နီဝမ့်ကျွင်း ခင်ဗျားက အခွင့်အရေးသမားလည်း လုပ်သေးတာလား
Vol. 7 Ch. 84
“ယောက်ျား ရှင်ပြန်လာပြီလား”
ချန်ကျဲ့ အိမ်ပြန်ရောက်ချိန်တွင် အရုဏ်တက်စပြုနေပြီဖြစ်သည်။ စူးယွင်ကျင်းသည် တစ်ညလုံး မအိပ်ဘဲ နိုးနေသောကြောင့် ချန်ကျဲ့ကို ထကြည့်သည်။
“မင်း နေလို့ကောင်းလာပြီလား။ နာနေသေးလား”
ချန်ကျဲ့ မေးမြန်းသည်။
“ပိုတော့ ကောင်းလာပါပြီ။ ဒါပေမဲ့ နည်းနည်းလေးတော့ နာနေသေးတယ်!”
စူးယွင်ကျင်းမှ ပြန်ပြောသည်။
…
ချန်ကျဲ့သည် စူးယွင်ကျင်းကို ပွေ့ဖက်ပေးလိုက်ပြီး သူမ၏ ပခုံးလေးကို ညင်သာစွာ ဖွဖွပုတ်ပေးသည်။
“အင်း ပထမဆုံးအကြိမ်က အမြဲနာကျင်ရတယ်။ ဒါပေမဲ့ နောက်ဆိုရင် ပိုသက်သောင့်သက်သာဖြစ်လာမှာပါ…”
စူးယွင်ကျင်း၏မျက်နှာလေး ချက်ချင်း နီရဲသွားသည်။
“လာ နည်းနည်းလောက် ထပ်အိပ်ကြရအောင်”
ချန်ကျဲ့သည် ထိုသို့ပြော၍ စူးယွင်ကျင်းကို ပွေ့ဖက်ကာ အိပ်နေလိုက်သည်။
ဤတစ်ကြိမ်တွင်တော့ ချန်ကျဲ့ မလှုပ်ရှားတော့ပေ။
နာရီဝက်ခန့်ကြာမြင့်ပြီးနောက်၌ ချန်ကျဲ့တို့ နေအိမ်တံခါးခေါက်သံ ထွက်ပေါ်လာသည်။ စူးယွင်ကျင်းသည် အိပ်မပျော်သေးပေ။ စူးယွင်ကျင်းသည်တော့ အိပ်တစ်ဝက်နိုးတစ်ဝက်အခြေအနေ ဖြစ်နေခဲ့သည်။
ချန်ကျဲ့ ထရပ်လိုက်သည်။ စူးယွင်ကျင်းသည် ချန်ကျဲ့ကို ကြည့်နေသည်။
ချန်ကျဲ့မှ ပြောသည်။
“ဘာမှမဟုတ်ပါဘူး။ ငါသွားကြည့်လိုက်မယ်”
တံခါးဖွင့်ကြည့်လိုက်ရာ အပြင်ဘက်တွင်ရပ်နေသူမှာ ငါးဖမ်းကုန်သည်အဖွဲ့မှ ညီနောင်တစ်ဦးဖြစ်သည်။
“ညီနောင်ကျိုစစ် မင်း အဆင်သင့်ပြင်လိုက်တော့။ ငါတို့တွေ တောင်ပေါ်သွားဖို့ လူစုကြမလို့”
“တောင်ပေါ်ကိုသွားမှာလား”
ချန်ကျဲ့သည် အခြေအနေကို နားမလည်ပေ။ သို့သော် ထိုငါးဖမ်းကုန်သည်အဖွဲ့၏ ညီနောင်မှ ပြောပြခဲ့သည်။
“မြန်မြန်အဝတ်အစားသွားလဲချည်။ အဲဒီကိုရောက်ရင် အကြောင်းရင်းကို အလိုလိုနားလည်သွားလိမ့်မယ်။ ဒီတစ်ခေါက်က ခန်းမအရှင်သခင်ဆီက တိုက်ရိုက်အမိန့်ကွ!”
