နှစ်တစ်ရာသက်တမ်း သွေးလင်ဇီး
Vol. 7 Ch. 90
စူးယွင်ကျင်းသည် ရှက်လွန်းသောကြောင့် ပေါက်ကွဲတော့မည့်အတိုင်း ခံစားနေရသည်။ သူမသည် မနေ့ညက မိမိကိုယ်ကိုယ် အရမ်းလျှို့ဝှက်ခဲ့သည်ဟု တွေးထင်နေခဲ့ခြင်းဖြစ်ပြီး သူမ ထွက်သွားပြီးနောက်တွင်လည်း အတွင်းတံခါးကို မင်းတုံးချပိတ်ခဲ့သည်။
ကလေးမလေးသည် ဘာမျှမမြင်တွေ့ခဲ့ကြောင်း သေချာ၏။ သို့သော် အသံများကို ကြားနေရမည်ဟု မထင်ခဲ့မိပေ။
ဒါပေမဲ့ အဲဒီအသံတွေက ထိန်းချုပ်မရနိုင်ဘူးလေ!
သူမ အင်မတန် ရှက်ရွံ့မိပါ၏။ တကယ့်ကို ရှက်ရွံ့မိပါသည်…
စူးယွင်ကျင်းသည် သူမနှင့် ချန်ကျဲတို့ ရန်မဖြစ်ခဲ့ပါကြောင်း၊ ကလေးမလေး ထင်နေသလို မဟုတ်ပါကြောင်း ရှင်းပြတော့မည့်အချိန်တွင် ကလေးမလေးမှ နောက်ထပ်ပြောလာသည့် စကားများသည် သူမကို တိတ်ဆိတ်သွားစေခဲ့သည်။
“ပြီးတော့ မမက အစ်ကိုကြီးရဲ့လက်ကို ကိုက်လိုက်လို့ သွေးထွက်သွားတာကိုလည်း ရွေ့ရွေ့ မြင်ခဲ့တယ်~”
…
“ဟမ်?!”
စူးယွင်ကျင်း အံ့အားသင့်သွား၏။ အခြားလူတစ်ယောက်က သူမ၏ ခင်ပွန်း ဒဏ်ရာရထားခြင်းကို မြင်ခဲ့ပြီး ရှင်းပြရခက်သော မေးခွန်းများ မေးလာခဲ့ပါက မကောင်းနိုင်ဟု တွေးမိလိုက်သည်။ ခင်ပွန်းဖြစ်သူအပေါ် သံသယဝင်ခြင်းအား ရှောင်နိုင်ရန်အတွက် သူမကိုယ်တိုင် ဝန်ခံလိုက်ခြင်းမှာ ပိုကောင်းနိုင်ပေသည်။
ထိုသို့တွေးလျက် စူးယွင်ကျင်းမှ ပြောသည်။
“ဟုတ်တယ်၊ ဒါပေမဲ့ မမ မင်းရဲ့အစ်ကိုကြီးနဲ့ ပြန်အဆင်ပြေသွားပြီရယ်။ ဆိုတော့ ကောလာဟလတွေ လျှောက်မဖြန့်နဲ့တော့နော်၊ ဟုတ်ပြီလား”
“သိပါပြီ”
စူးယွင်ကျင်းသည် ပိုမိုလေးနက်သည့် အသံဖြင့် ထပ်ပြောခဲ့သည်။
“အကယ်၍ ရွေ့ရွေ့ လျှောက်ပြောခဲ့ရင် မမ မင်းကို ဘယ်လိုလုပ်မလဲဆိုတာ စောင့်ကြည့်လိုက်ပေါ့!”
“အွန်း”
ကလေးမလေးသည် ဂရုမစိုက်ပုံမရပေ။ သို့သော် စူးယွင်ကျင်းမှ ထပ်ပြောသည်။
“ပြီးတော့ မင်းရဲ့အစ်ကိုကြီးကိုလည်း မင်းအတွက် မုန့်တွေ ဝယ်မလာခိုင်းတော့ဘူး”
“အာ မမ စိတ်မပူပါနဲ့။ ရွေ့ရွေ့က ပါးစပ်လုံပါတယ်။ ကျေးဇူးပြုပြီး အစ်ကိုကြီးကို ရွေ့ရွေ့အတွက် မုန့်တွေဝယ်မလာနဲ့လို့ မပြောလိုက်ပါနဲ့နော်!”
