မိန်းကလေး ၊ ကျွန်တော် ဒါကို အတည်ယူမှာနော်
Vol. 7 Ch. 86
အရေးပေါ်အသက်ကယ်နည်း!
မျက်မှောက်ခေတ်လူသားတွေရဲ့ နံပါတ်တစ်ရှေးဦးသူနာပြုစုနည်းအဖြစ် သတ်မှတ်ထားတဲ့နည်းလမ်းပဲဟာ မှန်လောက်မှာပါလေ။
ထို့နောက် ချန်ကျဲ့သည် စိတ်လှုပ်ရှားစွာဖြင့် လက်နှစ်ဖက်ကိုပွတ်သပ်၍ ပစ်မှတ်နေရာကို လက်ရွယ်လိုက်သည်။
ဖိမယ်!
ထိုစဉ် မိန်းမငယ်လေးကျောက်ယာသည် ပို၍စိတ်ရှုပ်ထွေးလာခဲ့၏။
သူတကယ်ပဲ ဘာလုပ်နေတာလဲ။
သို့သော် နောက်တဒင်္ဂတွင်မူ သူမ၏ရင်ဘတ်ကို ရုတ်တရက် အဖိခံလိုက်ရကြောင်း ခံစားလိုက်ရသည်။ သူမသည် ရုတ်တရက်ကျရောက်လာသော ထုံကျင်မှုကြောင့် လန့်ဖျပ်သွားကာ မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်မိလိုက်တော့သည်။
…
သို့သော် ထိုထက်ပို၍ ကြောက်စရာကောင်းသောအရာကြီး ဖြစ်ပျက်ခဲ့သည်။ အမာရွတ်ဖြင့်မျက်နှာကြီးသည် အောက်သို့ငုံ့ကိုင်းလာခဲ့ပြီး သူမ၏နှုတ်ခမ်းပေါ်သို့ တိကျပြတ်သားစွာ ဖိကပ်လိုက်သည်ကို မြင်လိုက်ရပြီးနောက် လေမှုတ်သွင်းခံလိုက်ရလေသည်။
ဝူး ဝူး ဝူး…
မိန်းကလေး၏ မျက်လုံးများသည် အံ့အားသင့်မှုနှင့် ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေသည်။ သူမကဲ့သို့သော ခရိုင်မင်းသမီးတစ်ပါးသည် ဘယ်တုန်းကများ ဤသို့သော နိမ့်ကျသည့်အပြုအမူမျိုးဖြင့် ပြုမူခြင်းခံရဖူးပါအံ့နည်း။
သူမ လုံးဝ ကြောင်အသွားခဲ့သည်။ သူမ၏ ဖြူစင်မှုကို ညစ်ထွန်းသွားပြီ ဖြစ်၏။
သူမကို ပြန်ပေးဆွဲခဲ့သော အမာရွတ်မျက်နှာဖြင့်လူသည် အနည်းငယ် နိုင်ထက်စီးနင်းဆန်သော်ငြား ယခင်က ဤသို့နိမ့်ကျသည့်အပြုအမူမျိုးကို ဘယ်သောအခါမှ မပြုလုပ်မည့်ပုံစံ မရှိပေ။ သူဒီနေ့ ဘာဖြစ်တာလဲ။
သူ့ရဲ့ပုံစံအစစ်အမှန်ကို ပြသလာပြီလား။
ဟမ်?!
ထိုအချိန်တွင် ချန်ကျဲ့လည်း ကြောင်အ,သွားခဲ့သည်။
ရင်ဘတ်ကိုတစ်ချက်နှိပ်ပြီး ပါးစပ်ချင်းတေ့ လေမှုတ်သွင်းတာကို တစ်ခေါက်လုပ်လိုက်ရုံနဲ့ လူက ပြန်ရှင်လာတာလား။
ဒါက... ဒါက ဆေးဘက်ဆိုင်ရာ အံ့ဖွယ်ဖြစ်ရပ်ကြီးပဲ!
တိတ်ဆိတ်မှုတွင် ဆုံစည်းသွားကြသော သူတို့၏မျက်လုံးများသည် စကားလုံးများထက် ပို၍ကျယ်လောင်ပေသည်။ ချန်ကျဲ့၏လက်များသည် ရင်ဘတ်နေရာတွင် ရှိနေဆဲဖြစ်ပြီး မရည်ရွယ်ဘဲနှင့် ထပ်မံပွတ်သပ်လိုက်ရင်း ညှစ်မိသလို ဖြစ်သွားသည်။
အွန့်!
