သန့်စင်ခန်းပေါက်မှာနောက်တစ်ခါချိတ်! ဆံပင်ပေါက်ဆေး! ၃
Vol. 54 Ch. 806
သုံးရက်အကြာ မနက်အစောပိုင်းတွင် လင်းဟိုင်ကျွင်းကအိပ်ရာမှနိုးလာပြီး သူ့ခေါင်းသူကိုင်ကြည့်ကာတစ်ခုခုမဟုတ်မှန်းခံစားမိသည်။ သူ့ခေါင်းပေါ်တစ်ခုခုထွက်လာသလို ခပ်ကြမ်းကြမ်းဖြစ်နေ၏။ အရင်လိုပြောင်ပြောင်ချောချောခံစားချက်မျိုးနှင့် လုံးဝမတူတော့။
လင်းဟိုင်ကျွင်း ခဏကြောင်သွားသည်။ ပြီးမှ မှန်ထဲပြေးကြည့်လိုက်ရာ အမှန်ပင်ဆံပင်အမည်းများထွက်နေသည်ကိုတွေ့ရသည်။ သူ့မျက်လုံး သူမယုံနိုင်။
"ပါမောက္ခလီခိုင်ဆိုတဲ့အတိုင်းပဲ... ကတုံးကနေထွက်အောင်လုပ်နိုင်တယ်''
လင်းဟိုင်ကျွင်းက ရေရွတ်လိုက်သည်။ သူကအမြန်ဖုန်းထုတ်ပြီး ခေါင်းကိုဓာတ်ပုံရိုက်ကာ သူ့သမီးဆီပို့လိုက်သည်။
သူ့သမီးက ဘယ်လိုနေလဲပြောခိုင်းထားတာ။ အာနိသင်အရမ်းကောင်းပဲ!
ရုံချန်း_
နယ်တစ်နေရာ_
လင်းလန်ဇီလည်း မျက်နှာသစ်သန့်စင်ပြီး အိမ်မှထွက်လာသည်။ ထိုအိမ်ကို တစ်လယွမ်သောင်းချီသွင်းပြီးဝယ်ခဲ့ခြင်းပင်။ တစ်နှစ်ပတ်လုံးဝင်ငွေနှင့် ရုံချန်းတွင်အိမ်တစ်လုံးဝယ်နိုင်ခဲ့သည်။
အိမ်မှထွက်ရုံရှိသေး၊ Wechat မှစာဝင်လာ၏။ သူမအဖေပို့သောကြောင့် ချက်ချင်း Wechat ဖွင့်ပြီးဖတ်လိုက်သည်။
စာဖတ်ပြီးခဏတွင် သူမကြောင်သွားသည်။

ဆံပင်ပေါက်နေပြီလား?
"မြန်လိုက်တာ?''
လင်းလန်ဇီကတိုးတိုးရေရွတ်လိုက်သည်။ ချင်းလင်အပန်းဖြေစံအိမ်ကယူလာသောရေပူစမ်းဆေးမှုန့်ဖြစ်၍ ထုတ်လုပ်ရေးလိုင်းထက်အာနိသင်ပိုကောင်းမည်ဆိုသော်လည်း ထုတ်လုပ်ရေးလိုင်းကအာနိသင်လည်းမညံ့လောက်။
သူမကချက်ချင်းပင် အရင်ကြော်ငြာနည်းကိုပြောင်းလိုက်သည်။ စိတ်ကူးအသစ်ရပြီး ချင်းလင်စံအိမ်ကိုအမြန်ပြေးကာ အစီအစဉ်ဆွဲသည်။
သို့နှင့် မကြာမီ ချင်းလင်စံအိမ်တရားဝင်အကောင့်တွင် နောက်ထပ်ဗီဒီယိုထွက်လာတော့သည်:
"စောင့်နေရတာ အားနာပါတယ်... ချင်းလင်ကုမ္ပဏီရဲ့ထုတ်ကုန်အသစ်ကိုအားလုံးသိချင်နေကြမယ်လို့ထင်ပါတယ်... ဒီထုတ်ကုန်က ပါမောက္ခလီခိုင်ဖန်တီးထားတဲ့ ဆံပင်ပေါက်ဆေးပါ... ဒီထုတ်ကုန်ရဲ့အာနိသင်ကိုပိုသိသွားအောင် ဆံပင်ပြဿနာရှိတဲ့အယောက် ၂၀ ကိုစမ်းသုံးခွင့်ပေးပါမယ်! စိတ်ဝင်စားတယ်ဆိုရင် တရားဝင်အကောင့် link ကနေစာရင်းသွင်းပြီးပါဝင်နိုင်ပါတယ်... ပြီးရင် ထုတ်ကုန်ရဲ့အာနိသင်ကို live လွှင့်ပါမယ်ရှင်''
