တိုးတက်လာသည့်စီးပွားရေး
Vol. 4 Ch. 55
လုယန်ကို သူကြည့်သည်။ ထို့နောက် မုန်ကျင်းကျိုးကိုကြည့်သည်။ လေးပင်သည့်လေသံဖြင့် မေးသည်။
“မင်းတို့စိတ်ကူးမိတာ ဒီနာမည်တွေလား”
လုယန်ခေါင်းငြိမ့်သည်။
“ငါစိတ်ကူးမိတာကတော့ “နောက်တစ်ခေါက် အသားကင်ဆိုင်”ပဲ။
မုန်ကျင်းကျိုးကလည်း ခေါင်းငြိမ့်ပြသည်။
“ငါစိတ်ကူးမိတာက “အားပေးမှုအတွက် ကျေးဇူးတင်ပါတယ် အသားကင်ဆိုင်ပါ”
အရိုးရိုင်းစိတ်ထဲတွင် သူစိတ်ကူးမိခဲ့သည့် “သိုးသိုးသိုးအသားကင်ဆိုင်”ဟူသည့်နာမည်က သာမန်ဆန်လွန်းနေသလို ခံစားလိုက်ရသည်။
အရိုးရိုင်း ပထမဆုံးဖွင့်သည့်စာလိပ်က လုယန်၏ “နောက်တစ်ခေါက်”ဖြစ်၍ စည်းကမ်းအရ ထိုနာမည်က အတည်ဖြစ်လာသည်။
“မင်းတို့မှာ စွမ်းအင်ရောင်ဖုံးကွယ်တဲ့ နည်းလမ်းတစ်ခုခုရှိလား”
လုယန် မေးလိုက်သည်။
လမ်းပေါ်ထွက်စဉ်က လူအတော်များများ၏ အသက်ရှူပုံနှင့် ဘေးပတ်လည်မှဝိညာဉ်စွမ်းအင်ရောင် လှုပ်ရှားမှုများကို သူသတိထားမိသည်။ ကျင့်ကြံသူများဖြစ်ကြောင်း သိသာသည်။သို့သော် ဝိညာဉ်အာရုံဖြင့် အကဲခတ်ကြည့်ချိန်တွင် သူတို့ကျင့်စဉ်အဆင့်ကို ခန့်မှန်း၍မရ။
သူ့ထက် တစ်ယောက်နှစ်ယောက် ကျင့်စဉ်စွမ်းအားအဆင့် ပိုမြင့်နေနိုင်ပါသည်။ သို့သော် လူအားလုံး သူ့ထက်စွမ်းအားမြင့်နေခြင်းတော့ မဖြစ်နိုင်ပေ။
ယန်ကျန်းကောင်တီသည် ထိုင်ပင်ရွာနှင့် မတူ။ ကျင့်ကြံသူ များစွာရှိသည်။ သို့သော် လူအားလုံးတော့ အခြေတည်အဆင့်ဖြစ်မည်မထင်။
လုယန် နားလည်လာသည်။ ကျင့်ကြံသူလောကတွင် လူတစ်ယောက်၏ အဆင့်အတန်းကို ကျင့်စဉ်အဆင့်ဖြင့် ဆုံးဖြတ်သည်။ သိုင်းလောကထဲ လှည့်ပတ်သွားလာချိန်တွင် အနိုင်ကျင့်မခံရစေရန် အဆင့်မြင့်ကျင့်စဉ်စွမ်းအားမျိုး လိုအပ်သည်။ ထိုသို့မဟုတ်လျှင် ကျင့်စဉ်စွမ်းအားကို ဖုံးကွယ်နိုင်စွမ်းရှိဖို့လိုသည်။ စွမ်းအင်ရောင် ဖုံးကွယ်ထားလျှင် တစ်ဘက်လူက လက်လွတ်စပယ် တိုက်ခိုက်ရဲမည်မဟုတ်။
စွမ်းအင်ရောင်မဖုံးကွယ်ဘဲ အပြင်ထွက်ခြင်းသည် ကိုယ့်ကိုယ်ကို လူသစ်များဖြစ်ကြောင်း တစ်ခြားလူများသိအောင် ကြေငြာသည်နှင့် တူသည်။
နတ်ဆိုးဂိုဏ်းသို့ ထိုးဖောက်ဝင်နိုင်ရန်အတွက် သူတို့အသွင်က ဝါရင့်သိုင်းသမားပုံစံမျိုး ပေါက်နေဖို့လိုသည်။