မိန်းကလေးသည် ထိတ်လန့်သွားပြီး ရှက်ရွံ့ခြင်း၊ မကျေနပ်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ ရုတ်တရက် ပေါက်ကွဲလာကာ သူမ၏ တောက်ပသော မျက်လုံးလေးများမှ မျက်ရည်များ စီးကျလာသည်။
မိန်းကလေး ငိုသွားသည်ကို မြင်သောအခါ ချန်ကျဲ့မှာ အနည်းငယ် အနေခက်သွားရ၏။ ထိုအချိန်တွင် သူသည် လက်များကို ရုတ်သိမ်းလိုက်ကာ သူ၏ပါးစပ်ကိုလည်း ထိုနွေးထွေးသောနေရာမှ ဖယ်ခွာလိုက်သည်။
ထိုအခိုက်အတန့်တွင် မိန်းကလေးသည် ထပ်မံ၍ မထိန်းချုပ်နိုင်တော့ဘဲ ဝါးကနဲ ငိုကြွေးလေသည်။
ချန်ကျဲ့ ထိတ်လန့်သွား၏။ ယခုအချိန်တွင် သူမကို အော်ငိုခွင့်မပြုနိုင်သောကြောင့် မိန်းကလေး၏ ပါးစပ်ကိုပိတ်ရန် လက်လှမ်းလိုက်သည်။
ချန်ကျဲ့သည် မိန်းကလေး၏ပါးစပ်ကို ပိတ်လိုက်နိုင်ပြီဟု ထင်လိုက်သော်ငြား မမျှော်လင့်ဘဲ မိန်းကလေးသည် သူ၏ လက်မနှင့် လက်ညှိုးကြားရှိ အသားကို ပြင်းထန်စွာ ကိုက်လိုက်သည်။
သူမ၏ သွားများသည် အရေပြားသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်၏ အရေပြားကို ပေါက်ထွက်သွားသည်အထိ ကိုက်နိုင်လောက်အောင် ချွန်ထက်သည်ဖြစ်နိုင်၏။ သူမသည် ချန်ကျဲ့၏အရေပြားမှ သွေးထွက်အောင် ကိုက်ပစ်ခဲ့သည်။
"လွှတ်စမ်း!"
နာကျင်မှုနှင့် ဒေါသကြောင့် ချန်ကျဲ့ ပြောလိုက်သည်။
သို့သော် မိန်းကလေးသည် ချန်ကျဲ့ကို ဂရုမစိုက်ပါဘဲ သူမ စိတ်ကျေနပ်သည်အထိ အသားစတစ်စကို ကိုက်ဖြတ်ပစ်ရန် ဆုံးဖြတ်ထားပုံရသည်။
ဒေါသထွက်သွားသော ချန်ကျဲ့သည် ဘယ်ဘက်လက်ကို ရင်ဘတ်ဖိရန် မှန်ကန်သောနေရာတွင် ပြန်တင်လိုက်သည်။
"အွန့်!"
မိန်းကလေးသည် နာကျင်မှုကို ခံစားလိုက်ရပြီးနောက် ချန်ကျဲ့ကို ခါးခါးသီးသီး စိုက်ကြည့်လာသော်လည်း ကိုက်ထားသည်ကို မလွှတ်ပေ။
ချန်ကျဲ့မှ ပြောသည်။
"မင်းမလွှတ်ရင် ငါ ညှစ်မှာနော်!"
"ဟင်း ဟင်း ဟင်း..."
