← Chapters

အရာရှိနှင့်သူခိုး

Vol. 4 Ch. 60

အရာရှိနှင့်သူခိုး

Vol. 4 Ch. 60

“ငါတို့လုမိသားစုရဲ့ အရိပ်တုလက်သီးပညာဟာ နက်နဲကျယ်ပြန့်တယ်။ မင်းလို တစ်ကိုယ်တော်ဝိညာဉ်မြစ်လောက်နဲ့ အပြည့်အဝ နားမလည်နိုင်ဘူး။

“ကောင်းကင်အထက်မှာ ဘုံကိုးလွှာ မြေအောက်မှာ ဘုံကိုးလွှာရှိတယ်ဆိုတဲ့ စကားလိုပေါ့။ လုမိသားစုရဲ့ အရိပ်တုလက်သီးပညာမှာလည်း ကိုးဆင့်ရှိတယ်။

“အခု ပထမအဆင့်ကိုပဲ ငါရောက်သေးတယ်။ ဒါပေမယ့် နောက်တစ်ဆင့် ကျင့်ကြံနိုင်တာနဲ့ ငါအသွင်ပြောင်းလိုက်တဲ့လူရဲ့ စွမ်းအားတွေ၊ မှော်ပညာတွေ ကျင့်စဉ်အဆင့်တွေကိုတောင် ငါရနိုင်တယ်။ နောင်တစ်ချိန် ကိုးဆင့်အထိ ငါလေ့ကျင့်ပြီးတဲ့အခါ ကောင်းကင်ဆင်းရဲ ဖြတ်ကျော်နိုင်လောက်အောင် အင်အားကြီးတဲ့လူ ဖြစ်လာမယ်။ စီနီယာအမကို အနိုင်ယူဖို့ဆိုတာလည်း မဖြစ်နိုင်စရာမရှိတော့ဘူး”

လုယန် ဝင့်ကြွားသည့်လေသံနှင့် ပြောနေသဖြင့် အရိုးရိုင်း တကယ်ယုံနေသည်။ မုန်ကျင်းကျိုးကို တိုးတိုးကပ်မေးသည်။

“အကိုလုပြောတယ် တကယ်လား”

မုန်ကျင်းကျိုး မျက်လုံးထောင့်ကပ်ကြည့်သည်။

“သောက်လခွမ်း တကယ်ရမှာလား။ အရူးချီးပန်း လျှောက်ပြောနေတာကွ။ မင်းသာ ဒါမျိုးတွေ နားထောင်ချင်ရင် ဒီလိုဇာတ်လမ်းတွေ ရှစ်မျိုးလောက် ငါပြောပြလို့ရတယ်”

လုယန်နှင့်မုန်ကျင်းကျိုးတို့ သက်တောင့်သက်သာ လိမ်နိုင်သည့်စွမ်းရည်ကို အရိုးရိုင်း အသိအမှတ်ပြုချီးကျူးလိုက်ရသည်။

နောက်ထပ် လေးငါးခြောက်ရက် ကုန်လွန်သွားသည်။ ဆိုင်ဖောက်သည်အရေအတွက်လည်း‌ နေ့စဉ်တိုးလာသည်။ ဝိညာဉ်ကျောက်ဖြင့် ဘောက်ဆူးပေးသူတစ်ချို့ပင် ရှိလာသည်။

“ဈေးမြှင့်ထားတာတောင် လူတွေဘာလို့ ဒီလောက်များနေသေးတာလဲကွာ”

လုယန် မကျေမနပ် အံကြိတ်နေသည်။ မနေ့ကပင် ယန်ကျန်းကောင်တီ၏ အကြီးဆုံးစားသောက်ဆိုင်က သူတို့၏ အသားကင်နည်းကို ဝယ်ယူချင်ကြောင်း လာကမ်းလှမ်းသည်။

သူတစ်ယောက်သာ စိတ်ပျက်နေခြင်းဖြစ်သည်။ မုန်ကျင်းကျိုးနှင့် အရိုးရိုင်းတို့က အတော်ပျော်နေသည်။

