အရှုံးကိုဝန်ခံ! ကြောက်စရာအချက်အလက်! ၂
Vol. 54 Ch. 808
ကျောင်းသားကအပြစ်ရှိသလိုခံစားရပြီး နောက်ပြန်လှည့်မကြည့်ဘဲပြေးတော့သည်။ ကျောင်းသူတစ်ဦးတည်းသာ ရန်ကျန်းဖန်နှင့်ရင်ဆိုင်ရသည်။
ရန်ကျန်းဖန်၏ဆရာဂုဏ်ကြောင့် မိန်းကလေးမှာစိုးရိမ်စိတ်နှင့် မျက်နှာလည်းဖျော့တော့လာ၏။
ဆရာက မိဘခေါ်တတ်သည်။ မိဘတွေသာ သူမရည်းစားထားမှန်းသိသွားရင် သေအောင်အရိုက်ခံရလိမ့်မည်။
ဒီတော့မှ ရန်ကျန်းဖန်က ကျောင်းသူအား_
"ဆရာကိုတွေ့မှ ကောင်လေးက မင်းကိုပစ်ပြီးတစ်ယောက်တည်းထွက်ပြေးသွားတယ်မထင်ဘူးလား? မင်းနဲ့အတူရင်မဆိုင်ရဲတာ ရှေ့လျှောက် တခြားနေရာတွေမှာရင်ဆိုင်ရမယ်ဆိုရင်ရော မင်းကိုကာကွယ်နိုင်ပါ့မလား?''
ထိုစကားကြောင့် ကျောင်းသူကအံကြိတ်ပြီး ကောင်လေးအပေါ်ပစ်ပစ်ခါခါဖြစ်သွားသည်။
ထိုအချိန်က ရန်ကျန်းဖန်က ကျောင်းသူအား_
"မင်း ကျောင်းသူပဲရှိသေးတာ... အရမ်းငယ်သေးတယ်... အဖြေ ၄ ခုထဲကတစ်ခုတောင်မှန်အောင်မရွေးနိုင်ဘဲနဲ့ လူပေါင်း ၁.၄ ဘီလီယံထဲကတစ်ယောက်ကိုရှာနေတာ... လူမှန်တွေ့ရဲ့လား?''
ရန်ကျန်းဖန်က အားတက်သရော တရားဟောတော့သည်။
အမှန်အတိုင်းပြောရရင် ဒီစိတ်ကစားတတ်တဲ့ဂျစ်ကန်ကန်ကျောင်းသားတွေကြောင့် သူအတော်ဒုက္ခရောက်သည်။ ကျောင်းသားတွေက ဆရာဆိုပုန်ကန်ချင်ကြသည်။ ဆေးလိပ်သောက်၊ ရန်ဖြစ်၊ အတန်းပြေး စသဖြင့်။
ဆရာကိုဆန့်ကျင်တာက သူတို့ကိုယ်တိုင်ရဲ့အနာဂတ်နဲ့သူတို့မိဘတွေကိုဆန့်ကျင်နေမှန်း သူတို့မသိကြ။
အထူးသဖြင့် ဒီအရွယ်မိန်းကလေးတွေက ဒီလိုယောက်ျားလေးမျိုးကိုသဘောကျကြသည်။ ဆရာကိုဆန့်ကျင်ရဲရင်ပဲ သူရဲကောင်းလိုလို။ နောက်လေးငါးနှစ်ကြာမှ သူတို့ဘယ်လောက်မိုက်လဲသဘောပေါက်လိမ့်မည်။ အဲဒီအချိန်ကျ နောင်တရလည်း နောက်ကျသွားပြီ။
ဒီကျောင်းသားတွေကို ဆရာတွေသာမက သူတို့မိဘတွေကပါစိတ်ပူရသည်။ ကျောင်းသားမိဘတွေပေါင်းပြီး အဖွဲ့တောင်ဖွဲ့ထားကြသည်:
'အဖေ့ရဲ့အပူကောင်အဖွဲ့' တဲ့!
