။ ကျုပ်တို့ ယန်ကျန်းဂိုဏ်းခွဲ့ဟာ ဂိုဏ်းခွဲအားလုံးထဲမှာ စွမ်းဆောင်ရည်အနိမ့်ဆုံးဖြစ်နေရတဲ့အကြောင်းက ဒါကြောင့်ပဲဖြစ်ပါလိမ့်မယ်။

“ကျုပ်စဉ်းစားပါတယ်။ ကျုပ်တို့နတ်ဆိုးဂိုဏ်းအကြောင်း လူတွေပြောကြတဲ့ ဇာတ်လမ်းတိုင်းမှာ ကျုပ်တို့ဟာ မှောင်တဲ့နေရာတွေမှာပဲ အကြံအစည်တွေချမှတ်တယ်လို့ ဆိုကြတယ်မဟုတ်လား။ ဒါကြောင့် မီးအိမ်လုံးဝမထွန်းဖို့ သေချာအမိန့်ပေးထားတာပါ။

“ပြီးတော့ မီးအိမ်မရှိတဲ့ ပတ်ဝန်းကျင်ဟာ ဒုစရိုက်မှုတွေလုပ်ဖို့ အကောင်းဆုံးနေရာပါပဲ”

ထိုဂိုဏ်းအရာရှိ သူ့လုပ်ရပ်အကြောင်း ရှင်းလင်းစွာ နားလည်ပုံရသည်။ နတ်ဆိုးဂိုဏ်းသည် ကောင်းမှုပြုသည့်နေရာမဟုတ်ကြောင်း အပြည့်အဝနားလည်သည်။

ဂိုဏ်းခွဲသခင် ခဏအသံတိတ်သွားသည်။ ထိုအရာရှိက သူ့ကို ဂိုဏ်းမှ ထွက်သွားရန် စကားအလိမ္မာသုံး၍ အကြံပြုနေခြင်းလားဟု စဉ်းစားမိသည်။ ယန်ကျန်းဂိုဏ်းခွဲ၏ ဆက်ကြေး မမြှင့်တင်ခဲ့သည်မှာ အတော်ကြာပြီဟု အရိပ်အမြွက်ပြောနေခြင်းလား။ သို့မဟုတ် ဂိုဏ်းဝင်များအတွက် အာမခံဝယ်ဖို့ အချိန်ကျပြီဟု ပြောလိုခြင်းလား။

သူ့ကို ဂိုဏ်းမှထွက်သွားရန် ပြောနေခြင်းမဟုတ်သည်မှာ သေချာသည်။

သူသည် ဒုစရိုက်မှုများကို ဇွဲကောင်းကောင်းဖြင့် အမြဲတမ်းကြိုးစားလုပ်ခဲ့သည်။ မိတ်ဆွေရန်သူ မခွဲခြားဘဲ အပြင်လောကမှာရော ဂိုဏ်းတွင်းမှာပါ ဒုက္ခပေးခဲ့သည်။ မကောင်းသည့်ဗီဇမျိုးစေ့ဟူသည့် ဘွဲ့ထူးမျိုးနှင့် တကယ်ထိုက်တန်သည်။

ဆက်ကြေးတိုးဖို့ကိစ္စလည်း မဖြစ်နိုင်။

နတ်ဆိုးဂိုဏ်း၏ အကောက်ခွံကြေးများကို ဒေသခံ ငွေကြေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ထားသည်။ ဒေသခံအရာရှိများ၏လစာထက် သုံးဆပိုသည်။ အတော်မြင့်နေပြီးဖြစ်သည်။ ယန်ကျန်းကောင်တီသည် အတော်ခေါင်သည့် ကောင်တီငယ်လေးဖြစ်သည်။ ထို့ကြောင့် ယန်ကျန်းဂိုဏ်းခွဲ၏ ဆက်ကြေးပမာဏသည် ဌာနချုပ်များနှင့် ယှဉ်ဖို့မဖြစ်နိုင်။

အာမခံဝယ်ဖို့ကိစ္စလည်း မဟုတ်လောက်။

နတ်ဆိုးဂိုဏ်းဝင်အများစုက အမွေခံမရှိ။ ထို့ကြောင့် အာမခံငွေ ဘယ်သူ့ကို ပေးရမည်နည်း။

ထို့အပြင် ရွေစီးပွားနယ်မြေကလည်း နတ်ဆိုးဂိုဏ်းကို အာမခံဝယ်ခွင့်ပေးမည်မဟုတ်။ နတ်ဆိုးဂိုဏ်းဝင်များကို ခန္ဓာကိုယ်ထိခိုက်မှုအာမခံ ရောင်းခြင်းသည် ကိုယ့်ကိုယ်ကို မွဲဆေးဖော်ခြင်းသာဖြစ်မည်။ အတွင်းခံချွတ်ရောင်းရသည့်အဖြစ်မျိုးပင် ရောက်သွားနိုင်သည်။

