← Chapters

ဆိုင်နာမည်ရွေးခြင်း

Vol. 4 Ch. 54

ဆိုင်နာမည်ရွေးခြင်း

Vol. 4 Ch. 54

ပစ်မှတ်၏တည်နေရာကို သိပြီးနောက် လုယန်တို့သုံးယောက် အတူပြန်စုစည်း၍ ဆွေးနွေးသုံးသပ်ကြသည်။

“ချင်ယွမ်ဟောင်ရဲ့ လမ်းလျှောက်ပုံနဲ့အ အသက်ရှူနှုန်းကို အကဲခတ်ရသလောက် သူ့ကျင့်စဉ်အဆင့်က အခြေတည်ထိပ်တန်းအဆင့်မှာရှိလိမ့်မယ်”

“သူနေတဲ့အိမ်က သာမန်ပဲ။ သိပ်မကြီးဘူး။ အစေခံတွေလည်း ရှိပုံမရဘူး။ တစ်ယောက်တည်းနေတာဖြစ်မယ်”

“ငါတို့ သူ့ကိုစောင့်ကြည့်ဖို့ ဒီနားမှာ ခဏနေသင့်တယ်။ ပထမတစ်ချက်က သူ့အကျင့်စရိုက်တွေကို နားလည်အောင်လုပ်ရမယ်။ ဒါမှ နတ်ဆိုးဂိုဏ်းထဲဝင်ပြီးလို့ သူ့အကြောင်းမေးလာရင် ဖြေနိုင်မှာ။ ဒုတိယတစ်ချက်က သူကို နောက်ယောက်ခံပြီး ယန်ကျန်းဂိုဏ်းခွဲရဲ့ တည်နေရာကို တွေ့နိုင်မလား ကြည့်ရမယ်”

အရိုးရိုင်း နားမလည်နိုင်အောင်ဖြစ်သွာသည်။

“ချင်ယွမ်ဟောင်မှာ နောက်လိုက်တွေ အများကြီးရှိနေတာပဲ။ အဲဒီ့လူတွေနောက်ကိုလိုက်ပြီး ဂိုဏ်းခွဲတည်နေရာကို ရှာလို့မရဘူးလား”

မုန်ကျင်းကျိုးက နတ်ဆိုးဂိုဏ်းအကြောင်း ပိုသိသဖြင့် သူအကြံကို ငြင်းပယ်လိုက်သည်။

“ဒီလူတွေက ကျင့်စဉ်စွမ်းအား လုံးဝမရှိဘူး။ ချင်ယွမ်ဟောင်ရဲ့ နောက်လိုက်တွေဆိုတာမှန်တယ်။ ဒါပေမယ့် နတ်ဆိုးဂိုဏ်းဝင်တွေမဟုတ်ဘူး။ နတ်ဆိုးဂိုဏ်းကို ဝင်ဖို့ဆိုတာ ထင်သလောက်မလွယ်ဘူး။ ဒီလူတွေက ချင်ယွမ်ဟောင် နတ်ဆိးဂိုဏ်းသားဆိုတာတောင် သိချင်မှသိမှာ”

“ဒါပေမယ့် သူ့ကိုစောင့်ကြည့်ဖို့ ငါတို့ဘယ်နေရာမှာ ပုန်းနေရမှာလဲ။ ဒီနားမှာ တည်းခိုခန်းလည်းမရှိဘူး။ လက်ဖက်ရည်ဆိုင်နဲ့ စား‌သောက်ဆိုင်တွေပဲရှိတယ်။ နေ့ခင်းပိုင်းတော့ လက်ဖက်ရည်ဆိုင်မှာ နေလို့ရတာပေါ့။ ဒါပေမယ့် ညကျရင်ရော ဘယ်လိုလုပ်မလဲ”

နတ်ဆိုးဂိုဏ်းက ညဘက်တွင်သာ လှုပ်ရှားလေ့ရှိသည်။

လုယန်လည်း အကြပ်ရိုက်သွားသည်။ သို့သော် လက်ဖက်ရည်ဆိုင်တစ်ခုမှ “ငှားရန်”ဟူသည့် ဆိုင်းဘုတ်ကိုမြင်ပြီးနောက် သူ့မျက်လုံးများ ချက်ချင်းအရောင်လက်သွားသည်။