“ကောင်းပြီ၊ ကျွန်တော် လာခဲ့မယ်”
ချန်ကျဲ့ နှလုံးခုန်မြန်သွားရ၏။
ကြည့်ရတာ သူတို့ တောင်ပေါ်ကို ရှာကြတော့မယ်ထင်တယ်။
ကံကောင်းလို့ လက်ဦးမှုယူပြီး နေရာပြောင်းထားနိုင်ခဲ့တယ်။
ထိုသို့တွေးလျက် ချန်ကျဲ့သည် အခန်းထဲသို့ဝင်၍ အပေါ်ဝတ် ဝတ်လိုက်သည်။ စူးယွင်ကျင်းကို မနက်စာစားရန် စောင့်မနေဖို့ပြောခဲ့ပြီး ငါးဖမ်းကုန်သည်အဖွဲ့တပည့်နောက်သို့ လိုက်သွားခဲ့သည်။
သူတို့သည် အိမ်မှ အမြန်ထွက်လာခဲ့ကြသည်။
မကြာမီတွင် တောင်ခြေသို့ရောက်ရှိခဲ့ကြပြီး ဝူကျုံးဦးဆောင်သည့် လူအုပ်စုကြီးရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။
သို့သော် ဤတစ်ကြိမ်၌ ဝူကျုံးသည် အတော်လေး သုန်မှုန်နေခဲ့သည်။
ချန်ကျဲ့သည် ဝူကျုံးအနီးသို့ လျှောက်သွား၍ ပြောလိုက်သည်။
“ဦးလေးကျုံး!”
ဝူကျုံး ချန်ကျဲ့ကို လှည့်ကြည့်သည်။
“အိုး ကျိုစစ်”
“ဦးလေးကျုံး ဘာဖြစ်လို့လဲဟင်၊ ဒီလောက်တောင် အရေးတကြီးဖြစ်နေတာ”
ဝူကျုံးမှ ပြောသည်။
“နီမန့်ဇစ်ကို ဖမ်းဖို့”
ချန်ကျဲ့သည် ဝူကျုံး၏ မကြည်လင်သော စိတ်အခြေအနေကို သတိထားမိသောကြောင့် မေးလိုက်သည်။
“ဦးလေးကျုံး ဘာဖြစ်လို့လဲ”
ဤမေးခွန်းကို ဖြေသောအခါ ဝူကျုံးသည် အနည်းငယ် စိုးရိမ်ပူပန်ဟန် ဖြစ်တည်လာခဲ့သည်။
“ဟုန်အာ ဒဏ်ရာရထားတယ်”
“အာ!”
ထိုအခါ ချန်ကျဲ့ ထိတ်လန့်သွားခဲ့သည်။
“ဘယ်သူလုပ်တာလဲ”
ထိုသို့ပြောပြီးနောက် ချန်ကျဲ့ မေးမိသည့်အတွက် ရုတ်ချည်း နောင်တရသွားခဲ့သည်။
အစ်ကိုနီကလွဲပြီး တခြားဘယ်သူဖြစ်နိုင်ဦးမှာလဲဟ?!
ကနဦး၌ ဝူဟုန်သည် နီမန့်ဇစ်ကို ဖမ်းဆီးရန်အတွက် ကျန်းလီယဲ့နှင့် အခြားသူများနောက်သို့ လိုက်သွားခဲ့သည်။
ဒါက သူတို့ အစ်ကိုနီကို အလစ်တိုက်ကြတုန်းက ဖြစ်သွားခဲ့တာပဲနေမယ်။
“အရမ်းမပြင်းထန်ပါဘူး ဟုတ်တယ်မလား”
ဝူကျုံးသည် တိတ်ဆိတ်နေသည်။
“အသက်အန္တရာယ်တော့ မရှိပါဘူး။ နီမန့်ဇစ်က ဟုန်အာကိုတွေ့တော့ သူ သမားတော်ပိုင်ကို ကျေးဇူးကြွေးတင်နေတယ်လို့ပြောခဲ့တယ်၊ ပြီးတော့ ဟုန်အာ့ကို အသက်ချမ်းသာပေးလိုက်တာပဲ။ အဲဒါကိုပဲ ကျေးဇူးတင်ရမယ်။ မဟုတ်ရင် အခုနေဖြစ်နေမှာက အပြင်းအထန်ဒဏ်ရာရနေတာပဲ မဟုတ်လောက်တော့ဘူး”
ဝူကျုံးမှ ပြောသည်။
ထိုအခိုက်အတန့်၌ ချန်ကျဲ့မှာ မည်သူ့ကို ကူညီရမည်မှန်း ဝေခွဲမရဖြစ်သွားရသည်။ နှစ်ဖက်စလုံးသည် သူ့အပေါ် ကောင်းကောင်းဆက်ဆံပေးကြသည်ဖြစ်ရာ တစ်ဖက်တည်းကို ရွေးချယ်ကူညီပေးရန်မှာ ခက်ခဲပေသည်။
“ဦးလေးကျုံး ကျွန်တော်ကူညီပေးနိုင်တာ တစ်ခုခုများရှိမလား”
ဝူကျုံးမှ ပြောသည်။
“အခုတော့ မရှိသေးဘူး။ ငါမင်းကို လိုအပ်တဲ့အခါ ပြောပါ့မယ်”
…
သူတို့နှစ်ဦးစကားပြောနေကြစဉ် ဖန်းရှစ်ကျုံး ရောက်လာသည်။ ထို့နောက် ငါးဖမ်းကုန်သည်အဖွဲ့သားများကို ပြောသည်။
“ညီနောင်တို့ တောင်ပေါ်တက်ရင် ဂရုစိုက်ကြပါ။ အဲဒီနီမန့်ဇစ်က ရမ်းကားကြမ်းတမ်းတဲ့ ရာဇဝတ်သားတစ်ယောက်ပဲ။ မင်းတို့ နီမန့်ဇစ်ကို ရှာတွေ့ခဲ့ရင် ချက်ချင်း အချက်ပြပါ။ ငါတို့ အမြန်အရောက်လာခဲ့မယ်”
“ဟုတ်ကဲ့”
အားလုံးမှ ပြန်လည်တုံ့ပြန်သည်။ ထို့နောက် ဖန်းရှစ်ကျုံးမှ ဆက်ပြောသည်။
“မီးတုတ်တွေကို မီးရှို့လိုက်ကြ!”