“မီးအိမ်တွေ အရင်ထွန်းကြတာပေါ့”

“ဟုတ်ကဲ့”

ဂိုဏ်းအရာရှိ လေတစ်ချက်မှုတ်ထုတ်လိုက်သည်။ မီးတောက်ငယ်တစ်ခု မီအိမ်တစ်ခု၏ မီးစာကိုထိသွားသည်။ မီးစွဲသွားပြီးနောက် ခန်းမတစ်ခုလုံး ချက်ချင်းလင်းထိန်လာသည်။

ဂိုဏ်းခွဲသခင် ဆက်ပြောသည်။

“ရှောင်ချင်နဲ့ပတ်သက်တဲ့ ကောလဟာလတွေ မင်းတို့အားလုံး အနည်းနဲ့အများ ကြားဖူးပြီးဖြစ်မှာပါ။ ဒီအကြောင်းတွေ ဆက်မဖြန့်ကြပါနဲ့။ အပြင်လူတွေက ငါတို့ကို လှောင်ရယ်နေလိမ့်မယ်။

“ရှောင်ချင်ရဲ့စရိုက်ကိုလည်း အားလုံးသိပြီးသားပဲ။ ဒုစရိုက်မျိုးစုံ ရာဇဝတ်မှုမျိုးစုံ သူလုပ်တယ်။ အရာရှိတွေက ဖမ်းမိလို့ သူ့ကိုခေါင်းဖြတ်မယ်ဆိုရင်တောင် သူ့အတွက်အပြစ်ဒဏ်က ပေါ့လွန်းနေဦးမှာပါ။ ဒါကိုကြည့်ရုံနဲ့ ရှောင်ချင်ရဲ့အပြုအမူဟာ ငါတို့နတ်ဆိုးဂိုဏ်းအဆုံးအမနဲ့ ကိုက်ညီတယ်ဆိုတာ သက်သေပြဖို့ လုံလောက်နေပါပြီ။

“ရှောင်ချင်ဟာ လမ်းမှန်ဂိုဏ်းသူလျှိုပါဆိုတဲ့ ကောလဟာက ပိုလို့တောင်အဓိပ္ပါယ်မရှိဘူး။ နတ်ဆိုးဂိုဏ်းကိုဝင်လာတဲ့လူအားလုံး ဂီုဏ်းခေါင်းဆောင်ရဲ့ စမ်းသပ်မှုကို ဖြတ်ကျော်ခဲ့ရတယ်မဟုတ်လား။

“ခေါင်းဆောင်ကြီးကိုယ်တိုင်က သူ့ကို “နတ်ဆိုးဗီဇအရိုးထဲထိ စွဲနေတဲ့လူ”လို့ ပြောခဲ့တာပဲ။ ခေါင်းဆောင်ကြီးရဲ့ ဆုံးဖြတ်ချက်ဟာ ဘယ်တော့မှ မမှားဘူး”

ချင်ယွမ်ဟောင် လေးလေးစားစားဦးညွှတ်အရိုအသေပေးသည်။

“ဂိုဏ်းခွဲသခင်ဟာ ဉာဏ်ပညာကြီးမားပါတယ်”

ချင်ယွမ်ဟောင် နည်းနည်းစိတ်သက်သာရာရသွားသည်။ သူအပြင်ထွက်သည်နှင့် သူ့အကြောင်းကောလဟလဖြန့်သူများကို ရှင်းပစ်မည်ဟု ဆုံးဖြတ်ထားလိုက်သည်။

ဂိုဏ်းခွဲသခင်က သူ့အကြောင်း ဆက်မပြောတော့ဘဲ သူလက်ဆောင်ပေးထားသည့် ကုလားထိုင်အတွက် ကျေးဇူးတင်စကား နည်းနည်းပြောသည်။

“ဒီနေ့ အားလုံးကိုခေါ်လိုက်ရတဲ့ အကြောင်းရင်က ဌာနချုပ်တွေကနေ ငါတို့ကို တာဝန်တစ်ခု ပေးထားလို့ပဲ”