ကြော်ငြာဗီဒီယိုထွက်ထွက်ချင်း ပရိသတ်အတော်များများစိတ်ဝင်စားသွားသည်။ ပြီးတော့ မယုံနိုင်ကြ။ တချို့ကအမှတ်တမဲ့ ကိုယ်ခေါင်းကိုယ်တောင်ကိုင်မိကြသည်။
ဆံပင်ကပြန်ပေါက်ပြီး ဆံပင်ရှည်ဖို့ခက်နေသည်။
ယနေ့ခေတ်တွင် လူမှုရေးဖိအားများပြီး ဆံပင်များကျွတ်ကြသည်။ အတော်များများတွင် ဆံပင်ပြဿနာရှိကြသည်။ စျေးကွက်ထဲတွင်ဒီလိုထုတ်ကုန်များစွာရှိသော်လည်း အာနိသင်ကမဆိုစလောက်သာ။
စျေးကွက်ထဲမှထုတ်ကုန်များကို နာမည်ကျော်များနှင့်ကြော်ငြာထားရင်တောင် စိတ်မချရပေ။

တစ်ခါက ဆံပင်ပေါက်ဆေးတစ်မျိုးကို နိုင်ငံတကာစူပါစတားချန်လုံနှင့်တောင်ကြော်ငြာခဲ့သည်။ ဒန်-ဒန်-ဒန်-ဒန် ထုတ်ကုန်ပင်။
နောက်ဆုံးတော့ မရှုမလှဖြစ်သွားတယ်မလား?
ဒါပေမဲ့ ဒီတစ်ခေါက်ကမတူ။ ချင်းလင်ကုမ္ပဏီ၏ထုတ်ကုန်၊ ပါမောက္ခလီခိုင်၏သုတေသနဖြစ်သည်။
ချင်းလင်ကုမ္ပဏီနှင့်ပါမောက္ခလီခိုင်မှာ ဒီလိုဂုဏ်သတင်းမျိုးရှိသောကြောင့်ပင်။
ရန်ကျန်းဖန်မှာ ပေဟိုင်နံပါတ် ၁ အလယ်တန်းကျောင်းတွင် ဆရာတစ်ဦးဖြစ်ပြီး ဆံပင်ပြဿနာရှိနေသည်။ သူ့ခေါင်းမှာထိပ်ပြောင်နေသဖြင့် ကွယ်ရာတွင် ကျောင်းသားများက 'မြေထဲပင်လယ်'ဟု နာမည်ပြောင်ပေးထားကြသည်။
ဆရာတစ်ယောက်အနေနှင့် အတော်ကသိကအောက်ဖြစ်ရသော်လည်း ကျောင်းသားများကိုပြောဖို့နေနေသာသာ ဘာမှမလုပ်နိုင်။ ထို့ကြောင့် ဆံပင်ပြန်ပေါက်ရန်တစ်ခုခုသုံးချင်သော်လည်း တစ်ခုမှမထိရောက်။
ချင်းလင်စံအိမ်ထုတ်ကုန်ကို သူကမျှော်လင့်နေသည်။ ပါမောက္ခလီခိုင်ဘယ်လောက်စွမ်းလဲ သူသိသည်။ သူ့ထုတ်ကုန်များက အလိမ်အညာမပါ။ မဟုတ်ရင် ပါမောက္ခလီခိုင်နာမည်ပျက်မည်ဖြစ်၍ သူ့မိသားစုကလုံးဝထောက်ခံမည်မဟုတ်ပေ။
တကယ်ထိရောက်မှသာ ချင်းလင်ကုမ္ပဏီက ဒီလိုနည်းနှင့်ကြော်ငြာရဲလိမ့်မည်။
ထိုအတွေးနှင့် ရန်ကျန်းဖန်က ချင်းလင်စံအိမ်တရားဝင်အကောင့်ကိုအမြန်ဖွင့်ပြီး ပါဝင်ရမည့် link ရှာလိုက်သည်။ တွေ့လျှင် ချက်ချင်းနှိပ်ကာ ပါဝင်မည်ကိုရွေးလိုက်သည်။
တစ်ချိန်တည်းလိုလို အတော်များများက ရန်ကျန်းဖန်လိုဆုံးဖြတ်ကြသည်။
ဘာပဲဖြစ်ဖြစ် ပါမောက္ခလီခိုင်ရဲ့သုတေသနထုတ်ကုန်လေ။
အင်တာနက်ပေါ်တွင် ဗီဒီယိုတွေ့သူများလည်း မျှော်လင့်စောင့်စားနေကြသည်။ ဒီလိုပစ္စည်းမျိုးက ထိပ်ပြောင်များအတွက်သာမဟုတ်တော့။
ချင်းလင်ကုမ္ပဏီ၏ live လွှင့်မည့်အစီအစဉ်ကိုလည်း မျှော်နေသူများစွာရှိလေသည်။