သေလမ်းရှာ
Vol. 7 Ch. 85
ယွီစန်းလျို့သည် အနည်းငယ် အံ့အားသင့်သွားဟန်ဖြင့် ချန်ကျဲ့ကို ပြန်ကြည့်လာသည်။ ချန်ကျဲ့သည် ထိုသို့ပြန်ခံပြောရဲလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။
ယွီစန်းလျို့မှ အသာအယာခေါင်းညိတ်၍ ပြန်ပြောသည်။
“ကောင်းပြီလေ။ ဘယ်သူက ဘယ်သူ့ကို အနိုင်ပိုင်းနိုင်မလဲဆိုတာ မကြာခင် ကြည့်ကြတာပေါ့”
နှစ်ဦးသားသည် တစ်ယောက်ကိုတစ်ယောက် မလွှဲတမ်းကြည့်နေခဲ့ကြပြီးနောက် တစ်ပြိုင်နက်တည်း အားရပါးရရယ်မောလိုက်ကြလေသည်။
“ဟားဟားဟား…”
သို့သော် သူတို့၏မျက်လုံးများတွင် ထင်ဟပ်နေသော သတ်ဖြတ်လိုခြင်းအငွေ့အသက်များသည် သူတို့နှစ်ဦးမှာ ကမ္ဘာမကြေသည့် ရန်သူများဖြစ်ကြောင်းကို လှစ်ဟပြသနေပေသည်။
ယခုအချိန်တွင် သူတို့သည် အခွင့်အရေးကို စောင့်ဆိုင်းနေကြခြင်းသာ ဖြစ်သည်။
အရုဏ်တက်ချိန်၌ လူနှစ်ရာနီးပါးခန့်သည် အနောက်တောင်တစ်ခုလုံးကို ပိုက်စိပ်တိုက်ရှာဖွေပြီးစီးခဲ့သည်။ သို့တိုင် ဘာမျှရှာမတွေ့ခဲ့ပေ။ ချန်ကျဲ့၏ လျှို့ဝှက်လိုဏ်ဂူသည်လည်း လျှို့ဝှက်နေရာမဖြစ်နိုင်တော့ဘဲ ရှာဖွေခံလိုက်ရပေသည်။
သို့ဖြင့် ထိုနေ့ညက အားလုံး၏ အားစိုက်ထုတ်မှုများမှာ အချည်းနှီးဖြစ်သွားခဲ့ရသည်။
နာရီဝက်ခန့်ကြာမြင့်ပြီးနောက်၌ မြူခိုးထုနယ်မြေထဲသို့ ဝင်ရောက်သွားခဲ့သည့် စွမ်းအင်ပြောင်းလဲခြင်းအဆင့် သခင်ကြီးလေးဦးမှာ တစ်ယောက်ပြီးတစ်ယောက် ပြန်ရောက်လာခဲ့ကြသည်။ သူတို့သည် သိသိသာသာ မောပန်းနွမ်းနယ်နေကြကာ အချို့သည် ဒဏ်ရာများပင် ရလာခဲ့သေး၏။
သခင်ကြီးလေးဦးသည် သူတို့နှင့်အတူ ဆုတ်ပြဲနေသော သွေးစွန်းဝတ်ရုံတစ်ထည်ကို သယ်ယူလာခဲ့၏။
၎င်းမှာ ချန်ကျဲ့ မြူခိုးထုထဲသို့ ပစ်ထည့်လိုက်သည့် အဝတ်ဖြစ်သည်။
မမျှော်လင့်စွာဖြင့် သူတို့သည် ထိုအဝတ်ကိုရှာတွေ့ခဲ့ကာ ပြန်ယူလာခဲ့လေသည်။
အားလုံးသည် တစ်ညလုံးအလုပ်လုပ်ခဲ့ရသောကြောင့် ပင်ပန်းနေကြပြီဖြစ်သည်။ ဟွမ်ကျိုးစီရင်စုအရာရှိသည် နီမန့်ဇစ်သည် အနောက်တောင်မှတစ်ဆင့် တခြားရွာသို့ ထွက်ပြေးလွတ်မြောက်သွားသည်ဟု တွေးထင်ကြသည်။
ထိုအခါ ငါးဖမ်းကုန်သည်အဖွဲ့နှင့် ချောင်ကုန်သည်အဖွဲ့သည် အနီးအနားရွာများ စတင်ရှာဖွေရန်အတွက် အလျင်အမြန် သတင်းဖြန့်ကြသည်။ နီမန့်ဇစ်ကို ရှာမတွေ့သ၍ မလှန်ကြည့်ခဲ့သည့် ကျောက်တုံး၊ မတူးဖော်ခဲ့သည့် မြေကြီးဟူ၍ မရှိစေရပေ။
