ကျွန်မကိုတာဝန်ယူ
Vol. 7 Ch. 87
အရည်အချင်းမရှိတဲ့ ငတုံးကောင်တွေ!
မိန်းကလေး၏ မျက်နှာထက်တွင် သူမ၏ အပြစ်ကင်းစင်မှုနှင့် မကိုက်ညီသော အမူအရာတစ်ခု ထွက်ပေါ်လာခဲ့သည်။
သို့သော် လက်ရှိပြဿနာမှာ သူမသည် နီမန့်ဇစ်၏ လက်အောက်သို့ ရောက်ရှိနေခြင်းဖြစ်ရာ မည်သို့ လွတ်မြောက်နိုင်မည်နည်းဟူသည့် အချက်ပင်။
မိန်းကလေးသည် စဉ်းစားနေ၏။ နီမန့်ဇစ်၏လက်မှ ထွက်ပြေးလွတ်မြောက်နိုင်မည့် အလားအလာမှာ နည်းပါးသော်ငြား ဒီနေ့ရောက်လာသော ဤလူသည် တဏှာရူးလူရမ်းကားကောင်ဖြစ်သည်။ သူမအနေဖြင့် ထိုအချက်ကို အသုံးချနိုင်ပါက လွတ်မြောက်နိုင်ခြေရှိပေသည်။
သူမ လွတ်မြောက်သွားသည်နှင့် သူမ၏ဖခင်ကို စစ်သားများ စေလွှတ်စေကာ ထိုလူယုတ်မာ နီမန့်ဇစ်နှင့် တဏှာရူးကောင်တို့ကို အပိုင်းပိုင်းဆုတ်ဖြဲပစ်စေမည်။
ထိုသို့တွေးတောလျက် မိန်းကလေး၏မျက်လုံးများမှာ တဖြည်းဖြည်း စူးရှတောက်ပလာ၏။
သူမသည် မိမိ၏ ကံဆိုးမိုးမှောင်ကျမှုကြောင့် စိတ်အနှောင့်အယှက်လည်း ဖြစ်မိပေသည်။ သူမသည် တင်းပြည်နယ်သို့ ခရီးစဉ်အား အပန်းဖြေခရီးတစ်ခုအဖြစ် သွားရောက်ရန် ရည်ရွယ်ထားခြင်းဖြစ်သော်လည်း နီမန့်ဇစ်မှ ရုတ်တရက် ပုန်ကန်မှုကျူးလွန်လာလိမ့်မည်ဟု မည်သူကများ ထင်ထားပါအံ့နည်း။ သူမ၏ခွန်အားသည် နီမန့်ဇစ်ကို ယှဉ်နိုင်စွမ်းမရှိခဲ့ဘဲ နီမန့်ဇစ်၏ ဖမ်းဆီးခံခဲ့ရပြီး ဤသို့သော အရှက်ရမှုကို ခံစားခဲ့ရသည်။
ဘယ်လောက်တောင် ဒေါသထွက်စရာကောင်းလိုက်သလဲ!
"ဟေ့ မင်း မပြီးသေးဘူးလား”
ချန်ကျဲ့ အပေါ်မှ လှမ်းခေါ်လိုက်သောအခါ မိန်းကလေးသည် အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ သူမသည် မြေပြင်ပေါ်ရှိ ရေဘူးကို သတိထားမိကာ အားနည်းစွာဖြင့် ရေဘူးကို ကောက်ယူလိုက်ပြီး ထောင့်သို့ သွားကာ ရေအနည်းငယ် ဖြန်းလိုက်သည်။
ထို့နောက် ပြောသည်။
"ပြီးပြီ၊ အခု ဆင်းလာလို့ရပြီ"
ချန်ကျဲ့သည် မြေအောက်ခန်းထဲသို့ ခုန်ဆင်းလိုက်သည်။ ထို့နောက် လေကို ရှူရှိုက်ကြည့်ကာ ထောင့်သို့ လှမ်းကြည့်ရင်း ပြောလိုက်သည်။
"ရေက သောက်ဖို့၊ ဖြန်းဖို့ မဟုတ်ဘူး"
ထိုစကားကို ကြားသောအခါ မိန်းကလေးသည် ပြန်လည်မချေပဘဲ ပြုံးလိုက်သည်။
"ရှင်က နီမန့်ဇစ် မဟုတ်ဘူး ဟုတ်တယ်မလား"
ချန်ကျဲ့မှ ပြန်ပြောသည်။
"ဘယ်သူပြောလဲ? ငါက တကယ့်ကို နီမန့်ဇစ်ပါပဲ!"
