ပန်းချီကားနှစ်ချပ်က အစစ်! ၂
Vol. 54 Ch. 799
Wechat ဖွဲ့ဖွဲ့ချင်း အသက်ဝင်လာသည်။
"အဖွဲ့ဖွဲ့တာ ဆရာကြီးဝူပဲ!''
"ဒီတစ်ခါ ဆရာကြီးဝူဘာညွှန်ကြားစရာရှိလို့လဲ?''
"ဆရာကြီးဝူ... ပန်းချီကားသစ်ထွက်ထားလို့လား?''
“……”
ဝူခိုင်ကတုံ့ဆိုင်းမနေဘဲ စောစောကသူရိုက်ထားသောဗီဒီယိုကို Wechat အဖွဲ့ထဲပို့လိုက်သည်။
ဗီဒီယိုပို့ပို့ချင်း အဖွဲ့ထဲမှအကဲဖြတ်သူများက ချက်ချင်းဗီဒီယိုကိုဖွင့်ကြည့်ကြသည်။
အစက ဗီဒီယိုထဲမှပန်းချီကားကို ဝူခိုင်၏လက်ရာအသစ်ဟုထင်လိုက်ကြသည်။
ဝူခိုင်လိုပန်းချီဆရာကြီးဆွဲတဲ့ပန်းချီကားကိုလည်း အတော်စိတ်ဝင်စားကြသည်။
သို့ရာတွင် ဗီဒီယိုဖွင့်ကြည့်ပြီး အားလုံးကြောင်သွားကြ၏။
ဗန်ဂိုးရဲ့'ပင်လယ်ထဲကနေကြာ'?
ပီကာဆိုရဲ့'ရွှေဗုံနဲ့အမျိုးသမီး'?

ဗီဒီယိုထဲမှပန်းချီကားနှစ်ချပ်ကိုကြည့်ပြီး Wechat အဖွဲ့အံ့အားသင့်သွားသည်။
ဒီနယ်ပယ်ထဲကလူများဖြစ်၍ ဒီပန်းချီကားနှစ်ချပ်ကိုသိကြသည်။ ဒီပန်းချီကားနှစ်ချပ်က ပင်လယ်ထဲပျောက်သွားပြီး ဘယ်တော့မှပေါ်မလာတော့မှန်းလည်းသိကြသည်။
အခု ဆရာကြီးဝူခိုင်က ဒီလိုဗီဒီယိုမျိုးပို့လာတယ်ဆိုတော့ ဒီပန်းချီကားနှစ်ချပ်ကိုပုံတူဆွဲထားတဲ့သူက ဆရာကြီးဝူခိုင်လား?
"ဆရာကြီးဝူ... ဒီပန်းချီကားနှစ်ချပ်က?''
အကဲဖြတ်သူတစ်ဦးက မမေးဘဲမနေနိုင်တော့။
ဝူခိုင်လည်း Wechat အဖွဲ့ထဲစာပြန်လိုက်သည်_
"ဒီပန်းချီကားနှစ်ချပ်အကြောင်း ငါသေချာမသိဘူး... စာရွက်က နှစ် ၇၀ နဲ့ ၁၀၀ ကျော်မှန်းပဲသိတယ်... ကောင်းကောင်းထိန်းသိမ်းထားတာ... သူတို့ပန်းချီလက်ရာနဲ့အနုပညာကို ငါမမီဘူးလို့ပြောရမှာပဲ''
"အဲဒါကြောင့် သေချာမသိတာ... မင်းတို့ကြည့်ပေးကြပါဦး''
ထိုစာကြောင့် အဖွဲ့ထဲကလူများအံ့ဩသွားကြသည်။
ဝူခိုင်ပြောချင်တာ သူတို့အားလုံးသဘောပေါက်သည်။
ဆရာကြီးဝူက ဒီပန်းချီကားနှစ်ချပ်ကိုအစစ်လို့ထင်တာလား?
ဒါပေမဲ့ ဆရာကြီးဝူပြောတဲ့အတိုင်းဆို ဗန်ဂိုးနဲ့ပီကာဆိုသက်ရှိထင်ရှားနေခဲ့ပြီး ပန်းချီကားအပြီးသတ်ခဲ့တဲ့ နှစ် ၇၀ ကျော်နဲ့ နှစ် ၁၀၀ ကျော်ပေါ့။
အထူးသဖြင့် ဒီပန်းချီကားလက်ရာက ဝူခိုင်ထက်တောင်မြင့်တယ်ဆိုတော့ သာမန်မဟုတ်တာရှင်းနေပြီ။
ဒီနှစ်ယောက်က ပညာရှင်လား?