ယနေ့ ချင်ယွမ်ဟောင်ကိုစောင့်ကြည့်ဖို့ အရိုးရိုင်းအလှည့်ကျသည်။ လုယန်နှင့် မုန်ကျင်းကျိုးတို့ အောက်ထပ်တွင် စားပွဲထိုးရသည်။

မုန်ကျင်းကျိုးက ဟာသဖျော်ဖြေချင်သည့်စိတ်ကို ထိန်းချုပ်လျက် သိစိတ်အာရုံမှ လှမ်းပြောသည်။

“ကျင့်ကြံသူတစ်ဖွဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ဒီမှာလာစားတယ်။ ငါတို့အစားအသောက်ကို ချီးကျူးတယ်။ သူတို့နဲ့သိကျွမ်းတဲ့ ဝိညာဉ်ဟင်းချက်စာဖိုမှူးတွေထက် ပိုကောင်းတယ်တဲ့။

“ပြီးတော့ အဲလိုနဲ့ သူတို့ဆီကနေ စကားပျံ့သွားတယ်။ အခုဆို ငါတို့စားသောက်ဆိုင်အကြောင်း ကျင့်ကြံသူအတော်များများ သိလာကြပြီ”

တာအိုလမ်းစဉ်ဂိုဏ်းတွင် ဝိညာဉ်ဟင်းချက်စားဖိုမှူးများ ရှိသော်လည်း အမှန်တော့ စီးပွားရေးလုပ်နေသည့် ကျင့်ကြံသူမျိုးဖြစ်သည်။ ယန်ကျန်းကောင်တီတွင် ထိုစားဖိုမှူးမျိုး လက်တစ်ဆုပ်စာသာရှိသည်။ အများစုက ချီကျင့်ကြံခြင်းအဆင့်ဖြစ်သည်။ အခြေတည်အဆင့်စားဖိုမှူးတစ်ယောက်သာရှိသည်။

ထိုစားဖိုမှူးများသည် ဓာတ်ငါးမျိုးမျှတမှုကို ဦးစားပေးသည်။ အရသာရှိ၍ ကျင့်စဉ်စွမ်းအားတိုးစေသည့် အစားအသောက်များကိုသာ ဖန်တီးသည်။ အာနိသင်မျှတအောင် ကြိုးစားကြသည်။

အရိုးရိုင်း၏ အသားကင်များက ကျင့်စဉ်စွမ်းအား တိုးချင်မှတိုးမည်။ အရသာကတော့ ထိပ်တန်းဖြစ်သည်။ ယန်ကျန်းကျင့်ကြံသူများက ကျင့်စဉ်စွမ်းအားတိုးဖို့ ဝိညာဉ်ဟင်းချက်စားဖိုးမှူးများ၏ အစားအသောက်ကို စားဖို့မလိုလျှင် အရသာပိုကောင်းသည့် အသားကင်ကိုသာ စား‌ကြသည်။

သာမန်အသားကင်ထက် ဆယ်ဆပိုဈေးကြီးသော်လည်း ကျင့်ကြံသူများအမြင်တွင် ပေးရသည့်ငွေနှင့် ထိုက်တန်သည်ဟု ယူဆသည်။

“ယန်ကျင်းရဲ့ အထက်တန်းလွှာကျင့်ကြံသူတွေကြားမှာ ငါတို့ နာမည်နည်းနည်းရနေပြီ။ လူချမ်းသာအတော်များများလည်း ကြွားလုံးထုတ်ဖို့အတွက် ဒီကိုလာစားဖို့ တာစူနေကြပြီ။ ငါတို့ဆိုင်ရဲ့နာမည်က သိပ်မကြာခင် တိုက်နယ်တစ်ခုလုံး ပြန့်သွားတော့မှာ။ မင်းမပျော်ဘူးလား”

“လခွမ်းမို့ ပျော်ရမှာလား”

ဖောက်သည်အသစ်များကိုကြိုဆိုရင်း လုယန် မျက်ခွံလှန်ကြည့်သည်။

“ဆိုင်ရှင်၊ ပထမထပ်က လူပြည့်နေပြီ။ ကျုပ်တို့ ဒုတိယထပ်ကိုသွားလို့ရမလား”