ရှန်းထောင်မြို့၏ ငါးဖမ်းကုန်သည်အဖွဲ့နှင့် ချောင်ကုန်သည်အဖွဲ့၏တပည့်များသည် နီမန့်ဇစ်မှ ရုတ်တရက်တိုက်ခိုက်လာခြင်းအား ကာကွယ်ရန်အတွက် တောင်ပေါ်တွင် အလှည့်ကျ ကင်းစောင့်ကြသည်။
ဤကုန်သည်အဖွဲ့နှစ်ဖွဲ့၏ ဆော်ဩစည်းရုံးမှုစွမ်းဆောင်ရည်သည် အပြစ်အနာအဆာကင်းသည်ဟု ဆိုနိုင်ပေသည်။ သူတို့၏အားစိုက်ထုတ်မှုဖြင့် သာ့ဟေးတောင်တန်းအနီးတစ်ဝိုက်ရှိ ရွာများအားလုံးသည် နီမန့်ဇစ်ကို ရှာဖွေခြင်းအမှုအား ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ကြသည်မှာ ဩချဖွယ်ကောင်းလှပေသည်။
…
သူတို့သည် နီမန့်ဇစ်ကို ရှာမတွေ့သ၍ မနားကြတော့မည့်အလား ထင်မှတ်ရ၏။
သို့ဖြစ်ရာ ချန်ကျဲ့မှာ သူ၏အစ်ကိုနီ၏လုပ်ဆောင်မှုများသည် အရာရှိများကိုသတ်ဖြတ်၍ ပုန်ကန်ခြင်းကဲ့သို့ ထိုမျှမရိုးရှင်းနိုင်ဟု ထပ်မံ၍ ဇဝေဇဝါဖြစ်ရပြန်သည်။ အရာရှိများ၏တုံ့ပြန်မှုသည် အတော်လေး ချဲ့ကားလွန်းနေသည်ဟု တွေးထင်မိ၏။
ထို့ပြင် ငါးဖမ်းကုန်သည်အဖွဲ့သားများကို ခေါ်ဆောင်၍ တောင်ကို အလှည့်ကျ ပိုက်စိပ်တိုက် အုတ်အော်သောင်းတင်း ရှာဖွေမှုကို လုပ်ဆောင်စေသည်။
ချန်ကျဲ့သည် ဩဇာအာဏာရှိသူနှင့် အဆက်အသွယ်ရှိသူဖြစ်သောကြောင့် ဆက်လက်ရှာဖွေမှုတွင် ပါဝင်ရန်မလိုအပ်ဘဲ အိမ်ပြန်ခွင့်ရခဲ့သည်။
အားလပ်ချိန်ရသည်နှင့် ချန်ကျဲ့သည် အဝတ်အစားအသစ်လဲလှယ်၍ နီဝမ့်ကျွင်း၏မျက်နှာဖုံးကို ဝတ်ဆင်ကာ လူမသိအောင်ဖုံးကွယ်၍ ပေါက်စီအချို့နှင့် ရေဘူးတစ်ဘူးကိုယူဆောင်ကာ နီဝမ့်ကျွင်းပြောသည့် စွန့်ပစ်ထားသည့်နေအိမ်သို့ ဦးတည်ထွက်လာခဲ့သည်။
ဟွမ်ကျိုးစီရင်စုအရာရှိ၏ ကြီးမားသောရှာဖွေမှုလုပ်ဆောင်ချက်သည် ထိုစွန့်ပစ်ထားသောအိမ်တွင် ဖွက်ထားခံရသူနှင့် ဆက်နွယ်မှုရှိနိုင်သည်ဟု ချန်ကျဲ့ သံသယဝင်မိသည်။
ချန်ကျဲ့သည် မိမိကို မည်သူမျှမမြင်ကြောင်း၊ နောက်ယောင်ခံလိုက်သူမရှိကြောင်း သေချာစေသည်။ ထို့နောက် ချန်ကျဲ့သည် အရေပြားသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိသွားသောကြောင့် တိုးတက်နေပြီဖြစ်သော သိုင်းပညာအင်အားကို အသုံးပြု၍ နီဝမ့်ကျွင်းပြောသည့် စွန့်ပစ်ထားသောအိမ်၏ခြံဝင်းထဲသို့ ခုန်ဝင်ခဲ့သည်။
ဝှီး!