အဖွဲ့ထဲမှလူအားလုံး ဒီလိုတွေးကြသည်။

သိပ်မထင်သော်လည်း နည်းနည်းဖြစ်နိုင်ခြေရှိသည်။
ပန်းချီကားက အစစ်ဖြစ်နေရင်ရော?
"ဆရာကြီးဝူ... အခု ဒီပန်းချီကားနှစ်ချပ်ကဘယ်မှာလဲ?''
ပန်းချီဆရာတစ်ယောက်ကမေးသည်။
"ဟုတ်တယ် ဘယ်မှာလဲ? ကျွန်တော်တို့လာပြီး ဆရာကြီးဝူကိုကူကြည့်ပေးမယ်''
နောက်တစ်ယောက်ကဆိုသည်။
တခြားတစ်ယောက်သာဒီဗီဒီယိုပို့လာရင် သူတို့စိတ်ထဲထည့်မည်မဟုတ်။ တန်းလျစ်လျူရှုပစ်လိုက်မည်။ သေချာပေါက်အတုပင်။
ပင်လယ်ထဲပျောက်သွားတဲ့နာမည်ကျော်အနောက်တိုင်းပန်းချီကားနှစ်ချပ်က ဘယ်လိုလုပ်ပြီးသူတို့နိုင်ငံရောက်လာမှာလဲ? ပန်းချီကားနှစ်ချပ်လုံးတပြိုင်တည်းပေါ်လာတာတဲ့!
ဒါပေမဲ့ ဝူခိုင်ပို့တာကတစ်ကြောင်း၊ အရင်ကသူတို့စကားခံထားသည်ကတစ်ကြောင်းကြောင့် လျစ်လျူရှုချင်ရင်တောင် ရှုမထားနိုင်။
နောက်ပြီး ဒီပန်းချီကားနှစ်ချပ်ကအစစ်ဆိုရင် ပြည်တွင်းပန်းချီလောကတင်မက တစ်ကမ္ဘာလုံးကပန်းချီအသိုင်းအဝိုင်းနှင့်စုဆောင်းသူများကြားထဲတွင်ပါ အုတ်အော်သောင်းတင်းဖြစ်သွားလိမ့်မည်။
ထို့ကြောင့် သူတို့အဖြေရှာချင်သည်။
ဒီလူတွေစိတ်ဝင်စားနေမှန်း ဝူခိုင်လည်းသိသောကြောင့် စာပို့လိုက်သည်_
"ငါရုံချန်းမှာ... ဒီပန်းချီကားတွေက ချင်းလင်ကုမ္ပဏီသူဌေးရဲ့ဟာတွေ... ဒီပန်းချီကားတွေစစ်မစစ်အတည်ပြုရအောင် နိုင်ငံခြားပညာရှင်နှစ်ယောက်ရှာပေးပါဦး''
"ချင်းလင်ကုမ္ပဏီသူဌေး?''
အကဲဖြတ်သူတစ်ဦးက အံ့ဩနေပုံနှင့်စာပို့သည်။
ဘာပဲဖြစ်ဖြစ် ချင်းလင်ကုမ္ပဏီသူဌေးက အခုတလောနာမည်ကြီးနေတာ။
ချင်းလင်ကုမ္ပဏီသူဌေးက ဒဏ္ဍာရီဆန်သည်။
အခုလည်း ဒီပန်းချီကားနှစ်ချပ်က ချင်းလင်ကုမ္ပဏီသူဌေးဆီကတဲ့?