သူတို့ကလေးတွေကို ဘယ်လိုကယ်တင်ရမလဲဆွေးနွေးကြသည်။
"မင်းပြန်ရောက်ရင် ကိုယ့်ကိုယ်ကိုယ်သုံးသပ်ပြီး စာလုံးရေ ၅၀၀၀ ရေးပေး''
ရန်ကျန်းဖန်က ကျောင်းသူကိုဆုံးမပြီး ပြောလိုက်သည်။
ကျောင်းသူက ဆုံးမခံရပြီး နီရဲနေသောမျက်လုံးများနှင့် ခပ်သုတ်သုတ်ထွက်သွားသည်။

ရန်ကျန်းဖန်လည်း ဆက်ပြီးလိုက်ကြည့်သည်။ သို့သော် သူသိပ်မလျှောက်လိုက်ရသေး၊ သူ့နောက်မှတီးတိုးတီးတိုးအသံများကြားရသည်။
"အတန်း ၅ က လင်းရှောင်ဖုန်းနဲ့ အတန်း ၇ ကဝမ်ဟိုင်ကို စောစောကပဲ မြေထဲပင်လယ်ကမိသွားတယ်တဲ့''
"ငါမြင်တယ်... ဝမ်ဟိုင်ပြေးသွားတာ... ကောင်မလေးတော့ မြေထဲပင်လယ်ဩဝါဒပေးတာခံရပြီ''
"မြေထဲပင်လယ်က အားနေလိုက်တာ''
ထိုတီးတိုးစကားများကြောင့် ရန်ကျန်းဖန်အတော်ကသိကအောင့်ဖြစ်ရသော်လည်း ဆရာတစ်ယောက်အနေနှင့် မသိချင်ယောင်ပြီး သက်ပြင်းသာချလိုက်ရသည်။
ဆရာကိုမလေးစား၍ဆုံးမနိုင်သော်လည်း သူ့ထိပ်ပြောင်ကြောင့် လျစ်လျူရှုဖို့သာဆုံးဖြတ်လိုက်သည်။
ရုံးခန်းထဲပြန်ရောက်ပြီး ရန်ကျန်းဖန်ထိုင်ရုံရှိသေး၊ ဖုန်းထဲစာဝင်သည့်အသံထွက်လာသည်။ စာဖတ်ပြီးနောက် သူအံ့ဩပုံပေါက်သွားသည်။
ချင်းလင်စံအိမ်၏ရေပူစမ်းဆေးမှုန့်စမ်းသပ်ရာတွင်ပါဝင်ဖို့အတည်ပြုခံရပြီး အရင်ကဓာတ်ပုံများ ချင်းလင်စံအိမ်သို့ယူလာရန်အသိပေးထားသည်။
သူထိပ်ပြောင်ကြောင်း၊ အလိမ်အညာမဟုတ်ကြောင်းသက်သေပြရန် ဓာတ်ပုံများတောင်းသည်။
မဟုတ်ရင် အာနိသင်ကသိသာလွန်း၍ အတုထင်နေကြမည်။
ရန်ကျန်းဖန်က အရင်ဆုံးခွင့်ယူပြီး လက်မှတ်ဝယ်ကာ ရုံချန်းကိုအပြေးသွားသည်။
ကျောင်းကလည်း သူ့ဆံပင်ပြဿနာကိုအလေးထားသည်။ ချင်းလင်ကုမ္ပဏီနှင့်ပါမောက္ခလီခိုင်၏ဂုဏ်သတင်းကြောင့် ကျောင်းကချက်ချင်းထောက်ခံပေးလိုက်သည်။
ကျောင်းက ရန်ကျန်းဖန်၏မြေထဲပင်လယ်ဆိုသောနာမည်ပြောင်ကိုသိထားသည်။ ကျောင်းအတွက်မကောင်းသော်လည်း မြေထဲပင်လယ်နာမည်ပြောင်ကြောင့် ရန်ကျန်းဖန်၏အသက်အရွယ်ကိုအပြစ်တင်၍မရ။
ထို့ကြောင့် ချင်းလင်ကုမ္ပဏီ၏ရေပူစမ်းဆေးမှုန့်ကအာနိသင်ရှိပါစေဟု ကျောင်းကမျှော်လင့်နေသည်။

ရန်ကျန်းဖန်က ချင်းလင်စံအိမ်သို့အမြန်ဆုံးရောက်လာပြီး စာထဲပါသောဖုန်းနံပါတ်ကိုဆက်သွယ်လိုက်သည်။
