လုမိသားစု အရိပ်တုလက်သီးသိုင်း
Vol. 4 Ch. 59
မုန်ကျင်းကျိုးအော်ဟစ်လျက် တိုက်ခိုက်ရန် ပြေးဝင်လာသည်။
သူထိုသို့တုံ့ပြန်သည်ကိုလည်း အပြစ်ပြော၍မရ။ ခြံနောက်ဖေးကွင်းပြင်သည် လုယန် လက်သီးသိုင်းလေ့ကျင့်သည့်နေရာဖြစ်သည်။ ယခု လုယန်ပျောက်သွားပြီး ကျားတစ်ကောင်ရှိနေသည်။ ကျားနတ်ဆိုး အသက်ပြန်ဝင်လာပြီး လုယန်ကိုစားလိုက်သည်ဟု ထင်ချင်စရာဖြစ်သည်။
ကျားနတ်ဆိုးက လုယန်နှင့်ချွတ်စွပ်တူသည် စကားသံဖြင့် ပြောသည်။
“မင်းဘိုးတော် ကျားနတ်ဆိုးလား။ ငါပါကွ”
“လုယန်နဲ့ အသံချင်းတောင်တူနေတာပဲ”
မုန်ကျင်းကျိုး အံ့အားသင့်သွားသည်။
သူအံ့အားသင့်နေစဉ် ကျားအသွင်ပြောင်းထားသည့် လုယန်က သူ့ကိုမြေပေါ်လှဲသိပ်ပြီး အေးစက်စက် နှာမှုတ်လိုက်သည်။ ခြံဝင်းထဲတွင် တိုက်ခိုက်ထားသည့် လက္ခဏာမျိုးမတွေ့ရ။ မသိချင်ယောင်ဆောင်နေသော်လည်း ဤကျားသည့် လုယန်ဖြစ်ကြောင်း သေချာသိသည်။
မုန်ကျင်းကျိုး တအံ့တဩစုပ်သပ်နေသည်။ မာကျောသည့် သူ့ခန္ဓာကိုယ်ကြောင့် လုယန်၏ ဟန်ဆောင်တိုက်ခိုက်မှုက သူ့ကိုထိခိုက်ခြင်းမရှိပါ။
သူထရပ်၍ ဖုန်ခါလိုက်သည်။ လုယန်ကို မယုံနိုင်သည့်မျက်လုံးဖြင့် ကြည့်နေသည်။
“ဘာတွေဖြစ်နေတာလဲ။ မင်းက အရိပ်တုလက်သီးသိုင်း ကျင့်နေတာမဟုတ်လား။ ဘာလို့ အသွင်ပြောင်းမှော်ပညာလို ဖြစ်သွားတာလဲ”
“ခဏနေစမ်းပါဦးကွာ။ ငါဘယ်လို အသွင်ပြန်ပြောင်းရမလဲ စဉ်းစားဦးမယ်”
ကျားလုယန်က ရှေ့ခြေဖဝါးဖြင့် ခေါင်းကိုကုတ်ရန် ကြိုးစားသည်။ သို့သော် မမီ။ အရှက်ကွဲမည်စိုး၍ သူဆက်မလုပ်တော့။
သူစဉ်းစားသည်။ သူ့ဓားပညာတစ်ခုသာ သာမန်အခြေအနေမျိုး ရှိနေသည်။ ဓားဝိညာဉ်မြစ်က ထိုပညာနှင့် အံဝင်ခွင်ကျဖြစ်နေသည်ဟု ဆိုနိုင်သည်။
မုန်ကျင်းကျိုး အိမ်အပေါ်ထပ်သို့ ပြေးတက်သွားပြီး အရိုးရိုင်းကို သွားခေါ်သည်။
“ဘာလဲကွ၊ ငါက ချင်ယွမ်ဟောင်ကို စောင့်ကြည့်နေတာလေ”
“မင်းကို ပြစရာရှိလို့ပါ”