ချန်ကျဲ့သည် မြေပြင်သို့ဆင်းပြီးနောက်တွင် အလျင်စလို မဝင်သွားသေးဘဲ ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ အနီးဝန်းကျင်ကို အချိန်တစ်ခုကြာ စူးစမ်းစစ်ဆေးကြည့်ပြီး ဤစွန့်ပစ်ထားသောအိမ်ကို မည်သူမျှ မဝင်ရောက်ခဲ့ကြောင်း သေချာအတည်ပြုသည်။
ထို့နောက်မှသာ ထရပ်၍ အိမ်ထဲသို့ သတိကြီးစွာထားလျက် ဦးတည်သွားခဲ့သည်။
အိမ်၏နေရာပေါင်းများစွာမှာ ယိုယွင်းပျက်စီးနေပြီးဖြစ်၏။ ပြတင်းပေါက်များသည် ပျက်စီးနေခဲ့သည်မှာ အချိန်ကြာမြင့်နေပြီဖြစ်သောကြောင့် ကျိုးပဲ့နေသော သစ်သားများအဖြစ်သာ ကျန်ရှိလေသည်။ ၎င်းတွင် အမည်မသိရသော တိရစ္ဆာန်များ၏ အညစ်အကြေးများလည်း ရှိနေလေရာ ခံနိုင်ရည်မရှိဖွယ်သော အနံ့အသက်များ ထုတ်လွှတ်နေပေသည်။
ဖြတ်သွားဖြတ်လာများသည် ဤအိမ်ကို တစ်ချက်လေးမျှပင် လှည့်ကြည့်လိုစိတ်မရှိကြပေ။
ထို့ပြင် အိမ်နီးနားချင်းအိမ်များသည်လည်း ဤနေအိမ်နှင့် အတော်လေးကွာဝေး၏။ သို့ဖြင့် ဤအိမ်မှာ ယိုယွင်းပျက်စီးနေသော နေအိမ်ကြီးတစ်လုံးအဖြစ် တစ်သီးတခြားဖြစ်တည်နေတော့သည်။
ချန်ကျဲ့သည် တံခါးအနီးသို့ ချဉ်းကပ်သွားလိုက်ကာ အိုဟောင်းဆွေးမြေ့နေပြီဖြစ်သော သစ်သားတံခါးကို ဖြည်းညင်းစွာ တွန်းဖွင့်လိုက်သည်။
ကျွီ ကျွီ…
သစ်သားတံခါးပတ္တာမှ နာကျင်စွာညည်းတွားသံ ထွက်ပေါ်လာခဲ့သည်။
ဖျပ် ဖျပ်…
တံခါးဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် လင်းနို့များသည် လွတ်မြောက်ရာလမ်းတစ်ခုကို ရှာတွေ့သွားသည့်အလား တောင်ပံများကို တဖျပ်ဖျပ်ခတ်၍ ပျံသန်းထွက်ခွာသွားကြသည်။
ချန်ကျဲ့သည် စိတ်မသက်မသာဖြစ်မှုကြောင့် နောက်ဆုတ်သွားရ၏။ ထို့နောက်တွင် နီဝမ့်ကျွင်း၏ပြောခဲ့သည့်အတိုင်း အထဲသို့ဝင်ရောက်၍ အိုဟောင်းဆွေးမြေ့နေသော ဟင်းရွက်သိုလှောင်သည့် မြေအောက်ခန်းကို ရှာဖွေလိုက်သည်။
အဟွတ် အဟွတ်…
မီးတုတ်တစ်ချောင်းကို မီးထွန်းညှိလိုက်ပြီး ချန်ကျဲ့ မြေအောက်ခန်းထဲသို့ ဆင်းသွားလိုက်သည်။ မဲမှောင်နေသော ထောင့်တစ်နေရာ၌ အပေါက်အပြဲများဖြင့် အိတ်တစ်လုံးကို ရှာတွေ့ခဲ့သည်။ ကြည့်ရသည်မှာ အသက်ရှူကြပ်၍ မသေသွားစေရန် အပေါက်ဖောက်ထားပေးခြင်း ဖြစ်လောက်၏။
ချန်ကျဲ့ ထိုအိတ်အနီးသို့ လျှောက်သွားပြီး အိတ်ကို ကြိုးဖြည်လိုက်သည်။