စူးယွင်ကျင်း ပြုံးလိုက်သည်။ သူမ၏ရတနာလေးသည် အမှန်တကယ်ပင် အစားအသောက်ဖြင့်သာ ချော့မြှူ၍ ရနိုင်ပေသည်။
…
ငါးဖမ်းကုန်သည်အဖွဲ့၌ ချန်ကျဲ့သည် လှေတစ်စင်း ရှာဖွေ၍ ငါးမျှားတံကို ယူကာ စားသောက်ဖွယ်ရာများကို လှေပေါ်တင်ပြီး လှေကို မြစ်ထဲသို့တွန်းလိုက်သည်။
ထိုငါးဖမ်းကုန်သည်အဖွဲ့၌ ထိုအချိန်တွင် အခွန်ကောက်ခံသူ အနည်းငယ်သာ ကျန်ရစ်နေခဲ့သည်။ ချန်ကျဲ့၏ အလုပ်သည် မြစ်ကင်းလှည့်ခြင်းဖြစ်သောကြောင့် ချန်ကျဲ့ မြစ်ထဲဆင်းသွားခြင်းကို မည်သူမျှ သိပ်ဂရုမစိုက်ကြပေ။
လှေသည် ရေပေါ်ရောက်သည်နှင့်တစ်ပြိုင်နက် ချန်ကျဲ့သည် အချိန်အတော်ကြာ ဦးတည်ချက်မရှိ လှော်ခတ်နေခဲ့သည်။ နောက်ယောင်ခံလိုက်လာသူ မရှိကြောင်း သေချာမှသာ စိမ့်တောထဲတွင် ပုန်းကွယ်နေသည့်ကျွန်းသို့ ဦးတည်လာခဲ့သည်။
လှေသည် အလွန်ကျဉ်းမြောင်းလွန်းသောကြောင့် လှေငယ်လေးတစ်စင်း ဖြတ်သန်းသွားရန်ပင် ခက်ခဲသည့်၊ ပိုက်ကွန်ချရန်လည်း မလွယ်ကူသော စိမ့်တောကျွန်းသို့ ဝင်ရောက်သွားခဲ့သည်။
သို့ဖြစ်ရာ ဤနေရာ၌ မည်သည့်တံငါသည်မျှ ငါးမဖမ်းကြပေ။
ချန်ကျဲ့သည် ရည်ရွယ်ရာနေရာသို့ ရောက်ရှိလာခဲ့ပြီး စိမ့်တောထဲမှ ကျွန်းအလယ်ဗဟိုသို့ လျှောက်လာခဲ့သည့် လမ်းတစ်လျှောက်တွင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရချေ။
နီဝမ့်ကျွင်း ဘယ်ရောက်သွားတာလဲ။
ချန်ကျဲ့ တွေးတောနေစဉ် သူ၏ပခုံးထက်သို့ လက်တစ်ဖက် ရုတ်တရက် ကျရောက်လာခဲ့သည်။
အလိုအလျောက်တုံ့ပြန်မှုဖြင့် ချန်ကျဲ့သည် ကိုယ်ကိုလှည့်၍ နောက်ပြန်လက်သီးတစ်ချက် ထိုးသွင်းတိုက်ခိုက်သည်။
ရောက်ရှိလာသူသည် ချန်ကျဲ့၏တိုက်ခိုက်မှုကို ခြေထောက်မြှောက်၍ ကာကွယ်လိုက်သည်။ ချန်ကျဲ့ ကိုယ်ကိုလှည့်၍ ဘေးတိုက်လက်သီးတစ်ချက် ထိုးသွင်းလိုက်ရာ ထိုလက်သီးမှာလည်း ပုတ်ထုတ်ခံလိုက်ရသည်။
ထိုစဉ် ချန်ကျဲ့သည် တစ်ဖက်လူအား ရှင်းရှင်းလင်းလင်း မြင်လိုက်ရပေသည်။ ထိုလူမှာ နီဝမ့်ကျွင်းဖြစ်၏။
“အစ်ကိုနီ ဘာလုပ်တာလဲဗျ”
နီဝမ့်ကျွင်းမှ ပြောသည်။
“ငါမင်းကို အဝေးကြီးတည်းက မြင်လိုက်တာနဲ့ မင်းရဲ့တုံ့ပြန်မှုကို ဆန်းစစ်ကြည့်ချင်လို့လေ”
ချန်ကျဲ့ ပြုံးရယ်လျက် မေးလိုက်သည်။
“ပြီးတော့ရော?”