“ဒီလက်ဖက်ရည်ဆိုင်နေရာက အသင့်တော်ဆုံးပဲ။ ဒုတိယထပ်ကို ချင်ယွမ်ဟောင်ကိုစောင့်ကြည့်ဖို့ သုံးလို့ရတယ်။ ဒီဆိုင်ကို ငါတို့ငှားမယ်။ ဟန်ပြဆိုင်အဖြစ်သုံးပြီး သူ့လှုပ်ရှားမှုတွေကို စောင့်ကြည့်မယ်”

မုန်ကျင်းကျိုး ခေါင်းငြိမ့်သည်။ ထို့နောက် မေးသည်။

“ငါတို့ ဘယ်လိုဆိုင်မျိုးဖွင့်ရင်ကောင်းမလဲ”

“ဟန်ပြဆိုပေမယ့် ယုံကြည်လောက်တဲ့ ဆိုင်မျိုးတော့ ဖြစ်ရမယ်။ ငါတော့ လက်ဖက်ရည် ကောင်းကောင်းမဖျော်တတ်ဘူး။ ဒီတော့ လက်ဖက်ရည်ဆိုင်တော့ ဆက်ဖွင့်လို့မရဘူး။ ငါ့အိမ်မှာ ဘာသားစကားမှော်ပညာတတ်တဲ့ အကြီးအကဲတစ်ယောက်ရှိတယ်။ သူ့ဆီကနေ ပုံပြေပညာ၊ သီချင်းဆိုပညာနဲ့ သရုပ်ဆောင်ပညာ နည်းနည်းသင်ဖူးတယ်။”

အမြဲတမ်း ပရိုဆန်ဆန်စဉ်းစားသည် မုန်ကျင်းကျိုးက

“ဟာသဖျော်ဖြေ‌ရေးအိမ်တော်လိုမျိုး ဖွင့်ရင်ကောင်းမယ်။ စင်ပေါ်မှာ ဟာသဖျော်ဖြေတာမျိုး ငါလုပ်နိုင်ပါတယ်”

လုယန် မုန်ကျင်းကျိုး ပါရမီကို လေးစားမိသည်။

“ဒါပေမယ့် ဟာသ‌ဖျော်ဖြေရေးအိမ်တော်တွေက နေ့ခင်းဘက်ပဲ ဖွင့်ကြတာ။ ညဘက်မှာ လူများများစားစား ရှိမှာမဟုတ်ဘူး။ ညပိုင်းဖွင့်တဲ့ စီးပွားရေလုပ်ငန်းမျိုးလုပ်တာ အကောင်းဆုံးပဲ။ စိတ်အပန်းပြေစရာလည်း ဖြစ်ရမယ်။ သက်ဝင်လှုပ်ရှားနေရမယ်။ လူတွေအရက်သောက်ပြီး ပျော်ရွှင်နေတဲ့ နေရာဖြစ်ရမယ်။ ဒါမှ ချင်ယွမ်ဟောင် ငါတို့ကို မရိပ်မိဘဲ ဒုတိယထပ်ကနေ ကောင်းကောင်းစောင့်ကြည့်နိုင်မှာ”

မုန်ကျင်းကျိုး မျက်နှာနီလာသည်။ မဝံ့မရဲ စိတ်လှုပ်ရှားနေသည့်အမူအရာဖြင့်

“ညပိုင်းဖွင့်တဲ့ လုငန်းဆိုတော့ မင်းဖွင့်ချင်တာက ဟို...”

လုယန်ခေါင်းငြိမ့်သည်။

“သိပ်ဟုတ်တာပေါ့။ အသားကင်ဆိုင်ဖွင့်ဖို့ ပြောနေတာ”

“...အင်း...ငါလည်း အဲဒါပဲ တွေးနေတာပါ”

လုယန်စိတ်ကူးက ကောင်းသည်။ အသားကင်ဆိုင်သည် ရိုးရှင်းသည်။ အတွေ့အကြုံမရှိလျှင်ပင် အကြိမ်တစ်ဒါဇင်လောက် အသားကင်မီးကျွမ်းပြီးလျှင် ကျွမ်းကျင်လာပေလိမ့်မည်။

“အသားကင်ကိစ္စကို ငါတာဝန်ယူနိုင်ပါတယ်”

အရိုးရိုင်းက ယုံကြည်မှုအပြည့်ဖြင့် သွားဖြဲ၍ပြောသည်။ သူ့ရင်ဘတ်ထဲမှ စာအုပ်ငယ်တစ်အုပ် ထုတ်လိုက်သည်။ “ဘိုးဘေးလက်စွဲ အသားကင်နည်း လျှို့ဝှက်ချက်ကျမ်း” ဟူသည့် နာမည်ပါသည်။