ဂိုဏ်းခွဲသခင် ခဏစကားရပ်ပြီးမှ ဆက်ပြောသည်။

“ဌာနချုပ်က ငါတို့ကို နတ်ဆိုးဂိုဏ်းအတွက် ဂိုဏ်းတပည့်အသစ်တွေ စုစည်းခိုင်းထားတယ်”

ချင်ယွမ်ဟောင်အပါအဝင်အားလုံး အံ့အားသင့်သွားကြသည်။ နတ်ဆိုးဂိုဏ်း ထိုသို့ ဂိုဏ်းဝင်သစ်အမြောက်အများ မခေါ်ခဲ့သည်မှာ နှစ်သုံးဆယ်ကြာပြီဖြစ်သည်။ ပြီးခဲ့သည့်နှစ်သုံးဆယ်အတွင်း တစ်ယောက်ချင်းထောက်ခံမှုဖြင့်သာ ဂိုဏ်းဝင်သစ်လက်ခံခဲ့သည်။

ဥပမာ ချင်ယွမ်ဟောင်က ကျားနတ်ဆိုးကို ဂိုဏ်းဝင်အဖြစ် သိမ်းသွင်းချင်ခဲ့သည်။ သို့သော် ကျားနတ်ဆိုးက ခေါင်းမာမာဖြင့် စုန့်တောင်ပေါ်တွင်သာ နေထိုင်ခဲ့သည်။ နတ်ဆိုးဂိုဏ်းသို့ ဝင်လိုစိတ်မရှိခဲ့။

“မဟာကပ်ရဲ့ လက္ခဏာတွေကို အားလုံး သတိထားမိကြမယ်ထင်ပါတယ်။ ပြီးခဲ့တဲ့ ရာစုနှစ်အတွင်း ပါရမီရှင်တွေ ပေါ်လာတယ်။ နာမည်ကျော်သခင်တွေကို မထင်မရှားလူသစ်တွေက အနိုင်ယူနိုင်ခဲ့တယ်။ အရင်က မတွေ့ခဲ့တဲ့ အမွေအနှစ်တွေ လျှို့ဝှက်နယ်မြေတွေ ကောင်းကင်ဂူတွေ အများကြီး ပြန်ပေါ်လာတယ်။ အခွင့်အရေးနဲ့ စိန်ခေါ်မှု နှစ်ခုလုံးရှိနေတဲ့ ခေတ်ကာလတစ်ခုကို ရောက်လာပြီ။

“မသေမျိုးဂိုဏ်းငါးဂိုဏ်း၊ မဟာဂိုဏ်းတွေ၊ ထိပ်တန်းဂိုဏ်းတွေအားလုံးမှာ ပါရမီရှင်တွေ အများကြီးပေါ်လာတယ်။ တစ်ချိန်တုန်းက အလွန်ရှားပါးတဲ့ ဒွိဝိညာဉ်မြစ်ပိုင်ရှင်တွေ အခု နေရာတိုင်း တွေ့နေရပြီ။ ဒီပါရမီရှင်တွေသာ တကယ်ရင့်ကျက်ချိန်ရောက်လာရင် ဒီမဟာကပ်အတွင်း ယှဉ်နိုင်စရာအကြောင်း လုံးဝမရှိတော့ဘူး။

“ယှဉ်ပြိုင်ရမှာက အခုချိန်ပဲ။

“အခွင့်အရေးကို အမိအရ ဖမ်းဆုပ်ရမယ်။ မင်းတို့ အသွင်ပြောင်းပြီး ကောင်းကင်ကိုတက်နိုင်ရမယ်။ မသေမျိုးဘဝကို အလွယ်တကူရောက်ရမယ်။

“ဒါပေမယ့် အခွင့်အရေးတွေဆိုတာ ဒီလောက်လွယ်လွယ်နဲ့တော့ ဖမ်းဆုပ်လို့မရဘူး။ သောက်သုံးမကျတဲ့ ရှားနိုင်ငံနဲ့ မသေမျိုးဂိုဏ်းငါးဂိုဏ်းက ငါတို့ကို အရှိန်မြှင့်ပြီး ချေမှုန်းနေပြီ။ ငါတို့ရဲဘော်ရဲဘက်တွေအများကြီး ကျဆုံးခဲ့ပြီ။

“ဒီမဟာကပ်မှာ နေရာတစ်နေရာရဖို့ ငါတို့နတ်ဆိုးဂိုဏ်းရဲ့ အဖွဲ့ဝင်အင်အားကို တိုးပွားအောင်လုပ်ရမယ်။ နတ်ဆိုးဂိုဏ်းကြီးလေးဂိုဏ်းလုံး ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ညီတစ်ညွတ်တည်း သဘောတူညီချက် ယူထားပြီးပြီ။