အရိုးရိုင်း အူကြောင်ကြောင်မျက်နှာဖြင့် မုန်ကျင်းကျိုး ဆွဲခေါ်ရာသို့ ပါလာသည်။ ခြံနောက်ဖေးရောက်လာချိန်တွင် သူရင်းနှီးနေသည့် နတ်ဆိုးကျားကို တွေ့လိုက်ရသည်။
“မကောင်းဆိုးဝါးကောင်၊ အကိုလုအသက်ကို ပြန်ပေးစမ်း”
အရိုးရိုင်း ဒေါသတကြီးအော်ပြီး တိုက်ခိုက်ရန်ပြင်သည်။ ထိုကိစ္စက ပေါ့သေးသေးမဟုတ်။ မုန်ကျင်းကျိုး အမြန်တားလိုက်ရသည်။
“မလုပ်နဲ့၊ မလုပ်နဲ့။ အဲဒါ လုယန်ပါ”
မီးဖိုချောင်ထဲ အသားကင်နေသည့် သရဲနှစ်ယောက်လည်း ဆူဆူညံညံအသံများကြောင်း အသာချောင်းကြည့်ကြသည်။ လိပ်ပြလွင့်မတတ်ကြောက်သွားသည်။
ဤတစ်ကြိမ်တွင် ကျားနတ်ဆိုး တကယ်အသက်ပြန်ရှင်လာပြီဖြစ်သည်။
ကျားလုယန် မျက်ခွံလှန်ကြည့်သည်။ ထိုနှစ်ယောက်ကို စိတ်ညစ်ခံပြီး ပြောမနေတော့။ မူလအသွင် ဘယ်လိုပြန်ပြောင်းမည်ကိုသာ စဉ်းစားနေသည်။
သူမျက်လုံးမှိတ်လိုက်သည်။ မူလအသွင်ပြန်ပြောင်းရန် မန္တာန်ကို သုံးကြိမ်ဆက်တိုက်ရွတ်သည်။
ထို့နောက် မျက်လုံးဖွင့်သည်။ လူသားအသွင် ပြန်ရောက်နေပြီဖြစ်သည်။
ထိုအချိန်ကျမှ သူတို့သုံးယောက် အေးအေးဆေးဆေးထိုင်ပြီး အဖြစ်အပျက်ကို ပြန်စဉ်းစားခွင့်ရလာသည်။ သရဲနှစ်ယောက်လည်း သက်ပြင်းချ၍ အသားဆက်ကင်သည်။ ယနေ့ အရင်ညများထက် ပိုအလုပ်များလောက်သည်။
“အဖြစ်က ဒီလိုပါ..။ ငါက အရိပ်တုလက်သီးကို လေ့ကျင့်နေတာ...”
လုယန် စတင်ရှင်းပြသည်
သူပြောသည့်အဖြစ်အပျက်ကို နားထောင်ပြီးနောက် အရိုးရိူင်း အတော်အံ့အားသင့်သွားသည်။
“ဒါက အရိပ်တုလက်သီးလား အသွင်ပြောင်းလက်သီးလားကွာ”
မှန်သည်။ သူတော်စင်စကား မှန်သည်။ လူတစ်ယောက်သည် ခရီးများများထွက်၍ များများလေ့လာသင့်သည်။ ယခုလိုအဖြစ်မျိုးကို စာအုပ်များထဲတွင် ရှာမတွေ့နိုင်။ အကိုလုနှင့်အကိုမုန်ဘေးတွင် လောကအတွေ့အကြုံရှာရသည်က ပိုကောင်းသည်။ အမြင်ပိုကျယ်ရသည်။
မုန်ကျင်းကျိုးလည်း အံ့ဩသည်။ လုယန်ကို အထူးအဆန်းသဖွယ် ကြည့်နေသည်။
သိုင်းကျင့်နေသည်ဟုပြောသည်။ လက်သီးထိုနေခဲ့ရုံသာဟု ပြောသည်။