လုယန်နှင့်မုန်ကျင်းကျိုးတို့ ထိုနာမည်ကို ရင်းနှိးနေသည်။ ဂိုဏ်းပစ္စည်းအရောင်းစာရင်းတွင် ကျိုးဆောင်မှတ်တစ်ရာပေးရသည့် အသားကင်နည်းစာအုပ်ဖြစ်သည်။

အရိုးရိုင်း တဟားဟားအော်ရယ်နေသည်။

“အိမ်မှာတုန်းက ငါကိုယ်တိုင် တောရိုင်းကောင်အသားတွေ ခဏခဏ ကင်ခဲ့တာပါ။ ဝက်ဝံနက်တို့ တောဝက်တို့၊ ယုန်တို့လိုမျိုးပေါ့။ တာအိုလမ်းစဉ်ဂိုဏ်းမှာ လူအတော်များများက အစားအသောက်တွေ အများကြီးဝယ်ကြတယ်။ ဒါပေမယ့် အသားကင်ဆိုင် မရှိသလောက်ရှားတယ်။ ဒါကြောင့် ဘိုးဘက်လက်စွဲအသားကင်နည်းကျမ်းကို တင်ရောင်းခဲ့တာ”

ဘယ်လိုလူကများ အားအားလျားလျား အသားကင်နည်းကျမ်းကို တင်ရောင်းထားပါလိမ့်ဟု ထိုစဉ်က လုယန် တွေးမိခဲ့သည်။ ယခုမှ လက်သည်တရားခံအစစ်ကို သိရသည်။

“ဝယ်တဲ့လူရှိလား”

မုန်ကျင်းကျိုး စပ်စုသည်။

အရိုးရိုင်းက ရိုးသားစွာဖြေသည်။

“စီနီယာအကိုတစ်ယောက်ကပြောတယ်။ အသားကင်နည်းကျမ်းကိုဝယ်ပြီးနောက်ပိုင်း စီနီယာအမတစ်ယောက်နဲ့ မစ်ရှင်အတူထွက်တယ်တဲ့။ သူ့အသားကင်တွေနဲ့ အဲဒီ့အမရဲ့ အချစ်ကို ရခဲ့တယ်လို့ပြောတယ်”

မုန်ကျင်းကျိုး လည်နင်သွားသည်။

သူမမေးခဲ့သင့်။

အရိုးရိုင်းက ပြုံးစေ့စေ့ဖြင့် ထပ်ပြောသည်။

“ပြီးတော့ အသားကင်ဆိုင်ဖွင့်ရင် နောက်ထပ် ကောင်းကွက်တစ်ခု ရှိသေးတယ်”

“ဘာကောင်းကွက်လဲ”

အရိုးရိုင်း သရဲကျွန်နှစ်ယောက်ကို ဆင့်ခေါ်လိုက်သည်။

“ငါကိုယ်တိုင်လုပ်စရာမလိုဘူး။ ဒီသရဲနှစ်ယောက်ကို မီးဖိုချောင်ထဲမှာ အသားကင်ခိုင်းလို့ရတယ်။ လစာလည်း ပေးစရာမလိုဘူးလေ။ အတော်အဆင်ပြေတယ်”

ထိုသို့ဆိုလျှင် အစေခံငှားစရာပင်လို။ လျှို့ဝှက်မစ်ရှင်လုပ်ရင်း ငွေစုနိုင်သည်။ တကယ်စေ့စပ်သေချာသည့် စိတ်ကူးဖြစ်သည်။

လုယန်နှင့်မုန်ကျင်းကျိုးတို့ထံမှ အချိန်အတော်ကြာ လေ့လာသင်ယူခဲ့ပြီးနောက် အရိုးရိုင်းလည်း ပညာတစ်ခုနှစ်ခုရလာသည်။

လုယန်က အရိုးရိုင်း သူ့ထံမှပညာရသည်ဟူသည့်အဖြစ်ကို လုံးဝလက်မခံ။

အသားကင်နည်းလျှို့ဝှက်ကျမ်းကို အရိုးရိုင်း တစ်ညလုံးလေ့လာသည်။ သူ့ဇာတိမြေက တောနက်ထဲတွင် တည်ရှိခြင်းဖြစ်သည်။ မူလအသားကင်နည်းမှ အဆာပလာပစ္စည်းအတော်များများကို တောနက်ထဲတွင်သာ ရနိုင်သည်။ ဘယ်လိုပစ္စည်းမျိုး အစားထိုးသုံးရမည်ကို သူစဉ်းစားရသည်။

“မင်းတို့ ပိုးကောင်ကင်တို့ နွားမျက်လုံးကင်တို့ စားသလား”

အရိုးရိုင်း ကောက်ကာငင်ကာမေးသည်။

လုယန်နှင့်မုန်ကျင်းကျိုးတို့ ပြိုင်တူ ခေါင်းခါကြသည်။ အရိုးရိုင်းကို သာမန်လူအများစုစားသည့် အစားအသောက်များကိုရွေးဖို့ အရိုးရိုင်းကို ဖျောင်းဖျကြသည်။

“အိုး...”