ဒုတိယထပ်မှ မီးရောင်ကို မြင်သဖြင့်‌ နေရာကောင်းတစ်ခုဟု ယူဆလိုက်ပြီး ဖောက်သည်တစ်ယောက်ကမေးသည်။

“ဒုတိယထပ်က အခု ပြန်ပြင်ဆင်နေတယ်ဗျ။ ဧည့်သည်တွေ လက်မခံသေးဘူး။ နားလည်ပေးပါခင်ဗျာ”

အသားကင်ဆိုင် ချဲ့ထွင်ဖို့ စိတ်ကူးမရှိသော်လည်း လုယန် စားပွဲထိုးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သည်။ လုံးဝ ရေသာမခို။

ရွေးစရာမရှိတော့သဖြင့် ဖောက်သည်များ အလိုက်တသိ ပြန်တန်းစီရသည်။

“ဟား၊ ငါတို့အလှည့် ရောက်လာပြီကွ။ ဆိုင်ရှင်၊ ကျုပ်ရဲ့ညီအကိုတွေကို ထပ်ခေါ်လာခဲ့တယ်”

အနက်ရောင်ယူနီဖောင်းဝတ်ထားသည့် စစ်သည်တစ်စု ဆိုင်ဝသို့ ရောက်လာသည်။ သူတို့ခါးတွင် သူတို့အဆင့်အတန်းကို သက်သေခံနေသည့် အရာရှိတံဆိပ်နှင့် ဓားရှည်များပါသည်။ မြင်ရုံနှင့် လူရှိန်ချင်စရာဖြစ်သည်။

သူတို့နောက်တွင် တန်းစီနေသူများ အနားသို့ သိပ်မကပ်ရဲ။ အလိုလို ကြောက်နေကြသည်။

“အရာရှိဝေ၊ ရောက်လာပြီလားဗျ”

ထိုလူများနှင့် အတော်ရင်းနှီးနေသည့်ပုံစံဖြင့် လုယန် ပြုံး၍နှုတ်ဆက်သည်။

ယန်ကျန်းကောင်တီ၏ အရာရှိလူစုဖြစ်သည်။ ဝေ့မျိုးရိုး မုတ်ဆိတ်မွှေးနှင့်လူက ဦးဆောင်လာသည်။ အရာရှိလေသံဖြင့် စကားပြောသည်။ သူ့နာမည်ပြောင်က “သံမဏိမျက်နှာအရာရှိ” ဖြစ်သည်။ ကျင့်စဉ်အဆင့်က မနိမ့်လှ။ အခြေတည်အဆင့်ဖြစ်သည်။ သာမန်သူခိုးဂျပိုးများသာမက နတ်ဆိုးဂိုဏ်းဝင်များပင် သူတို့နှင့် ထိပ်တိုက်မတွေ့အောင် ရှောင်ကြသည်။ ဒုက္ခရောက်မည်ကို စိုးရိမ်ကြသည်။

သူ့‌နောက်မှ အရာရှိများကလည်း သာမန်မဟုတ်။ အနိမ့်ဆုံးလူသည် ချီကျင့်ကြံခြင်းဆဋ္ဌမအဆင့်ဖြစ်သည်။

မသေမျိုးလောကနှင့်သိုင်းလောကတွင် ကျင့််စဉ်အဆင့်တစ်ခုမရှိဘဲ အရာရှိစစ်သည်အဖြစ် တာဝန်ထမ်း၍မရ။

ဤတစ်ကြိမ်သည် တပ်မှူးဝေ့၏ လေးကြိမ်မြောက် လာလည်ခြင်းဖြစ်သည်။ လုယန်နှင့်လည်း အတော်ရင်းနှီးလာသည်။

အစက တန်းစီစောင့်ရာတွင် လူတစ်ချို့က ကျင့်စဉ်စွမ်းအား သို့မဟုတ် ဂုဏ်ဒြပ်ကိုအားကိုး၍ ကြားဖြတ်ဝင်ရန် ကြိုးစားခဲ့ကြသည်။ သို့သော် ဤဆိုင်သို့ တပ်မှူးဝေ ညာဉ့်နက်ပိုင်းတွင် လာစားလေ့ရှိကြောင်း သိသည်နှင့် ထိုသို့မလုပ်ရဲကြတော့။