မကြာမီ မီဒီယာဌာနဝန်ထမ်းတစ်ဦးက ရန်ကျန်းဖန်ကိုထွက်ကြိုကာ သတို့သမီးခန်းထဲလိုက်ပို့သည်။
ဒီအစီအစဉ်အတွက် ပရိသတ်အယောက် ၂၀ ကို လင်းလန်ဇီက စံအိမ်မှသတို့သမီးခန်း ၂၀ ယူပေးထားသည်။
ရန်ကျန်းဖန်ရောက်သောအခါ သူ့ပတ်ဝန်းကျင်မှသတို့သမီးခန်းများတွင်လည်း ဆံပင်ပြဿနာရှိသောလူများရောက်နေကြောင်း သိလိုက်သည်။ အားလုံး ထိပ်ပြောင်နေကြ၏။
ထိုလူများက ရန်ကျန်းဖန်ကိုတွေ့သောအခါ အချင်းချင်းအသံတိတ်ကြည့်၊ တစ်ယောက်ခေါင်းတစ်ယောက်မော့ကြည့်ပြီး ခေါင်းအသာညိမ့်ပြကာ ရဲဘော်ရဲဘက်များလိုအတည်ပြုလိုက်ကြသည်။
ပါဝင်မည့်ထိပ်ပြောင်များကိုနေရာချပြီးနောက် လင်းလန်ဇီဘက်ကလည်း live လွှင့်မည့်အခန်းကိုစတင်ပြင်ဆင်ထားသည်။
နေ့တိုင်း စံအိမ်က ပရိသတ်အယောက် ၂၀ ကို ချင်းလင်ကျန်းမာရေးစက်ရုံမှထုတ်သောရေပူစမ်းဆေးမှုန့်ပို့ပေးသည်။ ထို့နောက် နေ့စဉ်အခြေအနေကိုအစီရင်ခံရန် တစ်နေရာတည်းစုစည်းပြီး အသုံးပြုထားသောရေပူစမ်းဆေးမှုန့်၏နောက်ဆုံးအာနိသင်ကို အားလုံးကြည့်စေသည်။
နောက်တစ်နေ့_
ရန်ကျန်းဖန်တို့ရောက်ရောက်ချင်း ချင်းလင်စံအိမ်၏မာတီမီဒီယာဌာနသွားပြီး live လွှင့်ရာတွင်ပါဝင်ရန်စာချုပ်လက်မှတ်ထိုးဖို့အသိပေးသည်။
မကြာမီ_
ချင်းလင်စံအိမ်တရားဝင်အကောင့်ကိုစောင့်ကြည့်နေသောပရိသတ်များက တရားဝင်အကောင့်ရုပ်ပုံတွင် အနီကွင်းလင်းလာသည်ကိုသတိထားမိသည်။
ချင်းလင်စံအိမ်က live လွှင့်နေပြီ။
ပရိသတ်များအားလုံးအံ့ဩကုန်သည်။
ချင်းလင်စံအိမ်က live လွှင့်လေ့မရှိ။ ဒီတစ်ခါဘာလို့ live လွှင့်လဲ သူတို့သိသည်။
ရေပူစမ်းဆေးမှုန့်၏အာနိသင်အတိအကျကို ဘယ်သူမှမသိသော်လည်း အင်တာနက်ပေါ်တွင်နာမည်ကြီးနေပြီ။ ဆံပင်ပြဿနာရှိသူအတော်များများက မြင်မြင်ချင်း ချင်းလင်စံအိမ် live ထဲပြေးဝင်လာကြသည်။
အချိန်တိုအတွင်း live လွှင့်သည့်ညာဘက်အပေါ်ထောင့်တွင် ကြည့်သူအရေအတွက်မြန်မြန်ဆန်ဆန်တက်လာသည်ကို ကြည့်သူအားလုံးမြင်ရသည်။ မကြာမီ ၂၀၀၀၀၀+ ဖြစ်သွား၏။
အွန်လိုင်းကြည့်သူအရေအတွက်ပင်။
ပရိသတ်များကဝင်ဝင်ချင်း ပါဝင်သောပရိသတ်အယောက် ၂၀ ကလက်မှတ်ထိုးနေသည်ကိုတွေ့ရသည်။ ထိုပရိသတ်များကို live လွှင့်သည့်မျက်နှာပြင်တွင်မိတ်ဆက်ပေးထားပြီး သူတို့အရင်ဓာတ်ပုံများပါသည်။