ထိုအခါ အလွန်တရာလှပသော မိန်းကလေးငယ်လေးတစ်ဦး ထွက်ပေါ်လာခဲ့သည်။
မိန်းကလေးသည် သတိလစ်မေ့မျောလုနီးပါး ဖြစ်နေသည့်အလား မျက်လုံးများကို တင်းတင်းကျပ်ကျပ် ဖိမှိတ်ထား၏။
ချန်ကျဲ့ တွန့်ဆုတ်သွားခဲ့သည်။
မဟုတ်မှ ဒီမိန်းကလေး အသက်ရှူကြပ်ပြီး သေသွားပြီလား။
ဒါနဲ့ ဒီလှပတဲ့မိန်းမငယ်လေးက အစ်ကိုနီရဲ့ ချစ်ရသူများလား။
ဒါမှမဟုတ် အစ်ကိုနီက အဓမ္မကျင့်သူအဖြစ် ဘေးပန်းအလုပ်လုပ်နေတာလား။
ဒါမှမဟုတ် ဒီမိန်းကလေးရဲ့ သရုပ်မှန်က သာမန်မဟုတ်တာများလား။ အစ်ကိုနီကို မရပ်မနား အသည်းအသန် လိုက်ရှာဖွေနေကြတာက ဒီမိန်းကလေးကြောင့်များ ဖြစ်နေမလား။
ချန်ကျဲ့၏စိတ်ထဲတွင် အတွေးပေါင်းစုံ ဝင်ရောက်လာခဲ့သည်။
ဒါပေမဲ့ အခုလောလောဆယ်တော့ ပြဿနာတက်ပြီထင်တယ်။ ဒီမိန်းကလေးကြည့်ရတာ အသက်ရှူကြပ်သွားပုံပဲ။ ဒါက တကယ့်ကိစ္စကြီးနော်- ဒီလိုအရေးကြီးတဲ့လူတစ်ယောက်သာ သေသွားခဲ့ရင် ပြဿနာတွေ အရမ်းကြီးလာတော့မှာပဲ။
ထိုသို့အတွေးဖြင့် ချန်ကျဲ့ သယ်ယူလာသော အစားအသောက်များကို ချလိုက်သည်။
အိတ်ဘေးဘက်တွင်ချည်ထားသော ကြိုးများကိုလည်း ဖြည်ပေးလိုက်ပြီး မိန်းကလေးကို ကြမ်းပြင်တွင် ပက်လက်လဲလျောင်းစေလိုက်သည်။ ထို့နောက် သူမ၏ပါးစပ်တွင် ဆို့ထားသော အဝတ်ကို ဖယ်ထုတ်ပေးလိုက်သည်။ လဲလျောင်းနေသည့် သူမ၏ပုံစံလေးသည် အံ့ဩမင်သက်ဖွယ်ကောင်းလောက်အောင် လှပပေသည်။
ဒီလိုအလှလေးက အရမ်းရှားပါးတယ်။ စူးယွင်ကျင်းထက်တောင် ပိုပြီးဆွဲဆောင်မှုရှိလောက်တယ်။
ဒါမှမဟုတ် စူးယွင်ကျင်းနဲ့ တန်းတူရှိတဲ့ အလှတရားမျိုးလည်း ဖြစ်နိုင်တာပဲ။
ဒါပေမဲ့ အလုပ်တွေ ပင်ပင်ပန်းပန်းလုပ်ခဲ့ရတဲ့ စူးယွင်ကျင်းက ပညာရှိအမျိုးသမီးတစ်ယောက်လို အရှိန်အဝါမျိုးရှိနေပြီး အမြဲတမ်း တင့်တယ်လှပနေတာ။
ဒီမိန်းကလေးက စူးယွင်ကျင်းလို နှစ်လိုဖွယ်ကောင်းပေမဲ့ သူမရဲ့မျက်လုံးတွေမှာ လှည့်စားတတ်တဲ့ အငွေ့အသက်မျိုးရှိတယ်။ ဒီမိန်းကလေးက သေချာပေါက် ကိုင်တွယ်ရလွယ်ကူတဲ့မိန်းကလေး မဖြစ်နိုင်ဘူး။
“ဟေး ထတော့ ဟေး ထတော့”
ချန်ကျဲ့ မိန်းကလေး၏ နှစ်လိုဖွယ်ပါးပြင်လေးကို ပုတ်နှိုးသည်။ သို့သော် မိန်းကလေးသည် လုံးဝ တုံ့ပြန်မှုမရှိပေ။