“အခုမှ တာဝန်ချိန်ပြီးလို့ တာဝန်လဲလာတာ။ ဒါကြောင့် ကျုပ်ရဲ့ညီအကိုတွေကို အသားကင်စားဖို့ ခေါ်လာတာပါ။ ပြီးတော့ မင်းတို့အသားကင်ကလည်း တကယ်ထူးခြားတယ်။ တစ်ခါစားဖူးရုံနဲ့ လျှာလည်သွားတာပဲ”

ဆိုင်မှအသားကင်အကြောင်းတွေးရင်း တပ်မှူးဝေ နှုတ်ခမ်းတစ်ချက်သပ်လိုက်သည်။

“တပ်မှူးလုပ်ရတာလည်း မလွယ်ဘူးနော်။...နှစ်ရက်တစ်ခါ ညဆိုင်းတာဝန်လုပ်ရတယ်”

လုယန်က မှတ်ချက်ပေးရင်း သူတို့ကို သီးသန့်ခန်းတစ်ခုသို့ ခေါ်သွားသည်။

အခန်းထဲရောက်သည်နှင့် တပ်မှူးဝေ့နှင့် သူ့အဖော်များ အပေါ်ကုတ်အင်္ကျီချွတ်ကြသည်။

“အင်း..အခုရက်ပိုင်း အတော်ဒုက္ခများတာပဲ။ ဘာကြောင့်လဲတော့မသိဘူး။ ကျင့်ကြံသူအတော်များများ ယန်ကျင်းကို အစုအပြုံလိုက် ရောက်လာတယ်။ ဒါ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး။ ပြည့်သူ့လုံခြုံရေးအတွက် အတော်ဖိအားများလာတယ်။

“ကောင်တီအစိုးရက ဘာပြဿနာမှမဖြစ်အောင် သေချာစောင့်ကြည့်ဖို့ တင်းတင်းကြပ်ကြပ် အမိန့်ထုတ်ထားတယ်။ ဒါကြောင့် ငါ့ညီအကိုတွေနဲ့အတူ အချိန်ပို ကင်းလှည့်နေရတာပေါ့။ အခု ကင်းပတ်ချိန်ပြီးလို့ သူတို့ကို ဒီမှာလာပြီး ဧည့်ပြုတာပါ”

လုယန်အလုပ်များမှန်းသိသဖြင့် တပ်မှူးဝေ သိပ်များများမပြောတော့ဘဲ အသားကင်စမှာသည်။

“ပြီးခဲ့တဲ့တစ်ခေါက်ကလိုပဲလား”

လုယန် မေးလိုက်သည်။ ဆိုင်သို့လာခဲ့သည့် သုံးကြိမ်အတွင်း တပ်မှူးဝေ့မှာသည့် အသားကင်များက အတူတူသာဖြစ်သည်။

“ဒီတစ်ခါ အသစ်အဆန်းလေး မြည်းကြည့်ချင်တယ်။ ပြီးခဲ့တဲ့တစ်ခေါက်ကတည်းက ငါစားချင်တာ။ ငါ့ညီအကိုတွေက တားကြလို့လေ။ ငါတို့အတွက် မျက်လုံးကင်ဆယ်ချောင်း၊ ငွေပိုးတီကောင်ကင်ဆယ်ချောင်း၊ ကင်းခြေများကင်ဆယ်ချောင်းပေးပါ”