“ငါ့မှာ တစ်နည်းရှိပါတယ်။ ငါ့ဇာတိမြေမှာ အဲလိုက်တုန်းက သုံးတဲ့နည်းလမ်းပါ”
အရိုးရိုင်းကပြောသည်။ သိုးရေခွံစာလိပ်တစ်ခု ထုတ်လိုက်သည်။
“တောထဲက သားကောင်တွေက သိပ်ပါးနပ်တယ်။ နည်းနည်းမူမမှန်မှန်းသိတာနဲ့ ချက်ချင်းထွက်ပြေးတယ်။ အမဲလိုက်တာအောင်မြင်ဖို့ဆိုရင် စွမ်းအင်ရောင်ကို ဖုံးကွယ်ပြီး ကိုယ်ကဦးအောင် လှုပ်ရှားနိုင်မှရတာ”
တော်နက်ထဲတွင် အရိုးရိုင်း၏မျိုးနွယ်သည် အဓိကမျိုးနွယ်ကြီးတစ်ခုဖြစ်သည်။ မျိုးနွယ်ထဲတွင်လည်း အဆင့်မြင့်ဆုံးသွေးဆက်အဆင့်အတန်းကို ပိုင်ဆိုင်ထားသည်။
ချီကျင့်ကြံသည့်အဆင့်နှင့် အခြေတည်အဆင့် မျိုးနွယ်ဝင်များသာမက အစာမစားဘဲနေနိုင်သည့် ရွှေသန္ဓေအဆင့်မျိုးနွယ်ဝင်များပင် အမဲလိုက်ကြသည်။
သူတို့မျိုးနွယ်အတွက် သားကောင်သည် ဗိုက်ဖြည့်ဖို့သက်သက်မဟုတ်။ ရှားပါးသည့် အဖိုးတန်သဘာဝရတနာများ ရရှိဖို့အတွက်လည်းဖြစ်သည်။
“ဒါပေမယ့် ဒီလျှို့ဝှက်နည်းလမ်းကိုသုံးရင် မင်းလှုပ်ရှားလို့မရဘူး။ လှုပ်ရှားလိုက်တာနဲ့ စွမ်းအင်ဖုံးကွယ်ထားတာ ပျက်သွားမယ်”
အကန့်အသတ်များလေ အာနိသင်ထက်မြက်လေဖြစ်သည်။ စွမ်းအင်ဖုံးကွယ်နိုင်စွမ်းတစ်ခုတည်းကို ကြည့်မည်ဆိုလျှင် ထိုသိုးရေခွံပေါ် မှတ်တမ်းတင်ထားသည့် နည်းလမ်းသည် ထိပ်တန်းနည်းလမ်းသုံးခုတွင် စာရင်းဝင်သည်။
“ငါ့မှ အသုံးများတဲ့ စွမ်းအင်ဖုံးကွယ်မှော်ပညာတစ်ခုရှိတယ်။ မင်းထက်စွမ်းအားအဆင့်မြင့်တဲ့လူတွေပဲ မင်းကျင့်စဉ်အဆင့်ကို သိနိုင်မယ်”
မုန်ကျင်းကျိုးက သူ့ကျောက်စိမ်းတံဆိပ်ထဲမှ ဝါးစာလိပ်တစ်ခု ထုတ်လိုက်သည်။ ဟောင်းနွမ်းနေသော်လည်း ဝါးရနံ့က သင်းပျံ့နေဆဲဖြစ်သည်။
ဝါး၏အရည်အသွေးကလည်း မှတ်တမ်းတင်ထားသည့် မှော်ပညာမည်မျှထူးခြားကြောင်း သက်သေခံနေသည်။
မုန်ကျင်းကျိုး၏ ကျောက်စိမ်းတံဆိပ်တွင်လည်း သူ့အိမ်မှယူလာသည့် မှော်ပညာများ နတ်စွမ်းအားကျင့်စဉ်များ အတော်များများပါသည်။ များလွန်း၍ သူလည်း အကုန်မလေ့လာနိုင်။
လုယန်က မုန်ကျင်းကျိုးကို ထူးဆန်းသည့်အကြည့်ဖြင့်ကြည့်သည်။
“မင်းက ထွက်ပြေးလာတာမဟုတ်ဘူးလား။ ဒီလိုပစ္စည်းကောင်းတွေအများကြီး ဘယ်လိုရလာတာလဲ”
“ငါ့အမက ငါ့ကို အိမ်ကမသိအောင် ပေးလိုက်တာ”
“ဟုတ်ပါပြီလေ”