“မင်းတို့လုပ်ရမှာက နတ်ဆိုးဂိုဏ်း လူသစ်စုဆောင်းမယ့်သတင်းကို မင်းတို့ရဲ့လမ်းကြောင်းတွေကနေတစ်ဆင့် ဖြန့်ပေးပါ။ ယန်ကျန်းကောင်တီနဲ့ အိမ်နီးချင်းကောင်တီနယ်က ဒါမှမဟုတ် ငါတို့ဂိုဏ်းကိုဝင်ဖို့ စိတ်ဝင်စားတဲ့ နတ်ဆိုးကျင့်ကြံသူတွေကို အဓိကဦးတည်ပါ”

တစ်ယောက်က စိုးရိမ်တကြီးမေးသည်။

“ဒီလောက်အများကြီး လူသစ်စုဆောင်းမယ်ဆိုရင် တော်ဝင်ဂိုဏ်းကလူတွေ ကျုပ်တို့ဂိုဏ်းထဲကို စိမ့်ဝင်နိုင်အောင် အခွင့်အရေးပေးသလို ဖြစ်မသွားနိုင်ဘူးလား”

သူတစ်ယောက်တည်း စိုးရိမ်နေသည်မဟုတ်။ အတော်များများ ထိုအတွေးမျိုးတွေးနေကြသည်။

နတ်ဆိုးဂိုဏ်းသည် သူတို့ဖြစ်တည်မှုနှင့်ပတ်သက်၍ အမြဲတမ်းသတိထားခဲ့သည်။ တော်ဝင်လမ်းမှ သူလျိုတစ်ချို့ စိမ့်ဝင်လာလျှင်ပင် နတ်ဆိုးဂိုဏ်း၏အခြေအနေ ဆိုးဝါးလာပေလိမ့်မည်။

“ဒီလူသစ်စုဆောင်းပွဲကို ဂိုဏ်းချုပ်ကြီးက အဆင့်မြင့်နတ်စွမ်းအားသုံးပြီး စီစဉ်ထားတာပါ။ သူစီစဉ်ထားတဲ့ စမ်းသပ်ပွဲတွေက တော်ဝင်လမ်းစဉ်သမားတွေ ဘယ်သူမှ ဖြတ်ကျော်ဖို့ မဖြစ်နိုင်ဘူး”

သံသယစိတ်များ ပျောက်ကွယ်သွားသည်။ စိတ်အားထက်သန်မှုများ အစားထိုးဝင်လာသည်။

နတ်ဆိုးဂိုဏ်းဝင်များအတွက် ဂိုဏ်းချုပ်သည် အနန္တတန်ခိုးရှင်ဖြစ်သည်။ နတ်ဆိုးဂိုဏ်း၏ကောင်းကင်ဖြစ်သည်။ သူတို့ကို အဆုံးမဲ့ဂုဏ်သရေဆီ သေချာပေါက်ဦးဆောင်သွားနိုင်မည့်သူဖြစ်သည်။

..................

စည်းဝေးပွဲပြီးသွားပြီးနောက် ချင်ယွမ်ဟောင် သူ့အဆက်အသွယ်များကိုသုံး၍ ကောလဟာလဖြန့်နေသူကို ရှာခိုင်းသည်။

နောက်ဆုံးတွင် ကောလဟာလစတင်ရာ မူလဇစ်မြစ်ဖြစ်သည့် စားသောက်ဆိုင်ငယ်လေးတစ်ခုသို့ ရောက်လာသည်။

“အဲဒီ့ဖောက်သည်က အရပ်ရှစ်ပေမြင့်တယ်။ ခန္ဓာကိုယ် ထွားကျိုင်းတယ်။ မျက်နှာမှာ ကျောက်ပေါက်မာတွေအပြည့်ပဲ။ မြင်းတစ်ကောင်လုံးကိုတောင် စားနိုင်လောက်တဲ့ လူမျိုးပါ”

ဆိုင်ရှင်က အသေးစိတ်ပြောပြသည်။ လုယန်ကို သူမှတ်မိနေသည်။

သူပြောသည့်ရုပ်ရည်အတိုင်း ချင်ယွမ်ဟောင် ပုံကြမ်းတစ်ခု အမြန်ရေးဆွဲလိုက်သည်။ ထွက်လာသည့်ပုံက လုယန်နှင့် လုံးဝမတူတော့။

