ရိတ်သိမ်းခြင်း
Vol. 4 Ch. 57
ရွှေစီးပွားနယ်မြေ၏ လုပ်ငန်းပိုင်းအတွေးအခေါ်က အတော်အဆင့်မြင့်သည်။ သူတို့နာမည်တံဆိပ်ကို လူအများမှတ်မိစေရန် “လာဘ်ကောင်တံဆိပ်”အယူအဆကို တီထွင်ခဲ့သည်။ နာမည်ကျော်ပန်းချီဆရာ ရွှမ်ထောင်ဇီက ဒီဇိုင်းထွင်သည်။ သုံးကြိမ်တိုင်တိုင် ပြန်လည်ပြင်ဆင်ပြီးနောက် ကနဦး လာဘ်ကောင်ပုံကြမ်း ရလာသည်။
ကနဦးပုံကြမ်းက ဝဝကစ်ကစ်ဝက်ကလေးတစ်ကောင် ကြေးပြားများကိုင်၍ ပြုံးနေသည့်ပုံဖြစ်သည်။
ရွှေစီးပွားနယ်မြေက သူ့လာဘ်ကောင်တံဆိပ်ကို စတင်မိတ််ဆက်ပြီးနောက် နာမည်ကျော်ကြားမှုကို သိသိသာသာတိုးမြှင့်နိုင်ခဲ့သည်။ တစ်ခြားစီးပွားရေးလုပ်ငန်းများလည်း ထိုနည်းလမ်းမျိုး လိုက်သုံးကြသည်။ ကိုယ်ပိုင်လာဘ်ကောင်များ ဖန်တီးကြသည်။
ယန်ကျင်းကောင်တီမြို့၏ မိန်းလမ်းပေါ်မှ တို့ဟူးဆိုင်လည်း ထိုသို့ကိုယ်ပိုင်လာဘ်ကောင်တံဆိပ် ဖန်တီးထားခြင်းဖြစ်သည်။
ချင်ယွမ်ဟောင် သူ့နောက်လိုက်ကို တကယ်မသတ်ပါ။ စိတ်ငြိမ်သွားပြီးနောက် သူနားလည်လာသည်။ သူ့နောက်လိုက်များ ထိုလူကိုမရှာနိုင်ဟုပြောကြသည်ဆိုလျှင် တကယ်ရှာမတွေ့ကြ၍သာဖြစ်မည်။ သူတို့သည် အမြဲတမ်း တာဝန်ကို ကြိုးကြိုးစားစားလုပ်သည်။
တို့ဟူးဆိုင်မှလာဘ်ကောင်လူရုပ်က ပြဿနာရှာချင်းလည်း မဖြစ်နိုင်လောက်။
“-ဒီလောက်ထူးခြားတဲ့ရုပ်ရည်နဲ့လူကို ရှာမတွေ့ဘူးဆိုတော့ နတ်ဆိုးဂိုဏ်းထဲကတစ်ယောက်ယောက်က ငါ့ကို ချောက်ချဖို့ ကြိုးစားတာပဲဖြစ်မယ်-”
ချင်ယွမ်ဟောင် လှောင်ပြုံးပြုံးလိုက်သည်။ ဘယ်သူကြိုးကိုင်နေသည်မသိသော်လည်း တမင်ရည်ရွယ်၍လုပ်ခဲ့မှန်း သိသာသည်။
ထိုသို့ချောက်ချသည်များက နတ်ဆိုးဂိုဏ်းတွင် မဆန်းပါ။ ချင်ယွမ်ဟောင်ကိုယ်တိုင်လည်း သူနှင့်တန်းတူများကို အကောက်ကြံခဲ့ဖူးသည်။
ယခု ဘာသဲလွန်စမှ မရဘဲ အချိန်များစွာကုန်သွားသည်။ ချင်ယွမ်ဟောင် ဒေါသကို ကြိတ်မျိုချလိုက်ရသည်။ နောက်မှ စာရင်းရှင်းရမည့်လူကို ရှာမည်ဟု တွေးလိုက်သည်။
“ရှာမတွေ့ဘူးဆိုရင် ဆက်မရှာနဲ့တော့”