မီးတုတ်များသည် တစ်မီတာအရှည်ရှိတဲ့ သစ်သားတုတ်များဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ထိပ်ပိုင်းတွင် လျှော်ကြိုး၊ ကောက်ရိုးနှင့် အခြားသော မီးစွဲလောင်နိုင်သည့်ပစ္စည်းများ ရစ်ပတ်ထုပ်ထားသည်။ ထို့နောက် ရေနံဆီဖြင့်လှိမ့်၍ မီးထွန်းလိုက်သည်။ ထိုနည်းဖြင့် အချိန်အတော်ကြာ အလင်းပေးနိုင်ပေသည်။
မကြာမီတွင် တောင်ပေါ်တောအုပ်ထဲတွင် မီးတုတ်ချောင်းရထားတွဲကြီး တောက်ပနေတော့သည်။
တစ်ပြိုင်နက်တည်း၌ အခြားတစ်နေရာတွင် ချောင်ကုန်သည်အဖွဲ့၏ ယွီပင်းသည် ယွီစန်းလျို့နှင့် အခြားသူများနှင့်အတူ မီးတုတ်များကိုကိုင်၍ တောင်ပေါ်တက်သွားသည်။ လက်ဝဲဘက်တွင် ငါးဖမ်းကုန်သည်အဖွဲ့ ချီတက်ပြီး လက်ယာဘက်တွင် ချောင်ကုန်သည်အဖွဲ့ ချီတက်နေသည်။
နှစ်ဖက်စလုံးသည် မီးတုတ်များထွန်းညှိ၍ တောင်ပေါ်တက်ကြသည်။
သူတို့သည် အလွန်အလေးအနက်ထားလျက် သဲကြီးမဲကြီး စတင်ရှာဖွေကြသည်။
ငါးဖမ်းကုန်သည်အဖွဲ့သည် လူသုံးယောက်တစ်ဖွဲ့ ဖွဲ့စည်း၍ရှာသည်။ ချန်ကျဲ့၊ ခေါင်းဆောင်၅နှင့် ရှောင်ဟူတို့သည် တစ်ဖွဲ့ဖြစ်သည်။
သူတို့သည် တောင်လမ်းတစ်လျှောက် ဝံပုလွေချောက်ထိတိုင် ရှာဖွေခဲ့ကြသည်။
ချန်ကျဲ့သည် အသေးစိတ်တစ်ခုလေးပင် အလွတ်မခံဘဲ သေချာစစ်ဆေးသည်။ မည်သို့ပင်ဖြစ်စေ သူသည် နီဝမ့်ကျွင်း တောင်ပေါ်တွင် မရှိတော့ကြောင်း သိထားသည် မဟုတ်ပါလော။
ထို့ကြောင့် ချန်ကျဲ့သည် သေချာဂရုတစိုက် စစ်ဆေးရှာဖွေခဲ့သည်။
နှစ်နာရီကြာ ရှာဖွေခဲ့သည့်တိုင် သူတို့သည် ဘာကိုမျှ ရှာမတွေ့ခဲ့ပေ။ ထို့နောက်တွင် ရှာဖွေမှု မအောင်မြင်သောကြောင့် စွမ်းအင်ပြောင်းလဲခြင်းအဆင့် သခင်ကြီးလေးဦးသည် စွန့်စား၍ မြူခိုးထုနယ်မြေထဲသို့ ဝင်ရောက်ရှာဖွေရမည်ဟု ဆုံးဖြတ်ခဲ့ကြောင်း ကြားသိရသောအခါ ကုန်သည်အဖွဲ့ထဲတွင် ဆူပူမှုများဖြစ်ပေါ်လာခဲ့သည်။
ငါးဖမ်းကုန်သည်အဖွဲ့နှင့် ချောင်ကုန်သည်အဖွဲ့မှ ဦးစီးမှူးအသီးသီး၏ ဦးဆောင်မှုနှင့်အတူ အဖွဲ့၏လက်ရွေးစင်အချို့မှ အတူလိုက်ပါရမည်ဟု ဆိုသည်။
ငါးဖမ်းကုန်သည်အဖွဲ့မှ ဝူကျုံး၊ သင်္ဘောခေါင်းဆောင်ကြီး၊ သင်္ဘောခေါင်းဆောင်၂တို့ ရှေ့ထွက်ခဲ့ကြသည်။