သူ့အဖော်များ ဘာမှမပြောခင် တပ်မှူးဝေ့ အမြန်မှာလိုက်သည်။

အဖော်များက စိတ်မသက်မသာ ညည်းညူကြသည်။ ထိုအကင်များသည် စားကောင်းသည့်အစာ ဟုတ်မည်မထင်။

“မင်းတို့မျက်နှာကိုကြည့်စမ်းပါဦး။ တကယ့်ကလေးဆိုးကြီးတွေလိုပဲ။ တစ်နေ့နေ့ကျမှ မင်းတို့ကို ဥပုသ်ဆေးမပါဘဲ တောနက်ထဲ လဝက်လောက် မစ်ရှင်ထွက်ဖို့ ခေါ်သွားဦးမယ်။ အဲဒီ့အခါကျမှ မင်းတို့ ဘာတွေစားမလဲ ကြည့်ရသေးတာပေါ့”

အစားအသောက်နှင့် အရက်များ ရောက်လာသည်နျှင့် သူတို့လူစု မြိန်ရေရှက်ရေ စားသောက်ကြသည်။

အရက်ကလေးဝင်လာသည်နှင့် မကျေနပ်ချက်များ ပွင့်အန်ထွက်လာသည်။ ဆဲကြဆိုကြ ညည်းညူကြသည်။

“သောက်လခွမ်းတဲ့မှပဲ။ ဟိုသူခိုးတွေက အတော်ပါးတယ်ကွ။ ခြေရာလက်ရာ လုံးဝမချန်ခဲ့ဘူး”

“ကျင့်ကြံသူတွေဖြစ်လောက်တယ်။ မဟုတ်ရင် ဝါရင့်သူခိုးတွေတောင် ဒီလောက် သေသေသပ်သပ်မလုပ်နိုင်ပါဘူး”

“တစ်ခြားနယ်ကလာတဲ့ ဟိုကျင့်ကြံသူတွေ ဖြစ်မယ်ထင်တယ်”

“ဖမ်းမိလို့ကတော့ကွာ...အဲဒီ့သူတောင်းစားတွေကို ကြိမ်နဲ့ အချက်တစ်ရာလောက်ရိုက်ပြီး ရေထောင်ထဲ ပစ်ထည့်ပစ်မယ်”

သူခိုးများ လက်စောင်းထက်နေကြသည်။ သူတို့ တစ်ယောက်မှ ဖမ်းမမိသေး။ တပ်မှူဝေ့ မျက်နှာပျက်ရသည်။

“နယ်စားမင်းက အမှုကို တစ်လအတွင်း ဖြေရှင်းဖို့တောင် ငါ့ကို အမိန့်ပေးထားတယ်။ သူအဲလောက်အစွမ်းအစရှိရင် သူကိုယ်တိုင်လုပ်ပါလား။ ဒီနေ့ အဲဒီ့သူခိုးတွေက လီအိမ်တော်နဲ့ လုအိမ်တော်ကို ဝင်ခိုးသွားတယ်။ လီအိမ်တော်ဆိုတာက နယ်စားမင်းနဲ့တောင် ဆွေမျိုးမကင်းဘူး။ မနက်ဖြန်ကျရင် ငါ့ကိုနောက်ထပ် ဖိအားပေးပြန်တော့မှာ သေချာတယ်”

သူတို့အခန်းနှင့်ကပ်လျက် သီးသန့်ခန်းထဲတွင်ဖြစ်သည်။

ခေါင်းဆောင်ဖြစ်ဟန်တူသည်လူက ယနေ့ရလာသည့် ပစ္စည်းများကို စာားပွဲပေါ် ဖြန့်ခင်းလိုက်သည်။

“ဒီနေ့မ,လာတာတွေကတော့ တကယ်တန်တယ်ဟေ့။ စည်းမျဉ်းဟောင်းအတိုင်းပဲနော်။ ငါက လေးဆယ်ရာနှုန်းယူမယ်။ ကျန်တာကတော့ မင်းတို့ညီအကိုတွေ ခွဲယူကြ”

ကျန်သည့်လူများအားလုံး ပြုံးနေကြသည်။ ယနေ့ သူတို့တကယ် အချီကြီးမိခဲ့သည်။

“ဒီကိုမလာခင် ငါကြားခဲ့တယ်။ တပ်မှူးဝေ့က အတော်စွမ်းအားကြီးတယ်တဲ့။ သံမဏိမျက်နှာလို့တောင် ခေါ်ကြတယ်ဆိုပဲ။ ဒါပေမယ့် ကြည့်ရတာ အဲလောက်လည်း ဟုတ်မယ်မထင်ပါဘူး။ ငါတို့ရဲ့ အီးနံ့ကိုတောင် သူဖမ်းနိုင်မှာမဟုတ်ဘူး”