အရိူးရိုင်း ခဏစဉ်းစားနေသည်။ ပထမဆုံး သူ့ကိုယ်သူ သာမန်လူအဖြစ် စဉ်းစားသည်။ ထို့ကြောင့် သူလက်ခံနိုင်သည့် အစားအသောက်များကို သာမန်လူများလည်း လက်ခံနိုင်လိမ့်မည်ဟု တွေးလိုက်သည်။

အားလုံး ပွဲပြီးသွားသည်။

ပိုးတီကောင်ကင်၊ နွားမျက်လုံးကင်နှင့် ဒေသထွက် အသားကင်များကို မီနူးစားရင်းတွင် ထည့်ထားရန် ဆုံးဖြတ်လိုက်သည်။ ယန်ကျင်းမှလူများလည်း ကြိုက်နှစ်သက်လိမ့်မည်ဟု သူမျှော်လင့်သည်။

နောက်တစ်နေ့မနက်တွင် မုန်ကျင်းကျိုးက သူ့ငွေကြေးတတ်နိုင်စွမ်းကို ပြသသည်။ လက်ဖက်ရည်ဆိုင်တစ်ခုလုံး ဝယ်လိုက်သည်။

“နေပါဦး၊ ငါတို့က ငှားဖို့စီစဉ်ထားတာမဟုတ်လား”

မုန်ကျင်းကျိုး လှုပ်ရှားမှုက မြန်ဆန်လွင်းသဖြင့် လုယန်ပင် အံ့ဩချိန်မရလိုက်။ လက်ဖက်ရည်ဆိုင်ကို သူတို့နာမည်ဖြင့် ပိုင်ရှင်အမည်ပေါက်စာရင်းသွင်းလိုက်သည်။

လုယန် မုန်ကျင်းကျိုးကို တအံ့တဩကြည့်သည်။ တစ်သက်လုံးဆိုင်ဖွင့်ဖို့များ စိတ်ကူးနေသလားဟု ထင်မိသည်။ သူတို့က မစ်ရှင်အတွက် သုံးလေးလသာ နေမည်ဖြစ်သည်။

မုန်ကျင်းကျိုးက ဝင့်ကြွားသည့်လေသံဖြင့်

“ငါက အမြဲတမ်း ကိုယ်ပိုင်ပစ္စည်းတွေပဲ သုံးတယ်။ ငါဝယ်နိုင်တာမျိုးဆိုရင် လုံးဝမငှားဘူး။ မစ်ရှင်ပြီးသွားရင် အချိန်မရွေး ပြန်ရောင်းလို့ရတာပဲ”

မုန်ကျင်းကျိုးက ငွေကို ခပ်လွယ်လွယ် ပေးချေလိုက်သဖြင့် မူလဆိုင်ရှင်ကလည်း အထုပ်အပိုးပြင်၍ ထွက်သွားသည်။

ဆိုင်ရှင်ထွက်သွားပြီးနောက် အရေးကြီးသည့်ပြဿနာတစ်ခု ပေါ်လာသည်။

အသားကင်ဆိုင်ကို ဘယ်လိုနာမည်ပေးမည်နည်း။

“ငါစိတ်ကူးကတော့ ရှောင်မုန်အသားကင်ဆိုင်လို့ နာမည်ပေးချင်တယ်”

မုန်ကျင်းကျိုးက အကြံပြုသည်။

လုယန်က မုန်ကျင်းကျိုးကို နှာခေါင်းရှုံ့၍ ကြည့်လိုက်သည်။

“ဒီနာမည်က ရိုးလွန်းပါတယ်။ “သုံးပွဲစား အားမနိုင်”အသားကင်ဆိုင်လို့ နာမည်ပေးရင် ကောင်းမယ်။ အသားကင်စားမယ်၊ အရက်သောက်မယ်။ ပြီးတော့ တောင်ပေါ်တက်ပြီး ကျားနဲ့တိုက်ခိုက်မယ့်သဘောလေ။ ပြည့်စုံတဲ့နာမည်ပဲ”