နီဝမ့်ကျွင်းမှ ပြောသည်။
“အမှန်အတိုင်း ပွင့်ပွင့်လင်းလင်းပြောပြရမလား”
ချန်ကျဲ့ ; “ဒါပေါ့ဗျာ”
နီဝမ့်ကျွင်းမှ ပြောသည်။
“မင်းက အခြေခံကောင်းတယ်။ ဒါပေမဲ့ မင်းရဲ့တုံ့ပြန်မှုက အတော်လေး ဆိုးရွားတယ်။ ငါမင်းကို အသာလေး ထိလိုက်တာ မဟုတ်ဘဲ လည်မျိုကို ညှစ်တာ ဒါမှမဟုတ် ဓားသုံးခဲ့တာတို့ဆိုရင် မင်းမှာ ပြန်ခုခံဖို့အချိန်တောင် ရလိုက်မှာ မဟုတ်ဘူး”
ချန်ကျဲ့ တိတ်ဆိတ်သွား၏။
နီဝမ့်ကျွင်းမှ ဆက်ပြောသည်။
“ကဲပါ၊ ငါဒီမှာ ရက်နည်းနည်းလောက် နေဖြစ်မှာဆိုတော့ ငါမင်းကို ရေထိန်းချုပ်လက်ဝါးသိုင်း သင်ပေးမယ်”
“ပြီးတော့ ငါ့ခန္ဓာကိုယ်ထဲမှာ ကျန်ရစ်နေတဲ့ ရေထိန်းချုပ်လက်ဝါးသိုင်းရဲ့စွမ်းအင်တွေက မင်းအတွက် အရမ်းကောင်းတဲ့ အားဖြည့်ဆေးပဲ။ မင်းရဲ့ကျင့်ကြံမှုအတွက် အများကြီး အထောက်အကူဖြစ်နိုင်တယ်”
ချန်ကျဲ့သည် ကျေးဇူးတင်စွာဖြင့် ပြန်လည်တုံ့ပြန်သည်။
“အစ်ကိုနီကို ကျေးဇူးတင်ပါတယ်။ ဆိုတော့မှ ကျွန်တော် အစ်ကိုကြီးအတွက် ကြက်ကင်နဲ့ ပေါက်စီနည်းနည်း ယူလာခဲ့ပေးတယ်။ အစ်ကိုကြီးလည်း ဗိုက်ဆာနေလောက်ပြီလေ”
နီဝမ့်ကျွင်းသည် ဗိုက်ကိုပုတ်လျက် ပြောသည်။
“တကယ်တော့ ငါနည်းနည်း ဗိုက်ဆာနေတယ်”
ချန်ကျဲ့သည် ကြင်ကင်နှင့် ပေါက်စီများကို ယူလာပေးခဲ့သည်။ နီဝမ့်ကျွင်းသည် ချန်ကျဲ့ကို အနားသို့ခေါ်၍ ညွှန်ကြားသည်။
“မင်း အရင်ဆုံး ရေထိန်းချုပ်လက်ဝါး၂၄ကွက်ကို လေ့ကျင့်ပြီး ရင်းနှီးကျွမ်းဝင်မှုရှိအောင်လုပ်ထားနှင့်ပါ”
ထိုအခါ ချန်ကျဲ့သည် ချက်ချင်း စတင်လေ့ကျင့်သည်။ နီဝမ့်ကျွင်းသည် အချိန်တစ်ခုကြာ စောင့်ကြည့်ပေး၍ ချန်ကျဲ့၏ လက်လှုပ်ရှားမှုအချို့တွင် ပြည့်စုံခြင်းမရှိသော အချက်များကို ထောက်ပြပေးသည်။ အရေပြားသန့်စင်ခြင်းအဆင့်ဖြစ်သော ချန်ကျဲ့ကို သင်ကြားညွှန်ပြပေးရခြင်းမှာ စွမ်းအင်ပြောင်းလဲခြင်း အထက်အဆင့်ရှိ သိုင်းပညာရှင် နီဝမ့်ကျွင်းအတွက် အလွန်တရာ လွယ်ကူပေသည်။
နီဝမ့်ကျွင်းသည် ရေထိန်းချုပ်လက်ဝါးသိုင်းကို မလေ့ကျင့်ဖူးသော်ငြား တစ်ချက်ကြည့်ရုံဖြင့်ပင် ၎င်းသိုင်း၏ အခြေခံသဘောတရားများကို နားလည်နိုင်ပေသည်။
၎င်းသည် အထက်တန်းကျောင်းသားတစ်ဦးမှ မူလတန်းပထမနှစ်၏ သင်္ချာပုစ္ဆာကို ကြည့်နေခြင်းကဲ့သို့ဖြစ်သည်။ ထိုပုစ္ဆာကို တစ်ခါမျှ မတွက်ချက်ကြည့်ဖူးသော်ငြား တစ်ချက်ကြည့်ရုံဖြင့် မှန်ကန်သည့်အဖြေကို သိရှိနေပေလိမ့်မည်။