သိုင်းပညာလေ့ကျင့်၍ ထိုရလာဒ်မျိုး တစ်ခြားဘယ်သူရနိုင်မည်နည်း။
သရဲထိန်းကျင့်စဉ်တုန်းကလည်း လုယန်ဝိညာဉ်က ခန္ဓာကိုယ်မှ ထွက်လာသည်။ ထူးဆန်းသည်ဟု ထင်ခဲ့သည်။ သို့သော် ယခုကိစ္စက ပို၍ပင်ထူးဆန်းနေသည်။
လုယန်က အရိပ်တုလက်သီးသိုင်းနှင့်ပတ်သက်၍ ထူးခြားသည့် သူ့ကိုယ်ပိုင်နားလည်မှုကို ရှင်းပြသည်။
“စဉ်းစားကြည့်ပါ။ အရိပ်တုလက်သီးသိုင်းရဲ့ အနှစ်သာရက တိရစ္ဆာန်တွေကို တုပတာပဲမဟုတ်လာ။ ကျားလက်သီးတို့ မျောက်လက်သီးတို့ ကြိုးကြာလက်သီးတို့ ရှိတယ်လေ။ ကျားတွေ မျောက်တွေ ကြိုးကြာတွေကို အတုခိုးတာပဲ”
မုန်ကျင်းကျိုးနှင့် အရိုးရိုင်းတို့ ခေါင်းငြိမ့်ထောက်ခံသည်။
လုယန် ဆက်ပြောသည်။
“ဟုတ်ပြီ၊ ဒီတော့ တုပတာ ပိုနီးစပ်လေ အာနိသင်ပိုထက်မြက်လေ ပိုစွမ်းအားကြီးလေပဲ။ မှန်တယ်နော်”
ကျန်နှစ်ယောက် ခေါင်းငြိမ့်ကြပြန်သည်။
“ပြီးခဲ့တဲ့ ရက်ပိုင်းက ကျားနတ်ဆိုးတစ်ကောင် ငါရင်ဆိုင်ခဲ့ရတယ်။ ဒီတော့ ကျားလက်သီးပညာနဲ့ ငါအရင်းနှီးဆုံးပဲ။ ငါလေ့လာဖို့အတွက် အမြန်ဆုံးပဲ။ အတုခိုးဖို့ အနီးစပ်ဆုံးပဲ။ ဟုတ်တယ်နော်”
ကျန်နှစ်ယောက် ခေါင်းငြိမ့်ကြပြန်သည်။
“ဒီတော့ အဲဒီ့အတွေးနဲ့ ကျားလက်သီးသိုင်းကို ငါလေ့ကျင့်တယ်။ လေ့ကျင့်ရင်း ကျားအသွင်ပြောင်းသွားတယ်။ ဒါဖြစ်သင့်တာပဲမဟုတ်လား”
မုန်ကျင်းကျိုးခေါင်းငြိမ့်ရန် ပြင်သည်။ သို့သော် မငြိမ့်ဖြစ်အောင် အတင်းထိန်းလိုက်သည်။
“လခွမ်းတွေ ဖြစ်သင့်ရမှာလား။ ဒါက တစ်ခြားစီပဲကွ”
သို့သော် အရိုးရိုင်းကတော့ ရိုးသာသည့်မျက်နှာနှင့် ဆက်ခေါင်းငြိမ့်နေသည်။
လုယန် စိတ်ပျက်လက်ပျက် လက်နှစ်ဘက်ကို ဖြန့်လိုက်သည်။ အားလုံးထဲတွင် သူသာ စိတ်အရှုပ်ရဆုံးလူဖြစ်သည်။ လက်သီးကျမ်းအတိုင်း သူအားကျိုးမာန်တက် လေ့ကျင့်ခဲ့သည်။ ကိုယ်ပိုင်အမြင်လေး နည်းနည်းပေါင်းစပ်လိုက်ရုံသာဖြစ်သည်။
“မင်းတို့နှစ်ယောက်လည်း စမ်းလေ့ကျင့်ကြည့်ပါလား။ ဒီသိုင်းပညာကနေ အသွင်ပြောင်းပညာကို တတ်ချင်တတ်သွားနိုင်တယ်”