"စကားလုံးတွေနဲ့ ကျွန်မကို လှည့်စားကောင်း လှည့်စားနိုင်လိမ့်မယ်။ ဒါပေမဲ့ ရှင့်ရဲ့အင်အားကတော့ မရဘူး။ ရှင့်ရဲ့သိုင်းပညာကို ကြည့်လိုက်ရင် အခုမှ အရေပြားသန့်စင်ခြင်းအဆင့်ကို ရောက်သေးတာလေ။ ဘယ်လိုလုပ်ပြီး နီမန့်ဇစ် ဖြစ်နိုင်မှာလဲ”
"ရှင့်ရဲ့ အဲဒီမျက်နှာကလည်း အတုပဲ မဟုတ်လား"
ချန်ကျဲ့ ရယ်မောလိုက်သည်။
"အင်အားကြီးတဲ့သူက နီမန့်ဇစ်ဖြစ်ပြီး အားနည်းတဲ့သူတွေက နီမန့်ဇစ် မဟုတ်ဘူးလို့ မင်းကို ဘယ်သူပြောလဲ။ ပြီးတော့ နီမန့်ဇစ်က လူတစ်ယောက်တည်းပါလို့ ဘယ်သူက ပြောလို့လဲ"
"ဟမ်?"
မိန်းကလေး၏မျက်လုံးအိမ်တို့မှေးကျဉ်းသွား၏။
ချန်ကျဲ့ ရယ်မောလိုက်သည်။
"ဒီမျက်နှာက မျက်နှာအတု မဟုတ်ဘဲ အမြွှာတွေရော မဖြစ်နိုင်ဘူးလား”
မိန်းကလေးသည် ‘နီမန့်ဇစ်သည် လူတစ်ယောက်တည်း မဖြစ်နိုင်’ဟူသော ချန်ကျဲ့၏မှတ်ချက်ကြောင့် အံ့အားသင့်သွားကာ နှုတ်ဆိတ်သွား၏။
ဟုတ်တာပဲ၊ နီမန့်ဇစ်က လူတစ်ယောက်တည်း မဟုတ်ရင်ရော?
အဲဒါဆိုရင် တရားရုံးတော်ရဲ့ ရာဇဝတ်သားဖမ်းဆီးရေးမူဝါဒမှာ ချို့ယွင်းချက် ရှိနေတယ်ဆိုတဲ့ သဘောသက်ရောက်နေတာ မဟုတ်လား။
သို့သော် မိန်းကလေးသည် သူမ၏အတွေးများကို ချက်ချင်း ပြန်လည်စုစည်းလိုက်သည်။
အခုအချိန်မှာ အဲဒါတွေက ဘာမှ အရေးမကြီးဘူး။ အရေးကြီးတာက သူ ဒီနေရာကနေ လွတ်မြောက်နိုင်မယ့်နည်းလမ်းကို ဘယ်လို ရှာဖွေရမလဲဆိုတာပဲ။
ထိုသို့စဉ်းစားရင်းဖြင့် မိန်းကလေးမှ ပြောသည်။
“ဟေး ရှင် ကျွန်မ ဘယ်သူလဲ သိလား”
ချန်ကျဲ့ ခေါင်းခါလိုက်သည်။
"မသိဘူး"
"ရှင် မသိချင်ဘူးလား"
"မသိချင်ဘူး"
"ဒါဆို ကျွန်မ ပြောပြမယ်။ တကယ်တော့ ကျွန်မက ဟွမ်ကျိုးစီရင်စု ရာဇဝတ်တရားသူကြီးရဲ့သမီးပဲ။ ကျွန်မနာမည်က ကျောက်ယာ!”