မိန်းကလေးသည် အသက်ရှူသံများ ပို၍ပြင်းထန်လာကာ သူမ၏ သနားစရာ မျက်လုံးလေးများမှ မျက်ရည်များ တစ်စက်ပြီးတစ်စက် စီးကျလာသည်။ သို့တိုင် သူမသည် လွှတ်ပေးရန် ငြင်းဆန်နေဆဲပင်။
ထို့နောက် ချန်ကျဲ့ သူမကိုပြောလိုက်သည်။
"ငါတို့နှစ်ယောက်လုံး ခြေတစ်လှမ်းဆုတ်ကြရအောင်။ မင်းက ကိုက်ထားတာကို လွှတ်လိုက်၊ ငါက လက်ကို ဖယ်လိုက်မယ်။ ငါတို့ လက်ဆွဲနှုတ်ဆက်ပြီး ငြိမ်းချမ်းရေးယူကြရအောင်လေ”
မိန်းကလေးသည် ခဏမျှ စဉ်းစားပြီးနောက် ဖြည်းဖြည်းချင်း ကိုက်ထားသည်ကို လွှတ်ပေးလိုက်သည်။
ချန်ကျဲ့လည်း ယခင်နေရာမှ သူ၏လက်ကို ဖယ်လိုက်သည်။
သူတို့သည် တစ်နည်းတစ်ဖုံဖြင့် မျှခြေတစ်ခုသို့ ရောက်ရှိသွားပုံရသည်။
နှစ်ဦးသားမှာ အပြန်အလှန် ငေးစိုက်ကြည့်နေကြ၏။
ချန်ကျဲ့သည် သွေးထွက်နေသော လက်ကို ငုံ့ကြည့်လိုက်ပြီး ညင်သာစွာ လေမှုတ်လိုက်သည်။
"မင်းက ခွေးလား ဘာလား၊ ဒီလောက်တောင် ပြင်းပြင်းထန်ထန် ကိုက်တာ၊ ဒါ အမာရွတ်ကျန်လိမ့်မယ်ကွ!"
မိန်းကလေးမှ အေးစက်စွာ ပြန်ပြောသည်။
"ရှင့်မှာ အမာရွတ်တစ်ခု ထပ်တိုးတော့ရော ဘာအရေးလဲ။ ရှင့်မျက်နှာမှာ အမာရွတ်တွေ ရှိနေပြီးသားပဲလေ!"
ချန်ကျဲ့သည် ဒဏ်ရာကို သုတ်ရင်း မေးလိုက်သည်။
"မင်းဘာလို့ သေယောင်ဆောင်နေတာလဲ?"
မိန်းကလေးမှ ပြန်ပြောသည်။
“ကျွန်မ သေယောင်ဆောင်နေတာ မဟုတ်ပါဘူး၊ ဒီတိုင်း အိပ်ပျော်သွားတာ။
ရှင်က အခွင့်အရေးသမားတစ်ယောက်ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ ရှင့်အစား ရှက်မိတယ်!"
"အမ်? ငါ မင်းကို ကယ်နေတာလေ!"
ချန်ကျဲ့မှ အလေးအနက် ပြောသည်။
"ရှင်တို့မိသားစုက လူကယ်တာကို အဲဒီလိုကယ်တာလား?!"
မိန်းကလေး၏အသံသည် အမျက်ဒေါသများ၊ အရှက်ရခြင်းများဖြင့် ပြည့်နှက်နေသည်။
"သိုင်းလောကသားတွေက ရှင့်ရဲ့ကိုယ်ကျိုးမငဲ့တဲ့ လုပ်ရပ်တွေအတွက် ရှင့်ကို သူရဲကောင်းနီလို့ ခေါ်နေကြသေးတာ အံ့သြစရာပဲ။ ဒါတောင် ရှင်က အခွင့်အရေးသမားထက် ပိုဆိုးတဲ့အရာတွေကို တိတ်တိတ်လေး လုပ်နေသေးတယ်!”
"ငါ... ထားပါတော့။ ငါမင်းနဲ့ ပြိုင်မငြင်းတော့ဘူး။ စားလိုက်၊ စားပြီးရင် အိတ်ထဲ ပြန်ဝင်တော့!”
"အာ~"
မိန်းကလေးသည် အံ့အားသင့်သွားပြီး မျက်နှာအမူအရာ ပျော့ပျောင်းသွားကာ ပြောသည်။
"သူရဲကောင်း နီ၊ ကျွန်မ ရှင့်ကို လူဆိုးကြီးလို့ မခေါ်တော့ပါဘူး။ ကျေးဇူးပြုပြီး ကျွန်မကို ဒီကနေ ခေါ်ထုတ်သွားပေးပါ။ ဒီနေရာက မှောင်မဲပြီး အနံ့ဆိုးတယ်၊ မိန်းကလေးတစ်ယောက်အတွက် ဒီမှာနေရတာ အရမ်းကြောက်ဖို့ကောင်းတယ်၊ ကျွန်မကို ဒီနေရာကနေ ခေါ်ထုတ်သွားပေးပါနော်!"
