နောက်လိုက်သည့် ခေါင်းဆောင်အမိန့် နာခံရမည်
Vol. 4 Ch. 56
ထိုအချက်သည် အမှန်တရားဖြစ်သည်။ အသားကင်ခြင်းသည် အရိုင်းမျိုးနွယ်တို့ အရင်ဆုံးအသုံးပြုခဲ့သည့် ပညာရပ်ဖြစ်သည်။
အရိုးရိုင်းမျက်လုံးအိမ်တွင် မီးတောက်တစ်ခု ပေါ်လာသည်။ တိုက်ပွဲရိပ် အပြည့်ဖြစ်နေသည်။
လုယန် ပါးစပ်အဟောင်းသားဖြစ်နေသည်။
ဘာကြောင့် ဤနေရာတွင် တိုက်ပွဲစိတ်ဓာတ်မျိုး သွင်းနေသည်မသိ။ သူတို့လာသည်က နတ်ဆိုးဂိုဏ်းထဲ စိမ့်ဝင်ဖို့ဖြစ်သည်။ အရိုးရိုင်းမိသားစုအတွက် ဆိုင်ခွဲတစ်ခု ဖွင့်ဖို့မဟုတ်။
လုယန် သက်ပြင်းချလိုက်သည်။ အရိုးရိုင်းက အသားကင်အရည်အသွေးကို မလျှော့လိုလျှင် သူတို့ ဈေးမြင့်၍ရောင်းရပေလိမ့်မည်။
“ဘယ်လိုအရက်မျိုးမှာချင်ပါသလဲခင်ဗျ”
ခရီးသွားသူရဲကောင်းနှစ်ယောက်ထဲမှ ပွင့်လင်းရဲတင်းသည့်လူက အသံကျယ်ကျယ်ဖြင့် ကြေငြာသည်။
“ပြင်းလေကောင်းလေပဲ။ ငါ့ကို သိုင်းလောကမှာ ခွက်တစ်ထောင်သောက်ပြီး မမူးတဲ့လူလို့ လူတွေသိကြတယ်”
နောက်တစ်ယောက်ကလည်း ကြွားလုံးထုတ်သည်။
“ငါ့ကိုလည်း သိုင်းလောကမှာ ခွက်တစ်ထောင်သောက်ပြီး မလဲတဲ့လူလို့ သိကြတယ်”
ကြွားလုံးထုတ်နေသည့် ထိုလူနှစ်ယောက်ကို လုယန် အီသနော(အယ်လ်ကိုဟောသီးသန့်) နှစ်အိုးလောက် တိုက်လိုက်ချင်စိတ် ပေါ်လာသည်။
နောက်ဆုံးတွင် ထိုနှစ်ယောက်အတွက် လောင်ပိုင်ကန်(**)အရက်နှစ်အိုး ချပေးသည်။ ကြွားသလောက် သောက်နိုင်ပါစေဟု သူဆုတောင်းမိသည်။
(**လွန်ခဲ့သည့် နှစ်နှစ်ထောင်ကျော်က ချက်ခဲ့သည့် အရက်နာမည်အစစ်ဖြစ်သည်)
လုယန် တံခါးဝမှ ဖောက်သည်များကို အော်ပြောသည်။
“နံပတ်တစ်ခုစီယူပြီး တန်းစီကြပါ။ ကြားဖြတ်မဝင်ပါနဲ့ခင်ဗျ။ ခင်ဗျားတို့ စောင့်နေရင်း သုံးဆောင်ဖို့ မေတ္တာလက်ဆောင် လက်ဖက်ရည်နဲ့မုန့်တွေ ပြင်ဆင်ထားပါတယ်။ ခဏနေရင် စားပွဲတစ်နေရာ လွတ်ပါမယ်ခင်ဗျ။
“ပြီးတော့ ဖောက်သည်အသစ်ခေါ်လာရင်လည်း လျှော့ဈေးမပေးပါဘူးနော်။ ဒါကြောင့် လူသစ်တွေ ခေါ်မလာပါနဲ့။
အလုပ်ဖြစ်မည်မဖြစ်မည် မသေချာသောလည်း ဆိုင်ခွဲဖွင့်ရမည့်အဖြစ်ကို ကာကွယ်ရန် လုယန် ကြေငြာလိုက်သည်။
စောင့်နေသည့် ဖောက်သည်များ လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ မေးခွန်းများ တစ်ယောက်တစ်ပေါက် ပြန်မေးကြသည်။