"ရာဇဝတ်တရားသူကြီးရဲ့မျိုးရိုးနာမည်က ဝမ် မဟုတ်ဘူးလား”
"ကျွန်မက သူ့ရဲ့ တရားမဝင်သမီးလေ။ အဲဒါကြောင့် အမေရဲ့မျိုးရိုးကို ခံယူထားတာ”
ချန်ကျဲ့ သူမကို ကြည့်လိုက်သည်။ သူမ မည်သို့မည်ပုံ လှည့်စားချင်နေသည်ကို သူ သေချာမသိပေ။
"မင်း ဘာလိုချင်လို့လဲ"
"ဒီလိုလေ၊ ကျွန်မအဖေက ကျွန်မကို အရမ်းချစ်တယ်။ ကျွန်မအမေနဲ့ အဖေက အရမ်းချစ်ကြပေမဲ့ အဖေက ရာထူးရဖို့အတွက် ဇနီးဖြစ်သူကို စွန့်ပစ်ခဲ့တယ်။ အဲဒီအတွက် အဖေက ကျွန်မအပေါ် အများကြီး အကြွေးတင်နေခဲ့တယ်။ အဲဒါကြောင့် သူက ကျွန်မရဲ့ အိမ်ထောင်ရေးကိစ္စတွေကို ကိုယ်တိုင်ကိုယ်ကျ ဆုံးဖြတ်ခွင့်ပေးထားတယ်။ ကျွန်မ ဘယ်သူ့ကို သဘောကျသည်ဖြစ်စေ၊ အဖေက အဲဒီလူကို ကောင်းမွန်တဲ့ အနာဂတ်တစ်ခု ပေးပြီး တင်တောင်းလက်ဖွဲ့တွေလည်း ရက်ရက်ရောရော ပေးလိမ့်မယ်”
"ဘယ်လောက် ရက်ရောမှာလဲ"
ချန်ကျဲ့ စူးစမ်းမေးမြန်းသည်။
"ငွေတုံး တစ်သောင်း၊ ဟွမ်ကျိုးစီရင်စုမြို့မှာ အိမ်တစ်လုံး၊ ဆိုင်ခန်း ဆယ်ခန်း၊ မြေကောင်း ဧကတစ်ထောင်၊ ပြီးတော့ သိုင်းပညာလေ့လာချင်တယ်ဆိုရင်လည်း ကျွန်မတို့ဝမ်မျိုးနွယ်ရဲ့ လက်နက်တိုက်မှာ လေ့လာဖို့ အဆင်သင့်ရှိတယ်"
ထိုစကားများကို နားထောင်ပြီးနောက်တွင် ချန်ကျဲ့မှာ သူသည်လည်း စိတ်ယိမ်းယိုင််မိကြောင်း ဝန်ခံမိရပေသည်။
ငွေတုံး တစ်သောင်း၊ မြေကောင်း ဧကတစ်ထောင်တဲ့။ အဲဒါကို ဘယ်သူက စိတ်မယိမ်းယိုင်မိဘဲ ရှိပါ့မလဲ။ ပြီးတော့ သိုင်းပညာကိုလေ့လာချင်တယ်ဆိုရင်လည်း လျှို့ဝှက်ကျမ်းတွေ အပြည့်ရှိတဲ့ လက်နက်တိုက်တစ်ခုက စောင့်နေသေးတာလေ။ အဲဒီတော့ ဘာကို စောင့်နေရဦးမလဲ။
သို့သော် ၎င်းသည် သကာရည်လောင်းထားသည့် အခွံသက်သက်သာဖြစ်ကြောင်း ချန်ကျဲ့ သိပါသည်။ အဲဒီစကားတွေကို ယုံကြည်လို့ကတော့ တကယ်ငတုံးပဲ!
ချန်ကျဲ့သည် သူမကို ယုံကြည်ဟန်ဆောင်လိုက်သည်။
"အိုး မင်းကို လက်ထပ်တဲ့သူကတော့ တကယ်ကို ချမ်းသာသွားမှာပဲ!"
ထိုအခါ မိန်းကလေးသည် ရှက်ရွံ့ဟန်ဖြင့် ပြောလာသည်။
"ရှင် ဘယ်လိုလုပ်ပြီး ကိုယ့်ကိုယ်ကို အဲဒီလိုပြောနိုင်ရတာလဲ!"
"ဟင်?"
ချန်ကျဲ့ အံ့သြသင့်သွားသောအသံဖြင့် ပြောလိုက်သည်။
"ရှင်ဘာလို့ အံ့သြနေတာလဲ။ ရှင် ခုနက လုပ်ခဲ့တာတွေ.. ပွတ်သပ်နမ်းရှုံ့ခဲ့တာတွေ လုပ်ခဲ့ပြီးမှတော့ ကျွန်မက ရှင့်ရဲ့အမျိုးသမီးဖြစ်သွားပြီ မဟုတ်ဘူးလား?"
ချန်ကျီ တွန့်ဆုတ်သွား၏။
ဤခေတ်ကာလ၏ ရိုးရာဓလေ့များအရ အမျိုးသမီးတစ်ယောက်အနေဖြင့် အနည်းငယ်သော်မျှ မတော်တရော်ပြုမူမိလျှင်ပင် ဂုဏ်သိက္ခာကျဆင်းသည်ဟု သတ်မှတ်ခံကြရပြီး ထို့နောက်တွင် မည်သူနှင့်မျှ လက်ထပ်နိုင်တော့မည် မဟုတ်ပေ။
ဒါပေမဲ့ အဲဒါက သိုင်းလောက,က မိန်းကလေးတွေအပေါ်ရော သက်ရောက်တယ်လား?