ချင်ယွမ်ဟောင် စာရွက်တစ်ထပ်နှင့် ငွေကြေးပြးတစ်ချို့ ဝတ်ရုံထဲမှထုတ်၍ သူ့နောက်လိုက်ဆီ ပစ်ပေးလိုက်သည်။
သူစိတ်ထင်ရာ လူမသတ်သည့်အကြောင်းရင်းကလည်း ထိုအခြေနေမျိုးကြောင့်ဖြစ်သည်။ ဂိုဏ်းခွဲသခင်ပေးထားသည့် တာဝန်များကို လုပ်ဆောင်ရန် လူလိုသည်။ သူ့နောက်လိုက်ကို အခုချိန် သတ်လိုက်လျှင် ယုံကြည်ရသည့်လူကို ဘယ်နေရာသွားရှာရမည်နည်း။
“မနက်ဖြန်မနက်ကျရင် ညီအကိုတွေစုစည်းပြီး ဒီစာတွေကို အနီးအနားကောင်တီရှစ်ခုရဲ့ မှောင်ခိုဈေးကွက်တွေမှာ ဖြန့်လိုက်။ ဒီငွေက မင်းတို့ရဲ့ လစဉ်လုပ်အားခနဲ့ ခရီးစရိတ်ပဲ။ ငါပြောတာ သေချာကြားရဲ့လား”
“ကျုပ် ကျုပ်ကြားပါတယ်”
ချင်ယွမ်ဟောင် အော်လိုက်သဖြင့် သူ့နောက်လိုက် ခုန်ထလားသည်။
“ကျယ်ကျယ်ပြောစမ်း”
“ကြားပါတယ်”
နောက်လိုက်က ခါးမတ်၍ နောက်တစ်ကြိမ်အော်သည်။ သူ့လည်ပင်း နီရဲလာသည်။
သူ့အော်သံကြောင်း အိမ်နီးချင်းမိန်းမတစ်ယောက်က အိမ်ထဲမှ လှမ်းအော်သည်။
“ဘယ်အချိန်ရှိနေပြီလဲဟေ့။ ဘာလို့ ဒီလောက်အော်နေတာလဲ”
ထိုမိန်းမအသံက နောက်လိုက်အသံထက်ပင် ပိုကျယ်သေးသည်။
ချင်ယွမ်ဟောင်မျက်လုံးတွင် လူသတ်ရိပ်တစ်ချက် သန်းသွားသည်။
“ဆရာ၊ သူက ဒီနေရာမှာ တံခါးပိတ််လာကျင့်တဲ့ အခြေတည်အဆင့်ကျင့်ကြူံပါ”
နောက်လိုက်က အမြန်ရှင်းပြလိုက်သည်။ ကျင့်ကြံသူအတော်များများ သေမျိုးလောကထဲ ရောယှက်နေထိုင်လေ့ရှိသည်။ လမ်းဘေးဈေးသည်ပင် ကျင့်ကြံသူဖြစ်နိုင်သည်။
ချင်ယွမ်ဟောင် အေးစက်စက်နှာခေါင်းတစ်ချက်ရှုံ့၍ ဘာမှထပ်မပြောတော့ဘဲ ထွက်သွားသည်။
နောက်လိုက် သမ်းဝေသည်။ သူ့ဆရာထွက်သွားသဖြင့် စိတ်သက်သာရသွားပြီး ပြန်လည်အိပ်ပျော်သွားသည်။
မနက်ဖြန် အလုပ်လုပ်ရန် စောစောထရဦးမည်။
ချင်ယွမ်ဟောင်က ထိုသို့ပင် ဘာမှန်းမသိသည့်တာဝန်များ သူ့ကိုခိုင်းတတ်သည်။ ချင်ယွမ်ဟောင်က သူတို့ကို ဘာမှပြောမပြ။ ခိုင်းသည့်အတိုင်းသာ လုပ်ခိုင်းသည်။
ဤတစ်ကြိမ်လည်း ထိုသို့ပင်ဖြစ်သည်။
သူအိပ်ပျော်သွားပြီးနောက် လုယန် မြေကြီးထဲမှ ထွက်လာသည်။ စာရွက်သုံးခုကိုယူသည်။ ချင်ယွမ်ဟောင်နောက်သို့ လိုက်သွားသည်။