"ကျွန်မ နေရောင် မမြင်ရတာ ရက်ပေါင်းများစွာကြာနေပြီ!"
မိန်းကလေးမှ တောင်းပန်တိုးလျှိုးသည်။
နီဝမ့်ကျွင်းသည် သူမကို သွေးကြောမှတ်ကို အပ်စိုက်ခဲ့ခြင်းကြောင့် ထုံသွားခဲ့ခြင်းလော သို့မဟုတ် မွှေးရနံ့အရိုးပျော့ဆေးမှုန့်ကြောင့်လော မသိပေ။ အလွန် အားနည်းနေေပသည်။ သို့မဟုတ်ပါက ဤအိတ်ငယ်လေးသည် သူမကို အဘယ်သို့များ ထိန်းထားနိုင်ပါအံ့နည်း။
မိန်းကလေးမှ တောင်းပန်နေသော်ငြား ယခုအချိန်တွင် သူမကို လွှတ်ပေးလိုက်ခြင်းသည် သေခြင်းကိုတောင်းဆိုလိုက်ခြင်းပင် ဖြစ်ကြောင်းကို ချန်ကျဲ့ ကောင်းစွာ သိပါ၏။
အပြင်ဘက်တွင် အခြေအနေ မငြိမ်သက်ပေ။ ရှန်းထောင်မြို့တစ်မြို့လုံးသည် နီဝမ့်ကျွင်းကို ရှာဖွေနေကြသည်။ ယခုအချိန်တွင် ဤမိန်းကလေးကို အခြားသူများ မြင်တွေ့သွားခဲ့လျှင်…
သူမ၏ သရုပ်မှန်ကို ချန်ကျဲ့ သေချာမသိသော်ငြား သူမသည် သာမန်လူတစ်ယောက် မဟုတ်ကြောင်းမှာ ခန့်မှန်းနေရန်ပင် မလိုအပ်ပါချေ။ ယခုအချိန်တွင် လူအားလုံး ဤမျှ အုတ်အော်သောင်းတင်း ဖြစ်နေရခြင်းသည်ပင် သူမကို ရှာဖွေရန် ဖြစ်နိုင်၏။ အကယ်၍ မဆင်မခြင်ဖြင့် သူမကို လွှတ်ပေးလိုက်လျှင် ၎င်းမှာ မိုက်မဲလွန်းရာကျပေလိမ့်မည်။
"မရဘူး၊ ဒီမှာပဲနေ။ မြန်မြန်စား၊ ငါ့မှာ လုပ်စရာတွေရှိသေးတယ်"
ချန်ကျဲ့ မိန်းကလေးကို ပြောလိုက်သည်။
မိန်းကလေးသည် မျက်မှောင်ကြုတ်သွား၍ ပြန်ပြောလာ၏။
"ရှင် ဘာလို့ ဒီလိုလုပ်ရတာလဲ။ ကျွန်မက နေရောင်လေး ခံချင်ရုံပဲကို။ ရှင့်ကို အများကြီး တောင်းဆိုနေတာလည်း မဟုတ်ဘဲနဲ့ ဒီလိုကြီး ငြင်းမှဖြစ်မှာလား”
ချန်ကျဲ့မှ ပြန်ပြောသည်။
"မရဘူးဆို မရဘူးပဲ"
"ဒါဆိုလည်း ကျွန်မ သန့်စင်ခန်းသုံးချင်တယ်!"
"အင်း သွားပါ"
ချန်ကျဲ့သည် မလှမ်းမကမ်းရှိ ထောင့်တစ်ခုကို လက်ညှိုးညွှန်ပြလိုက်သည်။
ထိုအခါ မိန်းကလေးသည် ဒေါသထွက်သွားခဲ့ကာ အော်ဟစ်တော့သည်။
"ရှင်က ပြီးရင် ကျွန်မကို ဒီမှာ ကြိုးချည်ထားခဲ့မှာလေ။ ကျွန်မကို မစင်တွေနဲ့အတူ နေစေချင်တာလား”
ချန်ကျဲ့ ရယ်မောလိုက်သည်။
"မင်းရဲ့ အညစ်အကြေးတွေပဲဟာ၊ အဲဒီလောက်ကြီး ရွံရှာနေဖို့ မလိုပါဘူး!"
"ရှင်..."