ဒီပန်းချီကားနှစ်ချပ်သာအစစ်ဆိုရင် ဒဏ္ဍာရီဆန်သည်ထက်ဆန်သွားပြီပေါ့။
……
နှစ်ရက်အတွင်း ဝူခိုင်၏အကဲဖြတ်သူများရောက်လာသည်။ ထိုအထဲတွင် နိုင်ငံကျော်ပြည်တွင်းပန်းချီကားအကဲဖြတ်သူ ကျန်းယွမ်ကျစ်နှင့် အကဲဖြတ်အဖွဲ့အစည်းဥက္ကဌကျူစန်းချင်းတို့ပါသည်။
ဝူခိုင်ဖိတ်ကြားထားသောအကဲဖြတ်သူများက ပြည်တွင်းထိပ်တန်းအနုပညာသည်များဖြစ်သည်။ သာမန်မဟုတ်။ အားလုံးကထိပ်တန်းအကဲဖြတ်သူများပင်။ နောက်ပြီး နိုင်ငံခြားအကဲဖြတ်သူလူဖြူနှစ်ယောက်လည်းပါသည်။
ထိုလူနှစ်ယောက်၏နောက်ခံက ပေါ့သေးသေးမဟုတ်။
တစ်ယောက်ကဟော်လန်မှထိပ်တန်းအကဲဖြတ်သူဖြစ်ပြီး နောက်တစ်ယောက်က ရှီပန်းယမှဖြစ်သည်။ ထိုနှစ်နိုင်ငံမှာ ဗန်ဂိုးနှင့်ပီကာဆို၏မွေးရပ်မြေဖြစ်လေသည်။
ဒီတစ်ခါ သူတို့နှစ်ဦးကို ကျန်းယွမ်ကျစ်ကဖိတ်ထားခြင်းဖြစ်သည်။ သူတို့နှစ်ဦးက ရှန်ဟိုင်းနိုင်ငံတကာပန်းချီပြပွဲအကဲဖြတ်ရာတွင်ပါဝင်ဖို့ရောက်နေခြင်းပင်။
နောက်ပြီး သူတို့နှစ်ဦးက ဗန်ဂိုးနှင့်ပီကာဆို၏လက်ရာများကို အကဲဖြတ်ကျွမ်းကျင်ကြသည်။
ထိုအကဲဖြတ်သူများအားလုံးကို ကျုံးမင်ဟိုတယ်တွင်တည်းခိုရန်စီစဉ်ပေးထားသည်။ သူတို့အားလုံးကို ချင်းလင်အပန်းဖြေစံအိမ်ထဲဖိတ်ခေါ်ရန်မဖြစ်နိုင်။
ထိုအချိန်တွင် အကဲဖြတ်သူများကလည်း ကျန်းယွမ်ကျစ်နှင့်ကျူစန်းချင်းကိုခေါင်းဆောင်အဖြစ်ထားပြီးဆွေးနွေးကြ၏။
"ဆရာကျန်း ဥက္ကဌကျူ... ချင်းလင်ကုမ္ပဏီသူဌေးလက်ထဲကပန်းချီကားနှစ်ချပ်ကို အစစ်ထင်လား အတုထင်လား?''
အကဲဖြတ်သူတစ်ယောက်ကမေးသည်။
"နည်းနည်းတော့မယုံချင်စရာပဲ... အစစ်မဖြစ်နိုင်ဘူးမလား?''
နောက်တစ်ယောက်ကမေးသည်။
နောက်တစ်ယောက်က_
"ဒါပေမဲ့ ဆရာဝူပြောတဲ့အချိန်မှာ ဒီပန်းချီကားလက်ရာမျိုးကိုဆွဲနိုင်တာ အဲဒီနှစ်ယောက်ပဲရှိမယ်... တခြားပန်းချီဆရာမှာသာ ဒီလိုလက်ရာမျိုးရှိရင် အဲဒီတုန်းကအရမ်းနာမည်ကြီးမှာပေါ့... သူများလက်ရာကိုပုံတူကူးစရာတောင်မလိုဘူး''
"ဒီပန်းချီကားနှစ်ချပ်ကိုတွေ့မှပဲ ဘာဖြစ်နေလဲသိရမှာ''
ကျန်းယွမ်ကျစ်ကပြောသည်။ ဆရာဝူခိုင်ပြောတဲ့ပန်းချီလက်ရာကို သူသေချာသိသည်။ သူများကိုပုံတူကူးရင်တောင် လက်ရာကပိုပြီးနာမည်ကြီးဦးမည်။ ကမ္ဘာမှာ ဒီပန်းချီကားနှစ်ချပ်အကြောင်း သဲလွန်စတွေရှိလိမ့်မည်။
လူဖြူနှစ်ယောက်က တရုတ်စကားနားလည်သည်။ တစ်ယောက်က မနေနိုင်ဘဲမေးသည်_
"ကျန်း... ဒီပန်းချီကားနှစ်ချပ်က အစစ်လို့မထင်ဘူးမလား? မဖြစ်နိုင်ဘူးလေ''
နောက်လူဖြူတစ်ယောက်ကခေါင်းညိမ့်ပြီး_
"ဟုတ်တယ် မဖြစ်နိုင်ဘူး... တို့အနောက်တိုင်းပန်းချီလောကနဲ့ရှေးဟောင်းပစ္စည်းစုတဲ့သူတိုင်းသိတယ်... ဒီပန်းချီကားနှစ်ချပ်က ပင်လယ်ထဲပျောက်သွားတယ်လို့ သမိုင်းမှာမှတ်တမ်းတင်ထားတာ... တို့သမိုင်းစာအုပ်တွေမှားနိုင်လို့လား?''