သူတို့သုံးယောက် စွမ်းအင်ရောင်ဖုံးမှော်ပညာများ စတင်လေ့လာကြသည်။ ပါရမီထူးသူများဖြစ်၍ ထိုအသေးအဖွဲမှော်ပညာများကို အလွယ်တကူ နားလည်သည်။ နေ့တစ်ပိုင်းကျော်ကျော်အချိန်ဖြင့် အခြေခံများ နားလည်သွားသည်။ လေ့ကျင့်ဖို့သာ လိုတော့သည်။
လုယန် ကျေးဇူးတင်သည့်အနေဖြင့် ဦးညွှတ်လိုက်သည်။
“ငါမှော်ပညာအသစ်တွေ လေ့လာတဲ့အချိန်ကျရင်လည်း မင်းတို့ကို သေချာပေါက်သင်ပေးပါ့မယ်”
အရိုးရိုင်းနှင့်မုန်ကျင်းကျိုးတို့က သူတို့မှော်ပညာများကို လွယ်လွယ်ပေးသော်လည်း အလွန်ရှားပါးသည့်မှော်ပညာများဖြစ်ကြောင်း လုယန်သိသည်။ ထိုနှစ်ယောက် သူ့အပေါ် ယုံကြည်ကြကြောင်း ထင်ရှားနေသည်။
မုန်ကျင်းကျိုးက တဟားဟားရယ်နေသည်။ ထိုကိစ္စ စိတ်ထဲမထားဖို့ လုယန်ကိုပြောသည်။ အရိုးရိုင်းကလည်း ထိုသို့ပင်ပြောသည်။
...............................
“အဲ...ဒီနေရာမှာ အရင်က လက်ဖက်ရည်ဆိုင်ရှိတာပါ။ အခုဘာလို့ အသားကင်ဆိုင်ပြောင်းသွားတာလဲ”
ညကောင်းကင်အောက်တွင် ခရီးသွားသူရဲကောင်းနှစ်ယောက် မူလလက်ဖက်ရည်ဆိုင်နေရာတွင် ထူးဆန်းသည့်နာမည်နှင့် အသားကင်ဆိုင်တစ်ခု ဖွင့်ထားသဖြင့် စိတ်ဝင်စားသွားကြသည်။
“နောက်တစ်ခေါက်အသားကင်ဆိုင်တဲ့။...အသားကင်နံ့က အတော်မွှေးတာပဲ”
သူတို့နှစ်ယောက် လေထဲတွင် အနံ့ခံကြည့်သည်။ အသားကင်နံ့၏ဆွဲဆောင်မှုကို တင်းမခံနိုင်ကြ။ သွားရေယိုလာသည်။
“ဒီဆိုင်မှာ စားကြည့်ကြမလား”
“သွားစို့လေ”
နှစ်ဦးသဘောတူ ဆိုင်ထဲဝင်သွားကြသည်။
ဝင်လိုက်သည်နှင့် စည်းကားသည့်မြင်ကွင်းနှင့် တန်းတိုးသည်။ ဖောက်သည်များက ခွက်မြှောက်၍ ပွဲတ်ောတည်နေသည်။ အသားကင်များကိုစား၍ ဝိုင်နှင့်အရက်များ မျိုချနေသည်။ သူတို့ရယ်သံများက အမိုးပွင့်ထွက်မတတ်ဆူညံနေသည်။ ခန္ဓာကိုယ်တောင့်တင်းသည့် စားပွဲထိုးတစ်ယောက် အသားကင်များကို ထွက်လိုက်ဝင်လိုက် သယ်ပေးရင်း အလုပ်များနေသည်။ ထိုလူ၏ခန္ဓာကိုယ်က စားသောက်ပြီး ငွေမရှင်းဘဲ ထွက်ပြေးသူများကို တားဆီးမည့်ပုံမျိုးဖြစ်သည်။
“ဘာလို့အသစ်ဖွင့်တဲ့ဆိုင်က ဒီလောက်လူစည်နေတာလဲ”
နှစ်ယောက်လုံး အံ့ဩသွားကြသည်။ ထိုမျှလူစည်ကားသည့်ဆိုင်သည် အကြောင်းရှိ၍သာဖြစ်သည်။ သူတို့ မြည်းစမ်းကြည့်ချင်လာသည်။
ကံကောင်းထောက်မစွာဖြင့် နောက်ဆုံးစားပွဲလွတ်တစ်လုံး ကျန်နေသည်။