“ကြိုပြီးမှာထားလို့ရသလား”
“အရောက်ပို့ပေးသလား”
“ဆိုင်တစ်ခုလုံး ငှားလို့ရသလား”
တန်းစီနေသူများထဲတွင် သိုင်းသမားများသာမက ကျင့်ကြံသူများလည်းပါသည်။ အားလုံးက ငွေရွှင်သူများဖြစ်သည်။
“ကြိုမှာလို့ရပါတယ်။ သိပ်မဝေးဘူးဆိုရင် အရောက်ပို့ပေးနိုင်ပါတယ်။ ဒါပေမယ့် အပိုဝန်ဆောင်ခတော့ ပေးရပါမယ်။ တစ်ဆိုင်လုံးကို ငှားလို့လည်း ရနိုင်ပါတယ်”
တစ်ယောက်ယောက် တစ်ဆိုင်းလုံးငှားပါစေဟု လုယန် ဆုတောင်းနေသည်။ ထိုသို့ဆိုလျှင် ပတ်ဝန်းကျင်က ပိုတိတ်ဆိတ်သွားမည်။
“အာရုံစိုက်ကြဟေ့။ ချင်ယွမ်ဟောင် အိမ်ကထွက်လာပြီ”
လုယန်နှင့်အရိုးရိုင်းတို့ မုန်ကျင်းကျိုးး၏ စကားသံကို တစ်ပြိုင်တည်းကြားလိုက်ရသည်။ လုယန် စိတ်သက်သာရာရသွားသည်။
“ငါသူ့နောက်ကိုလိုက်မယ်။ မင်းဆင်းလာပြီး ငါ့နေရာမှာဝင်လိုက်။ ...ပြီးတော့ အရိုးရိုင်း၊ မင်းသူ့ကို သေချာစောင့်ကြည့်ထား။ တစ်လွဲတစ်ချော်ကိစ္စမျိုး ဘာတစ်ခုမှမဖြစ်စေနဲ့”
လုယန်က မြေစုံ့ပညာနှင့် ကိုယ်ချုံ့ပညာ ကျွမ်းကျင်သဖြင့် တိုက်ခိုက်ဖို့ရော ခြေရာခံဖို့ပါ အဆင်ပြေသည်။
နေ့ခင်းကြောင်တောင် မြေထဲသို့ စုံ့ဝင်သွား၍ မဖြစ်။ ထို့နောက် ဆိုင်နောက်ဖေးသို့ ထွက််လာသည်။ ထိုနေရာတွင် သရဲနှစ်ယောက်သာရှိသည်။
သရဲများက အသားကင်ရင်း အလုပ်ရှုပ်နေသည်။ လှုပ်ရှားမှုက မြန်လွန်းသဖြင့် အရိပ်ခွဲများ ကျန်နေခဲ့သည်။ အလုပ်လုပ်ဖို့ လက်ရှစ်ခုရှိချင်စိတ် ဖြစ်နေကြသည်။
အရင်က ထိုမျှမအားမလပ်နိုင်အောင် အလုပ်များသည့်ဘဝမျိုး သူတို့ လုံးဝကြုံဖူးခဲ့ဟန်မရှိ။
သရဲနှစ်ယောက်က သူတို့အသက်ရှင်စဉ်ကဝတ်ခဲ့သည့် ခရီးသွားကုန်သည်ဝတ်စုံဝတ်ထားသည်။ မူးနေသည့် ဖောက်သည်များ နောက်ဖေးသို့ မထင်မှတ်ပဲ လျှောက်လာလျှင် မူမမှန်သည့်အဖြစ်ကို မရိပ်မိစေဖို့ဖြစ်သည်။ သရဲများကို အဝတ်လဲပေးဖို့ကိစ္စနှင့်ပတ်သက်၍ လုယန်တို့ နေ့တစ်ပိုင်းကြာအောင် စဉ်းစားခဲ့ရသည်။
တာအိုဓလေ့ ပူဇော်မှုများလုပ်သည်။ ဗုဒ္ဓမန္တာန်များရွတ်၍ ကျမ်းစာထဲတွင် အဖြေရှာသည်။ သမိုင်းဒဏ္ဌာရီများကို အတည်ပြုသည်။ ထိုလုပ်ရပ်များကြောင့် သရဲနှစ်ယောက် ဝိညာဉ်ကြေမွမတတ် ဖြစ်ခဲ့သည်။