ချန်ကျဲ့ကို လမ်းညွှန်သင်ပြပေးရခြင်းသည် ပြဿနာ အလျဉ်းမရှိပေ။
ချန်ကျဲ့သည်လည်း လုံလုံလောက်လောက် အားစိုက်ထုတ်မှုရှိသည်။ ရေထိန်းချုပ်လက်ဝါးသိုင်းကို လေ့ကျင့်နေစဉ် ၎င်းသိုင်းပညာကို ယန်ချွမ်ကျင့်စဉ်နှင့် ပေါင်းစည်းလိုက်သောအခါ စွမ်းအင်နှစ်ခု ပေါင်းစည်းခြင်း၏ မှော်ဆန်သည့် အကျိုးသက်ရောက်မှုကို ရှာဖွေတွေ့ရှိခဲ့သည်။
ကြက်ကင်နှင့်ေပါက်စီများကို အားရပါးရ စားသောက်နေသော နီဝမ့်ကျွင်းသည် ချန်ကျဲ့ လေ့ကျင့်မှုအတွင်း နစ်မြောနေသည်ကို ကြည့်နေခဲ့သည်။ ထို့နောက် နီဝမ့်ကျွင်းသည် သူ၏ခန္ဓာကိုယ်ထဲမှ ရေထိန်းချုပ်လက်ဝါးသိုင်း၏စွမ်းအင်တစ်မျှင်ကို အတင်းအကျပ် တွန်းထုတ်၍ ချန်ကျဲ့၏ခန္ဓာကိုယ်ထဲသို့ ထည့်ပေးခဲ့သည်။
ထိုစွမ်းအင်အနည်းငယ်မျှသည် နီဝမ့်ကျွင်းအတွက် မပြောပလောက်သောအရာဖြစ်ပြီး ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်သည်။ သို့သော် ချန်ကျဲ့၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် မြင်းရိုင်းတစ်ကောင်ကဲ့သို့ တစ်ဟုန်ထိုး ခုန်တက်သွားခဲ့သည်။
လက်ရှိတွင် ချန်ကျဲ့သည် ၎င်းရေထိန်းချုပ်လက်ဝါးသိုင်း တစ်ပိုင်းတစ်စနှင့် ယန်ချွမ်ကျင့်စဉ်တို့အား စီမံဆောင်ရွက်ရန် လိုအပ်ပေသည်။
လက်ဝါးသိုင်း၏စွမ်းအင်သည် အလွန်စင်ကြယ်၏။ ဟယ်ချွမ်တင်းရွှမ်းသည်လည်း သူ၏အသက်စွမ်းအင်ကို အသုံးပြု၍ ထိုလက်ဝါးချက်သုံးချက်ကို အသက်စွန့်ပစ်လွှတ်ခဲ့သည်။
ထိုချီစွမ်းအင်သည် နီဝမ့်ကျွင်းအတွက် အလွန်အန္တရာယ်များ၏။ ဒဏ်ရာပျောက်ကင်းကုသမှုကို အဟန့်အတားဖြစ်စေသောကြောင့် ဖယ်ထုတ်ပစ်ရန် လိုအပ်ပေသည်။
သို့သော် ယန်ချွမ်ကျင့်စဉ်နှင့် ရေထိန်းချုပ်လက်ဝါးသိုင်းကို အသုံးပြုနိုင်သော ချန်ကျဲ့အတွက်မူ ၎င်းချီစွမ်းအင်သည် သက်စောင့်ဆေးကဲ့သို့ဖြစ်သည်။
အသက်ဆုံးရှုံးလုနီးပါးဖြစ်နေသော စွမ်းအင်ပြောင်းလဲခြင်းအဆင့် သိုင်းပညာရှင်တစ်ဦးမှ သူ၏စွမ်းအင်များကို အဆင့်နိမ့်သိုင်းပညာရှင်တစ်ဦးထံ လွှဲပြောင်းပေးခြင်းနှင့် ဆင်တူသည်။
ထိုသိုင်းပညာရှင်သည် သူ၏ပြိုင်ဘက်ကို သေစေနိုင်လောက်သော ရိုက်ချက်တစ်ချက်ဖြင့် တိုက်ခိုက်ရန်အတွက် ချီစွမ်းအင်ကို အသုံးပြုခဲ့သော်လည်း ထိုချီစွမ်းအင်ကို ပြုပြင်မွမ်းမံနိုင်ပါက ၎င်းသည် သေလုနီးပါး စွမ်းအင်ပြောင်းလဲခြင်းအဆင့် သိုင်းပညာရှင်တစ်ဦး၏ စွမ်းအင်များကို စုပ်ယူလိုက်ခြင်းနှင့် တူညီပေလိမ့်မည်။