လုယန်တို့အဖွဲ့က စားသောက်ဆိုင်ထဲတွင် ကောလဟာလမဖြန့်မီ ရုပ်ဖျက်ထားခဲ့ကြသည်။

ချင်ယွမ်ဟောင် မျက်နှာတင်းတင်းဖြင့် စဉ်းစားနေသည်။ အဘယ်ကြောင့် ထိုမျှမှတ်မိလွယ်သည့် ရုပ်ရည်ပိုင်ရှင်မျိုးက သူ့အကြောင်းကို ကောလဟာလဖြန့်ရဲသနည်း။ သူ့ကို အထင်သေးနေခြင်းဖြစ်မည်။

ညာဉ့်နက်ပိုင်းရောက်လာသည်။ ရှားနိုင်ငံတွင် ညမထွက်ရအမိန့်မျိုးမရှိ။ ချင်ယွမ်ဟောင်တော်လူစု လမ်းဘေးတွင် အသားကင်စားနေကြသည်။ ဝက်သားကင်များ၊ အမဲကင်များ၊ သိုးခြေထောက်ကင်များ ကြက်ခြေထောက်ကင်များ ၊ ဝက်အရေပြားကင်များ၊ အမဲနံကင်များ၊ ပုစွန်ကင်များ ဂျူးမြစ်ကင်များ၊ အာလူးများ၊ ခရမ်းသီးများ၊ တို့ဟူပျော့်များ စသဖြင့် အမျိုးစုံလှသည်။

အကင်များက နူးညံ့ပြီး အဆာပလာစုံသည်။ ဆီဝေ့နေသည့်အညိုရောင်ဆော့ချဉ်တစ်မျိုး သုတ်ထားသည်။ မီးသွေးပေါ်တင်သည်နှင့် အနံ့ကသင်းလာသည်။

ဝက်သားတုံးများကို ဝါးတုတ်ရှည်တစ်ခုဖြင့် တံစို့ထိုးပြီး မီးပုံကြီးတစ်ခုပေါ် ကင်ထားသည်။ အဆီက အစေးပေါက်နေသည်။ သို့သော် အဆီသိပ်မများ။ အသားနံ့က မွှေးပျံ့နေသည်။

သိုးခြေထောက်များကို အိုးကင်းပြားပေါ် အပူပေးသည်။ အကျက်ညီပြီး နူးညံ့၍ အရည်ရွှန်းစေရန် ကြော်ခြင်းနှင့်နှပ်ခြင်း နှစ်မျိုးပေါင်းစပ်လုပ်ဆောင်သည်။

ကြက်ခြေထောက်များကို ဂရုစိုက်၍ကင်သည်။ အစိုဓာတ်နှင့်အဆီ ခြောက်မသွားပဲ အရေပြား၊ အသား၊ အကြော၊ အရိုး အပျော့အမာညီမျှအောင် ဂရုစိုက်သည်။

အားလူးများကို ပေါင်း၍ မီးကင်သည်။ ဆော့ချဉ်သုတ်သည်။ အပြင်ပိုင်းတွင် ကြွပ်ရွပြီး အတွင်းသားက နူးညံ့သည်။ နူးညံ့ရှတသည့် ခံစားမှုမျိုးဖြစ်သည်။

သူတို့လူစု ပါးစပ်တွင် အဆီများပေသည့်အထိ စားသောက်ကြသည်။

ဗိုက်ပြည့်အောင်စားပြီးနောက် ချင်ယွမ်ဟောင်က သူ့နောက်လိုက်များကို ခပ်တင်းတင်းအမိန့်ပေးသည်။

“မင်းတို့ကောင်တွေသွားကြ၊ အဲဒီလူတွေကို တစ်မြို့လုံးနှံ့အောင်ရှာကြ။ မတွေ့ရင် ပြန်မလာနဲ့”

“ဟုတ်”

နောက်လိုက်များ သံပြိုင်ဖြေပြီး တစ်ယောက်တစ်နေရာစီ ခွဲထွက်သွားကြသည်။

ချင်ယွမ်ဟောင် အသားကင်စားလိုက်ရသဖြင့် စိတ်ကျေနပ်နေပြီး ကောလဟာလဖြန့်သူများအကြောင်း ခဏမေ့ထားလိုက်သည်။

ထိုအချိန် လုယန်က မြေအောက်တွင်ရှိနေသည်ကို သူမသိ။

ကိုယ့်ခြေထောက်အောက်တွင် ရှိနေသည့်အရာကို သတိထားမိသူဟူ၍ မရှိသလောက်ရှားသည်။ ချင်ယွမ်ဟောင်လည်း ထိုသို့ပင်ဖြစ်သည်။

*****************************************************

All Chapters