စားပွဲတွင် ထိုင်ပြီးနောက် လုယန်ဟုခေါ်သည့် နောက်ထပ်စားပွဲထိုးတစ်ယောက် မှတ်စုစာအုပ်ကိုင်၍ စံချိန်မီဝန်ဆောင်မှုအပြုံးဖြင့် ချဉ်းကပ်လာသည်။
“ဟုတ်ကဲ့၊ ဘာမှာမလဲခင်ဗျ”
“အရက်တစ်အိုး၊ မြေပဲပြုတ်တစ်ပွဲ၊ သိုးသားကင်အချောင်းသုံးဆယ်။ အမဲကင်သုံးဆယ်။ အားလူးကင်နှစ်ချောင်း...အစပ်နည်းနည်းပဲထည့်ပါ။ များလွန်းရင် ငါတို့မစားနိုင်ဘူး”
လုယန် မှာယူသည့်စာရင်းကို ရေးမှတ်သည်။ အရိုးရိုင်းကို သိစိတ်အာရုံမှ လှမ်းပြောသည်။
“မင်းရဲ့အသားကင်နည်းကို နည်းနည်းပြင်လို့မရဘူးလား။ အသားကင်တွေက အရသာကောင်းလွန်းနေတယ်။ စားချင်တဲ့လူတွေ အများကြီးဖြစ်နေပြီ။ ချင်ယွမ်ဟောင်ကို ဘယ်လိုစောင့်ကြည့်ရတော့မှာလဲ”
အရိုးရိုင်း၏ လျှို့ဝှက်အသားကင်နည်းက ထိုမျှအစွမ်းထက်မည်မထင်ခဲ့။ ပထမနေ့ညတွင် ဖောက်သည်တစ်ချို့လာသည်။ နောက်တစ်ညတွင် အတော်များများရောက်လာသည်။ တတိယနေ့တွင် စားပွဲအားလုံးပြည့်သွားသည်။ ယခု လေးရက်မြောက်နေ့ ခရီးသွားသူရဲကောင်းနှစ်ယောက် နောက်ဆုံးစားပွဲတွင် ထိုင်ပြီးနောက်မှာပင် အပြင်ဘက်တွင် စောင့်နေသူများ ရှိနေသည်။
ငါးရက်မြောက်နေ့တွင် အော်ဒါကြိုမှာကြမည် သို့မဟုတ် စားပွဲမျှထိုင်ကြတော့မည်ကို လုယန်စိုးရိမ်နေသည်။ တစ်လက်ပြည့်သည့်နေ့တွင် အိမ်နီးချင်းကောင်တီတွင် ဆိုင်ခွဲဖွင့်နိုင်လောက်သည်။ တစ်နှစ်ကြာလျှင် အလယ်ပိုင်းတိုက်နယ်မြောက်ပိုင်းတွင် ဆိုင်ခွဲနှစ်ဆယ်ခန့် ဖြစ်လာနိုင်သည်။ သုံးနှစ်ကြာလျှင် အလယ်ပိုင်းတိုက်နယ်တစ်ခုလုံး သူတို့အသားကင်ဆိုင် နာမည်ကျော်သွားနိုင်သည်။ အကယ်၍ စတော့ရှယ်ယာဈေးကွက်မျိုးသာရှိခဲ့လျှင်...ငါးနှစ်ကြာပြီးနောက် စတော့ဈေးကွက်သို့ပင် ဝင်ရနိုင်သည်။
အရိုးရိုင်း၏ အသားကင်နည်း တစ်ခုခုမူမမှန်ခြင်းလားမသိ။ တားမြစ်ပစ္စည်းတစ်မျိုးမျိုး ဆော့ချဉ်ထဲတွင် သုံးထားခြင်းဖြစ်နိုင်သည်။
မဖြစ်နိုင်။ လုယန်နှင့်မုန်ကျင်းကျိုးတို့ အရိုးရိုင်း၏လက်ရာကို မြည်းကြည့်ခဲ့သည်။ တားမြစ်ပစ္စည်းများ လုံးဝသုံးမထား။ တကယ်အရသာကောင်းခြင်းဖြစ်သည်။ သို့သော် စားသုံးသူ ထိုမျှများလာမည်ဟုတော့ ထင်မထားခဲ့။