ချောင်ကုန်သည်အဖွဲ့သည် မြူခိုးထုနယ်မြေအတွင်း သွားရောက်မည့်အဖွဲ့ထဲတွင် ယွီစန်းလျို့ကို ဖယ်ထားခဲ့သည်။ သို့သော် ယွီပင်းသည်တော့ ဝင်ရောက်မည်ဖြစ်၏။
အရေးပါအရာရောက်သူများ မြူခိုးထုနယ်မြေအတွင်း ဝင်ရောက်ကြမည်ကို မြင်သောအခါ ငါးဖမ်းကုန်သည်အဖွဲ့နှင့် ချောင်ကုန်သည်အဖွဲ့သားများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကုန်ကြသည်။ ယွီစန်းလျို့သည် ချန်ကျဲ့ကိုမြင်သောအခါ ပြုံးပြလျက် ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။
ယွီစန်းလျို့ ချဉ်းကပ်လာနေသည်ကို မြင်သောအခါ ငါးဖမ်းကုန်သည်အဖွဲ့တပည့်များသည် သတိကပ်ထားလိုက်ကြသည်။
ယွီစန်းလျို့သည် ချန်ကျဲ့၏ရှေ့တွင် ရပ်လိုက်သည်။ သူတို့နှစ်ဦးအနီးရှိ ကုန်သည်အဖွဲ့တပည့်များအားလုံးသည် တောင့်ခဲကုန်ကြ၏။ သို့သော် ချန်ကျဲ့သည်တော့ မည်သည့်စိတ်ခံစားချက်မျှ မဖော်ပြပါဘဲ ယွီစန်းလျို့ကို ကြည့်နေခဲ့သည်။
အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက်တွင် ယွီစန်းလျို့မှ ပြုံးလိုက်သည်။
“ကျိုစစ် ထပ်တွေ့ကြပြန်ပြီနော်”
ချန်ကျဲ့ ပြန်ပြောသည်။
“အင်း သခင်လေးယွီ”
ယွီစန်းလျို့မှ ရယ်မောသည်။
“အရင်တစ်ခေါက် အဖြစ်အပျက်ကို မင်း မမေ့သေးဘူးမလား”
“သခင်လေးယွီ ဦးညွှတ်တောင်းပန်ခဲ့တဲ့ အဲဒီတစ်ခေါက်ကိုပြောတာလား”
ယွီစန်းလျို့၏အပြုံးသည် ပို၍ပီပြင်လာခဲ့သည်။ ထို့နောက် ရုတ်တရက် ချန်ကျဲ့၏နား,နားသို့ ကိုယ်ကိုကိုင်းညွှတ်၍ ပြောခဲ့သည်။
“ကောင်လေး၊ ငါအဲဒီဆုံးရှုံးမှုအတွက် မင်းကို ပြန်မပေးဆပ်ခိုင်းဘဲ လွှတ်ထားပေးမှာ မဟုတ်ဘူး။ မင်းရဲ့ဇနီးလေးကို လူတစ်ယောက်တည်းနဲ့တောင် မဟုတ်ဘဲ အဖွဲ့လိုက် ဆော့ကစားကြတာကို မင်းမျက်လုံးနဲ့ မြင်တွေ့ရအောင် ငါလုပ်မှာ…”
ချန်ကျဲ့ ယွီစန်းလျို့ကို ပြန်ကြည့်လိုက်သည်။
ချန်ကျဲ့၏မျက်လုံးအစုံ၌ သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ဖြတ်ပြေးသွား၏။ ချန်ကျဲ့လည်း ကိုယ်ကို ရှေ့သို့ကိုင်းညွှတ်၍ ပြောလိုက်သည်။
“သခင်လေးယွီ ကျွန်တော်တော့ မင်းမှာ လုပ်ဆောင်ချင်တဲ့ဆန္ဒရှိပေမဲ့ အဲဒီလိုဆော့ကစားဖို့ အသက်မရှိတော့မှာကို စိုးရိမ်မိပါရဲ့…”