ကံကောင်းထောက်မပြီး လုယန်က အရိုးရှင်းဆုံးနည်းလမ်းကို ရှာတွေ့ခဲ့သည်။ သရဲများဝတ်ဆင်ဖို့ ဝတ်စုံများကို မီးရှို့ပေးခြင်းပင်ဖြစ်သည်။
(**တမလွန်မှလူများရရှိစေလိုသည့် ပစ္စည်းများကို မီးရှို့ပူဇော်ပေးခြင်းဖြစ်သည်)
အလုပ်များနေသဖြင့် သရဲနှစ်ယောက် လုယန်ရောက်လာသည်ကို သတိမထားမိကြ။ လုယန် မြေထဲသို့ စုံ့ဝင်သွားပြီး ချင်ယွမ်ဟောင်နောက်သို့ သတိထား၍လိုက်သည်။
မုန်ကျင်းကျိုးက ချက်ချင်းအဝတ်လဲပြီး လုယန်နေရာတွင် အစားထိုးဝင်သည်။ သိုးသားကင်များကို အထက်အောက်လှည့်လျက်
“သိုးသားကင် လာပါပြီခင်ဗျာ။ သုံးဆောင်ကြပါ ဧည့်သည်တော်တို့”
“ဒီသိုးသားကင်တွေနဲ့ ပတ်သက်ပြီး ပုံပြင်တစ်ပုဒ်ရှိတယ်ဗျ။ ကျုပ်ခင်ဗျားတို့ကို ဖြေးဖြေးချင်း ပြောပြပါ့မယ်။ မြောက်ပိုင်းမြက်ခင်းလွင်ပြင်မှာ အလင်းတစ်ခု တောက်ပတဲ့ နေ့တစ်နေ့ပေါ့။ ကလေးတစ်ယောက် မွေးဖွားလာတယ်.....”
......................
ချင်ယွမ်ဟောင်က အရိပ်များကိုဖြတ်၍ သွားနေသည်။ သူ့သဏ္ဌာန်က ညအမှောင်နှင့် ပေါင်းစပ်သွားသည်။ ဘေးမှဖြတ်သွားသူများပင် သူ့ကိုသတိမထားမိ
.
“ဒါက အရိပ်တွေနဲ့ပတ်သက်တဲ့ ပညာလား။ ဒါမှမဟုတ် အမှောင်နဲ့ဆက်စပ်နေတဲ့ ပညာမျိုးလား”
လုယန် တိတ်တဆိတ် အကဲခတ်နေသည်။ တတ်နိုင်သမျှ သတင်းရနိုင်အောင် ကြိုးစားသည်။
သူ့ကိုယ်ပိုင်နည်းလမ်းများ တီထွင်နိုင်ရန် စာအုပ်များစွာ သူဖတ်ထားသည်။ ကျင့်စဉ်နည်းနှင့်မှော်ပညာများစွာ သူနားလည်သည်။
ချင်ယွမ်ဟောင်နောက်သို့ သူဆက်လိုက်သည်။
ချင်ယွမ်ဟောင် ရွှံထူသည့်လမ်းကြောင်ကို ဖြတ်၍ ကောက်ကွေ့သည့် လမ်းသွယ်တစ်ခုအတွင်း ဝင်သွားသည်။ ချဉ်ချဉ်စူးစူးအနံ့ဆိုးတစ်ခု ထွက်နေသည်။ မြေအောက်တွင်ရှိနေသည့် လုယန်ပင် ထိုအနံ့ကိုရသည်။
ချင်ဟောင်ယွမ်၏ ခြေလှမ်းများ ပိုမြန်လာသည်။ သူ့စိတ်အခြေအနေ သိပ်မကောင်းမှန်း လုယန်သိလိုက်သည်။
ချင်ယွမ်ဟောင် မျက်မှောင်ကျုံ့သွားသည်။ ဤနေရာကို သူလုံးဝသဘောမကျ။ မျက်နှာတင်းတင်းဖြင့် တံခါးတစ်ခုကို ကုန်ဖွင့်လိုက်သည်။ အိပ်ပျော်နေသည့် သူ့နောက်လိုက်တပည့်တစ်ယောက် လန့်နိုးလာသည်။