ဖြစ်နိုင်ခြေရှိသည့် အလားအလာကြောင့် မုန်ကျင်းကျိုးနှင့် အရိုးရိုင်းတို့ စိတ်လှုပ်ရှားလာသည်။ လက်သီးသိုင်းလေ့ကျင့်ရင်း အသွင်ပြောင်းပညာသင်ယူနိုင်မည့်အရေးကိုတွေး၍ ရင်ခုန်လာကြသည်။ အသွင်ပြောင်းပညာကို မိစ္ဆာလမ်းကျင့်ကြံသူများကသာ အသုံးများသော်လည်း မတတ်သည့်ပညာဟူသည်မရှိ။ တစ်နေ့နေ့ အသုံးဝင်လာနိုင်သည်။
ထိုပညာကို ကျွမ်းကျင်ပြီးဖြစ်သည့်လုယန်က သူတို့ကို လမ်းညွှန်ပေးသည်။ ကျားလက်သီးသိုင်းကို လျင်မြန်စွာ တတ်မြောက်သွားကြသည်။ အထင်ကြီးလောက်စရာ တိုက်ခိုက်စွမ်းအားမျိုး ထုတ်သုံးနိုင်လာသည်။ သို့သော် အရေးကြီးဆုံးဖြစ်သည့် အသွင်ပြောင်းသည့်အဆင့်ကို သူတို့မလုပ်နိုင်ကြ။
သူတို့လေ့ကျင့်နေချိန်တွင် လုယန်ကလည်း အအားမနေ။ သူတို့လှုပ်ရှားပုံကိုအကဲခတ်ရင်း နောက်ထပ်စိတ်ကူးသစ်တစ်ခုရလာသည်။
အရိပ်တုလက်သီးသည် အတုခိုးသည့်ပညာဆိုလျှင် ဘာကြောင့် တိရစ္ဆာန်များကိုသာ အတုခိုးရသနည်း။ ဘာကြောင့် လူသားများကို အတုမခိုးနိုင်ရသနည်း။
ထိုအတွေးက ထိန်းချုပ်မရသည့် မြင်းရိုင်းတစ်ကောင်လို့ သူခေါင်းထဲ ပြေးဝင်လာသည်။
အရိပ်တုလက်သီးသည် အတုခိုးရမည့်အရာနှင့် ရင်းနှီးဖို့သာအရေးကြီးသည်။
မုန်ကျင်းကျိုးနှင့် အရိုးရိုင်းတို့ အပြင်းအထန်လေ့ကျင့်နေပုံကိုကြည့်၍ လုယန်စိတ်ကူးရလာသည်။ အရိပ်တုလက်သီးသိုင်းအနှစ်သာရကို နားလည်ပြီးဖြစ်၍ တီထွင်ဆန်းသစ်ဖို့ အချိန်ကျလာပြီဖြစ်သည်။
တိုးတက်ဖို့အတွက် တီထွင်ဆန်းသစ်ရမည်။
လုယန် အလုပ်စလုပ်သည်။ အရိုးရိုင်း၏ လှုပ်ရှားမှုများကို စိတ်ကူးဖြင့် ပြန်ပုံဖော်၍ ပြန်လှုပ်ရှားကြည့်သည်။
အရိုးရိုင်း သူ့ကိုကြည့်၏ အံ့အားသင့်နေသည်။ လုယန်ဘာကြောင့် သူ့လိုလှုပ်ရှားနေသည်မသိ။ လုယန်၏ရည်ရွယ်ချက်ကို နားမလည်။
လုယန်က နက်ရှိုင်းသည့်သိမြင်မှုအာရုံတွင် နှစ်မြှုပ်၍ စတင်အသွင်ပြောင်းသည်။ အရိုးရိုင်းအဖြစ်သို့ ပြောင်းလဲသွားသည်။
“ဟား...ငါ့သုံးသပ်ချက်မှန်မယ်ဆိုတာ ငါသိသားပဲ”