ချင်ယွမ်ဟောင်က သူ့နောက်လိုက်ကို ညွှန်ကြားချက်ပေးဖို့ ထွက်လာချင်းသာဖြစ်ပြီး အိမ်သို့တန်းပြန်သည်။
“နောက်တစ်ခေါက်”အသားကင်ဆိုင်ဘေးမှ ဖြတ်သွားချိန်တွင် ခြေလှမ်းရပ်သွားသည်။
“ငါတံခါးပိတ်ကျင့်တာ လေးရက်ပဲရှိသေးတယ်။ အကင်ဆိုင်အသစ်ဖွင့်လိုက်ပြီပေါ့။ ဒီလောက်တောင် လူစည်နေတာလား”
ဆိုင်ထဲတွင် ဝင်စားကြည့်ဖို့ စိတ်ကူးပေါ်လာသည်။ လူစည်နေသည်က ပြဿနာမရှိ။ သူအချိန်မရွေး ကြားဖြတ်ဝင်နိုင်သည်။ အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက် မထင်မရှားဆိုင်လေးသို့လာလျှင် ဒူးထောက်အရိုအသေမပေးခိုင်းသည်ကပင် အတော်သက်ညှာရာရောက်သည်။ တန်းစီနေစရာ အကြောင်းမရှိ။
နောက်ဆုံးတွင် သူ့စိတ်ကူးကို မေ့လိုက်သည်။ အသားကင်သည် အဖွဲ့လိုက်စားမှ အရသာပိုရှိသည်။ တစ်ယောက်တည်းစားလျှင် ပျော်စရာမကောင်း။
“နောက်တစ်ခါမှပေါ့”
ချင်ယွမ်ဟောင် အိမ်ပြန်သွားသည်။
လုယန် အသားကင်ဆိုင်သို့ ပြန်လာသည်။ မုန်ကျင်းကျိုး ဟာသသရုပ်ဆောင်နေသည်ကို မြင်လိုက်ရသည်။ စားသောက်သူများကလည်း အတော်သဘောကျပြီး နောက်ထပ်တောင််းဆိုနေကြသည်။
လုယန် ပင့်သက်တစ်ချက် ရှိုက်လိုက်သည်။ ထိုနှစ်ယောက် တကယ်စီးပွားရေးချဲ့ထွင်ဖို့ ရည်ရွယ်ထားသလားမသိ။
လုယန်၏ စူးရှသည့်အကြည့်ကြောင့် မုန်ကျင်းကျိုး ချက်ချင်း စကားပြောရပ်သွားပြီး စားပွဲထိုးအလုပ် ဆက်လုပ်နေသည်။ ဖောက်သည်များ အော်ဟစ်တောင်းဆိုနေသည်ကို လျစ်လျူရှုထားလိုက်သည်။
ခဏကြာပြီးနောက် စားသောက်နေသူများ တဖြေးဖြေးထွက်သွားကြသည်။ အသားကင်ဆိုင်လည်း တိတ်ဆိတ်သွားသည်။
သရဲနှစ်ယောက်က အကင်များကို ပန်းကန်ခွက်ယောက်များ ရှင်းလင်းသည်။ တစ်နေ့တာကုန်ခဲ့သည့် ပစ္စည်းစာရင်းကို မှတ်သားသည်။ နောက်တစ်နေ့အတွက် လိုအပ်သည့်ပမာဏကို ခန့်မှန်းတွက်ချက်သည်။ လုယန်တို့သုံးယောက် ဒုတိယထပ်တွင်ထိုင်၍ တစ်နေ့တာရောင်းရငွေကို တွက်ကြည့်ကြသည်။
“ဒီနေ့ငါတို့ ဘယ်လောက်အမြတ်ထွက်လဲ”