မုန်ကျင်းကျိုးနှင့် အရိုးရိုင်းတို့ ပြိုင်တူခေါင်းခါကြသည်။ လုံးဝမသင့်တော်ဟုထင်သည်။

ကွဲပြားသည့်အမြင်မျိုး ပြောလေ့မရှိသည့် အရိုးရိုင်းက ဝင်ပြောသည်။

“သုံးပွဲစား အားမနိုင်ဆိုတာက ရှည်လွန်းတယ်။ ငါတို့မျိုးနွယ်ရဲ့ နာမည်ပေးတဲ့ပုံစံမျိုးသုံးရင်ဘယ်လိုနေမလဲ။ “ဟားဟားဟားအသားကင်ဆိုင်”၊ ဒါမှမဟုတ် “ဟဲဟဲဟဲ အသားကင်ဆိုင်” ဆိုတာမျိုးပေါ့”

အရိုင်းမျိုးနွယ်များ နာမည်ပေးသည့်ဓလေ့အကြောင်း လုယန်ကြားဖူးပါသည်။ အတွေးအခေါ် ခေတ်ရှေ့ပြေးသည့် သိုင်းပညာဂိုဏ်းမှာပင် အတော်ခေတ်မီသည်ဟု နာမည်ပေးနည်းဟု ယူဆကြသည်။ ဟီးဟီးဟီးလက်နက်ရုံ၊ ဟိုးဟိုးဟိုးစားသောက်ဆိုင် အားအားအားပြည့်တန်ဆာရုံ ....စသဖြင့်။

“ကောင်းကင်ဆင်းရဲကူးဖြတ်ခြင်း အသားကင်ဆိုင်ဆိုရင်ရော ဘယ်လိုနေမလဲ။ ဒါမှမဟုတ် မသေမျိုးအဆင့်တက်ခြင်းအသားကင်ဆိုင်ပေါ့”

“လှေပျံအသားကင်ဆိုင်ဆိုတာက ပိုကောင်းမယ်ထင်တယ်”

“ဘယ်သူက အသားကင်ဆိုင်ကို ဒီလောက်ခံ့ညားတဲ့နာမည်မျိုး ပေးမှာလဲကွ”

အတော်ကြာအောင် စဉ်းစားပြီးနောက် နာမည်ပေးသည့်ကိစ္စတွင် ဘယ်သူမှမကျွမ်းကျင်ကြောင်း နားလည်လာကြသည်။

“ထားလိုက်တော့။ ငါတို့ စာရွက်မဲလိပ်ပေါ် နာမည်တစ်ခုစီရေးမယ်။ ပြီးတော့ စာရွက်လိပ်ကို ခွက်ထဲထည့်ပြီး လှုပ်မယ်။ ပထမဆုံးထွက်လာတဲ့နာမည်က အတည်ပဲ”

လုယန် ဖြေရှင်းနည်းတစ်ခု ပြောသည်။ ကျန်နှစ်ယောက်လည်း သဘောတူကြသည်။

လုယန်နှင့်မုန်ကျင်းကျိုးတို့က အတော်ဉာဏ်များသူများဖြစ်၍ အရိုးရိုင်းကို စာရွက်လှုပ်ခိုင်းခြင်းက စိတ်အချရဆုံးဖြစ်သည်။

အရိုးရိုင်း လက်နှစ်ဘက်ကို ခွက်တစ်လုံးကဲ့သို့ကွေးထားပြီး စာရွက်လိပ်သုံးခုကိုထည့်၍ အထက်အောက်လှုပ်ခါလိုက်သည်။ ထို့နောက် လက်မကို ဖွင့်သည်။ စာရွက်လိပ်နှစ်ခု ခုန်ထွက်လာသည်။

တစ်ခုကို ဖွင့်ကြည့်သည်။

“နောက်တစ်ခေါက်” ဟု ရေးထားသည်။

အူကြောင်ကြောင်ဖြစ်သွားပြီးနောက် ဒုတိယစာရွက်လိပ်ကို ထပ်ဖွင့်ကြည့်သည်။

“အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်”ဟု ရေးထားသည်။

အရိုးရိုင်း ပါးစပ်အဟောင်းသားဖြစ်သွားသည်။ အတော်ကြာ‌အောင် သူ့စိတ်များ ရှုပ်ထွေးနေသည်။ ဆိုင်နာမည်ပေးခြင်းလား ထီကံစမ်းမဲနှိုက်နေခြင်းလား မဝေခွဲတတ်တော့။

************************************************

All Chapters