လုယန်ရယ်နေသည်။ သို့သော် သူ့ရယ်နေသည့်ပုံက အရိုးရိုင်း၏အမူအရာနှင့်တာ့ သိပ်မလိုက်ဖက်။
အရိုးရိုင်း မှင်သက်မိနေသည်။ ဘာကြောင့် လုယန် သူ့လိုပုံစံပြောင်းနိုင်သည်မသိ။ ထိုကိစ္စက အရိပ်တုလက်သီးသိုင်းအပေါ် သူ့နားလည်နိုင်စွမ်းထက် ကျော်သွားသည်။ လူသားများကိုပင် တုပနိုင်သည့်အဆင့်ဖြစ်သည်။
“အရိုးရိုင်း၊ မင်းလည်း အဲလိုမျိုးရယ်တတ်တယ်ပေါ့။...ဟ...နေပါဦး၊ ဘယ်သူက အရိူးရိုင်းအစစ်လဲ”
ထူးဆန်းသည့်ရယ်သံကြောင့် မုန်ကျင်းကျိုး သိုင်းလေ့ကျင့်နေရာမှ လှည့်ကြည့်လာချိန်တွင် အရိုးရိုင်းနှစ်ယောက်ဖြစ်နေသည်ကို မြင်လိုက်ရသည်။
“မဟုတ်ဘူး။ တစ်ယောက်က လုယန် အသွင်ပြောင်းထားတာပဲ”
မုန်ကျင်းကျိုး လုယန်ကို သေချာအကဲခတ်သည်။ ရုပ်ချင်းတော့ တူပါသည်။ သို့သော် မျက်နှာအမူအရာနှင့် ဟန်ပန်က အရိုးရိုင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။
အရိုးရိုင်းဟန်ပန်က ရိုးရှင်းသည် ရိုးသားသည်။ လုယန်အသွင်ပြောင်းထားသည့် အရိုးရိုင်းပုံစံ ကလိမ်ကကျစ် ဉာဏ်များမည့်ပုံမျိုးဖြစ်သည်။
အရိပ်တုလက်သီးသိုင်းသင်မည့်ကိစ္စ သူလက်လျှော့လိုက်သည်။ အစက လက်သီးသိုင်းကျွမ်းကျင်လျှင် အသွင်ပြောင်းနိုင်မည်ဟုတွေး၍ စိတ်လှုပ်ရှားခဲ့သည်။ သို့သော် လုယန်အသွင်ထပ်ပြောင်းသည်ကို မြင်ပြီးနောက် သူလိုက်မမီနိုင်ကြောင်း နားလည်လာသည်။
ထိုစွမ်းရည်က အရိပ်တုလက်သီးသိုင်းအနှစ်သာရမှ များစွာကွဲထွက်ခဲ့ပြီဖြစ်သည်။
အသွင်ပြောင်းနည်းကျွမ်းကျင်ပြီးနောက် လုယန်က အရိုးရိုင်းအဖြစ်မှ မုန်ကျင်းကျိုးအဖြစ်ကို ပြောင်းလိုက်ပြန်သည်။
“ဒါဆို ဒါက တကယ်အသွင်ပြောင်းပညာပေါ့”
မုန်ကျင်းကျိုးက ပြောသည်။
“လုမိသားစုရဲ့ အရိပ်တုလက်သီးပညာပါ”
လုယန် လက်နှစ်ဘက်နောက်ပျက်၍ မျက်နှာကို လေးဆယ့်ငါးဒီဂရီမော့ထားသည်။ ဝါရင့်သိုင်းဆရာကြီးတစ်ယောက်လို ဂိုက်ဖမ်းထားသည်။
****************************************************