သို့သော် ချန်ကျဲ့မှ အနီးကပ်၍ စစ်ဆေးကြည့်ခဲ့လျှင် ခန္ဓာကိုယ်အောက်တွင် ဖုံးကွယ်ထားသော သူမ၏လက်ချောင်းလေးများ အနည်းငယ် လှုပ်ရှားနေသည်ကို သတိထားမိပေလိမ့်မည်။
ချန်ကျဲ့သည် မျက်မှောင်ကြုတ်လျက် နောက်ထပ် ဘာဆက်လုပ်ရမည်နည်းဟု တွေးတောနေခဲ့သည်။
ချန်ကျဲ့ သူမ၏ အသက်ရှူနှုန်းကို လက်လှမ်း၍ စမ်းသပ်ကြည့်လိုက်သည်။ ထိုအခါ မိန်းကလေးမှာ အသက်မရှူတော့ကြောင်း သိရှိလိုက်ရသည်။
ဒါက တကယ်ကြီး အရေးပေါ်အခြေအနေပဲ။
ဒီမိန်ကလေးက အစ်ကိုနီအတွက် အရေးကြီးတဲ့ဓားစာခံလား။
မဖြစ်ဘူး။ ငါသူ့ကို ဒီတိုင်း အသေခံလိုက်လို့မဖြစ်ဘူး။
ထို့နောက် ချန်ကျဲ့သည် မိန်းကလေး၏ခန္ဓာကိုယ်ကို တစ်ဖန်ပြန်၍ စမ်းသပ်ကြည့်ခဲ့ရာ ခန္ဓာကိုယ်မှာ မအေးစက်သေးပေ။ သို့ဖြစ်ရာ ဤမိန်းကလေး အသက်ရှူရပ်သွားသည်မှာ မကြာလောက်သေးပေ။
အသက်ကယ်တင်နိုင်မည့် မျှော်လင့်ချက်ရှိနေသေး၏။
ပါးစပ်မှ လေသွင်းထည့်ပေး၍ အသက်ကယ်တင်ပေးရပေမည်။
ချန်ကျဲ့မှ နောက်ဆက်လုပ်မည့်အရာကို ဆုံးဖြတ်ပြီးချိန်တွင် မြေပြင်တွင်လဲလျောင်းနေသော မိန်းကလေးသည် စိတ်ထဲမှ ကျိန်ဆဲနေခဲ့သည်။
ဒီလူယုတ်မာကောင်ကတော့ နည်းနည်းလောက်ပိုပြီး ညင်ညင်သာသာလေးလုပ်လို့ မရတော့ဘူးလား။ သူရိုက်တာနဲ့ ငါ့မျက်နှာလေး နာနေပြီ!
“မဖြစ်ဘူး ကျောက်ယာ၊ နင်သည်းခံနိုင်ရမယ်။ နင်သေချာပေါက် ဒီမကောင်းဆိုးဝါးကောင်ရဲ့ လက်ထဲက လွတ်မြောက်နိုင်ရမယ်!”
“ငါလွတ်မြောက်တာနဲ့ ငါ့အဖေရဲ့စစ်သည်တွေကို လူယုတ်မာကောင်ကို အရှင်လတ်လတ် အရေဆုတ်ပြီး အပိုင်းပိုင်းခုတ်ထစ်ခိုင်းပစ်မယ်– လူယုတ်မာကောင် ငါလို ခရိုင်မင်းသမီးတစ်ပါးကို ဖမ်းဆီးရဲတယ်ပေါ့လေ!”
“ဟမ် သူဘာလုပ်နေတာလဲ?”
ကျောက်ယာသည် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သည်။ သို့သော် အမျိုးသားထံမှ တုံ့ပြန်မှုမရှိသောအခါ သူမ သံသယဝင်လာခဲ့သည်။ ထိုစဉ် သူမသည် အမျိုးသားထံမှာ လက်နှစ်ဖက်ကိုပွတ်နေသော အသံကို ကြားလိုက်ရသည်။
လက်နှစ်ဖက်ကိုပွတ်နေတယ်?... အဲဒါက ဘာလုပ်ဖို့လဲ?
ကျောက်ယာသည် နားမလည်နိုင်ဖြစ်နေ၏။ ထိုစဉ် ချန်ကျဲ့သည် သူမ၏ အဆုတ်နှင့်ထပ်တူညီမည့်နေရာကို ဖိပေးရန်အတွက် အတိုင်းအတာ မှန်းဆနေသည်။
အရင်ဆုံး ဖိပေးရမယ်၊ နောက်မှ လေသွင်းပေးရမှာ ဟုတ်ပါတယ်နော်? ငါ စီပီအာ သင်ဖူးခဲ့တာ ဘဝကူးလာတော့ မေ့တေ့တေ့ဖြစ်နေပြီ