မိန်းကလေးသည် ဒေါသထွက်နေခဲ့သည်။ တစ်ခုခု မှားယွင်းနေသည်ဟုလည်း ခံစားနေရ၏။ ဤလူသည် နီမန့်ဇစ်၏ မျက်နှာကို ပိုင်ဆိုင်ထားသော်ငြား လုံးဝ ကွဲပြားခြားနားနေပေသည်။
နီမန့်ဇစ်သည် သိုင်းပညာကျွမ်းကျင်သော်ငြား စကားပြောကောင်းသူ မဟုတ်ပေ။ သို့သော် ဤနီမန့်ဇစ်သည် ကက်ကက်လန်အောင်စွာကာ လျှာထက်ပေသည်။
ထို့အပြင် ဤနီမန့်ဇစ်သည် စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး ကာမဂုဏ်ကို မက်မောကာ နှာဘူးထအရှက်ကင်းမဲ့၏။
မကြာမီက ဖြစ်ပျက်ခဲ့သော ရှက်စရာကောင်းသည့် မြင်ကွင်းကို ပြန်လည်တွေးတောမိသောအခါ မိန်းကလေးသည် ဤနီမန့်ဇစ်ကို အရေခွံဆုတ်၍ တစ်ကိုယ်လုံး မြိုချပစ်လိုက်လိုသည်။ သူမကဲ့သို့သော ခရိုင်မင်းသမီးတစ်ပါးသည် ငယ်စဉ်ကတည်းက ဤသို့သော အရှက်ရမှုမျိုးကို ဘယ်သောအခါမှ မခံစားခဲ့ရဖူးပေ။
"ဟေး ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပေါ့ပါးအောင်လုပ်ဖို့လိုတယ်!”
မိန်းကလေးမှ ဆက်ပြောခဲ့သည်။ ထိုအခါ ချန်ကျဲ့မှ ပြောသည်။
"လုပ်လေ၊ ငါ ချောင်းမကြည့်ပါဘူး"
"ရှင် ထွက်သွားစမ်း!"
ချန်ကျဲ့သည် မိန်းကလေး၏ ရှက်ရွံ့ကာ စိတ်အနှောင့်အယှက်ဖြစ်နေသော မျက်နှာအမူအရာကို ကြည့်လျက် ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။
"ဒါဆိုလည်း ငါ မြေအောက်ခန်းအပေါ်မှာ ရှိနေမယ်။ ကောင်းကောင်းနေ၊ ထွက်ပြေးဖို့ မစဉ်းစားနဲ့"
"ဘယ်သူက ထွက်ပြေးမှာလဲ! အခု ကျွန်မမှာ အားအင်မရှိလို့ ထွက်ပြေးဖို့ မပြောနဲ့ မြေအောက်ခန်းအပါ်ကိုတောင် မတက်နိုင်ဘူး”
ထိုအခါ ချန်ကျဲ့သည် ခြေတစ်လှမ်းလှမ်းကာ ခါးကိုင်းညွှတ်လိုက်ပြီး မြေအောက်ခန်းမှ ပျံထွက်လိုက်သည်။ မိန်းကလေးသည် ချန်ကျဲ့၏ ထွက်ခွာသွားသောကျောပြင်ကို ကြည့်၍ မျက်လုံးများအကြည့် လျင်မြန်စွာ ပြောင်းလဲလှုပ်ရှားသွားသည်။ ဤလူသည် နီမန့်ဇစ် မဖြစ်နိုင်ပေ။ နီမန့်ဇစ်၏ခြေလက်များသည် ထိုသို့ ကိုးယိုးကားယားမနိုင်ပေ။
ဒါပေမဲ့ သူ့မျက်နှာက နီမန့်ဇစ်နဲ့ တစ်ပုံစံတည်းပဲလေ အဲဒီတော့–
ဒါက မျက်နှာအတုကြီးပဲ။ ရုပ်ပြောင်းရုပ်လွှဲအတတ်များလား။
တစ်ခါတလေ ကောင်းကင်နှင့်ကမ္ဘာမြေပိုက်ကွန်ကို ဖြန့်ကျက်ထားတာတောင် နီမန့်ဇစ်ကို ဖမ်းမမိနိုင်တာ အံ့သြစရာမရှိတော့ပါဘူး။
ဆိုလိုသည်မှာ တရားရုံးတော်၏ ဖမ်းဝရမ်းတွင်ပါရှိသော မျက်နှာမှာ အတုအယောင် ဖြစ်နေခြင်းပင်။