“မင်းက အိပ်နေနိုင်သေးတယ်ပေါ့”
နောက်လိုက်က အမြန်ထရပ်လာပြီး တုန်ရင်နေသည်။ ဘာကြောင့် သူ့ဆရာ ဒေါသထွက်နေသည်ကို တွေးမရ
သူကြိုးစားပမ်းစား အလုပ်လုပ်ခဲ့သည်။ လုံးဝ ရေသာမခိုရဲ။ တစ်နေကုန်အလုပ်လုပ်ပြီး ညဘက်အိပ်သည်မှာ ဘာမှမမှားဟု သူထင်သည်။ သူတို့ဆရာက ညာဉ့်နက်မှအိပ်ပြီး နေမြင့်မှထသည်။ သူတို့နေ့တဓူဝ အစီအစဉ်များက သူတို့ဆရာထက် ပုံမှန်လည်ပတ်ရသည်။
ချင်ယွမ်ဟောင် နောက်လိုက်ကို နံရံဆီ ပစ်ကန်၍ ဒေါသတကြီးမေးသည်။
“ဘာလို့ ဒီရက်ပိုင်း ငါ့ဆီကို တစ်ယောက်မှ မကြောင်းမပြန်တာလဲ။ မင်းတို့ကို ငါရှားခိုင်းထားတဲ့လူတွေ ဘယ်မှာလဲ”
ရင်ဘတ်ကို ကြီးမားသည့် တူတစ်လက်ဖြင့် ထုလိုက်သလို ခံစားရသဖြင့် နောက်လိုက်က မကျေမနပ်ပြောသည်။
“ဆရာ၊ ရှာခိုင်းတဲ့လူကိုမတွေ့ရင် ပြန်မလာနဲ့လို့ ဆရာပဲပြောခဲ့တယ်လေ။ ကျုပ်တို့ ဆရာပြောတဲ့လူကို ရှာမတွေ့လို့ ဆရာ့ကို လာမတွေ့ရဲတာပါ။ ဆရာ့အမိန့်အတိုင်း လိုက်နာခဲ့တာ ဘာမှားသွားလို့လဲ”
နောက်လိုက်စိတ်ထဲ အခံရခက်နေသည်။ ဆရာပြောသည့်အတိုင်း နောက်လိုက်များက လုပ်သည်။ သို့သော် ဆရာက မကျေနပ်။ အတော် နားလည်ရခက်သည်။
ချင်ယွမ်ဟောင် စကားစရရှာမရ ဖြစ်သွားသည်။
သူ့နောက်လိုက်ပြောသည့်စကားက ကျိုးကြောင်းဆီလျော်သည်။ သို့သော် သူ့စိတ်ထဲ လူရိုက်ချင်စိတ် ပေါက်နေသေးသည်။ ဘာလုပ်ရမည်မသိ။
“မင်းတို့ငါ့ကို လာမတွေ့ရင်လည်း စာရေးပို့လိုက်လို့ မရဘူးလား”
“ဒါပေမယ့် အရေးကြီးကိစ္စတွေဆို လူကိုယ်တိုင်သတင်းပို့ရမယ်လို့လည်း ဆရာပြောခဲ့တယ်လေ”
“ထူးခြားတဲ့အခြေအနေတွေဆို ထူးခြားတဲ့ပုံစံနဲ့လုပ်ရမယ်လို့ရော ငါပြောမထားဘူးလားကွ”
ချီယွမ်ဟောင် အော်ဟစ်လိုက်သည်။
“ဆရာ ပြောထားပါတယ်။ ဒါပေမယ့် ထူးခြားအခြေအနေဆိုရင် လျှို့ဝှက်ဆွေးနွေးမယ်လို့လည်း ပြောခဲ့တယ်လေ။ ပြီးမှ ဆရာက အပြီးသတ်ဆုံးဖြတ်ချက်ချမယ်တဲ့”
“မင်းဆွေးနွေးခဲ့လား”
“လွန်ခဲ့တဲ့နှစ်ရက်က ကျုပ်တို့ဆွေးနွေးခဲ့ပါတယ်။ ဒီကိစ္စဟာ ဆရာဆုံးဖြတ်ဖို့လိုအပ်တဲ့ ထူးခြားအခြေအနေဆိုတာ ကျုပ်အားလုံးလက်ခံခဲ့ပါတယ်”
“ဒါဆို ငါ့ဆုံးဖြတ်ချက်အတွက် မင်းဆီမှာ ဘာမှလည်းမမြင်ရပါလား”