မုန်ကျင်းကျိုးက စိတ်လှုပ်ရှားနေဟန်ဖြင့် လက်နှစ်ဘက်ကို ပွတ်နေသည်။ စီးပွားရေးလုပ်ငန်းတစ်ခု စလုပ်ရသည့်အတွေ့အကြုံကို အတော်ကျေနပ်နေဟန်ရှိသည်။
“ဒါကိုအမြတ်ထွက်တယ်လို့ မင်းကိုဘယ်သူပြောလဲ။ ငါတို့ ဘာအတွက်ရှိနေတာလဲဆိုတာ မေ့နေပြီလားကွ”
လုယန် စားပွဲကို လက်ဖြင့်ရိုက်၍ သူ့ကိုစိုက်ကြည့်သည်။
“ဆိုင်ခွဲစဖွင့်ဖို့လား”
အရိုးရိုင်းစိတ်ထဲ မိသားစုစီးပွားရေးလုပ်ငန်းကို ချဲ့ထွင်ဖို့သာ တွေးနေသေးသည်။
လုယန်က ထိုအရူးနှစ်ယောက်ကို အရေးမစိုက်ဘဲ စာရွက်သုံးခုကို ထုတ်လိုက်သည်။ ချင်ယွက်ဟောင်ကို စောင့်ကြည့်ခဲ့သည့် အတွေ့အကြုံများ ပြန်ပြောပြသည်။
“ဘာမှလည်းရေးမထားပါလား”
မုန်ကျင်းကျိုးင်းကျိုး စာရွက်တစ်ရွက်ကို ရှေ့နောက်လှန်ကြည့်၍ မတွေးတတ်အောင်ဖြစ်နေသည်။
လုယန်လည်း ထိုစာရွက်ကို ဘယ်လိုသုံးရမည်မသိ။
“ချင်ယွမ်ဟောင်က သူ့လူတွေကို မှောင်ခိုဈေးကွက်မှာ ဒီစာတွေဖြန့်ခိုင်းထားတာ။ သတင်းတစ်ခုခုတော့ ဒီစာရွက်ပေါ်မှာ ရှိရမယ်။ ဘယ်လိုဖတ်ရမလဲဆိုတာပဲ မသိတာ။ နတ်ဆိုးလမ်းစဉ်သမားတွေနဲ့ ဆက်သွယ်တဲ့ နည်းလမ်းတစ်မျိုး ဖြစ်မလားပဲ”
မုန်ကျင်းကျိုး ခေါင်းငြိမ့်သည်။ လုယန်သုံးသပ်ချက်ကို သူလည်းလက်ခံသည်။
“ဖြစ်နိုင်ပါတယ်။ ဒီလို ခိုးကြောင်ခိုးဝှက်ကောင်တွေက လျှို့ဝှက်ကုဒ်မျိုးတွေ အမြဲသုံးကြတယ်။ ဒီစာက နတ်ဆိုးကျင့်ကြံသူတွေအားလုံး နားလည်နိုင်တဲ့ဟာမျိုး ဖြစ်လိမ့်မယ်။ ငါတို့လို အခြေတည်အဆင့်တွေ ဘာတွေရေးထားလဲ မမြင်ရဘူးဆိုရင် ချီစုစည်းတဲ့အဆင့် နတ်ဆိုးကျင့်ကြံသူတွေ ဘယ်လိုလုပ်မြင်နိုင်မှာလဲ။ ဒီတော့ ဒီပြဿနာက လျှို့ဝှက်ကုဒ်နဲ့မဆိုင်လောက်ဘူး။ စာရွက်နဲ့ပဲ ဆိုင်မယ်ထင်တယ်”
လုယန် ခဏစဉ်းစားသည်။ ထို့နောက် စာရွက်ကို မီးသွေးမီးဖိုတွင် ကင်လိုက်သည်။
“ဘာလုပ်နေတာလဲ”
အရိုးရိုင်း နားမလည်သဖြင့် မေးလိုက်သည်။
လုယန်က စာရွက်ကို ဂရုတစ်စိုက် မီးကင်ရင်း ရှင်းပြသည်။
“စာရွက်ပေါ်မှာ သကြားရေနဲ့ ရေးထားရင် ခြောက်သွားတဲ့အခါ ဗလာဖြစ်သွားတယ်လို့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ်။ သကြားရေထဲက ရေဓာတ်ကိုဖယ်ရှားဖို့ မီးကင်ပေးရတယ်။ ရေကုန်သွားရင် အညိုရောင်စာလုံးတွေ ပေါ်လာတယ်တဲ့”