ဤသို့အားဖြည့်ဆေးသည် ကောင်းကင်ရတနာ၊ ကမ္ဘာမြေရတနာများထက် အများကြီးပို၍ အကျိုးသက်ရောက်မှု ကောင်းမွန်ပေသည်။
သို့သော် နီဝမ့်ကျွင်းသည် ချန်ကျဲ့မှ သူ၏စွမ်းအင်အလုံးစုံကို ဖြည်းဖြည်းချင်း ပြောင်းလဲသွားနိုင်မည့်အချိန်အထိ မစောင့်ဆိုင်းပေ။ သူသည် ရှန်းထောင်မြို့တွင် ရက်အနည်းငယ်မျှထက် ပိုနေ၍ မဖြစ်ချေ။
သို့မဟုတ်ပါက ရှန်းထောင်မြို့သို့ နောက်ထပ်ရောက်လာမည့် သိုင်းပညာရှင်များသည် ရိုးရှင်းသော စွမ်းအင်ပြောင်းလဲခြင်းအဆင့်ထက် ပို၍အင်အားကြီးမားပေလိမ့်မည်။
ဟူကွမ်းနှင့် ပတ်ဝန်းကျင်ဒေသများ၏ အင်အားစုများကို ထိန်းချုပ်ထားသော မင်းသားဖန်းယန်သည် ခရိုင်မင်းသမီး ကျောက်ယာကို ကယ်တင်ရန်အတွက် သိုင်းလောက နှိမ်နင်းရေးအမိန့်တော်ကို ထုတ်ပြန်ခဲ့သည်။ သိုင်းလောကတစ်ခွင်တွင် မင်းသားဖန်းယန်ကို မျက်နှာလိုမျက်နှာရ လုပ်လိုသူများ အလွန်များပြားလွန်းလေရာ နီဝမ့်ကျွင်းပင်လျှင် သူတို့အားလုံးကို လိုက်မီနိုင်စွမ်း မရှိပေ။
ထို့ကြောင့် နီဝမ့်ကျွင်းသည် နှစ်ရက်နေထိုင်ပြီးနောက်တွင် ထွက်ခွာရပေမည်။
ထိုနှစ်ရက်အတွင်း နီဝမ့်ကျွင်းသည် ဒဏ်ရာများကို အမြန်ကုသရန် လိုအပ်သည်။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်အတွင်းမှ ရေထိန်းချုပ်လက်ဝါးသိုင်း၏စွမ်းအင်များကို မြန်မြန် ဖယ်ထုတ်နေရပေသည်။
ထို့ကြောင့် နီဝမ့်ကျွင်းအား ချန်ကျဲ့၏အင်အားတိုးတက်စေရန်အတွက် စွမ်းအင်ကို ဖြည်းဖြည်းချင်း စုပ်ယူနိုင်သည့် သွေးကြောတစ်ခုအဖြစ် အသုံးပြုခြင်းမှာ လက်တွေ့မဆန်ပေ။
ချန်ကျဲ့အနေဖြင့် ထိုလက်ဝါးသုံးချက်၏ စွမ်းအင်အလုံးစုံကို အပြည့်အဝ စုပ်ယူနိုင်ခဲ့လျှင် အနည်းဆုံးတော့ အမှောင်စွမ်းအားအဆင့်သို့ ရောက်ရှိအောင် ထောက်ပံ့ပေးနိုင်လိမ့်မည်။
သို့သော် အချိန်သည် လူကို မစောင့်ပေ။
သို့ဖြင့် ချန်ကျဲ့သည် နေ့လယ်ပိုင်းတစ်ချိန်လုံးကို နီဝမ့်ကျွင်းထံမှ ရေထိန်းချုပ်လက်ဝါးသိုင်းကို သင်ယူသည်။ နီဝမ့်ကျွင်းသည် မည်သည့်လျှို့ဝှက်ချက်မျှ ဖုံးကွယ်ခြင်းမရှိဘဲ ချန်ကျဲ့၏ လက်လှုပ်ရှားမှုပုံစံ မှားယွင်းမှုများကို ပြင်ဆင်ပေးသောကြောင့် ချန်ကျဲ့သည် လမ်းကြောင်းလွှဲမှားမှုများစွာကို ရှောင်ရှားနိုင်ခဲ့သည်။