နောက်ပိုင်းတွင် လုယန်နားလည်လာသည်။ ကောင်းကင်ဂိတ်တောင်ထိပ်တွင် ပထမတန်းအစားအသောက်များနှင့် ရင်းနှီးခဲ့ပြီးဖြစ်၍ သူ့လျှာက အတော်အစားရွေးသည်။ သူကြိုက်မိသည့် အစားအသောက်ဖြစ်နေလျှင် အရိုးရိုင်း၏အသားကင်နည်းက တစ်ခုခုထူးခြားမှုရှိ၍သာဖြစ်သည်။
မည်သို့ဆိုစေ သူတို့ဆိုင် ထိုသို့လူကြိုက်များနေ၍မဖြစ်။
“အောက်ထပ်မှာ အတော်အလုပ်များနေကြပြီလား။ ငါလာကူရမလား”
မုန်ကျင်းကျိုး၏ ပျင်းရိပျင်းတွဲစကားသံက သူတို့နားထဲဝင်လာသည်။
ယခု မုန်ကျင်းကျိုးက အပေါ်ထပ်တွင် ချင်ယွမ်ဟောင်ကို စောင့်ကြည့်နေခြင်းဖြစ်သည်။
“အပေါ်မှာနေပြီး ချင်ယွမ်ဟောင်ကိုပဲ စောင့်ကြည့်ထားပါ။ ဆင်းလာပြီး ဒုက္ခမပေးနဲ့”
လုယန် သတိပေးလိုက်သည်။ မုန်ကျင်းကျိုးဆင်းလာလျှင် အစားအသောက်တည်ခင်းပေးရုံသက်သက် မဟုတ်နိုင်တော့။
မုန်ကျင်းကျိုးအကြောင်း သူသိသည်။ စားပွဲထိုးရင်း ဟာသဖျော်ဖြေမှုများ လုပ်တော့မည်။
မုန်ကျင်းကျိုး၏ သမ်းဝေသံ ကျယ်လောင်စွာ ထွက်လာသည်။ ကြားရသည့်နှစ်ယောက်ပင် အိပ်ချင်လာသည်။
“ဒါပေမယ့် အပေါ်ထပ်မှာက တကယ်ငြီးငွေ့စရာကောင်းတယ်။ လေးရက်တောင်ရှိပြီ။ ချင်ယွမ်ဟောင်က အိမ်ထဲကထွက်မယ့်ပုံမပေါ်သေးဘူး။ ဘာအပန်းဖြေမှုမှမလုပ်ဘဲ တစ်နေကုန် ကျင့်ကြံနေတာ။
“ငါတို့ လမ်းဘေးသရုပ်ဆောင်တွေကို ဟန်ဆောင်ကြရင်ကောင်းမယ်။ ငါက ချင်ယွမ်ဟောင်အိမ်ရှေ့မှာ တစ်ကိုယ်တောဖျော်ဖြေမယ်။ မင်းက ပြဿနာရှာချင်ယောင်ဆောင်ပေါ့။ သူအာရုံများနေတဲ့အချိန် အရိုးရိုင်းက အသံခိုးနားထောင်တဲ့ မှော်အဆောင်လိုဟာမျိုး တစ်ခုခု သွားကပ်လို့ရတာပဲ”
လုယန်နှင့်အရိုးရိုင်းတု့ သူ့ကို လျစ်လျူရှုထားလိုက်သည်။
စကားအဆက်မပြတ်ပြောနေသူကို အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းနည်းက လျစ်လျူရှုထားခြင်းပင်ဖြစ်သည်။
ဘယ်သူမှ အရေးမစိုက်ကြသဖြင့် မုန်ကျင်းကျိုး စကားလမ်းကြောင်း ပြောင်းလိုက်သည်။
“အရိုးရိုင်း၊ မင်းရဲ့အသားကင်အရသာကို ဒီထက်ညံ့အောင်လုပ်ဖို့ တကယ်မစဉ်းစားတော့ဘူးလား”
အရိုးရိုင်းတွင် သူ့စည်းမျဉ်းနှင့်သူရှိသည်။
“ငါတို့မိသားစုက မျိုးဆက်ဆယ့်ရှစ်ခုကြာအောင် အသားကင်မိသားစုဖြစ်ခဲ့တာ။ ငါ့ခေတ်ကျမှ မိသားစုနာမည် အပျက်မခံနိုင်ဘူး”
****************************************