“အရေးကြီးကိစ္စတွေကို လူကိုယ်တိုင် အစီရင်ခံရမယ်လို့ ဆရာပြောခဲ့တယ်။ ကျုပ်တို့က သတင်းဖြန့်တဲ့လူကို ရှာမတွေ့လို့ ဆရာ့ကို လာမတွေ့နိုင်တာပါ”
ချင်ယွမ်ဟောင် သေချင်စိတ်ပေါက်သွားသည်။
ယနေ့ စကားပြောနေရသည်နှင့် သူသေတော့မည်ထင်သည်။
အသက်သုံးလေးကြိမ် အဝရှူ၍ လူမသတ်မိအောင် စိတ်ကိုထိန်းလိုက်သည်။ ဤနောက်လိုက်များသည် ဆင်ခြင်ဉာဏ်နည်း၍ လိုက်လျောညီတွေ မလုပ်တတ်သော်လည်း သူ့အပေါ် သစ္စာရှိသည်။ သူ့အမိန့်ကို တသွေမတိမ်း လိုက်နာသည်။
နောက်လိုက်တစ်ယောက်ကို သတ်လျှင် တစ်ခြားနောက်လိုက်များ စိတ်ပျက်သွားနိုင်သည်။
အစကတည်းက သူယုံကြည်ရသည့်နောက်လိုက်ဟူ၍ များများစားစားမရှိခဲ့။ ထပ်သပ်လျှင် သူ့လက်အောက်တွင် တစ်ယောက်မှ ကျန်တော့မည်မဟုတ်။
“ဒါဆို ဟိုလူကိုရှာတာ ဘယ်လိုအခြေအနေရှိလဲ။ လူကိုမရှာနိုင်ပေမယ့် အနည်းဆုံး သဲလွန်စတော့ တွေ့ခဲ့တယ်မဟုတ်လား”
ချင်ယွမ်ဟောင် သူ့နောက်လိုက်ကို စိုက်ကြည့်နေသည်။ သဲလွန်စမတွေ့ပါဟု ပြောလျှင် ထိုနောက်လိုက် နောက်တစ်နေ့ နေထွက်သည်ကို မြင်ရဖို့မသေချာတော့။
သူ့ကို လူမသတ်ရဲဟု ထင်နေသလားမသိ။
နောက်လိုက်က လူရှာမတွေ့သည့်အကြောင်း ခပ်တိုးတိုးရေရွတ်နေသည်။ သို့သော် သူ့ဆရာ၏ လူသတ်ရိပ်ပြည့်နေသည့်အကြည့်ကို သတိထားမိသဖြင့် အမြန် ပြန်ပြောသည်။
“ဆရာရှာခိုင်းတဲ့လူက ပုံမှန်လူတွေထက် ထူးခြားတဲ့လူဆိုတာ ဆရာလည်းသိပါတယ်။ လမ်းပေါ်မှာဆို အားလုံးအလွယ်တကူ အာရုံစိုက်မိမယ့် လူမျိုးပါ။ လေးရက်ကြာသွားပြီ။ ကျုပ်တို့ကြိုးစားရှာပေမယ့် သူ့ကိုမတွေ့ဘူး။
“ပြီးတော့ အရပ်ရှစ်ပေရှည်ပြီး ထောင်ထောင်မောင်းမောင်းပုံစံနဲ့ ကိုက်ညီတာဆိုလို့ တစ်ယောက်ပဲတွေ့တယ်။ ဒါပေမယ့်သူက မျက်နှာမှာ ကျောက်ပေါက်မာမရှိဘူး။ မြင်းတွေကိုလည်း မစားဘူး။ အတော်လေး ကြည့်ကောင်းတဲ့လူပါ”
“ဘယ်သူလဲ”
မျက်နှာပုံစံ ကိုက်ညီသည် မကိုက်ညီသည်က အရေးမကြီး။ အရွယ်အစားချင်းတူသူကို သတ်ပြီး တစ်ခြားလူများကို ခြောက်လှန့်နိုင်လျှင် မဆိုးလှ။ သူ့ကို အထင်သေးရဲကြတော့မည်မဟတု်။
ချန်မန်လမ်း တို့ဟူးဆိုင်က လာဘ်ခေါ်လူရုပ်ပါ”
“ငါမင်းကိုသတ်မယ်ကွ”
****************************************************