မုန်ကျင်းကျိုးနှင့်အရိုးရိုင်းတို့ စိတ်ဝင်စားသွားကြသည်။
သို့သော် ငါးမိနစ်ခန်ကြာသော်လည်း စာရွက်က ဘာမှမထူးခြားသေး။ လုယန် ထိုနည်းလမ်းကို လက်လျှော့လိုက်သည်။
ထို့နောက် လက်ဝါးထဲတွင် ရေလုံးတစ်ခုဖန်တီး၍ ရုတ်တရက် ဖောက်ခွဲလိုက်သည်။ ရေစက်များက စာရွက်ပေါ်စင်ကျလာသည်။
“ဘာတွေလုပ်နေတာလဲ”
လုယန် ရှင်းပြသည်။
“ရေချိုးဂျယ်လို ဆပ်ပြာရည်လို ထူးခြားတဲ့အရည်တွေက ရေကိုကောင်းကောင်းစုပ်ယူနိုင်တယ်။ ဒီလိုအရည်တွေနဲ့ စာရေးပြီး အခြောက်ခံလိုက်ရင် စာရွက်က ဗလာဖြစ်သွားတယ်။ စာရွက်ပေါ် ရေဖြန်းလိုက်မှ ရေစုပ်ယူနှုန်း မတူညီလို့ စာလုံးနေရာတွေကို ပြန်ဖော်နိုင်တယ်”
အလယ်ပိုင်းတိုက်နယ်သည် ခေတ်နောက်ကျသယောင်ရှိသော်လည်း အမှန်တော့ ထိုသို့မဟုတ်။ မှော်ပညာရှိနေသဖြင့် အမှတ်မထင်ဖြစ်စေ တမင်တကာဖြစ်စေ ရှေးခေတ်ကမရှိဖူးသည့် ထုတ်ကုန်အသစ်များစွာ ပေါ်လာသည်။
သို့သော် ယခုထိ စာရွက်ပေါ်တွင် ဘာမှမမြင်ရသေး။
အဆင်မပြေသဖြင့် နည်းလမ်းသစ်တစ်မျိုး လုယန်စဉ်းစားသည်။
“ဒါက နတ်ဆိုးလမ်းစဉ်သမားချင်း ဆက်သွယ်တဲ့ နည်းလမ်းဆိုတော့ နတ်ဆိုးလမ်းစဉ်မှာ အသုံးများတဲ့ နည်းလမ်းကိုပဲ သုံးရမယ်ထင်တယ်”
လုယန် လက်မကိုကိုက်၍ သွေးစက်တစ်ချို့ စာရွက်ပေါ် ချလိုက်သည်။ သွေးစက်များက အသက်ဝင်လာသကဲ့သို့ စာရွက်ပေါ်တွင် ပျံ့နှံ့သွားသည်။
“တကယ်ပါလား။ ဒါက နတ်ဆိုးလမ်းစဉ်မှာ စာရွက်သန့်စင်တဲ့နည်းလမ်းပဲ။ အရည်အသွေးက သာမန်မဟုတ်ဘူး”
အောင်မြင်သွားပြီဖြစ်၍ လုယန် သက်ပြင်းချလိုက်သည်။
စာရွက်ပေါ်မှ မမြင်နိုင်သည့် ချိုင့်ခွက်ရာများ သွေးဖြင့်ပြည့်သွားသယောင်ရှိသည်။ စာသားများပေါ်လာသည်။
“လေးလပိုင်း တစ်ရက်နေ့မှာ ထာဝရဂိုဏ်းရဲ့ ယန်ကျန်းဂိုဏ်းခွဲက ဂိုဏ်းဝင်သစ်စုစည်းမယ်။ နေရာအတိအကျကို လူသစ်ရွေးပွဲမတိုင်ခင်နေ့မှာ ကြေငြာမယ်”
*********************************************