“ဒါကတော့ ရက်စက်ရာကျလွန်းပါတယ်။ အနံ့ခံကောင်းတဲ့အတွက် သူ့ကို နည်းနည်းတော့ချီးကျူးသင့်တယ်”

“လီနဲ့လုမိသားစုတွေက တကယ်ချမ်းသာတယ်ကွ။ အထူးသဖြင့် သူဌေးမာပေါ့။ ကျင့်စဉ်အဆင့်မမြင့်ပေမယ့် အဖိုးတန်ပစ္စည်းတွေ အများကြီးရှိတယ်”

“ကဲ..လာကြ။...ဒီနေ့တော့ အားရအောင် သောက်စားကြမယ်။ ငါဒကာခံပါ့မယ်။ ဘယ်သူမှ မသောက်ဘဲမနေရဘူး။ ဒီနေ့ အမှောက်သောက်ကြမယ်”

သူခိုးများ ပျော်ရွှင်စွာ သောက်စားကြသည်။ တစ်ယောက်က သန့်စင်ခန်းသို့သွားသည်။ ပြန်လာချိန်တွင် တပ်မှူးဝေ့အခန်းသို့ မှားဝင်လာသည်။

“ဟမ်..အကိုကြီး၊ ဘာလို့ လူတွေအားလုံး ရုပ်ပြောင်းသွားတာလဲ။ ပိုပြီး ရုပ်ဆိုးလာသလိုပဲ”

“ဒီငမူး ဘယ်ကရောက်လာတဲ့ကွာ။ ထွက်သွားစမ်းဟေ့ကောင်”

အရာရှိတစ်ယောက်က စိတ်မရှည်ဖြစ်လာသဖြင့် အော်ငေါက်လိုက်သည်။ သူခိုးဖမ်းမမိ၍ စိတ်ညစ်နေချိန်တွင် အမူသမားတစ်ယောက် လာရစ်နေပြန်သဖြင့် ‌ဒေါသထွက်လာသည်။

အမူးသမားလည်း မောင်းထုတ်ခံရသဖြင့် ဒေါသထွက်သွားသည်။ တိုက်ခိုက်ရန် ကြိုးစားသည်။ သို့သော် အရာရှိလူစုကို သူမယှဉ်နိုင်ပဲ အခန်းပြင်သို့ ချက်ချင်းကန်ထုတ်ခံရသည်။

ထိုအမူးသမား ကျင့်စဉ်စွမ်းအားနည်းနည်းရှိမှန်းသိသော်လည်း အရာရှိများ သိပ်အာရုံမစိုက်မိကြဘဲ ဆက်၍သောက်စားရင်း ရင်ဖွင့်နေကြပြန်သည်။

အမူးသမားက မကျေမနပ်ဖြစ်ပြီး သူခိုးခေါင်းဆောင်ကို သွားတိုင်သည်။

မူးနေကြသည့်သူခိုးအုပ်စုက သူတို့ညီအကိုတစ်ယောက် အနိုင်ကျင့်ခံရသည်ဟု သိသည်နှင့် ဒေါသအိုးပေါက်ကွဲသွားကြသည်။ ခေါင်းဆောင်က သွေးသောက်စိတ်ဓာတ်ကို ပြသည့်အနေဖြင့် စားပွဲကိုလက်ဖြင့်ရိုက်ပြီး ခပ်တင်းတင်းကြေညာလိုက်သည်။

“...ဪ...ဪ.. ငါတို့ကိုများ အနိုင်ကျင့်ရဲတယ်ပေါ့။ ဘေးခန်းကကောင်တွေကို သွားပြောလိုက်။ သတ္တိရှိရင် ဒီကိုလာပြီး ငါနဲ့တွေ့ပါလို့။ မလာရဲတဲ့ကောင် ငကြောက်ပဲ”

******************************************************

All Chapters