ချန်ကျဲ့ သူမကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။
မိန်းကလေးသည် ရှက်ကိုးရှက်ကန်းဟန်ပန်လေးဖြင့် ခေါင်းငုံ့လိုက်ရာ သူမ၏ဆွဲဆောင်မှုနှင့် ချစ်စရာကောင်းမှုများမှာ ဖြာထွက်လာခဲ့သည်။
ချန်ကျဲ့သည် ထိုမိန်းကလေးမှာ လိမ်ညာနေကြောင်း သိနေသော်ငြား မထိန်းချုပ်နိုင်စွာဖြင့် နှလုံးသားအတွင်း၌ လှုပ်လှုပ်ရှားရှားဖြစ်သွားရပေသည်။
"ဒါဆို မင်းက ငါ့ကို လက်ထပ်ချင်တယ်လို့ ပြောနေတာလား"
ချန်ကျဲ့သည် မိန်းကလေးကို ကြည့်နေခဲ့သည်။
မိန်းကလေးမှ ပြောသည်။
"ခုနက ရှင် အဲဒီလိုပြုမူလိုက်တဲ့အချိန်ကစပြီး ကျွန်မက ရှင့်ရဲ့အမျိုးသမီးဖြစ်သွားခဲ့ပါပြီ။ ကျွန်မရဲ့ ခင်ပွန်းရယ် ရှင် စဉ်းစားကြည့်ပါဦး၊ နီမန့်ဇစ်နဲ့ဆိုရင် ရှင့်မှာ ဘယ်လို အနာဂတ်မျိုး ရှိနိုင်မှာတဲ့လဲ။ ထွက်ပြေးတိမ်းရှောင်နေရတာတွေ၊ နေရာတိုင်းမှာ လိုက်လံဖမ်းဆီးခံနေရတာတွေနဲ့ ရှင့်အသက်က နေ့ရောညပါ ချည်မျှင်တစ်ကြိုးလို လှုပ်ခတ်နေရမှာ။ ရှင် အဲဒီအစား ကျွန်မကို ဟွမ်ကျိုးစီရင်စုကို ပြန်ေခါ်သွားပေးလိုက်ပါလား။ အဲဒီအခါကျ ရှင်က ရာထူးကြီးမြင့်တဲ့ပုဂ္ဂိုလ်တစ်ယောက်ရဲ့ သားမက်တစ်ယောက် ဖြစ်လာမယ့်အပြင် ချောမောလှပတဲ့ ဇနီးနဲ့ ချမ်းသာကြွယ်ဝမှုတွေ အများကြီးကို ပိုင်ဆိုင်နိုင်ပြီး အဆုံးမရှိတဲ့ ကောင်းချီးတွေကို ခံစားရမှာ”
"ဘာလို့များ သူပုန်တစ်ယောက်နဲ့အတူ အချိန်တိုင်းအန္တရာယ်များနေတဲ့ ဘဝကို ရှင်သန်နေမှာလဲ”
မိန်းကလေးသည် ချန်ကျဲ့ကို ချော့မော့ပြောဆိုသည်။
သူမသည် ချန်ကျဲ့အတွက် အသေးစိတ်ပုံဖော်၍ ပြောပြနေခဲ့သည်မှာ သတိမမူတတ်သူတစ်ယောက်ဖြစ်ပါက သူမ၏အပြောများတွင် စိတ်ယိမ်းယိုင်သွားလောက်ပေသည်။
သို့သော် ချန်ကျဲ့သည် သူမကို မယုံကြည်ပေ။ ထို့ပြင် လူမှုရေးအတွေ့အကြုံ နည်းနည်းပါးပါးရှိသည့် မည်သူမဆို သူမကို ယုံကြည်လိမ့်မည် မဟုတ်ပေ။
သို့သော် ချန်ကျဲ့သည် သူမကို အနည်းငယ်စနောက်ရန် ဆုံးဖြတ်ထား၏။
"ဟုတ်လား။ အဲဒါဆို မင်းကိုယ်မင်း ငါ့အမျိုးသမီးလို့ ပြောလိုက်ပြီဆိုမှတော့ ငါမင်းကို ဒီထက်ပို ယဉ်ကျေးမနေတော့ပါဘူး”
"လာပါ ကိုယ့်ရဲ့ဇနီးလေး၊ မင်းရဲ့ ခင်ပွန်းကို ပြုစုပေးစမ်းပါဦး”
ချန်ကျဲ့သည် လက်ညှိုးကိုကွေးညွှတ်၍ သူမကို ခေါ်လိုက်သည်။